မှောင်မည်း၍ ကျဉ်းမြောင်းလှသော အခန်းငယ်လေးအတွင်း၌ လီယီဟု အမည်ရသည့် ခြေတစ်ဖက် ပြတ်နေသူတစ်ဦးသည် စားပွဲတစ်ခုတွင် ကုန်းကုန်းကုန်းကုန်းဖြင့် ထိုင်နေလေသည်။ သူ၏ ဘောင်းဘီအိတ် တစ်ဖက်မှာ ဗလာဟင်းလင်း ဖြစ်နေပြီး ဘေးနားတွင်မူ သစ်သားဖြင့် ကိုယ်တိုင်ပြုလုပ်ထားသော ခြေတုတစ်ခု ရှိနေသည်။
ထိုခြေတုမှာ ဟောင်းနွမ်းဆွေးမြည့်နေပြီ ဖြစ်ကာ အမှန်တကယ်ဆိုလျှင် လဲလှယ်သင့်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယနေ့ခေတ် ဆေးပညာနှင့် နည်းပညာများအရ ငွေကြေးအင်အား ရှိမည်ဆိုလျှင် ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်စေမည့် ဇီဝခြေတုများကို ဝယ်ယူတပ်ဆင်နိုင်ပြီး သက်တောင့်သက်သာ လမ်းလျှောက်နိုင်မည် ဖြစ်သော်လည်း ဤသစ်သားခြေတုမှာမူ သက်သောင့်သက်သာရှိဖို့ ဝေးစွ။ လမ်းလျှောက်တိုင်း ဒုက္ခပေးနေသော အရာသာ ဖြစ်သည်။
ခြံဝင်းအတွင်း၌မူ မိသားစုတစ်ခု၏ အကြီးအကျယ် စကားများငြင်းခုံသံများက ဆူညံစွာ ထွက်ပေါ်နေသည်။ လီယီ၏ ခဲအိုမ ဖြစ်သူမှာ စူးစူးဝါးဝါး အော်ဟစ်ကာ ရန်တွေ့နေ၏။
"လီရဲ့ ဒုတိယကောင် ... ငါပြောတာ နားထောင်စမ်း။ နင်သာ ဒီလို အသုံးမကျတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ဆက်ပြီး ကျွေးထားမယ် ဆိုရင် ငါ နင့်ကို ကွာရှင်းပစ်မယ်"
"ဒါပေမဲ့ ငါ ဘာလုပ်ရမလဲကွ။ သူက ငါ့အစ်ကို အရင်းပဲလေ" ဟု ညီဖြစ်သူ၏ အသံက တုံ့ပြန်ထွက်ပေါ်လာသည်။
ထိုစဉ် သူတို့၏ မိဘများက ကြားထဲမှ ဖြန်ဖြေသည့်ဟန်ဖြင့် ဝင်ရောက်ပြောဆိုကြသည်။ "အိုကွာ ... တို့က မိသားစုတွေပဲဟာ။ ဒီလောက်ထိ ရန်ဖြစ်မနေကြပါနဲ့"
"အရင်ကတော့ ကျွန်မ သည်းခံခဲ့ပါတယ်။ ဒါပေမဲ့ အခုက နှစ်တွေ အများကြီး ကြာနေပြီလေ။ သူ့ကို ဆက်ကျွေးနေရင် ကျွန်မတို့ သားနဲ့ သမီးကရော ဒီဝန်ထုပ်ဝန်ပိုးကြီးကို ဆက်ထမ်းရမှာလား။ ဒီလို ဒုက္ခခံနေရမယ့်အတူတူ ကွာရှင်းတာကမှ ပိုအေးဦးမယ်" ဟု ခဲအိုမ၏ အသံက ပို၍ပင် စူးရှမာန်ပါလာသည်။
