အလောင်း အမြောက်အမြားက အော်မန်ဒို၏ ခန္ဓာကိုယ်ထက် ပြည့်နှက် ဖုံးလွှမ်းသွားခဲ့လေပြီ။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် မြို့စား ကိုင်ဆန် မျက်လုံးများ ပြူးကျယ်သွားရုံသာ မကဘဲ ချင်ဟန်ပင် မျက်မှောင်ကြုတ် သွားပြီး သူ့ အကြည့်တို့က အေးစက်သွားတော့၏။
သူက မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး လေထဲတွင် ဝဲပျံကာ အရှေ့သို့ အဟုန်ပြင်းစွာ ပြေးဝင်သွားသည်။
ဓားပြများ ကြားထဲတွင် လျင်မြန်စွာ ပြေးလွှားနေသော သူ့ အမြန်နှုန်းမှာ အမှန်တကယ်ပင် မြင်းထက် ပိုမြန်ဆန်နေခဲ့၏။
လေပြင်း တစ်ဟုန် ဖြတ်သန်း တိုက်ခတ် သွားသကဲ့သို့ ချင်ဟန်၏ လှုပ်ရှားမှုများကို မြင်လိုက်ရချိန်တွင် ပတ်ဝန်းကျင်ရှိ လူအများ မျက်လုံးများမှာ အံ့ဩမှင်သက်စွာ ပြူးကျယ် သွားကြတော့သည်။
အရမ်း မြန်လွန်းတယ်...
မုန်တိုင်း တစ်ခုအလား အရှေ့သို့ အပြင်းအထန် ပြေးဝင်သွားသော ချင်ဟန်၏ ခန္ဓာကိုယ်က လေထုကို ခွဲဖြာ ထွက်သွားသည်။
သူ့ ငွေရောင်ဓားက အဆက်မပြတ် ဝှေ့ယမ်း နေပြီး လေတိုးသံများ ဆက်တိုက် ထွက်ပေါ်နေ၏။ လမ်းခုလတ်တွင် သူ့ အရှေ့မှ ရပ်တန့် တားဆီးရန် ကြိုးစားသူ မှန်သမျှမှာ သူ့ ဓားချက်အောက်တွင် လဲကျ သွားခဲ့ရတော့သည်။
"ငါ့ရှေ့ကနေ ဖယ်ကြစမ်း..."
သူက အော်မန်ဒို ရှိရာသို့ အပြင်းအထန် ပြေးဝင်သွားပြီး မကြာမီမှာပင် လူအုပ်ကြီး ကြားတွင် လမ်းကြောင်း တစ်ခု ဖောက်နိုင်ခဲ့လေပြီ။
သွေးများက နေရာအနှံ့ လွင့်စင်နေပြီး သွေးညှီနံ့များက လေထုထဲ ပျံ့နှံ့နေ၏။
အချိန် အနည်းငယ် အကြာတွင်တော့ သူက အော်မန်ဒို ရှိရာသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့တော့သည်။
ထိုအချိန်တွင် အော်မန်ဒိုမှာ မြေပြင်ပေါ်၌ တိတ်ဆိတ်စွာ လဲလျောင်းနေပြီး သူ့ တစ်ကိုယ်လုံးတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေလေပြီ။
အကာအကွယ် မဝတ်ဆင်ထားခြင်း၏ ဆိုးရွားလှသော အကျိုးဆက်များက ယခုမှ အပြည့်အဝ ပေါ်လွင် ထင်ရှားလာခဲ့ခြင်းပင်။
ချင်ဟန် အလျင်အမြန် ပြေးဝင်လာစဉ် အော်မန်ဒို၏ ပတ်ဝန်းကျင်ရှိ ဓားပြများက သူ ပြန်လည် ခုခံလာမည်ကို စိုးရိမ်သဖြင့် အများအပြားက ဝင်ရောက် ထိုးစိုက်ခဲ့ကြ၏။
ထိုနောက်တွင်တော့ သူတို့က ချင်ဟန်၏ လက်မှ လွတ်မြောက်နိုင်ရန် ကြိုးစားရင်း သူ့ အပေါ်မှ နင်းဖြတ် ပြေးလွှားသွားကြရာ ဒဏ်ရာများကို ပိုဆိုးရွား သွားစေခဲ့သည်။
ချင်ဟန် ရောက်ရှိလာချိန်တွင်မူ သူ အသက်ရှူ ရပ်တန့်နေပြီ ဖြစ်ပြီး သူ့ ခန္ဓာကိုယ်မှာ သွေးများ၊ အသားစများဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီ ဖြစ်သည်။
မည်သို့မျှ အသက်ကယ်ရန် မဖြစ်နိုင်တော့ချေ။
