"ဘယ်သူပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး... လာရဲရင်တော့ အရိုက်ခံရမှာပဲ..."
မြေအောက်ကမ္ဘာဘိုးဘေးသည် သူ၏ ဖူးရောင်နေသော မျက်လုံးများကို ပွတ်သပ်ရင်း မကျေမနပ်ဖြင့် လှောင်ပြောင်လိုက်လေသည်။
"အကယ်၍ ဒီလိုဆိုရင်တော့ တောင်သခင်လင်းရီကို ဆက်မထားတော့ပါဘူး..."
"ဒီကိစ္စ လုံးဝဖြေရှင်းပြီးသွားတဲ့အခါ ကျွန်မရဲ့ရေသူမျိုးနွယ်စုက ကြီးမားတဲ့ ဆုလာဘ်တစ်ခု ပေးအပ်ပါ့မယ်..."
ရေသူဧကရီက လေးနက်စွာ ပြောလိုက်၏။
"သွားကြစို့..."
"မြေအောက်ကမ္ဘာ ဘိုးဘေးကို သွားတွေ့ကြတာပေါ့..."
လင်းရီက တိမ်တိုက်လှေကား ဝင်္ကပါပြားကို ထုတ်ယူလိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းကာ မဟာမိုးကောင်းကင် လှည့်စားခြင်း စည်းတံဆိပ်ကို သိမ်းဆည်းလိုက်လေသည်။
ထန်ကျင်းကျုံးက အလျင်အမြန် ရှေ့သို့ တိုးလာပြီး သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက်မျိုးဆက် ဘိုးဘေး၏ အစစ်အမှန်ဝိညာဉ်ကို အလုံးလေးတစ်ခုအဖြစ် စုစည်းလိုက်ကာ ဟွေကွမ်သံချပ်ကာနှင့်အတူ တိမ်တိုက်လှေကား ဝင်္ကပါပြားအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြ၏။
ဝှစ်။
အရှေ့ပင်လယ် ကမ်းစပ်သည် မူလကတည်းက မြေအောက်ကမ္ဘာ တားမြစ်နယ်မြေနှင့် သိပ်မဝေးလှချေ။ ထို့အပြင် အဆင့်တစ်ဆယ်တိမ်တိုက်လှေကား ဝင်္ကပါပြားဖြစ်သဖြင့် အတက်အဆင်း အနည်းငယ် ပြုလုပ်ပြီးသည်နှင့် မြေအောက်ကမ္ဘာ တားမြစ်နယ်မြေ၏ အပြင်ဘက်သို့ ရောက်ရှိသွားလေသည်။
"ဒီမြေအောက်ကမ္ဘာ တားမြစ်နယ်မြေက ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားတာလဲ..."
လင်းရီသည် တိမ်တိုက်လှေကား ဝင်္ကပါပြားပေါ်တွင် ရပ်နေရင်း အပေါက်ကြီးတစ်ခု ဖြစ်နေသော မြေအောက်ကမ္ဘာ တားမြစ်နယ်မြေကို ကြည့်ကာ အံ့အားသင့်စွာ မေးလိုက်၏။
"တောင်သခင် မသိလိုက်လို့..."
"အရင်က ကောင်းကင်ဘုံရဲ့အပြစ်ပေးမှုကျဆင်းလာတော့ လီတိရှန်းက အနောက်ဘက်ကနေ ဓားတစ်ချက်နဲ့ ရောက်လာပြီး ကောင်းကင်ဘုံရဲ့အပြစ်ပေးမှုကို ချိုးဖျက်ခဲ့တယ်လေ..."
"ဒီမြေအောက်ကမ္ဘာ တားမြစ်နယ်မြေက လမ်းမှာပိတ်နေလို့ ဘေးထွက်ဆိုးကျိုး ခံလိုက်ရတာပါ..."
ထန်ကျင်းကျုံးက အပြုံးဖြင့် ပြောလိုက်သည်။
"ဒီလိုကိုး..."
လင်းရီက မနေနိုင်ဘဲ ပြုံးလိုက်မိပြီးနောက် မြေအောက်ကမ္ဘာ တားမြစ်နယ်မြေ ရှိရာဘက်သို့ ဦးညွှတ်လိုက်သည်။
"မျိုးဆက်သစ်လင်းရီက မြေအောက်ကမ္ဘာ အရှင်သခင်ကို တွေ့ခွင့်တောင်းပါတယ်..."
