သုံးရက်မျှ ကုန်လွန်ပြီးနောက်။
"ဂလောင်..."
ဝမ်ကျိချန်၏ နောက်ဆုံးလက်ချက် တူထုသံနှင့်အတူ အပြာရောင်နဂါးဝိညာဉ်လှံကြီးမှာ အသက်ဝင်လာသကဲ့သို့ တုန်ခါလျက် ဟိန်းသံတစ်ချက် မြည်ဟည်းသွားချေသည်။
"ပြီးပြီဟေ့"
ဝမ်ကျိချန်သည် ပင်ပန်းနွမ်းနယ်နေသော်လည်း မျက်နှာတွင်မူ အားရကျေနပ်သည့် အရိပ်အယောင်များ ထင်ဟပ်နေ၏။
သုံးရက်တိုင်တိုင် အားသွန်ခွန်စိုက် ကြိုးစားခဲ့ရသော်လည်း ဤအရောင်းအဝယ်မှ ဝိညာဉ်ကျောက်တုံး တစ်ရာခန့် အမြတ်ကျန်ပေရာ သူ၏ ပင်ပန်းသမျှမှာ အရာထင်လှပေသည်။
"ကျင့်ကြံဖော်နင်... ရပါပြီ"
ဝမ်ကျိချန်သည် အပြာရောင်နဂါးဝိညာဉ်လှံကြီးကို အားယူမလိုက်ရင်း "ကျွန်တော့်ရဲ့ မျှော်မှန်းချက်ထက်တောင် ကျော်လွန်သွားတယ်ဗျာ၊ ဒါဟာ အဆင့်(၂) အလတ်တန်းစား ဝိညာဉ်လက်နက်တစ်ခု ဖြစ်သွားပြီ" ဟု ဆိုလေသည်။
လှံ၏ အလေးချိန်မှာ ပိဿာကိုးဆယ်ခန့် ရှိပြီး 'အလေးချိန်မြှင့် အစီအရင်' လေးခုကိုပါ ထည့်သွင်းထားရာ ဝိညာဉ်စွမ်းအား သွန်းလောင်းလိုက်ပါက ပိဿာခြောက်ရာကျော်အထိ လေးလံသွားမည် ဖြစ်ချေသည်။
"တကယ်လား"
နင်တောက်ရန်သည် လှံကြီးကို လှမ်းယူလိုက်ရာ လက်ထဲ၌ အတန်ငယ် လေးလံမှုကို ခံစားလိုက်ရသည်။ သို့သော် ဝိညာဉ်စွမ်းအား သွန်းလောင်းလိုက်သောအခါတွင်မူ မိမိ၏ လက်ရုံးသဖွယ် ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်ကို တွေ့လိုက်ရ၏။
ဤမျှ လေးလံသော လှံကြီးကို ဝှေ့ယမ်းလိုက်တိုင်း ထွက်ပေါ်လာသော လေတိုးသံမှာပင် ကြောက်မက်ဖွယ် ကောင်းလှပေရာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန်အတွက် အကောင်းဆုံး လက်နက်တစ်ခု ဖြစ်လာပေတော့မည်။
"ကျင့်ကြံဖော်နင် ကျေနပ်ရဲ့လားဗျာ"
ဝမ်ကျိချန်သည် ခါးထောက်လျက် မိမိ၏ လက်ရာကို အားရကျေနပ်နေ၏။ ဤလှံကို သွန်းလောင်းရင်း သူ၏ နှစ်ပေါင်းများစွာ ရပ်တန့်နေသော လက်နက်သွန်းပညာမှာပင် အနည်းငယ် တိုးတက်လာသကဲ့သို့ ခံစားရပေရာသည်။
လက်နက်သွန်းလုပ်သူတစ်ဦးအတွက်မူ ထိုသို့သော အခွင့်အရေးမှာ အလွန်ပင် ရှားပါးလှပေသည်။
"အလွန်ကျေနပ်ပါတယ်ဗျာ"
နင်တောက်ရန်သည် လှံကြီးကို အသာအယာ ဝှေ့ယမ်းကြည့်လိုက်ရာ ဝီခနဲ မြည်သံနှင့်အတူ လေထုမှာပင် တုန်ခါသွားတော့သည်။
"အဖေ..."
