အချိန်ဟူသည် မြစ်ရေယဉ်ကဲ့သို့ တရွေ့ရွေ့ စီးဆင်းရာဝယ် မျက်စိတစ်မှိတ်အတွင်း သုံးနှစ်တာ ကာလသည် လွန်လေပြီးချေပြီ။ ထိုနှစ်တွင် နင်တောက်ရန်သည် အသက် (၃၈) နှစ် အရွယ်သို့ ရောက်ရှိလာခဲ့၏။
...
အရုဏ်ဦး အချိန်ဝယ်၊ တောင်မြူတို့သည် ချုန်းပီတောင်ထိပ် တစ်ပြင်လုံးကို လွှမ်းခြုံရစ်ပတ်ထားကြလေသည်။
ယခုအခါ နင်တောက်ရန်၏ လက်ဝယ်ဝယ် ကျင့်ကြံမှုသက်တမ်း နှစ်ပေါင်း ခုနစ်သောင်းကျော် စုဆောင်းမိနေပြီဖြစ်ရာ နှစ်ရှည်လများ စိတ်ထဲ၌ လေးလံနေခဲ့သော ကိစ္စရပ်တစ်ခုကို အပြတ်အသတ် ဖြေရှင်းရန် သူ ဆုံးဖြတ်လိုက်တော့သည်။
၎င်းမှာ ‘ထာဝရစိမ်းလန်းခြင်းကျင့်စဉ်’ ကို (၁၁)အထိ ရောက်ရှိစေလျက်၊ ပိတ်ဆို့နေသော အဟန့်အတားအားလုံးကို ချိုးဖျက်ကာ ပြည့်စုံသော ကျင့်စဉ်အဖြစ် ထုတ်ဖော်ရန်ပင် ဖြစ်ချေသည်။
ပေနှစ်ဆယ်ခန့် နက်ရှိုင်းသော မြေအောက်လျှို့ဝှက်ခန်းအတွင်းဝယ်...။
သူသည် အသက်ကို ဝဝရှူလျက် တင်ပျဉ်ခွေထိုင်ကာ စုဆောင်းထားသော ကျင့်ကြံမှုသက်တမ်းတို့ကို ‘ထာဝရစိမ်းလန်းခြင်းကျင့်စဉ်’ အတွင်းသို့ လောင်းထည့်လိုက်လေတော့သည်။
【နှစ်ပေါင်း တစ်သောင်းသုံးထောင်လေးရာ ကုန်လွန်သွားချိန်ဝယ်... အရှင်သည် လောကကြီးနှင့် အဆက်အသွယ်ဖြတ်ကာ တောင်တန်းကြီးများအကြား သောင်းနဲ့ချီသော နှစ်ကာလတို့ကို တရားမှတ်လျက် ကုန်လွန်စေသည်။ အရှင်၏ ခန္ဓာကိုယ်မှာ ခြောက်ကပ်ပိန်ချုံးလျက် တောင်တန်းကြီးများနှင့် တစ်သားတည်း ဖြစ်လုနီးပါး ရှိပါပြီ။ ရှူထုတ်လိုက်သော အသက်ရှူသံမျှသာလျှင် အရှင်၏ ရှင်သန်ခြင်း ဇီဝအဟုန်ကို ပြသနေပါတော့သည်။】
【နှစ်ပေါင်း နှစ်သောင်းသုံးထောင်ကျော် သို့မဟုတ် နှစ်သောင်းလေးထောင်ခန့် ရောက်ရှိလာသောအခါ... နွယ်ပင်ဟောင်းတို့သည် သင်၏ ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ်နွယ်ယှက်နေကြပါပြီ။ ငှက်တို့က အရှင်၏ ဦးခေါင်းပေါ်၌ အသိုက်ဆောက်ကြကာ၊ ဧရာမ မြွေကြီးတစ်ကောင်ပင်လျှင် အရှင်၏ကိုယ်ပေါ်တွင် ခွေယောင်နေ၏။ သို့သော် အရှင်သည် သစ်ခြောက်တုံးကြီးတစ်ခုကဲ့သို့ အသက်ကင်းမဲ့နေသည်ဟု ထင်မှတ်ကာ ထိုမြွေကြီးသည်လည်း ဘေးအန္တရာယ်မှ ကင်းဝေးသွားပါသည်။】
