ဟွမ်လုံဈေးကွက်အတွင်း၌ 'ချင်းဖူးဖန်' သည် အကြီးဆုံးသော အရောင်းဆိုင်ကြီး ဖြစ်သော်ငြားလည်း 'ငါးပါးဓာတ် စီးဆင်းခြင်း အစီအရင်' အတွက် လိုအပ်သမျှသော ပစ္စည်းအစုံအလင်ကိုမူ တစ်ကြိမ်တည်းနှင့် မရရှိနိုင်ခဲ့ချေ။
အရန်ပစ္စည်း နှစ်ဆယ်ကျော်မှာ အလွယ်တကူ ရရှိနိုင်သော်လည်း အဓိကအမာခံပစ္စည်း ငါးမျိုးအနက် 'နှစ်ထောင်ချီ နက်နဲသောသစ်သား'၊ 'ရွှေအနှစ်သာရ' နှင့် 'မြေဓာတ်ပျော်ဝင်မြေသား' တည်းဟူသော သုံးမျိုးကိုသာ ဝယ်ယူရရှိခဲ့သည်။
ကြွင်းကျန်သော 'ကွေ့ရေဓာတ်ကျောက်' နှင့် အဆင့် (၂) မီးဓာတ်ဝိညာဉ်သားရဲ အမြုတေတို့မှာမူ ရှားပါးလှသည်ဖြစ်ရာ ထိုစဉ်က ဈေးကွက်အတွင်း ရှာမရနိုင်ဖြစ်နေတော့၏။
နင်တောက်ရန်သည် မျက်မှောင်ကြုတ်မိသွားချေသည်။ ဤပစ္စည်းအနည်းငယ်မျှကိုပင် အနိမ့်တန်း ဝိညာဉ်ကျောက်တုံး သုံးထောင်ကျော် ပေးဆောင်ခဲ့ရပေရာ 'ငါးပါးဒြပ် စီးဆင်းခြင်း အစီအရင်' တစ်ခုလုံး ပြီးမြောက်အောင် ဖော်စပ်ရန်အတွက် ဝိညာဉ်ကျောက် ငါးထောင်ခန့် ကုန်ကျပေလိမ့်မည်။
ထိုသို့ ကုန်ကျခြင်းမှာလည်း ဖြစ်တန်ရာပေသည်။ အစီအရင်ကို ကောင်းစွာ ထိန်းချုပ်နိုင်ပါက 'အုတ်မြစ်တည်ဆောက်ခြင်းအဆင့်' ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိပေရာ အစီအရင်၏ တန်ဖိုးမှာ ကျင့်ကြံသူတစ်ဦး၏ အသက်တန်ဖိုးနှင့် ညီမျှနေခြင်းမှာ ကျိုးကြောင်းဆီလျော်လှသည်ဟု ဆိုရပေမည်။
အဆုံး၌ ဟွမ်လုံဈေးကွက် တစ်ခုလုံးနှင့် မှောင်ခိုဈေးကွက်အထိ လှည့်လည်ရှာဖွေခဲ့သော်လည်း 'ကွေ့ရေဓာတ်ကျောက်' နှင့် အဆင့် (၂) မီးဒြပ်အမြုတေကိုမူ မတွေ့ရှိခဲ့ရပေ။
...
[အနန္တဂိုဏ်း]
နင်တောက်ရန်နှင့် သမင်သည် 'အကျိုး ဆောင်ခန်းမ' သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာကြသည်။ နင်တောက်ရန်သည် အဆင့် (၂) မီးဒြပ်အမြုတေကို ဦးစွာရရှိရန် ဆုံးဖြတ်လိုက်၏။
အကျိုးဆောင်ခန်းမတွင် ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့်မြင့်ပိုင်းရှိ တပည့်များ စုပေါင်းလုပ်ဆောင်ရမည့် သားရဲအမဲလိုက် တာဝန်များရှိကြောင်း ကြားသိထားသဖြင့် သူ စမ်းသပ်ကြည့်လိုနေခြင်း ဖြစ်သည်။
"ညီလေးနင် မဟုတ်လား..."
