ရှင်းဝေ၏ ကြယ်တာရာ မူကြိုကျောင်းမှာ တဟုန်ထိုး အောင်မြင်နေပြီး နာမည် ကျော်ကြားစပြုလာသော်လည်း ထိုသတင်းကို ကြားသိရသည့် ဝမ်းကွဲညီမဖြစ်သူ ရှင်းချင်းချင်းမှာမူ မနာလိုစိတ်များဖြင့် ပြည့်နှက်နေသည်။ သူမသည် မိမိကိုယ်မိမိ ရှင်းဝေထက် ပိုမိုထူးချွန်သည်ဟု အမြဲယူဆထားသော်လည်း ရှင်းဝေကဲ့သို့ ချမ်းသာသော ဘဝမျိုး မရရှိခဲ့သည်မှာ ကံတရား၏ မတရားမှုဟုပင် သူမက မြင်မြင်နေသည်။
ဘွဲ့ရရှိပြီးသော်လည်း အလုပ်အကိုင် မရရှိသေးသော ရှင်းချင်းချင်းအတွက်မူ ရှင်းဝေ၏ အောင်မြင်မှုမှာ ရင်ဘတ်ထဲသို့ ဓားဖြင့် ထိုးနှက်လိုက်သကဲ့သို့ ခံစားနေရသည်။
သူမသည် ရှင်းဝေ၏ လှုပ်ရှားမှုမှန်သမျှကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်နေကာ ရှင်းဝေ ကျောင်းဖွင့်လိုက်ပြီဖြစ်ကြောင်း ကြားသိရသည့်အခါတွင်လည်း "စာတောင် ကောင်းကောင်း မတတ်တဲ့ကောင်မက ကျောင်းဖွင့်တယ် ဟုတ်လား ... ကလေးတွေကို လမ်းမှားပို့ပြီး လူညွန့်တုံးအောင် လုပ်တော့မှာပဲ" ဟု လှောင်ပြောင်ခဲ့သေးသည်။ သို့သော် ရှင်းဝေက လူတိုင်း၏ ချီးကျူးမှုကို ရရှိလာသည့်အခါတွင်မူ သူမ၏ ဒေါသမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
ထိုသို့ဖြင့် ရှင်းချင်းချင်းသည် ယုတ်မာသော အကြံတစ်ခုကို ကြံစည်လိုက်တော့သည်။ တစ်ညတွင် ကြည့်ရှုသူ ၃ သိန်းကျော်ရှိသည့် နာမည်ကြီး လိုက်ဖ်တစ်ခုတွင် ငွေကြေးအမြောက်အမြား လက်ဆောင်ပေးကာ စကားပြောခွင့်ကို ရယူလိုက်သည်။
သူမသည် အသံကို ဖျက်ကာ ဖြူစင်ချင်ယောင်ဆောင်၍ ရှင်းဝေ၏ အတိတ်အကြောင်းကို ကောလာဟလများ စတင်ဖြန့်ဝေခဲ့သည်။
"ကျွန်မမှာ ဝမ်းကွဲညီမတစ်ယောက် ရှိတယ် ... သူက အရင်က စာလည်း အရမ်းညံ့တယ် ကလေးတွေကိုလည်း မုန်းတဲ့သူပါ။ ဒါပေမဲ့ အခုတော့ သူက ပညာရေးလောကထဲ ရောက်နေပြီး ကလေးတွေနဲ့ နေ့တိုင်း ထိတွေ့နေရတယ်"
"တကယ်တော့ အဲဒီကလေးတွေရဲ့ စိတ်ကျန်းမာရေးအတွက် ကျွန်မ စိုးရိမ်မိတယ်။ သူ့ရဲ့ အတိတ်က အကျင့်စရိုက်ကိုသာ မိဘတွေ သိရင် ဘယ်သူမှ ကလေးတွေကို သူ့လက်ထဲ အပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့က ဆွေမျိုးတွေဆိုတော့ ဘယ်လိုပြောရမှန်း မသိလို့ပါ ..." ဟု သူမက ဝေ့လည်ကြောင်ပတ် ပြောဆိုကာ လူထုကို ထိတ်လန့်သွားစေခဲ့သည်။
ထိုစကားများကြောင့် အင်တာနက်အသုံးပြုသူများမှာ သွေးဆူလာကြပြီး ကြယ်တာရာမူကြိုကျောင်းကို ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။ ချိုသာသော ကျောင်းလခမှာလည်း ယခုအခါ သံသယဖြစ်ဖွယ်ရာ ဖြစ်လာသည်။ ပညာရေးဌာနနှင့် ရဲစခန်းများသို့ တိုင်ကြားမှုများ တရစပ် ရောက်ရှိသွားခဲ့သည်။
သို့သော် ရှင်းဝေထံတွင်မူ စနစ်၏ အချက်ပေးသံများ မြည်ဟည်းနေပြီ ဖြစ်သည်။ ရှင်းချင်းချင်း၏ လုပ်ရပ်ကို စနစ်က အတည်ပြုပေးလိုက်သည့်အခါ ရှင်းဝေသည် အေးအေးဆေးဆေးပင် တုံ့ပြန်ဗီဒီယိုတစ်ခုကို တင်လိုက်လေသည်။
သူမက မိမိတို့ကျောင်းအနေဖြင့် လူမှုအဖွဲ့အစည်း၏ စောင့်ကြည့်မှုကို ကြိုဆိုကြောင်းနှင့် အကယ်၍ မှားယွင်းမှုရှိပါက တာဝန်ယူမည်ဖြစ်ကြောင်း တည်ငြိမ်စွာ ပြောကြားခဲ့သည်။
ထို့အပြင် သူမက မှတ်ချက်တစ်ခုတွင် ပြတ်သားစွာပင် ပြန်လည်ရေးသားလိုက်သည်။
"ကောလာဟလ ဖြန့်တဲ့သူကို ကျွန်မ တရားစွဲပါမယ်။ အခုလို နာမည်ဖျက်မှုက အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်လောက်အထိ ကျခံရနိုင်ပါတယ်။ တရားရုံးက ဆင့်ခေါ်စာကိုသာ စောင့်နေကြပါ"
ထိုစကားကို ကြားလိုက်ရသည့်အခါတွင်မူ ကွန်ပျူတာရှေ့၌ ထိုင်နေသော ရှင်းချင်းချင်းတစ်ယောက် ထိတ်လန့်တုန်လှုပ်မှုများ စတင်ခံစားလာရကာ ဆွံ့အသွားရလေတော့သည်။
*