ထိုနေရာတွင် ရပ်၍ အော်မန်ဒို၏ အလောင်းကို ငေးကြည့်ရင်း ချင်ဟန်က သက်ပြင်း တစ်ချက် ချပြီးနောက် အဝေးသို့ လှမ်းကြည့်လိုက်၏။ သူက တိုက်ပွဲ အတွင်းသို့ ပြန်လည် ဝင်ရောက်သွားပြီး ထွက်ပြေးနေသော ဓားပြများကို သတ်ဖြတ်ကာ တိုက်ပွဲ တစ်ခုလုံး လျင်မြန်စွာ အဆုံးသတ် လိုက်တော့သည်။
တိုက်ပွဲ ပြီးဆုံးသွားပြီးနောက် မြို့စား ကိုင်ဆန် တစ်ယောက် အော်မန်ဒို၏ အလောင်းကို တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။
နောက်ဆုံးတွင် သူက လေးနက်စွာ သက်ပြင်းချလိုက်ပြီး မည်သည့် စကားမျှ ဆိုမလာခဲ့ချေ။
"အဖေ..." ဘေးတွင် ရပ်၍ မြို့စား ကိုင်ဆန်အား လှမ်းကြည့်ရင်း ချင်ဟန် တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်သော်လည်း ဘာပြောရမည်ကို မသေချာသကဲ့သို့ ပြန်လည် တိတ်ဆိတ်သွားခဲ့၏။
"တောင်းပန်ပါတယ်..." နောက်ဆုံးတွင် သူက သက်ပြင်းချ၍ ဒူးတစ်ဖက် ထောက်ကာ... "ကျွန်တော့် အမှားပါ... အန္တရာယ် ရှိနိုင်မယ် မှန်းသိရက်နဲ့ အဖေနဲ့ အစ်ကိုကြီးကိုပါ ခေါ်လာမိတာ..."
သူ့ မျက်နှာပေါ်တွင် အလွန်အမင်း ရှက်ရွံ့နေသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။
"မင်းအမှား မဟုတ်ပါဘူး..." မြို့စား ကိုင်ဆန်လည်း သက်ပြင်းချရင်း ချင်ဟန်ဘက်သို့ လှည့်ကြည့်၍...
"ငါတို့နဲ့ အတူ လိုက်လာဖို့က သူ့ဘာသာ ဆုံးဖြတ်ခဲ့တာပါ... ပြီးတော့ မင်းလည်း အစွမ်းကုန် ကြိုးစားခဲ့ပါတယ်လေ..."
မြို့စား ကိုင်ဆန် အနေဖြင့် ချင်ဟန် လုပ်ဆောင်ခဲ့သမျှ အရာ အားလုံးကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
အော်မန်ဒို အန္တရာယ် ကြုံတွေ့နေရချိန်တွင် ချင်ဟန်က သူ့နည်းတူ စိုးရိမ် ပူပန်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အသက်အန္တရာယ်ကိုပင် ဂရုမစိုက်ဘဲ အပြင်းအထန် ပြေးဝင်လာကာ ဓားပြများ ကြားမှ လမ်းကြောင်း တစ်ခုကို ဖောက်ထွက်ခဲ့၏။
အော်မန်ဒိုကို ကယ်တင်ရန် ချင်ဟန် အနေဖြင့် အနည်းငယ်မျှပင် တုံ့ဆိုင်းနေခဲ့ခြင်း မရှိဘဲ အမှန်တကယ်ပင် အစွမ်းကုန် ကြိုးစားခဲ့သည်။
ထို့အပြင် ဤတစ်ကြိမ် ခရီးစဉ်တွင် သူတို့နှင့် အတူ လိုက်ပါလာရန် အော်မန်ဒို ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းသာ။
ခရီးစဉ်မှာ အန္တရာယ် များမည် ဖြစ်ကြောင်း ချင်ဟန်က သတိပေးခဲ့သလို လူတိုင်းကိုလည်း အကာအကွယ် ဝတ်ဆင်ထားရန် သတိပေးခဲ့သေးသည်။
သို့သော် အော်မန်ဒိုက ထိုစကားများကို လျစ်လျူရှုခဲ့သဖြင့် ယခုလို ဒဏ်ရာရကာ သေဆုံးခဲ့ရခြင်း ဖြစ်၏။
တစ်နည်းအားဖြင့် ဆိုရလျှင် သူက သူ့သေမင်းကို သူကိုယ်တိုင် ဖိတ်ခေါ်ခဲ့ခြင်းပင်။
ထိုအကြောင်း တွေးမိသည်နှင့် မြို့စား ကိုင်ဆန် ထပ်မံ၍ သက်ပြင်းချလိုက်ပြီးနောက် သူ့ အမူအရာမှာ အေးစက်သွားကာ မေးလာတော့သည်။
"အော်မန်ဒိုကို မြင်းပေါ်ကနေ တွန်းချပြီး ထွက်ပြေးသွားတဲ့ အစောင့်ကို ရှာတွေ့ပြီလား..."