ကောင်တာနောက်ကွယ်ရှိ ကျောက်လီချန်က ပြုံးရွှင်စွာဖြင့် "မတွေ့ရတာ ကြာပြီပဲ၊ နေကောင်းရဲ့လား" ဟု နှုတ်ဆက်လာသည်။
"ကောင်းပါတယ်... ကောင်းပါတယ်... စီနီယာကျောက်ကို ဂါရဝပြုပါတယ်ခင်ဗျာ" ဟု နင်တောက်ရန်က ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။
ကျောက်လီချန်နှင့် ခဏတာ စကားစမြည် ပြောဆိုဖြစ်ကြရာမှ အဆင့် (၂) မီးဒြပ်အမြုတေအကြောင်း ရောက်ရှိသွားသောအခါ ကျောက်လီချန်မှာ အတန်ငယ် တုံ့ဆိုင်းသွားသည်။
"ညီလေးက အဆင့် (၂) အမြုတေကို ရှာမလို့လား... ဒါက နောက်စရာ မဟုတ်ဘူးနော်၊ မင်းက တိုက်ခိုက်ရေးမှာ အားနည်းတာ၊ ပြီးတော့ အဲဒီသားရဲတွေက အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေထက်တောင် ပိုပြီး ကြမ်းတမ်းကြတာ..."
"စိတ်မပူပါနဲ့ စီနီယာ၊ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါတယ်" ဟု နင်တောက်ရန်က ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
"ဒါဆိုရင်လည်း... ငါ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်၊ ခဏစောင့်ဦး"
ကျောက်လီချန်က ဆက်သွယ်ရေး စာချွန်လွှာတစ်ခုကို ပေးပို့လိုက်ရာ မကြာမီမှာပင် အဖြူရောင် ဝတ်ရုံကို ဆင်မြန်းထားသော အထက်တန်းတပည့်တစ်ဦး တောင်ပေါ်မှ ဆင်းသက်လာသည်။
ထိုသူမှာ မျက်ခုံးကောင်းကောင်းနှင့် သူရဲကောင်းဆန်သော အသွင်ရှိပြီး 'လင်းကျော့ကျွင်း' ဟု အမည်ရ၏။ သူသည် အဆင့် (၂) မီးလျှံအကြေးခွံသားရဲကို သုတ်သင်ရန် တာဝန်ယူထားသူဖြစ်ပြီး အင်အားစုဆောင်းနေသူလည်း ဖြစ်သည်။
"ညီလေးနင်..."
လင်းကျော့ကျွင်းက မျက်မှောင်ကို အနည်းငယ် ကြုတ်လျက် "ငါတို့ရဲ့ ပစ်မှတ်က အုတ်မြစ်တည်ဆောက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူထက် ပိုအစွမ်းထက်တဲ့ သားရဲပဲ၊ ညီလေးက ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့် ၇ ပဲ ရှိသေးတာဆိုတော့... ငါတို့နဲ့ ပူးပေါင်းဖို့အတွက် ဘယ်လို ထူးခြားတဲ့ စွမ်းရည်မျိုး ရှိသလဲဆိုတာ သိပါရစေဦး" ဟု မေးမြန်းလိုက်သည်။
သူ၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှ၏။ အချောင်လိုက်၍ ပစ္စည်းခွဲတမ်းယူမည့်သူကို သူ အလိုမရှိပေ။
"ကျွန်တော်က အဆင့် (၁) အလတ်တန်းစား မျက်လှည့်အစီအရင်နဲ့ ဝေဝေဝါးဝါးဖြစ်စေတဲ့ အစီအရင်တွေကို ဖော်ဆောင်နိုင်ပါတယ်၊ အဲဒါက အကူအညီဖြစ်မှာပါ"