"မရဘူး..."
မြေအောက်ကမ္ဘာ ဘိုးဘေးသည် လင်းရီ၏ အသံကိုကြားသည်နှင့် ချက်ချင်း ဒေါသထွက်သွားခဲ့၏။
*အရင်က တာလော့ဂိုဏ်းချုပ် ကြည့်နေလို့ မင်းကို လမ်းငှားပေးခဲ့တာ၊ အခု မင်းက ငါ့တံခါးဝကို ထပ်လာရဲသေးတယ်ပေါ့လေ...ဘယ်လိုမှ မရဘူး*
"စီနီယာ သေချာ ပြန်စဉ်းစားကြည့်ဦးမလား..."
လင်းရီ၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိချေ။
"မလိုဘူး..."
မြေအောက်ကမ္ဘာ ဘိုးဘေးက သေချာပေါက် ပြောလိုက်သည်။
"နှမြောစရာပဲ၊ ကြည့်ရတာ စီနီယာ မြေအောက်ကမ္ဘာဆီမှာတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူးထင်တယ်..."
"ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ငါ့ရဲ့တာလော့မှာ အမွေအနှစ်တစ်ရာရှိတယ်... စီနီယာ့ရဲ့ အစစ်အမှန်ဝိညာဉ်ကလည်း အကောင်းပကတိ ရှိသေးတယ်၊ စိတ်အာရုံကလည်း ပုံမှန်ပဲဆိုတော့ ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခုတော့ သေချာပေါက်ရှိမှာပါ..."
"ဒီမျိုးဆက်သစ် ဂိုဏ်းကို ပြန်ရောက်ရင် ဂိုဏ်းချုပ်ဘိုးဘေးကြီးကို သတင်းပို့လိုက်မယ်... သူတို့က စီနီယာ ပြန်လည်နာလန်ထူလာဖို့ သဘာဝကျကျပဲ ကူညီပေးနိုင်မှာပါ..."
လင်းရီက သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက်မျိုးဆက် ဘိုးဘေးကို ရိုးသားသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
"ကောင်းပြီလေ..."
"အတိုချုပ်ပြောရရင်... မင်းက ငါ ပြန်လည်နာလန်ထူလာအောင် ကူညီပေးမယ်ဆိုရင် ငါက ရေသူမျိုးနွယ်စုရဲ့ ကျွန်တာအိုစည်းတံဆိပ်ကို ဖြေရှင်းပေးမယ်..."
"မျှတတယ်..."
သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက်မျိုးဆက် ဘိုးဘေးက သေချာပေါက် ပြောလိုက်၏။
“ဘာ…”
ဤစကားကို ကြားသောအခါ မြေအောက်ကမ္ဘာ ဘိုးဘေး၏ စိတ်အခြေအနေမှာ ချက်ချင်းပင် ဆိုးရွားသွားခဲ့သည်။
*တာလော့ဂိုဏ်းချုပ်ကို သွားရှာမယ် ဟုတ်လား...အဲဒီသောက်ကောင်ကို ဘာလို့ သွားရှာရမှာလဲ...သူက သရဲတာအို အကြောင်းမှ မသိတာ*
လောကတွင် ပဉ္စမမြောက် အစွမ်းအထက်ဆုံးသူ ဖြစ်သောကြောင့် မြေအောက်ကမ္ဘာ ဘိုးဘေးတွင် အလွန်ကောင်းမွန်သော ထိုးထွင်းသိမြင်မှုရှိပြီး သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက်မျိုးဆက် ဘိုးဘေး၏ အခြေအနေမှာ ထိုစဉ်က သူ၏ အခြေအနေနှင့် အလွန်တူညီနေကြောင်းကို သဘာဝကျကျပင် မြင်တွေ့နိုင်လေသည်။
သူက သရဲအင်မော်တယ်တစ်ပါးအဖြစ် ကျင့်ကြံရန်အတွက် အလွန်ကောင်းမွန်သော ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်၏။
ဘယ်လိုပဲ ကြည့်ကြည့် သူ့ဆီ ပြန်ရောက်လာတာပဲ မဟုတ်ဘူးလား။
"စီနီယာ၊ စိတ်ချပါ..."
"ဒီမျိုးဆက်သစ်က ဒီကိစ္စကို သေချာပေါက် ဂရုတစိုက် ကိုင်တွယ်ပေးပါ့မယ်..."