အားလုံးက တစ်ယောက်တစ်ပေါက်ဖြင့် ဇာတ်တိုက်ထားသကဲ့သို့ပင် ဖြစ်နေတော့သည်။ ထိုအသံများမှာ အခန်းထဲရှိ လီယီ ကြားစေရန် တမင်ရည်ရွယ်၍ အော်ဟစ်နေခြင်း ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိနေသည်။ အသက် ၄၀ အရွယ်ရှိပြီ ဖြစ်သော လီယီ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာသည်။ ယခုအခါ သူတို့သည် မိမိအား မသန်စွမ်းတစ်ဦး ဖြစ်နေသဖြင့် ရွံရှာမုန်းတီးနေကြပြီ ဖြစ်သည်။
အလုပ်မှ မထွက်ရခင် အချိန်တုန်းက သူသည် စစ်သည်တော်များထဲတွင် စွမ်းရည်ထက်မြက်သည့် စစ်သူရဲတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် မတော်တဆမှုတစ်ခုကြောင့် အလုပ်မှ အနားယူခဲ့ရသော်လည်း ထိုစဉ်က သူ၏ ယူနစ်မှ လျော်ကြေးငွေအဖြစ် ယွမ် ၅ သိန်းကျော် ပေးအပ်ခဲ့သည်။ သူ စုဆောင်းထားသော ပင်စင်လစာများနှင့် ပေါင်းစပ်လိုက်လျှင် သူ့တွင် ယွမ် ၁ သန်းကျော်အထိ ရှိခဲ့ဖူးသည်။ ထိုငွေသည် သူ၏ ဆေးကုသစရိတ်နှင့် ဘဝတစ်လျှောက်စာအတွက် လုံလောက်သည်ထက် ပိုပါသည်။ သို့သော် ထိုစဉ်က သူ၏ မိဘများက ထိုပိုက်ဆံများကို ညီဖြစ်သူ မိန်းမယူရန်အတွက် သုံးစွဲခိုင်းခဲ့ကြပြီး နောက်ပိုင်းတွင်လည်း နည်းမျိုးစုံဖြင့် မျက်ရည်ခံကာ ငွေများကို တစ်စစ ညှစ်ထုတ်သွားခဲ့ကြသည်။
ယခုအခါ လီယီတွင် တစ်ပြားတစ်ချပ်မှ မကျန်တော့ဘဲ တစ်လလျှင် အစိုးရထောက်ပံ့ကြေး ယွမ် ရာဂဏန်းလေးသာ ရရှိတော့သည့် အချိန်တွင်မူ မိသားစုက သူ့ကို နည်းမျိုးစုံဖြင့် ရွံရှာမုန်းတီးလာကြတော့သည်။ အစပိုင်းတွင် တိတ်တိတ်လေး လုပ်ဆောင်ခဲ့ကြသော်လည်း ယခုမူ အတိအလင်းကိုပင် ထုတ်ဖော်ပြောဆိုလာကြပြီ ဖြစ်သည်။
သူ၏ မိဘများကလည်း ဝင်ရောက်တားဆီးခြင်း မရှိကြပေ။ ညီဖြစ်သူက စကားလုံးကောင်းများဖြင့် ခုခံပြောဆိုနေသော်လည်း ညီဖြစ်သူ၏ ခွင့်ပြုချက်သာ မပါလျှင် ဤခဲအိုမက ဤမျှအထိ ရမ်းကားရဲပါ့မလားဟု လီယီ တွေးတောမိသည်။ တကယ်တမ်းတွင်မူ သူတို့အားလုံးမှာ လီယီကို အိမ်ပေါ်မှ မောင်းထုတ်ချင်နေကြခြင်းသာ ဖြစ်သည်။
လောကကြီးသည် သွေးအေးလှသလို လူတို့၏ စိတ်ထားသည်လည်း လျင်မြန်စွာ ပြောင်းလဲတတ်ပါပေသည်။ မိမိ၏ မိဘအရင်းနှင့် ညီအရင်းများပင် ဖြစ်သော်လည်း မိမိ အားကိုးအားထားပြုနိုင်စဉ်က ဂုဏ်ယူခဲ့ကြပြီး ယခုကဲ့သို့ အခြေအနေတွင်မူ အခွင့်အရေးသမားများအဖြစ် ပြောင်းလဲသွားကြသည်။
