အရောင်းဝန်ထမ်းဖြစ်သူ မမရွှီ၏ သမီးငယ်လေးမှာ တစ်လလျှင် ကျောင်းလခ ၂၆၀ ယွမ်သာ ကျသင့်သည့် မူကြိုကျောင်းတစ်ခု၌ တက်ရောက်နေသည်ဟူသော သတင်းကို လုပ်ဖော်ကိုင်ဖက်များ သိရှိသွားကြသည့်အခါ လူတိုင်း၏ စိတ်ဝင်စားမှုကို ရရှိခဲ့လေသည်။ မမရွှီသည် သူမ၏ သမီးလေးအပေါ် မည်မျှအထိ အလိုလိုက်ကာ အစစအရာရာ ဂရုစိုက်တတ်သည်ကို လူတိုင်းက သိရှိထားကြသည် မဟုတ်ပါလား။
မိမိကိုယ်တိုင်က တစ်လလျှင် လစာ ၃၅၀၀ ယွမ်သာ ရရှိသော်လည်း သမီးလေးအတွက်ဆိုလျှင် ၄၅၀၀ ယွမ်ခန့်အထိပင် ရက်ရက်ရောရော သုံးစွဲရဲသည့် မိခင်မျိုး ဖြစ်သည်။ သို့ဖြစ်ရာ သမီးလေးကို ပိုးမွေးသလို အမြတ်တနိုး မွေးမြူတတ်သည့် မမရွှီက ဤကဲ့သို့သော ဈေးနှုန်းမျိုးရှိသည့် ကျောင်းကို ရွေးချယ်လိုက်ခြင်းမှာ အားလုံးအတွက် စပ်စုချင်စရာ ဖြစ်နေတော့သည်။
"မမရွှီ ... အဲဒီကျောင်းက ဘယ်လိုလဲဟင်" ဟု တစ်ယောက်က စတင်၍ မေးမြန်းလိုက်ရာ မမရွှီ၏ မျက်နှာထက်တွင် ကြည်နူးပီတိဖြစ်မှုများ သိသိသာသာ ထင်ဟပ်သွားရသည်။
"အရမ်းကောင်းတယ်ဟေ့" ဟု သူမက ဆိုကာ သူမကိုယ်တိုင် ဖြတ်သန်းတွေ့ကြုံခဲ့ရသည့် စိတ်လှုပ်ရှားဖွယ်ရာ အဖြစ်အပျက်များကို ပြန်လည်မျှဝေပေးတော့သည်။ အစပိုင်းတွင် သူမ၏ ယောက္ခမကြီးမှာ လိမ်လည်လှည့်ဖြားခံရပြီဟုပင် ထင်မှတ်ခဲ့မိသော်လည်း တကယ်တမ်း၌မူ ဆရာမထန်ရှိသည်ဆိုသော အချက်ကြောင့် သွားရောက်ကြည့်ရှုခဲ့ကြရာမှ ကျောင်း၏ ပတ်ဝန်းကျင်ကောင်းများကို မြင်တွေ့ပြီးနောက် အားလုံးက စွဲလန်းနှစ်သက်သွားခဲ့ကြခြင်း ဖြစ်သည်။
ကြယ်တာရာမူကြိုကျောင်းမှ စီစဉ်ပေးထားသည့် ကျောင်းကားကြီးမှာ ခမ်းနားထည်ဝါလွန်းလှသကဲ့သို့ ကျောင်းတွင် ကျွေးမွေးသည့် အစားအသောက်များမှာလည်း လက်ဖျားခါလောက်အောင် ကောင်းမွန်လွန်းလှသည်။ မမရွှီကိုယ်တိုင်လည်း တစ်ခါက နေ့လယ်စာကို ဝင်ရောက်စားသောက်ဖူးရာ ကျောင်းလခပေး၍ ကျောင်းတက်ရင်း ဤကဲ့သို့သော အစားအစာများကို နေ့စဉ်စားသောက်ရလျှင် မည်မျှကောင်းမည်နည်းဟုပင် တွေးတောမိခဲ့ဖူးသည်။
ဤခေတ်ကာလတွင် လူကြီးအချို့မှာ ကလေးစားပွဲငယ်လေးများ၌ ဝင်ထိုင်ကာ ပိုက်ဆံပေး၍ စားသောက်ရသည်ကို နှစ်သက်ကြသော်လည်း သူမအဖို့မှာမူ ထိုသို့လုပ်ဆောင်ရန် ရှက်ရွံ့မိသည်။ တစ်လလျှင် ၂၆၀ ယွမ်သာ ပေးချေရပြီး ကျောင်းမှပေးသည့် ဝန်ဆောင်မှုများကို ဤမျှအထိ အမြတ်ထုတ်နေခြင်းမှာပင် လုံလောက်လှပြီဖြစ်ရာ မိဘများပါ ဝင်ရောက်စားသောက်ရန်မှာမူ လွန်လွန်းသည်ဟု သူမက ယူဆထားသည်။ သူမ၏ အသည်းနှလုံးဖြစ်သော သမီးလေး ကောင်းမွန်စွာ စားသောက်နေရသည်ကို မြင်ရလျှင်ပင် သူမအတွက် ကျေနပ်စရာ ဖြစ်နေပါပြီ။