လင်းရီက ခေါင်းညိတ်လိုက်ပြီး လူတိုင်းကို ခေါ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
"ဒီဘိုးဘေး အခုလေးတင် သေချာ ပြန်စဉ်းစားလိုက်တယ်..."
"မင်းတို့အားလုံး ဝင်လာလို့ရပြီ..."
ဤအချိန်တွင် မြေအောက်ကမ္ဘာ ဘိုးဘေး၏ အံကြိတ်သံက ထပ်မံ ထွက်ပေါ်လာခဲ့၏။
"အဲ့ဒီလိုဆိုရင်တော့ ကျေးဇူးတင်ပါတယ် စီနီယာ..."
လင်းရီ၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး သူ့ရှေ့ရှိ မြေအောက်ကမ္ဘာ တားမြစ်နယ်မြေကို ကြည့်ကာ ထပ်မံ အခက်တွေ့သွားပြန်လေသည်။
မြေအောက်ကမ္ဘာ တားမြစ်နယ်မြေတွင် အပေါက်ကြီးတစ်ခု ရှိနေသော်လည်း ထိုအပေါက်မှာ ကောင်းကင်ယံတွင် မြင့်မားစွာရှိနေပြီး လီတိရှန်း၏ ဓားဖြင့် ဖောက်ထွင်းခံထားရခြင်း ဖြစ်၏။
အကယ်၍ သူတို့သာ ထိုနေရာကနေဝင်မယ်ဆိုရင် မြေအောက်ကမ္ဘာဘိုးဘေး၏ မျက်နှာကို နင်းပြီး ဝင်သည်နှင့် ဘာကွာတော့မည်နည်း။
လင်းရီ စကားမပြောရသေးမီမှာပင် မြေအောက်ကမ္ဘာ တားမြစ်နယ်မြေအတွင်းရှိ မြေအောက်ကမ္ဘာချီများ ကွဲသွားပြီး လမ်းကြောင်းတစ်ခု ထပ်မံ ဖြစ်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
"အနာဂတ်မှာ တစ်ယောက်ယောက်က စီနီယာ မြေအောက်ကမ္ဘာရဲ့ စိတ်သဘောထား မကောင်းဘူးလို့ ပြောရဲရင် ဒီမျိုးဆက်သစ်က ပထမဆုံး သဘောမတူတဲ့သူ ဖြစ်လိမ့်မယ်..."
လင်းရီက လမ်းကြောင်းကို ကြည့်ကာ အပြုံးဖြင့် ပြောလိုက်ပြီး လူတိုင်းကို လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားခဲ့၏။
ခဏအကြာတွင် လင်းရီသည် အလွန် သန့်ရှင်းစင်ကြယ်သော မှေးမှိန်သည့် အင်မော်တယ်အလင်းတန်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
အင်မော်တယ်အလင်းတန်းအတွင်း၌။
အင်မော်တယ်နန်းတော်တစ်ခုသည် သေဆုံးခြင်းကင်းမဲ့သော အရှိန်အဝါများဖြင့် တဖျတ်ဖျတ် လင်းလက်နေခဲ့၏။
အင်မော်တယ်နန်းတော်အတွင်း၌ ဆေးဖက်ဝင်အပင်များ စိုက်ပျိုးထားသော လယ်ကွင်းများ ရှိနေလေသည်။
ထိုဆေးဖက်ဝင်အပင် လယ်ကွင်းများတွင် လက်ဖက်ပင် အမျိုးမျိုးဖြင့် ပြည့်နှက်နေ၏။
ရှေးဟောင်းလက်ဖက်ပင်တစ်ပင်၏ အောက်တွင် လက်ဖက်ရည်စားပွဲတစ်ခု ရှိလေသည်။
လက်ဖက်ရည်စားပွဲရှေ့တွင် အဘိုးအိုတစ်ဦး ထိုင်နေပြီး ဝိညာဉ်စမ်းရေဖြင့် လက်ဖက်ရည် ဖျော်နေခဲ့၏။
"စီနီယာ့ရဲ့နေရာက တကယ့်ကို ထူးခြားတဲ့ နေရာလေးပဲ..."