【နှစ်ပေါင်း သုံးသောင်းတစ်ထောင်ငါးရာမြောက်ဝယ်... ထာဝရစိမ်းလန်းခြင်းကျင့်စဉ်၏ အဆင့်(၁၀)သည် အရှင်၏ ခန္ဓာကိုယ်အတွင်း အကြိမ်ပေါင်း ကုဋေကုဋာ စီးဆင်းနေပြီဖြစ်ပါသည်။ ထိုပိတ်ဆို့နေသော အဟန့်အတားကို အရှင် အကြိမ်ကြိမ် ကြိုးစားချိုးဖျက်ခဲ့ရာ နောက်ဆုံး၌ ထိုအတားအဆီးမှာ စတင်လျော့လာပါပြီ။】
【နှစ်ပေါင်း လေးသောင်းခြောက်ရာမြောက်ဝယ်... နွေဦးရာသီသည် ကမ္ဘာမြေသို့ တစ်ဖန်ပြန်၍ ရောက်ရှိလာ၏။ အရှင်သည် ဆွေးမြည့်နေသော နွယ်ပင်တို့ကြားတွင် ရှေးဟောင်းကျောက်ရုပ်ကြီးတစ်ရုပ်ကဲ့သို့ ထိုင်နေမိသည်။ သို့သော် သင်၏ရှေ့မှ နွယ်ပင်လေးပေါ်တွင် ပထမဆုံးသော အဖူးအပွင့်လေး တစ်ငုံထွက်ပေါ်လာသည့် ခဏဝယ်၊ အရှင်၏ စိတ်အာရုံသည် ရုတ်ချည်း ပွင့်လင်းသွားကာ စိတ်အတွင်း လေးလံနေခဲ့သမျှ သံသယအပေါင်းတို့သည်လည်း ကင်းစင်လွင့်ပျောက်သွားရပါသည်။】
【ဆင်ခြင်ထုတ်ဖော်နိုင်မှု - ထာဝရစိမ်းလန်းခြင်း လျှို့ဝှက်ကျမ်း၊ ပထမတွဲ၊ မြေကမ္ဘာအဆင့် (အဆင့်မြင့်)】
【လက်ရှိအဆင့် - မြေကမ္ဘာအဆင့် (အဆင့်မြင့်) - (၁၁)ဆင့်မြောက်】
【ကျင့်ကြံမှုအဆင့် - ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့်(၉)】
【လက်ကျန်ကျင့်ကြံမှုသက်တမ်း - ၃၄,၄၂၂ နှစ်】
“ဟူး...”
နင်တောက်ရန်သည် မျက်ဝန်းကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ၊ စိမ်းလဲ့လဲ့တောက်ပနေသော ထာဝရစိမ်းလန်းခြင်း ဝိညာဉ်စွမ်းအားတို့သည် သူ၏ ပတ်ဝန်းကျင်၌ အဆက်မပြတ် စီးဆင်းနေသည်ကို မြင်တွေ့လိုက်ရသည်။
ဤခဏ၌ သူသည် ဇီဝအဟုန်အပြည့်နှင့် ဝေဆာနေသော သစ်ပင်ကြီးတစ်ပင်နှယ်၊ ဖွံ့ဖြိုးစည်ပင်ခြင်း အရှိန်အဝါတို့ ကိန်းဝပ်နေချေပြီ။
“ခက်တော့တာပဲ...”
သူသည် မျက်မှောင်ကြုတ်လျက် တွေးတောမိသည်။ အခြေအနေမှာ သူ မျှော်လင့်ထားသည်နှင့် အနည်းငယ် ကွဲပြားနေ၏။ နှစ်ပေါင်း လေးသောင်းတိုင်တိုင် ကျနစွာ ကျင့်ကြံထုတ်ဖော်ခဲ့သော ‘ထာဝရစိမ်းလန်းခြင်းကျင့်စဉ်’ သည် အလုံးစုံ ပြည့်စုံသွားခြင်း မရှိဘဲ၊ ပထမတွဲသာလျှင် ဖြစ်နေသေးချေသည်။
သို့သော် ဤပထမတွဲမှာပင် မြေကမ္ဘာအဆင့် (အဆင့်မြင့်) ရှိနေပြီ ဖြစ်ရာ၊ အကယ်၍သာ အလုံးစုံ ပြည့်စုံသွားပါက ကောင်းကင်ဘုံအဆင့်ရှိသော အနှိုင်းမဲ့ကျမ်းကြီး ဖြစ်လာမည်မှာ ဧကန်မလွဲပေ။