"အို... ဟုတ်ပါ့မလား" ဟု လင်းကျော့ကျွင်း၏ မျက်လုံးများ တောက်ပသွားသည်။
"စီနီယာ့ကို ကျွန်တော် မလိမ်ပါဘူး"
နင်တောက်ရန်သည် သူ၏ သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အစီအရင်အလံ သုံးခုနှင့် အစီအရင်ကျောက်ပြား တစ်ခု ပျံထွက်လာသည်။
ယင်းမှာ အဆင့် (၁) အလတ်တန်းစား 'စိမ်းလန်းသော ဝါးတောအစီအရင်' အတွက် အသင့်ပြင်ထားခြင်း ဖြစ်သည်။
ထိုစဉ် အကျိုးပြုခန်းမအတွင်းရှိ လင်းရှန့်ကလည်း နင်တောက်ရန်ကို မြင်သွားကာ
"ညီလေးနင် လင်းကျော့ကျွင်း... မင်းလည်း ညီလေးနင်နဲ့ သိတာလား" ဟု အံ့အားသင့်စွာ မေးလိုက်သည်။
"ဟုတ်တယ် စီနီယာလင်းရှန့်၊ ခင်ဗျားလည်း သူ့ကို သိတာလား"
"သိတာပေါ့..." ဟု လင်းရှန့်က ရှေ့သို့ တိုးလာပြီး နင်တောက်ရန်နှင့် သမင်ကြီး၏ ခေါင်းကို တစ်ဖက်တစ်ချက်စီ ဖက်လိုက်ကာ ပြုံးရွှင်စွာ ပြောတော့သည်။ "ငါတို့က ညီအစ်ကိုတွေလို ဖြစ်နေတာ ကြာပြီလေ... ဘာလဲ ညီလေးနင်က လင်းကျော့ကျွင်းရဲ့ အဖွဲ့ထဲ လိုက်မလို့လား"
"ဟုတ်ကဲ့၊ အစီအရင်အတွက် အဆင့် (၂) မီးဒြပ်အမြုတေ လိုအပ်နေလို့ စီနီယာလင်းကျော့ကျွင်းနဲ့ ပူးပေါင်းမလို့ပါ"
လင်းရှန့်က လင်းကျော့ကျွင်းကို လှည့်ကြည့်ကာ "အကျိုးပြုမှတ်တွေအပြင် အဲဒီသားရဲရဲ့ ဘယ်အစိတ်အပိုင်းကို မင်း လိုချင်တာလဲ" ဟု မေးရာ—
"အရိုးပါ၊ ကျွန်တော့်ရဲ့ ဝိညာဉ်အမြုတေနဲ့ လိုက်ဖက်မယ့် အထူးကောင်းမွန်တဲ့ ဝိညာဉ်လက်နက် သွန်းလောင်းဖို့အတွက် အကြေးခွံသားရဲရဲ့ မီးဒြပ်အရိုးကို လိုအပ်တာပါ"
"ဒါဆိုရင်တော့... ငါနဲ့ ညီမလေးရူယန်လည်း ဒီခရီးမှာ ပါဝင်မယ်၊ သားရဲရဲ့ အရေခွံကိုတော့ ရူယန်ကို ပေးလိုက်ပေါ့၊ သူက အဆင့် (၂) မန္တန်စက္ကူတွေ ဖော်စပ်ဖို့ သုံးလိမ့်မယ်၊ ငါကတော့ သွေးအားကောင်းစေဖို့အတွက် အသားအချို့ကို ယူမယ်၊ ဘယ်လိုလဲ"
လင်းကျော့ကျွင်းမှာ အတိုင်းမသိ ဝမ်းသာသွားပြီး "စီနီယာလင်းရှန့်နဲ့ စီနီယာမလေးရူယန်တို့သာ ပါဝင်မယ်ဆိုရင်တော့ ငါတို့ အောင်မြင်ဖို့ သေချာပြီပဲ၊ စီနီယာလင်းရှန့်ရဲ့ 'စစ်မှန်သော ယန်မီးဖိုကျင့်စဉ်' နဲ့ စီနီယာမလေးရဲ့ မန္တန်စက္ကူတွေသာ ရှိရင်တော့ အခက်အခဲ ရှိတော့မှာ မဟုတ်ဘူး" ဟု မြွက်ဆိုလေသည်။
" မောင်လေးနင်ရော အဆင်ပြေရဲ့လား" ဟု လျှိူရုယန်က ပြုံးလျက် မေးသည်။