အခုဆိုလျှင် သမီးလေး မုန်မုန်မှာ ကျောင်းမှကျွေးသော ထမင်းကို အလွန်ပင် ကြိုက်နှစ်သက်နေပြီး ကျောင်းသွားသည့်အခါ ပို၍စားနိုင်ရန်အတွက် ညနေစာကိုပင် လျှော့စားနေတော့သည်။ သူမ၏ ယောက္ခမကြီးမှာလည်း ကျောင်းရွေးချယ်မှု မှန်ကန်ခဲ့သည်ဟုဆိုကာ ဂုဏ်ယူဝင့်ကြွား၍ မဆုံးနိုင်အောင် ဖြစ်နေရသည်။
မမရွှီသည်လည်း သူမ၏ ယောက္ခမကြီးကို 'အမေ' ဟု ချစ်စနိုးခေါ်ဝေါ်နေပြီဖြစ်ရာ ယခင်က သံသယဝင်ခဲ့မိသည့်အတွက် တောင်းပန်သည့် သဘောလည်း သက်ရောက်နေသည်။ ယခုရက်ပိုင်းအတွင်း ယောက္ခမကြီးမှာလည်း အနီးနားရှိသူများကို ကြွားဝါ၍ ကောင်းနေသော်လည်း မမရွှီကမူ ဂရုမစိုက်ဘဲ ယောက္ခမဖြစ်သူကို နည်းမျိုးစုံဖြင့် မြှောက်ပင့်ချီးကျူးပေးနေသည်။
မိခင်တစ်ဦးအနေဖြင့် မိမိ၏သမီးလေး သက်သောင့်သက်သာရှိနေသည်ကို မြင်ရခြင်းက သူမအတွက် အကြီးမားဆုံးသော စိတ်ချမ်းသာမှုပင် ဖြစ်သည်။ ယခုအခါ သူတို့၏ ယောက္ခမနှင့် ချွေးမ ဆက်ဆံရေးမှာ အလွန်ပင် ပြေလည်ကောင်းမွန်နေကြောင်း တစ်ရပ်ကွက်လုံးက သိရှိသွားကြသဖြင့် ယောက္ခမကြီးမှာလည်း မျက်နှာပွင့်နေတော့သည်။
မမရွှီက စိတ်ပါလက်ပါဖြင့် ပြောပြနေသည်ကို ဘေးနားမှ မိန်းကလေးအချို့ကလည်း အံ့ဩတကြီးဖြင့် နားထောင်နေကြရင်း - "ဝိုး ... ဒီလောက် ကောင်းတဲ့ ကျောင်းမျိုး ရှိတာလား" "ငါတို့ ငယ်ငယ်က တက်ခဲ့တဲ့ ကျောင်းတွေနဲ့ ယှဉ်ရင် မိုးနဲ့ မြေလိုပဲ" "မူကြိုကျောင်း ဈေးနှုန်းတွေက ဒီလို ဖြစ်သင့်တာ။ အလုပ်သမားတွေက ဘယ်လောက်များ တတ်နိုင်ကြမှာလဲ" "ကျောင်းတိုင်းသာ ဒီလောက်ဈေးနဲ့ ဆိုရင် လူတွေ ကလေးယူရဲကြမှာ" ဟူ၍ အသီးသီး မှတ်ချက်ပေးကြသည်။
သူတို့အားလုံးမှာ ကလေးမွေးမြူစရိတ် သက်သာသွားနိုင်မည့် အခွင့်အလမ်းကို အဓိကထား၍ ပြောဆိုနေကြခြင်း ဖြစ်သည်။
ထိုသို့ အားလုံးက အရသာခံ၍ ပြောဆိုနေကြစဉ်မှာပင် ရုတ်တရက် လှောင်ပြောင်သရော်သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဘယ်သူများလဲလို့ ... မမရွှီ ဖြစ်နေတာကိုး။ အရင်တုန်းကတော့ ကလေးကို အရမ်းချစ်ပါတယ် ဆို။ အခုတော့ သိပ်မချစ်တော့ဘူး ထင်တယ်။ ဒီလောက် နွမ်းပါးတဲ့ ကျောင်းမျိုးမှာ ထားရက်တယ်"