ယခင်က ‘အနန္တဂိုဏ်း’ ရှိ ထာဝရစိမ်းလန်းခြင်းကျင့်စဉ်မှာ မပြည့်စုံဘဲ တစ်ဝက်တစ်ပျက်သာ ရှိလိမ့်မည်ဟု သူ ထင်မှတ်ခဲ့ဖူးသည်။
သို့သော် ဤမျှအထိ လိုအပ်ချက်များနေလိမ့်မည်ဟုမူ သူ မတွေးမိခဲ့ချေ။ ယခု ဂိုဏ်းအတွင်းရှိသော မှတ်တမ်းများမှာ ဤကျမ်းကြီးတစ်စောင်လုံး၏ မျက်နှာဖုံးစာမျက်နှာမျှပင် ရှိတန်ရာမရှိချေ။
ကျင့်စဉ်အဆင့် တိုးတက်လာသည်နှင့်အမျှ ခုနစ်နှစ်၊ ရှစ်နှစ်တိုင်တိုင် ရပ်တန့်နေခဲ့သော သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း စတင်လှုပ်ရှားလာကာ ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့်(၉)သို့ ရောက်ရှိသွားပြီဖြစ်သည်။
ဆက်လက်၍ အားယူရဦးမည်ဖြစ်ရာ၊ အဆင့်(၉)၏ အထွတ်အထိပ်သို့ ရောက်ရှိချိန်မှာမူ ဒဏ္ဍာရီလာ ‘ဝိညာဉ်စွမ်းအင်သန့်စင်မှု အောင်မြင်ခြင်းအဆင့်’ ပင် ဖြစ်ချေတော့မည်။
အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို မရောက်မချင်း မသေမျိုးနယ်ပယ်သို့ ခြေချနိုင်သည်ဟု မဆိုနိုင်ပေ။ သို့သော် နင်တောက်ရန်သည် သူ၏ ဆုံးဖြတ်ချက်အတွက် ဂုဏ်ယူနေမိ၏။
ထာဝရစိမ်းလန်းခြင်းကျင့်စဉ် (၁၁)သို့ ရောက်ရှိသွားချိန်ဝယ်၊ ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့်တွင်သာ ရှိသေးသော်လည်း သူ၏ အသက်တမ်းမှာ နှစ်ပေါင်း ၂၂၀ အထိ ရှိလာခဲ့ပြီဖြစ်သည်။
၎င်းမှာ သာမန်ကျင့်ကြံသူတစ်ဦး၏ သက်တမ်းထက် နှစ်ဆကျော် ပိုမိုလေရာ၊ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် အလျင်စလို လုပ်စရာမလိုဘဲ အေးဆေးစွာ အချိန်ယူနိုင်ပြီ ဖြစ်ပေသည်။
သူသည် ကျန်ရှိနေသေးသော ကျင့်ကြံမှုသက်တမ်းကို အသုံးချကာ ‘လေဟုန်စီး အနှိုင်းမဲ့ကျင့်စဉ်’ ကို ဆက်လက်လေ့လာရန် ဆုံးဖြတ်လိုက်ပြန်သည်။ ဘေးအန္တရာယ်မှ ရှောင်တိမ်းရန်အတွက် ဤပညာမှာ အရေးအကြီးဆုံး မဟုတ်လော။
【နှစ်ပေါင်း ၂,၇၆၂ ခုနှစ်ဝယ်... အရှင်သည် ကောင်းကင်ယံမှ ကြယ်တံခွန်နှယ် လျင်မြန်လှသော အရှိန်အဟုန်ဖြင့် ကမ္ဘာမြေအနှံ့ ကျူးကျော်ဖြတ်သန်းခဲ့ပါသည်။ အရှင် လေဟုန်စီးသွားချိန်ဝယ် ပြင်းထန်သော လေပြေကြောင့် ဒုတိယထပ်မှ ပြတင်းပေါက်ဖွင့်နေသော မိန်းမလှလေး၏ လက်ကိုင်တုတ်သည် လွင့်ကျကာ လမ်းသွားလမ်းလာ လူငယ်တစ်ဦးကို ထိမှန်သွားပါသည်။】