"ပြေပါတယ်ခင်ဗျာ" နင်တောက်ရန်က ခေါင်းညိတ်လိုက်၏။ လင်းရှန့်သည် သူ ဟွမ်လုံတောင်တန်းထဲသို့ သွားရောက်ရာတွင် အန္တရာယ်ရှိမည်စိုးသဖြင့် လိုက်လံကာကွယ်ပေးလိုခြင်းဖြစ်ကြောင်း သူ သိနားလည်ပေရာ ဤကဲ့သို့သော ညီအစ်ကိုသံယောဇဉ်ကို သူ မငြင်းသာခဲ့ပေ။
လျှိူရူယန်က ပါးချိုင့်ကလေးများ ပေါ်အောင် ပြုံးလိုက်ပြီး "ဒါဆိုရင်တော့ အဆင်သင့်ပြင်ထားကြဦး၊ မနက်ဖြန် မနက်မှာပဲ ခရီးထွက်ကြတာပေါ့" ဟု ဆိုလေသည်။
ညနေစောင်းတွင် လင်းရှန့်နှင့် လျှိူရူယန်တို့သည် နံပါတ် (၇၇) ဝိညာဉ်လယ်ကွင်းခြံဝင်းသို့ ရောက်ရှိလာကြသည်။ အဝစား သုံးဆောင်ပြီးနောက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ကြ၏။
"ညီလေး... ဒီတစ်ခေါက်က အရင်လို မဟုတ်ဘူးနော်၊ အဆင့် (၂) အစောပိုင်းအဆင့် သားရဲနဲ့ ရင်ဆိုင်ရမှာ၊ သူက အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ထက်တောင် ပိုကြမ်းတာမို့ သေချာပြင်ဆင်ရမယ်" ဟု လင်းရှန့်က လေးနက်စွာ မှာကြားသည်။
"စိတ်မပူပါနဲ့ အစ်ကို၊ အမလျှိူဆီက ရထားတဲ့ မန္တန်စက္ကူတွေ အကုန်ရှိပါသေးတယ်၊ အခုတစ်ခေါက် သားရဲကို သတ်တဲ့နေရာမှာ သေချာပေါက် သုံးပါ့မယ်" ဟု နင်တောက်ရန်က ပြန်ပြောလိုက်သည်။
"ဒါဆိုလည်း တော်သေးတာပေါ့..."
လျှိူရူယန်က သူ၏ လှပသော မျက်ဝန်းများဖြင့် နင်တောက်ရန်ကို ကြည့်ကာ "လင်းကျော့ကျွင်းရဲ့ အစီအစဉ်အရ သားရဲကို မျှားခေါ်ပြီး မင်းရဲ့ အစီအရင်ထဲကို သွင်းရမှာ... မင်း တကယ်ပဲ အဆင့် (၁) အလတ်တန်းစား ဝါးတောအစီအရင်ကို ဖော်ဆောင်နိုင်တာလား" ဟု သံသယဖြင့် မေးမြန်းလာသည်။
"ရပါတယ် အစ်မလျှိူ၊ အခု အပြင်မှာ ခင်းကျင်းထားတဲ့ 'တိမ်တိုက်မြူခိုး အစီအရင်' ကလည်း အဆင့် (၁) အလတ်တန်းစားပါပဲ၊ ကျွန်တော်သာ အစီအရင်ကို မဖွင့်ပေးထားရင် အစ်မ ဝင်လာနိုင်မှာ မဟုတ်ဘူး၊ စမ်းကြည့်မလား"
လျှိူရူယန်မှာ ခစ်ခနဲပြုံးမိသွားပြီး "ငါက အစီအရင်ဖြတ်ကျော် မန္တန်စက္ကူတွေကို မဖော်စပ်နိုင်သေးတော့ အဲဒီထဲကို မဝင်ရဲပါဘူး" ဟု ချစ်စဖွယ် ပြန်ပြောရှာသည်။
ထို့နောက် နင်တောက်ရန်က အသံကို နှိမ့်လိုက်ပြီး "အစ်ကိုလင်း၊ မမလျှိူ... ကျွန်တော် သတိထားမိလို့ပါ၊ လင်းကျော့ကျွင်းနဲ့ ခင်ဗျားတို့ ရင်းနှီးရဲ့လား" ဟု မေးမြန်းလိုက်သည်။
"ရင်းနှီးပါတယ်၊ ညီလေးက သူ့ကို စိုးရိမ်နေတာလား" ဟု လင်းရှန့်က မျက်မှောင်ကြုတ်လျက် မေးပြီးမှ "မစိုးရိမ်ပါနဲ့၊ သူက ချင်းယွမ်ဒေသက လင်းမိသားစုဝင်ပဲ၊ အဲဒီမိသားစုက နဂိုက 'ရွှေအမြုတေအဆင့်' မိသားစုလို့ ပြောကြတယ်"