လင်းရီသည် လူတိုင်းကို မြေအောက်ကမ္ဘာ ဘိုးဘေးရှိရာသို့ ခေါ်ဆောင်သွားခဲ့ပြီး အသက်ရှူလိုက်တိုင်း မွှေးကြိုင်သော ရနံ့များက လေထဲတွင် ပျံ့နှံ့နေကာ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို လန်းဆန်းသွားစေခဲ့သည်။
"ဒါက သဘာဝပဲလေ..."
မြေအောက်ကမ္ဘာ ဘိုးဘေးက အတင်းအကျပ်ပြုံးကာ ပြောလိုက်ပြီး သူ၏ အကြည့်များက ထန်ကျင်းကျုံးအပေါ်သို့ သိမ်မွေ့စွာ ရောက်ရှိသွားခဲ့၏။
*ဒီကောင်စုတ်လေးက အရင်တုန်းက ဒီ ဘိုးဘေးကို ယင်နဲ့ယန် သဘောတရားတွေနဲ့ အများကြီး စော်ကားခဲ့တာပဲ... သူ့ကို ရိုက်ပြီး ဒေါသဖြေဖို့ အခွင့်အရေးတစ်ခု ရှာရမယ်*
ဤအချိန်တွင် ထန်ကျင်းကျုံးမှာ သူ ပစ်မှတ်ထားခံနေရမှန်းမသိဘဲ သူ၏ ဘိုးဘေး၏ အစစ်အမှန်ဝိညာဉ်ကို လေးစားစွာဖြင့် ကိုင်ဆောင်ထားသည်။
"ထိုင်..."
မြေအောက်ကမ္ဘာဘိုးဘေးက သူ၏ မျက်နှာချင်းဆိုင်ရှိ ကုလားထိုင်ကို ညွှန်ပြလိုက်၏။
"ကျေးဇူးတင်ပါတယ် စီနီယာ..."
လင်းရီကလည်း ယဉ်ကျေးမနေဘဲ မြေအောက်ကမ္ဘာ ဘိုးဘေး၏ ရှေ့တွင် ထိုင်လိုက်သည်။
မြေအောက်ကမ္ဘာဘိုးဘေးက လင်းရီအား လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ရာ မွှေးကြိုင်သော ရနံ့တစ်ခု လေနှင့်အတူ ထွက်ပေါ်လာပြီး သူ၏ အဆုတ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
လင်းရီက လက်ဖက်ရည်ခွက်ကို ကိုင်ကာ တစ်ကျိုက် သောက်လိုက်၏။
မှေးမှိန်သော ရနံ့တစ်ခုက သူ၏စိတ်ဝိညာဉ်ပင်လယ်ဆီသို့ လိမ့်ဝင်သွားသည်ကို ခံစားလိုက်ရပြီး ၎င်းက သူ၏ နတ်ဘုရားစိတ်ဝိညာဉ်ကို အဆပေါင်းများစွာ ပိုမို အစွမ်းထက်လာစေခဲ့သည်။
"ဒီလက်ဖက်ရည်က အံ့မခန်းပဲ၊ နတ်ဘုရား စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်တယ်..."
လင်းရီက ချီးကျူးလိုက်၏။
"ဒါ သဘာဝပဲလေ..."
"ဒီလက်ဖက်ရည်ကို ဝိညာဉ်သုံးပါး လက်ဖက်ရည်လို့ ခေါ်တယ်..."
"သူက ဝိညာဉ်ကို အားဖြည့်ပေးပြီး စိတ်ကို တည်ငြိမ်စေနိုင်တယ်... ငါ့နေရာကလွဲရင် တခြားဘယ်သူမှ မသောက်နိုင်ဘူး..."
လက်ဖက်ရည်နှင့် ပတ်သက်လာလျှင် မြေအောက်ကမ္ဘာ ဘိုးဘေးတွင် ယုံကြည်မှုအပြည့် ရှိနေလေသည်။
စွမ်းအားအရ သူသည် လောကတွင် ပဉ္စမမြောက်ဖြစ်၏။
သို့သော် လက်ဖက်ရည်ဖျော်စပ်ခြင်း အနုပညာနှင့် ပတ်သက်လာလျှင် သူက ဒုတိယဟုဆိုပါက မည်သူကမျှ ပထမဟု မပြောရဲကြချေ။
"လက်ဖက်ရည်ထက်စာရင် ဒီမျိုးဆက်သစ်က ဝိုင်ကို ပိုကြိုက်တယ်..."