ထိုစဉ် အပေါ်ထပ်မှ မိန်းကလေးတစ်ဦး ဆင်းလာကာ "ဒီညတော့ အဖေ မဖြစ်မနေ ထမင်းစားရမယ်နော်" ဟု သတိပေးလေသည်။
သူမသည် နင်တောက်ရန်ကို မြင်လိုက်သောအခါ ရှက်သွေးဖြာသွားရှာ၏။ နင်တောက်ရန် လှမ်းကြည့်လိုက်ရာ ထိုမိန်းကလေးမှာ စီနီယာလျှိူရူယန်သို့မဟုတ် ညီမလေး ဟန်ပင်းတို့ကဲ့သို့ အလွန်အမင်း ချောမောလှပသူ မဟုတ်သော်လည်း ကြင်နာတတ်သော အရှိန်အဝါရှိပြီး ရေကဲ့သို့ အေးမြတည်ငြိမ်သည့် အလှမျိုးကို ပိုင်ဆိုင်ထားချေသည်။
ထိုသို့သော မိန်းကလေးမျိုးကို မနှစ်သက်ဘဲ နေမည့် အမျိုးသားမှာ ရှားပေလိမ့်မည်။
"အဟမ်း... ဒါ ငါ့သမီး 'ဝမ်ရူ' ပါ"
ဝမ်ကျိချန်က ပြုံးလျက် "ရူအာ... လာခဲ့ဦး၊ ဒါ အနန္တဂိုဏ်းက ကျင့်ကြံဖော် နင်တောက်ရန်ပဲ" ဟု မိတ်ဆက်ပေးလေသည်။
"ဂါရဝပြုပါတယ်ရှင်"
ဝမ်ရူ သည် လှေကားမှ ဆင်းလာကာ ယဉ်ကျေးစွာ အလေးပြုရင်း ချိုသာစွာ ပြုံးပြလေသည်။ နင်တောက်ရန်သည် သူမ၏ ကျင့်ကြံမှုမှာ ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့် ၇ ဖြစ်ကြောင်း သိလိုက်ရရာ သူမသည် ဖခင်ဖြစ်သူထက်ပင် ကျင့်ကြံမှု မြင့်မားနေသည်ကို တွေ့ရ၏။
ထို့အပြင် သူမမှာ ငယ်ရွယ်သေးသဖြင့် နောင်တစ်ချိန်တွင် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းလည်း ရှိပေသည်။
ဝမ်ကျိချန်သည် နင်တောက်ရန်၏ အလားအလာကို မြင်သဖြင့် မိမိ၏သမီးနှင့် ရင်းနှီးစေရန် ရည်ရွယ်ကာ မိတ်ဆက်ပေးခြင်း ဖြစ်ပေသည်။ နင်တောက်ရန်မှာမူ တောင်ပေါ်သို့ ပြန်ရန် အလျင်လိုနေသဖြင့် ယဉ်ကျေးစွာ နှုတ်ဆက်၍ ထွက်ခွာလာခဲ့တော့သည်။
---
ဝိညာဉ်လယ်ကွင်းအမှတ် (၇၇) ရှိ ဝန်းအတွင်း၌ ဖြစ်ချေသည်။
နင်တောက်ရန်သည် အပြာရောင်နဂါးဝိညာဉ်လှံကြီးကို ကိုင်ဆောင်ကာ 'ငွေနဂါးလှံသိုင်း' ကို အားပါပါ လေ့ကျင့်နေ၏။ လှံဖျားမှ ထွက်ပေါ်လာသော အရှိန်အဝါများမှာ ဆီးနှင်းပွင့်များသဖွယ် လွင့်ပျံ့နေပြီး လှုပ်ရှားမှုတိုင်းမှာ လွန်စွာ တင့်တယ်လှပေသည်။
သမင်အူကြောင်ကြီးမှာလည်း ဘေးမှကြည့်ကာ အားရပါးရ အော်ဟစ်အားပေးနေလေတော့သည်။ နင်တောက်ရန်မှာလည်း အလွန်ကျေနပ်နေမိ၏။ ယခုအခါ ဓားပြဗိုလ်၏ လှံနက်ကြီးကို စွန့်ပယ်၍ အပြာရောင်နဂါးဝိညာဉ်လှံကိုသာ အားကိုးရပေတော့မည်။
"ဦးလေး..."