ထိုမိသားစုတွင် တစ်ချိန်က 'အမြုတေတု' အဆင့်ရှိသော ဘိုးဘေးနှစ်ဦး ရှိခဲ့ဖူးသော်လည်း သက်တမ်းကုန်၍ ကွယ်လွန်သွားကြသောအခါ 'အုတ်မြစ်တည်ဆောက်ခြင်း' အဆင့်ရှိသော မိသားစုအဖြစ်သို့ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း လင်းကျော့ကျွင်းသည် သူ၏ မိသားစုဂုဏ်သိက္ခာကို အထူးတန်ဖိုးထားသူဖြစ်ရာ ဂိုဏ်းတူညီအစ်ကိုများကို ဒုက္ခပေးမည့်သူ မဟုတ်ချေ။
"ဒါဆိုရင်တော့ စိတ်ချရပါပြီ... ဒါပေမဲ့ မနက်ဖြန် ဟွမ်လုံတောင်တန်းထဲ ရောက်တဲ့အခါမှာတော့ သတိထားကြပါဦး၊ သားရဲအချို့က ချောင်းမြောင်းတိုက်ခိုက်တတ်တယ်လို့ ကြားဖူးလို့ပါ"
လင်းရှန့်ကလည်း လေးနက်စွာဖြင့် ခေါင်းညိတ်ထောက်ခံလေတော့သည်။
မနက်ဖြန် နံနက်တွင် 'အကျိုးဆောင်ခန်းမ' ၌ လင်းကျော့ကျွင်း၊ နင်တောက်ရန်၊ လင်းရှန့်နှင့် လျှိူရုယန့်တို့သည် တာဝန်ခံ စာချွန်လွှာများကို လက်ခံရရှိကြသည်။
သမင်အူကြောင်ကြီးမှာလည်း တစ်ခုခုကို လိုချင်သကဲ့သို့ အော်မြည်နေသော်လည်း နင်တောက်ရန်က ယင်း၏ ခေါင်းကို အသာဖိထားလိုက်ရသည်။
အန္တရာယ်ရှိနိုင်သော တောင်တန်းအတွင်းသို့ ရောက်ရှိသောအခါ သမင်ကြီးအား သားရဲအိတ်အတွင်းသို့သာ ထည့်ထားရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။
"သွားကြစို့... အားလုံးပဲ သတိထားကြပါ" ဟု လင်းကျော့ကျွင်းက ဆိုသည်။
နင်တောက်ရန်သည် ဝါးရွက်စိမ်းကို ဆင့်ခေါ်ကာ လျင်မြန်ပေါ့ပါးသော အရှိန်အဟုန်ဖြင့် ပျံသန်းလိုက်ရာ လင်းရှန့်နှင့် လျှိူရုယန့်တို့မှာ အံ့ဩသွားကြရသည်။ ညီလေးနင်သည် တစ်ခါတစ်ရံတွင် အထင်သေး၍ မရသော စွမ်းရည်များ ရှိနေသည် မဟုတ်လား။
ဤလူလေးဦးအနက် နင်တောက်ရန်၏ အပြင်ပန်းကျင့်ကြံမှုမှာ အဆင့် ၇ သာရှိ၍ အနိမ့်ဆုံးဖြစ်သော်လည်း ကျန်သုံးဦးမှာ အဆင့် ၉ ရှိကြပြီး လင်းရှန့်နှင့် လင်းကျော့ကျွင်းတို့မှာ အထွတ်အထိပ်အဆင့်သို့ပင် ရောက်ရှိနေကြပြီဖြစ်သည်။
တကယ်တမ်း၌ ၎င်းတို့လေးဦးစလုံးမှာ အနန္တဂိုဏ်း၏ 'အုတ်မြစ်တည်ဆောက်ခြင်း' လောင်းလျာများသာ ဖြစ်ကြပေရာ အကြီးအကဲများက ဘေးကင်းလုံခြုံမှုကို အထူးသတိပေးထားကြလေသည်။
နံနက်ခင်း၏ ဟွမ်လုံတောင်တန်းမှာ စိမ်းလန်းစိုပြည်လှ၏။ သစ်ပင်တောအုပ်များကြားမှ နေရောင်ခြည်များ ဖြာကျနေပြီး နှင်းစက်ကလေးများမှာလည်း တောက်ပနေကြသည်။