"ဒီမျိုးဆက်သစ်က စီနီယာ့ရဲ့ လက်ဖက်ရည်ကို သောက်ပြီးပြီဆိုတော့ စီနီယာရော ဒီမျိုးဆက်သစ်ရဲ့ ဝိုင်ကို မြည်းစမ်းကြည့်ချင်လား..."
လင်းရီက အပြုံးဖြင့် ပြောလိုက်ပြီး သံသယကင်းစင်အိုးနှင့် သံသယကင်းစင်ခွက်တို့ကို ထုတ်ယူကာ မြေအောက်ကမ္ဘာဘိုးဘေးအတွက် ကိုယ်တိုင်ကိုယ်ကျ ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်လေသည်။
မှန်ထဲကပန်း၊ ရေထဲကလဝိုင်ခွက်ထဲသို့ ရောက်သွားသည်နှင့် တာအိုစည်းချက်လှိုင်းလုံးတစ်ခု ချက်ချင်း ထွက်ပေါ်လာရာ မြေအောက်ကမ္ဘာ ဘိုးဘေး၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအရာ ထွက်ပေါ်လာစေခဲ့၏။
"ဒါက မှန်ထဲကပန်း၊ ရေထဲကလဝိုင် လား..."
"အဲဒါက လူတွေကို ဉာဏ်အလင်းပွင့်အောင် ကူညီပေးနိုင်တယ်ဆို..."
မြေအောက်ကမ္ဘာဘိုးဘေးသသည် သူ့ရှေ့ရှိ မှန်ထဲကပန်း၊ ရေထဲကလဝိုင်ကို ကြည့်လိုက်ရာ သူ၏အမူအရာက အနည်းငယ် နူးညံ့သွားခဲ့လေသည်။
*အိမ်တိုင်ရာရောက် ပို့ပေးတတ်တယ်ဆိုတော့ ဒီကောင်လေးကို ဆက်ဆံလို့ရသားပဲ…*
"အဲဒါက လူတွေကို ဉာဏ်အလင်းပွင့်အောင် ကူညီပေးနိုင်တယ် ဟုတ်လား..."
သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက်မျိုးဆက် ဘိုးဘေးသည်လည်း အံ့အားသင့်စွာ အော်ဟစ်လိုက်မိ၏။
*ခေတ်ကြီးက ဒီလောက်မြန်မြန် တိုးတက်လာပြီလား…ဒီလို ကောင်းကင်အလိုကို ဆန့်ကျင်တဲ့ ပစ္စည်းမျိုးတောင် ထွက်ပေါ်လာပြီလား…*
"ဘိုးဘေး... ခင်ဗျား မသိလို့ပါ..."
"တာလော့အင်မော်တယ်ဂိုဏ်းက အခု အထွတ်အထိပ်ကို ရောက်နေပြီလေ.."
"တောင်တစ်ရာနဲ့ တာအိုတစ်ရာက ဝိညာဉ်ကုန်းမြေမှာ ပြိုင်ဘက်ကင်းပဲ..."
"တောင်သခင်လင်းရီက သူ့ရဲ့ကိုယ်ပိုင်တောင်ကို တည်ထောင်ပြီး သူ့ရဲ့ကိုယ်ပိုင် ဝိုင်တာအိုကို ဖွင့်လှစ်ခဲ့တာ..."
"ဒီမှန်ထဲကပန်း၊ ရေထဲကလဝိုင်က အခုဆို ဝိုင်တောင်ရဲ့ အမှတ်တံဆိပ် ဖြစ်နေပြီး ဝိုင်တောင်ပွဲတော်ကြီးမှာ တာလော့ဂိုဏ်းချုပ်နဲ့ လောကသခင်အားခုံးဆိုတဲ့ အမြင့်ဆုံးကျွမ်းကျင်သူ နှစ်ယောက်ကိုတောင် ဉာဏ်အလင်းပွင့်စေပြီး သူတို့ရဲ့ ကိုယ်ပိုင် မဟာပြီးပြည့်စုံခြင်းကို သိမြင်သွားစေခဲ့တယ်လေ..."
"ဒီတပည့်လည်း အရင်က တစ်ခွက်သောက်ခွင့်ရခဲ့ပြီး ဉာဏ်အလင်းပွင့်ခြင်း အခြေအနေမှာ လက်နက်ကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့တယ်... အကျိုးသက်ရောက်မှုက တကယ်ကို အံ့မခန်းပဲ..."
ထန်ကျင်းကျုံးက အလျင်အမြန် ပြောလိုက်သည်။
"အာ..."