ထိုစဉ် ချန်ဝေ့မောသည် အစီအရင်အတွင်းသို့ ပြေးဝင်လာ၏။ သူမသည် ကျင့်ကြံခြင်းတွင် ပျင်းရိနေသဖြင့် နင်တောက်ရန်က အပြစ်တင်သော်လည်း သမင်ကြီးကမူ သူမဘက်မှ ကူညီကာ ဖေးမပေးရှာသည်။
နင်တောက်ရန်က သူမအား 'ထာဝရစိမ်းလန်းခြင်းကျင့်စဉ်' ကို ဂရုတစိုက် ကျင့်ကြံရန် ဆုံးမလိုက်ရာ သူမသည် ဝန်းအတွင်းရှိ ဓနိဖျာပေါ်တွင် ထိုင်ကာ ကျင့်ကြံလေတော့သည်။
"ဦးလေး... ဦးလေးက အခု ဘယ်နှဆင့် ရောက်နေပြီလဲ"
နင်တောက်ရန်က လက်ကို အသာမြှောက်ပြလိုက်ရာ စိမ်းစိုသော ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာ၏။ "သုံးဆင့်ပေါ့၊ ဒါကို လျှို့ဝှက်ထားရမယ်နော်" ဟု ဆိုလိုက်ရာ သူမမှာ အံ့အားသင့်လျက် ပိုမိုကြိုးစားရန် စိတ်ပိုင်းဖြတ်သွားတော့သည်။
ရက်အနည်းငယ် ကြာပြီးနောက်။
နင်တောက်ရန်သည် မိမိ၏ 'အဆင့်နိမ့် တိမ်တိုက်မြူခိုး အစီအရင်' ကို အလတ်တန်းစားအဆင့်သို့ မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့ မြှင့်တင်ရန်အတွက် 'ခရမ်းရောင်ကြေးနီ' နှင့် 'ခြောက်ပါးပေါင်းစည်းကျောက်' ဟု ခေါ်သော ရှားပါးပစ္စည်းများ လိုအပ်ပေရာသည်။ သူသည် သမင်အူကြောင်ကြီးနှင့်အတူ တောင်အောက်သို့ တစ်ဖန် ဆင်းလာခဲ့ပြန်သည်။
ဝမ်မိသားစု လက်နက်သွန်းလောင်းရေးဆိုင်သို့ ရောက်သောအခါ ဆိုင်ရှင် ဝမ်ကျိချန်က ခရမ်းရောင်ကြေးနီ ရှိသော်လည်း ခြောက်ပါးပေါင်းစည်းကျောက်မှာမူ မရှိကြောင်း ဆိုလေသည်။
ထိုစဉ် ဆိုင်အတွင်းခန်းထဲမှ မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ဦး ထွက်လာ၏။ သူသည် ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့် ၉ ရှိသော 'ဇီကွမ်းအရှင်' ပင် ဖြစ်ပေသည်။ သူက ခြောက်ပါးပေါင်းစည်းကျောက်ကို ရရှိနိုင်မည့် နည်းလမ်းရှိကြောင်း ဆိုလာလေသည်။