【နှစ်ပေါင်း ၅,၄၀၀ မြောက်ဝယ်... အရှင်သည် မောပန်းနေသော ငှက်ငယ်တစ်ကောင်နှယ် အချိန်အတော်ကြာ ခရီးနှင်ခဲ့သည်။ အရှင် နားခိုရန် ဆုံးဖြတ်လိုက်သည့် ခဏ၌ပင် ဆန်းကြယ်သော စွမ်းအားတို့သည် အရှင်၏ ခြေထောက်နှစ်ဖက်အတွင်း စီးဝင်လာကာ၊ ပိတ်ဆို့နေသော အဟန့်အတားသည်လည်း ပွင့်ထွက်သွားပါပြီ။】
【လေဟုန်စီး အနှိုင်းမဲ့ကျင့်စဉ် - လောကကျော်လွန်ခြင်းအဆင့် 】
【နှစ်ပေါင်း ၉,၉၄၀ မြောက်ဝယ်... ဤကျင့်စဉ်သည် အရှင်၏ ကျိန်စာတစ်ခုနှယ် ဖြစ်လာကာ ရှေ့ဆက်တိုးရန် မျှော်လင့်ချက် ကင်းမဲ့နေသယောင် ရှိချေသည်။ အရှင်သည် ကျောက်တံတားထက်၌ ထိုင်လျက် နှစ်ပေါင်း ငါးရာတိုင်တိုင် လေဒဏ်မိုးဒဏ်ကို ကြံ့ကြံ့ခံနေပါသည်။】
【နှစ်ပေါင်း ၁,၄၄၀ ကျော်လွန်သွားပြန်သောအခါ... အရှင်သည် ကျောက်တံတားထက်၌ တစ်ဦးတည်း ထိုင်နေမိစဉ်၊ တံတားအဆုံးရှိ ဆီစိမ်စက္ကူထီးအပြာလေး ဆောင်းထားသော အမျိုးသမီးငယ်ကို လှမ်းမြင်လိုက်ရ၏။ သူမမှာ ရင်းနှီးသူတစ်ဦးနှယ် ရှိသော်လည်း၊ အရှင် သေချာကြည့်ရန် ကြိုးစားချိန်တွင်မူ သူမမှာ လေမိုးတို့နှင့်အတူ ပျောက်ကွယ်သွားချေပြီ။ အရှင်သည် သက်ပြင်းချလျက် ရှိုက်ကြီးတငင် ငိုကြွေးပါတော့သည်။】
“ယနေ့တွင်မှ နှလုံးကြေကွဲရမည်ကို သိပါလျှင်၊ ထိုစဉ်က အဘယ်ကြောင့် အချင်းချင်း တန်ဖိုးမထားခဲ့ကြသနည်း”
【လေဟုန်စီး အနှိုင်းမဲ့ကျိုင်းစဉ် - မူလသဘာဝသို့ ပြန်လည်ရောက်ရှိခြင်းအဆင့်】
【လက်ကျန်ကျင့်ကြံမှုသက်တမ်း - ၂၃,၉၈၂ နှစ်】
အောင်မြင်လေပြီ! လေဟုန်စီးကျင့်စဉ်မှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ၊ နင်တောက်ရန်သည် မိမိကိုယ်မိမိ ပျံလွှားငှက်ငယ်တစ်ကောင်နှယ် ပေါ့ပါးနေသည်ဟု ခံစားလိုက်ရသည်။
သူသည် ခြံဝင်းပြင်ပသို့ ထွက်ကာ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ သူ၏ ‘ဝိညာဉ်အရှိန်အဝါဖုံးကွယ်ခြင်း’ကျင့်စဥ်ကို အစွမ်းကုန် အသုံးချလျက် သူ တစ်ဟုန်ထိုး ပြေးထွက်လိုက်သည့် ခဏ...။
“ဝူး...”