"တစ်လ ၂၆၀ တဲ့လား ... ခွေးအပ်တဲ့ ဂေဟာတောင် တစ်လ ထောင်ချီ ပေးရတာ။ သနားစရာ ကလေးလေး ... ညည်းလို အမေမျိုးနဲ့ လာတွေ့ရတာ ကံဆိုးရှာပါတယ်"
ထိုစကားကြောင့် အားလုံး၏ ပါးစပ်များ ပိတ်သွားကြပြီး ကြည့်လိုက်သောအခါ "ဝယ်ယူရေးဌာန" မှ အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဤအမျိုးသမီးနှင့် မမရွှီတို့မှာ ကမ္ဘာ့ရန်သူများသဖွယ် ဖြစ်နေကြသည်မှာ ကြာပြီဖြစ်သည်။
မမရွှီ၏ ခင်ပွန်းဖြစ်သူမှာ ယခင်က ဤအမျိုးသမီးနှင့် တွဲခဲ့ဖူးသော်လည်း အဆင်မပြေဖြစ်ကာ လမ်းခွဲခဲ့ပြီးမှ မမရွှီနှင့် လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။ ဤအရှုပ်အထွေးကို ဈေးဝယ်စင်တာတစ်ခုလုံးက သိရှိထားကြသည်။ ပုံမှန်အားဖြင့် သူတို့နှစ်ဦးမှာ စကားပြောလေ့မရှိသော်လည်း မမရွှီမှာ ၂၆၀ ယွမ်တန် ကျောင်းအကြောင်း ပြောဆိုရာတွင် ရေပန်းစားနေသဖြင့် ထိုအမျိုးသမီးက မနာလိုဖြစ်ကာ လာရောက်နှိမ်ချခြင်း ဖြစ်ပေလိမ့်မည်။
ဘေးနားမှ လူများမှာလည်း ဘာမျှမပြောရဲဘဲ ငြိမ်နေကြရသည်။ မိခင်တစ်ဦးကို သူမ၏ ကလေးနှင့် ပတ်သက်၍ သွားရောက်လှောင်ပြောင်ခြင်းမှာ မီးနှင့်ကစားသကဲ့သို့ပင် ဖြစ်ရာ ဒေါသထွက်လာပါက ထိန်းမရသိမ်းမရ ဖြစ်မည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ မမရွှီကမူ တည်ငြိမ်စွာပင် တုံ့ပြန်လိုက်သည်။
"လေသံက တော်တော် မာနေပါလား။ ရှင်ကရော ရှင့်သမီးကို ဘယ်ကျောင်းထားလဲ သိပါရစေ"
ဘေးမှလူများမှာ ပြဿနာကြီးထွားတော့မည်ကို သိရှိသဖြင့် မန်နေဂျာကို သွားရောက်ခေါ်ယူရန် ပြင်ဆင်ကြသည်။ ထိုအမျိုးသမီးကမူ ဝင့်ကြွားသောလေသံဖြင့် - "ငါလည်း သာမန် ကျောင်းလောက်ပဲ ထားတာပါ။ ဒါပေမဲ့ တစ်လ ၃၈၀၀ ပေးရတယ်" ဟု ပြန်လည်ပြောကြားလိုက်သည်။ သူမ၏ လေသံမှာ သူမသမီးတက်ရောက်သည့် ကျောင်းလခမှာ မမရွှီ၏ တစ်လစာ လစာငွေထက်ပင် များပြားနေသည်ဟု ကြွားဝါလိုခြင်း ဖြစ်သည်။
မမရွှီက "အော်" ဟု တစ်လုံးတည်းသာ တုံ့ပြန်လိုက်ပြီးနောက် ယခုကဲ့သို့ ဆက်လက်ပြောဆိုသည်။
"ဒါဆို ရှင့်ကျောင်းမှာ ယွမ် ၂ သန်းတန် ကျောင်းကား ပါလား။ ကျန်ပေ ဟိုတယ်ကြီးက စားဖိုမှူးချုပ်က ချက်ကျွေးလား။ အစိုးရ ဌာနက ယာဉ်မောင်းကို ငှားထားလား။ မြို့တော် ဆေးရုံကြီးရဲ့ ကလေးအထူးကု ဆရာဝန်က ကျောင်းဆရာဝန် လုပ်ပေးလား"
မမရွှီ၏ မေးခွန်းများကြောင့် ထိုနေရာရှိ လူအားလုံးမှာ ဆွံ့အမှင်တက်သွားကြရသည်။ ဤသည်မှာ မည်သို့သော နတ်ဘုံနတ်နန်း ကျောင်းမျိုးပါနည်း။ အကယ်၍သာ မမရွှီက ဤကျောင်းသည် "နိုဘယ်ကျောင်း" ဖြစ်သည်ဟု ပြောပါက လူတိုင်း လက်ခံကြပေလိမ့်မည်။