"ကျင့်ကြံဖော်နင်... ကျွန်တော်ဟာ ရှေးဟောင်းကျင့်ကြံသူတစ်ဦးရဲ့ ဂူဗိမာန်ကို ရှာတွေ့ထားပါတယ်၊ အဲဒီဂူရဲ့ အပြင်ဘက်မှာ ခြောက်ပါးပေါင်းစည်းကျောက်တွေ ရှိနေတာကို မြင်ခဲ့ရတယ်" ဟု ဆိုကာ သူ့ထံ၌ပါသော ကျောက်တုံးကလေးကို ထုတ်ပြလေသည်။
ဇီကွမ်းအရှင်က ထိုဂူဗိမာန်ကို ဖွင့်ရန်အတွက် ဓာတ်ကြီးငါးပါး၏ စွမ်းအားလိုအပ်ကြောင်း၊ ယခုအခါ လေးပါးရရှိထားပြီးဖြစ်ရာ နင်တောက်ရန်၏ 'ထာဝရစိမ်းလန်းခြင်းကျင့်စဉ်' မှ ထွက်ပေါ်သော သစ်သားဓာတ် စွမ်းအားသာ လိုအပ်တော့ကြောင်း ရှင်းပြကာ ပူးပေါင်းရန် ဖိတ်ခေါ်လေသည်။
နင်တောက်ရန်မှာ အန္တရာယ်များမည်ကို စိုးရိမ်သော်လည်း ခြောက်ပါးပေါင်းစည်းကျောက်ကို လိုချင်သဖြင့် သဘောတူလိုက်ရ၏။ သူသည် အစီအရင်ကို ဖွင့်ပေးပြီးနောက် ကျောက်တုံးကိုယူကာ ချက်ချင်း ပြန်ထွက်မည်ဖြစ်ကြောင်း ကတိတောင်းခံခဲ့လေသည်။
နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ဖြစ်ချေသည်။
နင်တောက်ရန်သည် မန္တန်စက္ကူများနှင့် လက်နက်များကို အဆင့်သင့် ပြင်ဆင်ကာ သမင်အူကြောင်ကြီးကိုလည်း သားရဲအိတ်အတွင်း ထည့်သွင်းထားလိုက်သည်။
ဝမ်မိသားစု လက်နက်သွန်းလောင်းရေးဆိုင်၌ ဇီကွမ်းအရှင်နှင့်အတူ အခြား ကျင့်ကြံသူ သုံးဦးကိုလည်း တွေ့လိုက်ရ၏။ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းလှပသော အမျိုးသမီး 'နင်ကျောင်ကျောင်'၊ မျက်ခုံးတွဲကြီးများနှင့် သန်မာလှသော 'ကျူးယာ' နှင့် ခါးတွင် အရက်ဗူးဆွဲထားသော အဘိုးအို 'ဝမ့်ချုံယန်' တို့ပင် ဖြစ်ကြသည်။
ငါးယောက်တစ်ဖွဲ့ စွန့်စားမှုခရီးစဉ်မှာ စတင်လေပြီ။ နင်တောက်ရန်သည် စိမ်းစိုသော ဝါးရွက်ပုံစံ ပျံသန်းရေးကိရိယာပေါ်တွင် ရပ်လျက် အဖွဲ့နှင့်အတူ လိုက်ပါလာခဲ့သည်။
လမ်းခရီးတွင် နင်ကျောင်ကျောင်က နင်တောက်ရန်ထံသို့ လျှို့ဝှက်အသံလွှင့်ကာ "ကျင့်ကြံဖော်နင်... ကျွန်မနဲ့ ကျူးယာကတော့ တစ်ဖွဲ့တည်းပါ၊ အကယ်၍ တစ်ခုခုဖြစ်လာရင် ကျွန်မတို့နဲ့ ပူးပေါင်းနိုင်ပါတယ်" ဟု ဆိုလာလေတော့သတည်း။
***