"မတွေ့သေးပါဘူး..." သူ့ အရှေ့တွင် ရပ်နေသော သခင်ဝှိုက်က ခေါင်းခါယမ်း၍...
"ထွက်ပြေးသွားတဲ့ကောင်က အရမ်း မြန်တယ်... ပြီးတော့ ပတ်ဝန်းကျင်က လမ်းတွေကလည်း ဖြတ်သန်းဖို့ မလွယ်ကူတော့ သူ့ကို ပြန်ရှာတွေ့ဖို့ အချိန် အနည်းငယ် ယူရပါလိမ့်မယ်... ကျွန်တော်တို့ အနေနဲ့ မြို့စား မိုင်လာကို အကူအညီ တောင်းရလိမ့်မယ် ထင်တယ်..."
"ငါတို့ ပြန်ရောက်တာနဲ့ သူ့ဆွေမျိုးတွေကို ရှာပေးစမ်း..." မြို့စား ကိုင်ဆန်၏ အမူအရာက အေးစက်နေဆဲပင်။
"သူ့ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင် အားလုံး အော်မန်ဒိုနဲ့ အတူ သေမင်းဆီ လိုက်သွားစေရမယ်..."
"ဟုတ်ကဲ့ပါ..." သခင်ဝှိုက်က ရိုသေစွာ ခေါင်းညိတ်လိုက်ပြီး မည်သည့် ကန့်ကွက်မှုမျှ မရှိချေ။
ထိုနေရာတွင် ရပ်နေရင်း ချင်ဟန်က ဤအရာ အားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသော်လည်း မည်သည့် စကားမျှ ဝင်ရောက် ပြောဆိုခြင်း မပြုပေ။
သူက ဤကိစ္စ အားလုံးကို ကြိုတင် စီစဉ်ထားခဲ့သည် မှန်သော်ငြား အော်မန်ဒို ဤကဲ့သို့ တိုက်ရိုက် သေဆုံးသွားလိမ့်မည်ဟုတော့ မျှော်လင့် မထားခဲ့ချေ။
ဤအခွင့်အရေးကို အသုံးချ၍ မြို့စား ကိုင်ဆန်နှင့် အနီးနားရှိ အုပ်ချုပ်သူများကို သူ့ သိုင်းပညာ စွမ်းရည်များ ပြသရန်သာ ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
ဤဓားပြအဖွဲ့မှာ ပတ်ဝန်းကျင် တစ်ဝိုက်တွင် အကြီးမားဆုံးသော ဓားပြအဖွဲ့ ဖြစ်လေသည်။
ဤအခွင့်အရေးကို အသုံးချ၍ ထိုဓားပြအဖွဲ့ကို ဖျက်ဆီးပစ်လိုက်ခြင်းဖြင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် ခြိမ်းခြောက်မှုအား ဖယ်ရှားနိုင်မည့်အပြင် ပတ်ဝန်းကျင်ရှိ အုပ်ချုပ်သူများကိုလည်း သူ့ စွမ်းအား ပြသနိုင်မည် မဟုတ်ပါလား။
သူ့ အဓိက ရည်ရွယ်ချက်မှာ နောက်ပိုင်း အချက်ကို ပို၍ အလေးထားခြင်းပင်။
ချင်ဟန်၏ အမြင်တွင် ဤအုပ်ချုပ်သူများမှာ သိပ်ပြီး ရိုးသား ဖြောင့်မတ်သူများ မဟုတ်ကြပေ။ အကယ်၍ သူသာ သူ့ စွမ်းအားကို မပြခဲ့ပါက ထိုသူများ တိတ်တဆိတ် မည်သို့သော အကြံအစည်များ ကြံစည်လာမည်ကို မည်သူ သိနိုင်မည်နည်း။
အော်မန်ဒို သေဆုံးသွားခြင်းကတော့ အပိုဆု တစ်ခု အနေဖြင့်သာ။
တရားမျှတစွာ ဆိုရလျှင် သူက လူတိုင်းကို အကာအကွယ် ဝတ်ဆင်ထားရန် သတိပေးခဲ့ပြီး ဖြစ်သည်။
အကယ်၍ အော်မန်ဒိုသာ သူ့စကားကို နားထောင်ပြီး အကာအကွယ်ကို နာခံစွာ ဝတ်ဆင်ခဲ့မည် ဆိုလျှင် ယခုလို သေဆုံးသွားစရာ အကြောင်း မရှိပေ။ အလွန်ဆုံး အပြင်းအထန် ဒဏ်ရာရယုံသာ ရှိပေလိမ့်မည်။