သို့သော် တစ်လလျှင် ၂၆၀ ယွမ်သာ ပေးရသည့် ကျောင်းတွင် ဤမျှမြင့်မားသော ဝန်ဆောင်မှုများ ရှိနေသည်ဆိုသည်မှာ ယုံနိုင်စရာပင် မရှိတော့ပေ။
မျှော်လင့်ထားသည့်အတိုင်းပင် ထိုအမျိုးသမီး၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွားရသည်။ သူမက နှာခေါင်းရှုံ့လျက် - "နင် စိတ်ကူးယဉ် နေတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဟု ဆိုရာ မမရွှီက "မယုံရင် မနက်ဖြန် ငါ သမီးကို ကျောင်းလိုက်ပို့တဲ့ ဗီဒီယို ဂရုထဲ တင်ပေးလိုက်မယ်" ဟု ပြတ်သားစွာ ပြောလိုက်သည်။ ဤစကားမှာ ထိုအမျိုးသမီး၏ ပါးကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင် နာကျင်သွားစေခဲ့သည်။
မမရွှီက ဆက်လက်၍ - "ကြားတာတော့ လူတွေ အဲဒီကျောင်းကို အပ်ချင်လွန်းလို့ တိုးနေကြတာ နောက်ကျသွားတဲ့ သူတွေက နေရာ မရကြတော့ဘူးတဲ့။ သနားစရာပဲ ... သူတို့ခမျာ ၃၈၀၀ တန် ကျောင်းပဲ သွားတက်ရတော့မှာပေါ့" ဟု ဆိုလိုက်ရာ ထိုအမျိုးသမီးမှာ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။
အမှန်စင်စစ် သူမ၏ ခင်ပွန်းမှာ သာမန်လူတန်းစားတစ်ဦးသာ ဖြစ်ပြီး သမီးဖြစ်သူကို ဈေးကြီးသောကျောင်းတွင် ထားရှိရန် အိမ်၌ ပြဿနာများစွာ တက်ခဲ့ရကာ ငွေကြေးကျပ်တည်းမှုကြားမှ ထားရှိခဲ့ရခြင်း ဖြစ်သည်။ သူမ၏ စေတနာမှာ သမီးအတွက် အကောင်းဆုံး ဖြစ်စေလိုခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ သူမကိုယ်သူမ "ငွေဝယ်ကျွန်" တစ်ဦးဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ငွေကြေးအမြောက်အမြား အကုန်အကျခံထားရသော်လည်း အကောင်းဆုံးသော ဝန်ဆောင်မှုကို မရရှိဘဲ အညံ့စားများကိုသာ ရရှိနေသည့်အတွက် သူမသည် မကျေမနပ်ဖြင့် ထွက်ခွာသွားတော့သည်။
နောက်တစ်နေ့တွင် မမရွှီသည် ကတိပေးထားသည့်အတိုင်း သမီးလေးကို ကျောင်းလိုက်ပို့သည့် ဗီဒီယိုအား WeChat Group ထဲသို့ တင်ပေးလိုက်သည်။ ဗီဒီယိုထဲတွင် အဝါရောင်တောက်တောက်ဖြင့် ယွမ် ၂ သန်းတန် ကျည်ကာကျောင်းကားကြီးကို အထင်အရှား မြင်တွေ့နေရသည်။ ဤကဲ့သို့ ကားအမျိုးအစားမှာ နိုဘယ်ကျောင်းများရှိ "အထက်တန်းစားအတန်း" များတွင်သာ အသုံးပြုလေ့ရှိကြောင်း လူတိုင်းက သိရှိထားကြသည်။ ဤဗီဒီယိုကို မြင်လိုက်ရသည့်အခါ မိဘများကြားရှိ ယှဉ်ပြိုင်လိုစိတ်မှာလည်း ပြင်းထန်လာတော့သည်။