"အဲဒီလောက်တောင် ကောင်းတာလား..."
"ဒါဆို ဒီဘိုးဘေးကိုလည်း တစ်ခွက်လောက် ပေးစမ်းပါ..."
သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက်မျိုးဆက် ဘိုးဘေးက စိတ်မရှည်စွာဖြင့် ပြောလိုက်၏။
"စီနီယာ... စီနီယာက အစစ်အမှန်ဝိညာဉ်အခြေအနေနဲ့တောင် သောက်လို့ရသေးတာလား..."
လင်းရီက အံ့အားသင့်စွာ မေးလိုက်သည်။
"ဘာလို့ မရရမှာလဲ..."
သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက်မျိုးဆက် ဘိုးဘေး၏ အစစ်အမှန်ဝိညာဉ် ပျံသန်းထွက်ပေါ်လာပြီး ပုံပျက်နေသော ဝေဝါးသည့် လူ့ပုံသဏ္ဍာန်တစ်ခုအဖြစ် ပြောင်းလဲသွားကာ လင်းရီ၏ ဘေးတွင် ထိုင်လိုက်သည်။
လင်းရီက နောက်ထပ် သံသယကင်းစင်ခွက် တစ်ခွက်ကို ထုတ်ယူပြီး သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက်မျိုးဆက် ဘိုးဘေးအတွက်လည်း တစ်ခွက် ငှဲ့ပေးလိုက်၏။
သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက်မျိုးဆက် ဘိုးဘေးသည် မှန်ထဲကပန်း၊ ရေထဲကလဝိုင်ကို တစ်ကျိုက်တည်း သောက်ချလိုက်ရာ သူ၏ အစစ်အမှန်ဝိညာဉ်က မြည်ဟည်းသွားပြီး တာအိုစည်းချက် အလွှာပေါင်းများစွာ ပျံ့နှံ့ထွက်ပေါ်လာကာ ဉာဏ်အလင်းပွင့်ခြင်းနှင့် တူသော်လည်း ဉာဏ်အလင်းပွင့်ခြင်း အတိအကျ မဟုတ်သော အခြေအနေတစ်ခုသို့ ရောက်ရှိသွားသည်။
"မင်းတို့ ဘာလို့ ဒီကိုရောက်နေလဲဆိုတာကို ဒီဘိုးဘေးသိတယ်..."
မြေအောက်ကမ္ဘာ ဘိုးဘေးက သေခြင်းရှင်ခြင်းတံခါး၏ တတိယမြောက်မျိုးဆက် ဘိုးဘေး၏ အစစ်အမှန်ဝိညာဉ်ကို နားလည်သဘောပေါက်ဟန်ဖြင့် ကြည့်လိုက်၏။
"စီနီယာ... အဲဒါကို ဖြစ်မြောက်အောင် လုပ်ပေးနိုင်မလား..."
လင်းရီက ပြောလိုက်သည်။
"သရဲကျင့်ကြံခြင်းရဲ့ တာအိုက ယင်မှာကျော်လွန်ပြီး မထင်ရှားတဲ့ နတ်ဘုရားပုံရိပ်ရှိတယ်... သံသရာရဲ့နာကျင်မှုတွေကို မခံစားရပေမယ့် ၎င်းက ပုံသဏ္ဍာန် မရှိပေမယ့် ပုံသဏ္ဍာန် မရှိတာလည်း မဟုတ်ဘူး... ပုံရိပ်မရှိပေမယ့် ပုံရိပ် မရှိတာလည်း မဟုတ်ဘူး... ထင်ယောင်ထင်မှားဖြစ်ပေမယ့် နက်နဲတာတော့ မဟုတ်ဘူး... ယင်ဖြစ်ပေမယ့် ယန်တော့မဟုတ်ဘူး... အင်မော်တယ်ဆိုတဲ့ နာမည်တော့ ရှိပေမယ့် အင်မော်တယ် အစစ်အမှန်တော့ မဟုတ်ဘူး..."
"သူ့ကို ငါ့ရဲ့သရဲတာအိုထဲ တကယ် ဝင်စေချင်တာလား..."
မြေအောက်ကမ္ဘာ ဘိုးဘေးက လင်းရီကိုကြည့်ကာ တစ်စုံတစ်ခုကို အရိပ်အမြွက် ပြောလိုက်သည်။
***