သို့သော် သူ့အပေါ် ထားရှိသည့် အထင်အမြင် သေးမှုကြောင့် ထိုအကြံပေး စကားများကို လျစ်လျူရှုခဲ့ရာမှ ဤကဲ့သို့သော အကျိုးဆက်မျိုး ရင်ဆိုင်ခဲ့ရခြင်း ဖြစ်၏။
မည်သို့ပင် ဖြစ်စေ ဤသည်က ချင်ဟန် အတွက်တော့ ကောင်းမွန်သော ကိစ္စပင်။
သူက အော်မန်ဒိုအား သိပ်ပြီး ဂရုမစိုက်လှသော်ငြား ပြိုင်ဘက် တစ်ယောက် အနေဖြင့် သူ့ တည်ရှိမှုက ချင်ဟန် အတွက်တော့ ပြဿနာ တစ်ခု ဖြစ်နေဆဲသာ။
အနည်းဆုံးတော့ သူ့ အရှေ့တွင် မောက်မာစွာ လမ်းလျှောက်နေသော အော်မန်ဒိုကို မြင်ရတိုင်း ချင်ဟန် အနေဖြင့် အမြဲတမ်း ရွံရှာ စိတ်ပျက်မိသည် မဟုတ်ပါလား။
ယခု သူ သေဆုံးသွားပြီ ဖြစ်ရာ အရာအားလုံးက ပိုလွယ်ကူ သွားတော့မည်။
အော်မန်ဒို အလောင်းရှေ့တွင် ရပ်နေရင်း ချင်ဟန်၏ မျက်နှာထားမှာ တည်ငြိမ်နေပြီး အကြောင်းအရာ များစွာကို စဉ်းစား တွေးတောနေမိသည်။
အချိန် အနည်းငယ် အကြာတွင်တော့ သူက ဤနေရာမှ ထွက်ခွာလာခဲ့တော့သည်။
မကြာမီမှာပင် ခြေသံများနှင့် မြင်းခွာသံများကို ကြားလိုက်ရပြီး... မြို့စား မိုင်လာ၏ လူများ နောက်ဆုံးတွင်တော့ ရောက်လာခဲ့လေပြီ။
ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှ ကြားသိရပြီးနောက် မြို့စား မိုင်လာ ကိုယ်တိုင် သူ့ အစောင့်အရှောက်များကို ဦးဆောင်၍ လာရောက် ကြိုဆိုခဲ့ခြင်း ဖြစ်ပြီး ဤသွေးစွန်းနေသော မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရတော့၏။
ဤကြောက်မက်ဖွယ် မြင်ကွင်းကြောင့် သူ အလွန်အမင်း အံ့အားသင့် မှင်သက် သွားရတော့သည်။
ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများ အပြင် ဤဓားပြအဖွဲ့၏ နောက်ခံ သမိုင်းကြောင်းများကိုပါ ကြားသိရပြီးနောက် ချင်ဟန်အပေါ် ထားရှိသည့် သူ့ အမြင်များမှာ ချက်ချင်း ပြောင်းလဲသွားခဲ့လေပြီ။
"ကိုင်လင်းက သူရဲကောင်း တစ်ယောက်ပါ... သူ့ကျေးဇူးကြောင့်သာ ငါတို့ ဒီအခြေအနေကို လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်ခဲ့တာ..." မြို့စား ကိုင်ဆန်က မြို့စား မိုင်လာကို ကြည့်ရင်း ညင်သာစွာ သက်ပြင်းချလိုက်သည်။
ချင်ဟန်၏ စွမ်းရည်များကို ရှင်းပြနေစဉ် သူက ချင်ဟန်၏ အဆင့်အတန်းကို တမင်တကာ ထည့်သွင်း ပြောဆိုလိုက်သလိုပင်။
မြို့စား မိုင်လာ တစ်ယောက် လုံးဝကို စကားစများ ဆွံ့အသွားခဲ့တော့သည်။
နေရာအနှံ့ ပြန့်ကျဲနေသော ရေတွက်၍ မရနိုင်သည့် အလောင်းများကို သူ ငေးကြည့်နေမိသလို တစ်ကိုယ်လုံး သွေးများ ရွှဲနှစ်နေသော်ငြား ဒဏ်ရာ အနည်းငယ်မျှပင် မရရှိထားသော၊ စစ်နတ်ဘုရား တစ်ပါးအလား ခန့်ညား ထည်ဝါနေသည့် ချင်ဟန်အား ကြည့်ရင်း သူ့ ရင်ထဲတွင် ချမ်းစိမ့်စိမ့် ခံစားလာရသည်။
End
***