ဤသည်မှာ သူ နှစ်ပေါင်း ၄၀ ကျော် နေထိုင်လာခဲ့သည့် အိမ်ဖြစ်သော်လည်း ယခုမူ လူတိုင်းက သူ့ကို အပြင်သို့ ရောက်ရှိသွားစေရန် တွန်းပို့နေကြသည်။ လီယီသည် မသန်စွမ်းဖြစ်နေသော်လည်း သူ့တွင် သိက္ခာနှင့် မာန်ရှိသေးသည်။ သူသည် သစ်သားခြေတုကို တပ်ဆင်လိုက်ပြီး တုတ်ကောက်ကို အားပြုကာ အပြင်သို့ ထွက်လာခဲ့သည်။
ရန်ဖြစ်နေသော ခြံဝင်းတစ်ခုလုံးမှာ လီယီ ထွက်လာသည်နှင့်တစ်ပြိုင်နက် တိတ်ဆိတ်သွားသည်။ လီယီက ပြတ်သားစွာပင် ကြေညာလိုက်သည်။
"ငါ ထွက်သွားပေးမယ်။ အခုကစပြီး မင်းတို့မှာ ဒီလို အစ်ကိုမျိုး ဒီလို သားမျိုး မရှိဘူးလို့သာ သဘောထားလိုက်ကြတော့"
သူတို့ ပြောဆိုခဲ့သည့် စကားများက သူ့ကို အပြင်းအထန် နာကျင်စေခဲ့သည်။ သူ၏ အသက်နှင့်လဲ၍ ရရှိခဲ့သည့် ယွမ် ၁ သန်းကျော်ကို မိဘကျေးဇူးဆပ်သည့်အနေဖြင့် ပေးအပ်ခဲ့ပြီးပြီ ဖြစ်သဖြင့် ယခုမူ မိဘ မောင်နှမ သံယောဇဉ်အပေါင်းကို ဖြတ်တောက်လိုက်ပြီ ဖြစ်သည်။ သူသည် တိုင်းပြည်အတွက်ရော မိသားစုအတွက်ပါ ဝတ္တရားကျေခဲ့ပါပြီ။
သူ့ညီနှင့် မိဘများက ဤအခြေအနေသို့ ရောက်အောင် တွန်းပို့ခဲ့ကြပြီးမှ သူ ထွက်သွားမည်ဆိုသည့်အခါ စိုးရိမ်ချင်ယောင် ဆောင်လာကြပြန်သည်။
သူ့အဖေက "မင်းက ဘာစကား ပြောလိုက်တာလဲ။ ဒါဆို မင်းညီက လူကြားထဲ ဘယ်လို မျက်နှာပြရတော့မလဲ" ဟု ပြောဆိုလာရာ လီယီက သူ့အဖေကို လှောင်ပြောင်သလို ကြည့်ကာ "ကျွန်တော် ပြောတဲ့ စကား တစ်ခွန်းလောက်ကိုတောင် သူက မခံနိုင်ဘူးလား။ ကောင်းပြီလေ ... ဒါဆို ကျွန်တော် ပြောတာ ပြန်ရုပ်သိမ်းမယ်။ အရင်အတိုင်းပဲ ဆက်နေကြတာပေါ့" ဟု ဆိုရင်း အခန်းထဲသို့ ပြန်ဝင်ရန် ဟန်ပြင်လိုက်သည်။
ထိုအခါ သူ့အဖေ မျက်နှာ ပျက်သွားပြီး "မင်းက ငါ့ကို ပြန်ပြောနေတာလား" ဟု ဆိုသည်။ လီယီကလည်း "ဘာမှ မဟုတ်ပါဘူး။ အခုကစပြီး ကျွန်တော်က အဖေ့ရဲ့ သား မဟုတ်တော့ဘူးလို့ ပြောတာပါ" ဟု ပြန်လည်တုံ့ပြန်သည်။
သူ့ညီ၏ ရင်ထဲတွင်လည်း ခဏတာ ထိတ်ခနဲ ဖြစ်သွားရသည်။ မိမိ၏ အစ်ကိုကြီး အမှန်တကယ် ပျောက်ကွယ်သွားတော့မည်လားဟု တွေးမိပုံရသည်။