သူ၏ ခန္ဓာကိုယ်မှာ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်သော အရှိန်ဖြင့် တောင်အောက်သို့ လွင့်ထွက်သွားချေသည်။
သို့သော် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူ ရုတ်ချည်း သတိပြုမိလိုက်၏။ လူတစ်ယောက်သည် သူ၏ခန္ဓာကိုယ်ကို ဖြတ်ကျော်လျက် ရှေ့မှ ပြေးထွက်သွားသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
"နေပါဦး... အဲဒါ ငါ့ကိုယ်ကြီး မဟုတ်လား"
နင်တောက်ရန်မှာ ထိတ်လန့်သွားရ၏။ သူ၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ထွက်ကာ နောက်တွင် ကျန်ရစ်နေခဲ့ပြီး၊ သူ၏ ရုပ်အလောင်းကြီးမှာမူ ရှေ့မှ တစ်ရှိန်ထိုး ပြေးထွက်သွားခြင်း ဖြစ်ပေသည်။ ဤသည်မှာ ‘လူက ရှေ့ကပြေး၊ ဝိညာဉ်က နောက်ကလိုက်’ ဆိုသော အခြေအနေပင် ဖြစ်ချေတော့မည်။
သူသည် အစွမ်းကုန် အားထုတ်လျက် ဝိညာဉ်နှင့် ရုပ်အလောင်းကို ပြန်လည် ပေါင်းစည်းလိုက်ရသည်။
ဤအရှိန်အဟုန်မှာ ဝိညာဉ်စွမ်းအင်သန့်စင်မှုအဆင့်ရှိသော ကျင့်ကြံသူတစ်ဦး ဝိညာဉ်လက်နက်ဖြင့် ပျံသန်းသည်ထက်မက၊ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦး အစွမ်းကုန် ထွက်ပြေးသည်ထက်ပင် သာလွန်နေချေပြီ။
နင်တောက်ရန်သည် စိတ်ကို အေးအေးထားလျက် သူ၏ ကျင့်ကြံမှုအဆင့်ကို အဆင့် (၇) တွင်သာ ဟန်ဆောင်ပြထားလိုက်သည်။
ကျင့်ကြံခြင်းလောကတွင် ‘အသုံးမကျသူ’ ဟု အထင်ခံရသူများကသာ အသက်အရှည်ဆုံး နေရသည်ဟု သူ ယုံကြည်ထားသောကြောင့် ဖြစ်၏။
ရက်အနည်းငယ် ကြာပြီးနောက်...။
နင်တောက်ရန်သည် အဆင့် (၁) အဆင့်မြင့် ‘ငါးပါးဒြပ် စီးဆင်းခြင်း အစီအရင်’ ကို ဖော်စပ်ရန် ပြင်ဆင်လေတော့သည်။ ဤအစီအရင်မှာ အဘွားယွင်စွေ့ ချန်ထားခဲ့သော အမွေအနှစ်များထဲတွင် အစွမ်းအထက်ဆုံး ဖြစ်ကာ၊ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသူကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။
သို့သော် ၎င်းအတွက် လိုအပ်သော ပစ္စည်းများမှာ အလွန်ပင် ရှားပါးလှ၏။ အထူးသဖြင့် အဆင့် (၂) မီးဒြပ်ရှိသော နတ်ဆိုးသားရဲ၏ အမြုတေ မှာ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ နတ်ဆိုးသားရဲကို သတ်ဖြတ်မှသာ ရရှိနိုင်မည် ဖြစ်ပေသည်။
ထိုနေ့ မွန်းလွဲပိုင်းတွင်... သူသည် ဟွမ်လုံဈေးတန်းရှိ ချင်းဖူးအရောင်းဆိုင်သို့ ရောက်ရှိလာခဲ့သည်။
ချန်ဖျင်အာသည် ယခင်ကထက်ပင် ပိုမိုလှပကာ နတ်သမီးတစ်မျှ တင့်တယ်နေချေပြီ။ သို့သော် နင်တောက်ရန်အတွက်မူ သူမသည် ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့်မြင့်ပိုင်းရှိသော အမျိုးသမီးကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်၏။
“မိတ်ဆွေနင်... မတွေ့ရတာ ကြာပြီနော်”
ချန်ဖျင်အာက ပြုံးရွှင်စွာဖြင့် ကြိုဆိုလိုက်သည်။ နင်တောက်ရန်ကမူ သူ၏ စိတ်အာရုံကို ‘ထာဝရစိမ်းလန်းခြင်းကျင့်စဉ်’ ဖြင့် တည်ငြိမ်အောင် ထိန်းထားလိုက်ရ၏။
သူမက တခြားသူများထက် သူ့အပေါ် ဆက်ဆံပုံ ထူးခြားနေသည်ဟု သူ ခံစားမိသော်လည်း၊ ၎င်းမှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်လိမ့်မည်ဟု သူ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်မိသည်။
“မိတ်ဆွေချန်... ဟုတ်ကဲ့၊ မတွေ့ရတာ ကြာပါပြီ”
သူသည် လိုအပ်သော ပစ္စည်းစာရင်းကို ထုတ်ပေးလိုက်ရင်း
“ကျွန်တော် အစီအရင်တစ်ခု ဖော်စပ်ချင်လို့ပါ၊ ဒီပစ္စည်းတွေကို ရှင်းဖုအရောင်းဆိုင်မှာ ဘယ်လောက်အထိ စုဆောင်းပေးနိုင်မလဲဆိုတာ ကြည့်ပေးပါဦး”
“ရတာပေါ့... စိတ်ချပါရှင်”
ချန်ဖျင်အာက ချိုသာစွာ အပြုံးဖြင့် ပြန်လည်ပြောဆိုလိုက်လေတော့သတည်း။
***