ဟိုအမျိုးသမီးသည် ထိုဗီဒီယိုကို ချက်ချင်းသိမ်းဆည်းလိုက်ပြီး သူမ၏ကလေးတက်ရောက်နေသည့် ကျောင်းမှ ကျောင်းသားလက်ခံရေးအရာရှိထံသို့ ပေးပို့ကာ - "သူများတွေ ၂၆၀ ပေးပြီး ဒီလို ကျောင်းကားကြီး စီးရတာ။ ငါတို့က ၃၈၀၀ ပေးပြီး ဘာလို့ ရိုးရိုးကားပဲ စီးရတာလဲ။ ရှင်းပြစမ်းပါ" ဟု ဒဲ့မေးလိုက်သည်။
ကျောင်းတာဝန်ခံကလည်း လိမ္မာပါးနပ်စွာဖြင့် သူတို့ကျောင်းတွင် ဆရာအင်အား တောင့်တင်းကြောင်း ရှောင်လွှဲပြောကြားသော်လည်း ထိုအမျိုးသမီးက "ဟိုမှာက ဆရာမထန် သင်တာတဲ့" ဟု ပြန်လည် တုံ့ပြန်သည်။ တာဝန်ခံက သူတို့ကျောင်းတွင် သီးသန့်ကျောင်းဆရာဝန်ရှိကြောင်း ထပ်မံပြောဆိုပြန်ရာ ထိုအမျိုးသမီးက ထိုဆရာဝန်မှာ မြို့တော်ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန် ဟုတ် မဟုတ် မေးမြန်းပြန်သည်။ အစားအသောက်နှင့် ပတ်သက်၍ ပြောဆိုရာတွင်လည်း စားဖိုမှူးမှာ ကျန်ပေဟိုတယ်ကြီးမှ စားဖိုမှူးချုပ် ဟုတ် မဟုတ် ထပ်မံမေးမြန်းခဲ့သည်။
နောက်ဆုံးတွင် ကျောင်းတာဝန်ခံမှာလည်း စိတ်မရှည်တော့ဘဲ - "ရှင် ပေးတာက ၃၈၀၀ ပါ။ အနောက်မှာ သုည တစ်လုံး ထပ်မပါပါဘူး။ တကယ်လို့ ရှင့်လိုအပ်ချက်တွေက အဲ့လောက် မြင့်နေရင် တခြား နေရာ ပြောင်းလိုက်ပါလို့ အကြံပေးချင်ပါတယ်" ဟု ရိုင်းရိုင်းစိုင်းစိုင်းပင် ပြန်လည် ပြောကြားလိုက်သည်။ ထိုစကားကြောင့် အမျိုးသမီးမှာ ဒေါသပေါက်ကွဲသွားရသော်လည်း မိမိ၏ကလေးမှာ သူတို့လက်ထဲတွင် ရှိနေသဖြင့် ဘာမျှပြန်မပြောရဲဘဲ အောင့်သက်သက်ဖြင့်သာ ခံလိုက်ရသည်။
နောက်တစ်နေ့တွင် ထိုအမျိုးသမီးမှာ မျက်နှာပျက်ပျက်ဖြင့် ရုံးရောက်လာသော်လည်း ဘယ်သူမှ သူမကို ဂရုမစိုက်ကြတော့ပေ။ လူတိုင်းမှာ ကြယ်တာရာမူကြိုကျောင်းအကြောင်းကိုသာ စိတ်အားထက်သန်စွာ ပြောဆိုနေကြပြီး မမရွှီကိုလည်း ကျောင်းမည်သို့အပ်နှံရမည်ကို ဝိုင်းဝန်းမေးမြန်းနေကြတော့သည်။
မိမိတို့အိမ်တွင် ကလေးမရှိလျှင်ပင် ဆွေမျိုးသားချင်းများအတွက် အပ်နှံပေးရန် စိတ်အား ထက်သန်နေကြခြင်း ဖြစ်သည်။ ထိုအမျိုးသမီးမှာမူ မမရွှီနှင့် ဆက်ဆံရေး မကောင်းသဖြင့် ကိုယ်တိုင် သွားရောက်မမေးမြန်းရဲသော်လည်း မမရွှီ၏ အနီးအနားသို့ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း နားစွင့်နေရှာသည်။ သူမသည် ကျောင်းပြောင်းလိုသော်လည်း မမရွှီ၏ လှောင်ပြောင်မှုကို ခံရမည်စိုးသဖြင့် ရင်ကွဲမတတ် ခံစားနေရရှာတော့သည်။
*