သို့သော် ခဲအိုမကမူ "ဪ ... တကယ် ပြောတာလား။ နောက်မှတော့ ကျွန်မတို့ဆီ ပြန်လာပြီး အားကိုးဖို့ မစဉ်းစားနဲ့ဦး" ဟု ဝင်ရောက်ပြောဆိုပြန်သည်။
လီယီသည် အမှန်တကယ်ပင် ဒေါသထွက်သွားကာ "တော်ပြီ ငါ ပြောတဲ့အတိုင်း ဖြစ်စေရမယ်။ အခုကစပြီး မိဘတွေကို ကြည့်ဖို့က မင်းတို့ တာဝန်ပဲ။ ငါ့ဆီကို ဘယ်တော့မှ လာမရှာနဲ့" ဟု ဆိုလိုက်သည်။
ခဲအိုမကလည်း အလျှော့မပေးဘဲ "ကျွန်မတို့က ဘာလို့ လာရှာရမှာလဲ။ ကိုယ့်ကိုယ်ကိုတောင် မကျွေးနိုင်တဲ့သူကို။ ကောင်းပြီလေ ... နင် ထွက်သွားချင်တယ် ဆိုမှတော့ တို့ကလည်း လက်ခံရမှာပေါ့။ နင်က နိုင်ငံအတွက် ခြေထောက် ပေးခဲ့တာ ဆိုတော့ နိုင်ငံက နင့်ကို ကျွေးပါလိမ့်မယ်။ တို့ အကူအညီ မလိုပါဘူး" ဟု ရိုင်းစိုင်းစွာ ပြောကြားခဲ့သည်။
ထို့အပြင် သူမက "နင် ထွက်သွားမယ် ဆိုရင်တော့ ဒီအခန်းကို ဝေလေးအတွက် ပေးခဲ့ရမယ်နော်" ဟု ထပ်လောင်းပြောဆိုသည်။ ဝေလေးမှာ သူတို့၏ သားဖြစ်သည်။ သူတို့သည် ဤအိုဟောင်းနေသည့် အိမ်ကို ရတနာတစ်ခုကဲ့သို့ သဘောထားကာ လီယီ ယူသွားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
လီယီ၏ ရင်ထဲတွင် ပို၍ပင် နာကျင်သွားရကာ "စိတ်မပူပါနဲ့။ မင်းတို့ နေရာ တစ်လက်မတောင် ငါ မယူဘူး။ အရာအားလုံး ပြီးသွားပြီ ဆိုတော့ အိမ်ခွဲစာချုပ်ရေးပေး။ ငါ အခုချက်ချင်း ထွက်သွားမယ်" ဟု ဆိုလိုက်သည်။ ခဲအိုမကလည်း အခွင့်အရေး လက်လွတ်မခံဘဲ "ရေးပေးလိုက်လေ" ဟု တိုက်တွန်းလေတော့သည်။ သူတို့သည် အိမ်ခွဲစာချုပ်ရေးသားကာ လက်မှတ်ထိုး လက်ဗွေနှိပ်ကြပြီး သက်သေများပင် ခေါ်ယူလိုက်ကြသည်။
အပြင်ရှိ အိမ်နီးနားချင်း အဘိုးကြီးများမှာ သက်ပြင်းချရင်း "ပိုက်ဆံ ကိစ္စဆိုတာ ဒါမျိုးပဲလား" ဟု ညည်းတွားကြသည်။ အချို့က လီယီ၏ အဖေကို အပြစ်တင်ကြသော်လည်း သူကမူ ဤသည်မှာ သူ၏ အိမ်တွင်းရေးသာ ဖြစ်ကြောင်း ပြောဆိုကာ ကာကွယ်နေခဲ့သည်။
သူ၏ သားအကြီးမှာ တစ်ချိန်က တော်ခဲ့သော်လည်း ယခုမူ အလုပ်မလုပ်နိုင် ငွေမရှာနိုင်ဘဲ အိမ်မှာ ထိုင်စားနေသည်ကို ဘယ်သူက သည်းခံနိုင်မည်နည်းဟု သူ တွေးတောနေသည်။ ထို့အပြင် နောက်ပိုင်းတွင် ဤနေရာသည် လျော်ကြေးငွေ အမြောက်အမြား ရရှိနိုင်သည်ဟု သတင်းကြားထားသဖြင့် လူတစ်ယောက် လျော့သွားခြင်းကို သူတို့က အလိုရှိနေကြခြင်း ဖြစ်သည်။
လီယီသည် လှည့်ထွက်လာခဲ့ရာ ရပ်ကွက်လူကြီးကပင် စိတ်မကောင်းဖြစ်ကာ "မင်း ဘယ်သွားမလဲ။ သွားစရာ မရှိရင် ငါ့အိမ်မှာ ခဏ လာနေပါ" ဟု ကမ်းလှမ်းသော်လည်း လီယီကမူ မိဘအရင်းပင် လက်မခံနိုင်သော မိမိအနေဖြင့် ဤရပ်ကွက်တွင် ဆက်မနေလိုတော့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ထိုစဉ်မှာပင် လီယီ၏ ဟောင်းနွမ်းလှသော ခလုတ်ဖုန်းလေးထံသို့ ဖုန်းဝင်လာခဲ့သည်။ စပီကာအသံ အလွန်ကျယ်လောင်လှသော ထိုဖုန်းမှာ လီယီ၏ ဆင်းရဲကျပ်တည်းလှသော ဘဝကို ထင်ဟပ်နေသကဲ့သို့ ရှိသည်။
လီယီ ဖုန်းကိုင်လိုက်သည့်အခါ တစ်ဖက်မှ ရှင်းဝေ၏ အသံ ထွက်ပေါ်လာသည်။ "ဟဲလို ... ဒါ ကြယ်တာရာ မူကြိုကျောင်းကပါ။ ရှင် ကျွန်မတို့ဆီမှာ အမြန်ဆုံး လာအလုပ်လုပ်ပေးနိုင်မလား။ နေစရိတ် စားစရိတ် ငြိမ်း လစာ တစ်လ ယွမ် ၂ သောင်း ပေးမယ်။ ရှင် ဘယ်လို ထင်လဲ"
ရှင်းဝေသည် စနစ်၏ အကြံပေးမှုအရ လီယီကို ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။ သူသည် စစ်သည်တော်ဟောင်း ဖြစ်သဖြင့် သာမန်လူ ဆယ်ယောက်ခန့်ကို ကောင်းစွာ ကိုင်တွယ်နိုင်စွမ်း ရှိသည်။ ရှင်းဝေက အရည်အချင်းရှိသူကို လိုချင်သဖြင့် မြင့်မားသော လစာကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ လီယီသည်လည်း ရှင်းဝေ၏ ကမ်းလှမ်းမှုကို ချက်ချင်းပင် လက်ခံလိုက်သည်။
"ကောင်းပြီ။ ကျွန်တော် အခုပဲ လာခဲ့မယ်"
ဖုန်းချလိုက်သည့်အခါတွင်မူ ပတ်ဝန်းကျင်မှ လူများ၏ အကြည့်တို့မှာ ပြောင်းလဲသွားကြသည်။ လီယီက တစ်လလျှင် ယွမ် ၂ သောင်း ရရှိမည်ဟူသော သတင်းကြောင့် အားလုံး၏ မျက်လုံးများ အရောင်တောက်သွားကြသည်။ ညီဖြစ်သူက အံ့ဩတကြီး မေးမြန်းသော်လည်း လီယီကမူ အေးစက်စက်ပင် တုံ့ပြန်ခဲ့သည်။
သူသည် ညီဖြစ်သူအား မိမိထံမှ ငွေကြေးများကို လုယူသွားခဲ့ကြပြီ ဖြစ်ကြောင်းနှင့် သူတို့ မျှော်လင့်နေသည့် အိမ်လျော်ကြေးမှာလည်း မြေအောက်ရထားလမ်းကြောင်း ပြောင်းလဲသွားပြီဖြစ်သဖြင့် ရရှိနိုင်တော့မည် မဟုတ်ကြောင်း ပြောကြားကာ လှည့်ထွက်လာခဲ့လေတော့သည်။
*