တိမ်တိုက်မြူခိုးများကြားတွင် လင်းရှန့်က ရှေ့ဆုံးမှ ပျံသန်းကာ နင်တောက်ရန်က အလယ်တွင်ရှိပြီး လင်းကျော့ကျွင်းနှင့် လျှိူရုယန့်တို့က ဝဲယာမှ ရံ၍ လိုက်ပါလာကြသည်။ အားလုံးက ကျင့်ကြံမှုအနည်းဆုံးဖြစ်သော နင်တောက်ရန်ကို အမှတ်မထင် ကာကွယ်ပေးထားကြခြင်း ဖြစ်သည်။
နင်တောက်ရန်မှာမူ အားနာစိတ် ဖြစ်မိသွား၏။ အမှန်စင်စစ် တိုက်ခိုက်ရေးစွမ်းရည်ကို တိုင်းတာမည်ဆိုပါက သူသည် အားလုံးထက် သာလွန်နေသည်မှာ မြေကြီးလက်ခတ်မလွဲပေ။
"ညာဘက်ကို သတိထား" ဟု လင်းကျော့ကျွင်းက သတိပေးလိုက်သည်။
ဝံပုလွေကြီးတစ်ကောင်၏ ဟိန်းသံ ထွက်ပေါ်လာရာ ယင်းမှာ အဆင့် (၁) အဆင့်မြင့်ပိုင်း သားရဲတစ်ကောင် ဖြစ်ပေလိမ့်မည်။ လင်းရှန့်နှင့် လင်းကျော့ကျွင်းတို့ကဲ့သို့ အတွေ့အကြုံရှိသူများအဖို့မူ ၎င်းကို ဂရုထားစရာ မလိုသော်လည်း မကြာမီမှာပင် ဝံပုလွေ သုံးကောင်ထက်မနည်း ထပ်မံပေါ်ပေါက်လာပြန်သည်။ ၎င်းတို့မှာ အုပ်စုလိုက် နေထိုင်တတ်ကြခြင်း ဖြစ်သည်။
မွန်းလွဲပိုင်း ရောက်သောအခါ တာဝန်ခံ စာချွန်လွှာများထံမှ အလင်းတန်းများ ထွက်ပေါ်လာရာ မီးလျှံအကြေးခွံသားရဲနှင့် နီးကပ်နေပြီဖြစ်ကြောင်း သိလိုက်ကြရသည်။
"မြေပြင်ပေါ် ဆင်းကြစို့... ဒီသားရဲက အဆင့် (၂) မီးလျှံတွေကို မှုတ်ထုတ်နိုင်တာမို့ ဝေဟင်မှာဆိုရင် ငါတို့အတွက် ခံစစ်မရှိသလို ဖြစ်နေလိမ့်မယ်" ဟု လင်းကျော့ကျွင်းက ဆိုပြီး နင်တောက်ရန်အား အစီအရင် ခင်းကျင်းရန် ညွှန်ကြားလိုက်သည်။
နင်တောက်ရန်သည် မြေပြင်ပေါ်သို့ သက်ဆင်းကာ သူ၏ သိုလှောင်အိတ်မှ အစီအရင်ပစ္စည်းများကို ထုတ်ယူလျက် စွမ်းအားများ ထည့်သွင်းလိုက်ရာ အစီအရင်အလံများနှင့် ကျောက်ပြားများမှာ လည်ပတ်၍ မြေပြင်ပေါ်သို့ ကျဆင်းသွားကြသည်။
"စီနီယာတို့... အစီအရင်ကနေ မှားယွင်းတိုက်ခိုက်တာမျိုး မရှိရအောင် ခင်ဗျားတို့ရဲ့ အငွေ့အသက်အချို့ကို အစီအရင်ကျောက်ပြားထဲ ထည့်သွင်းပေးဖို့ လိုအပ်ပါတယ်"
နင်တောက်ရန်သည် ၎င်းတို့၏ အငွေ့အသက်များကို မှတ်တမ်းတင်ပြီးနောက် "အဆင်သင့်ဖြစ်ပါပြီ" ဟု ပြောလိုက်သည်။
လင်းကျော့ကျွင်းက တောင်ကုန်းဘက်သို့ လှည့်ကြည့်ကာ "ဒီသားရဲက ငါတို့ကို တွေ့သွားပြီပဲ... အားလုံး သတိထားပြီး လူစုခွဲလိုက်ကြ၊ သူ့ကို အစီအရင်ထဲ မျှားခေါ်ကြရအောင်၊ ညီလေးနင်က အစီအရင်ကို တာဝန်ယူပေးပါ" ဟု မှာကြားလေသည်။
လူသုံးဦးမှာ တိမ်တိုက်များကြားသို့ ပျောက်ကွယ်သွားကြစဉ် နင်တောက်ရန်သည် သူ၏ အငွေ့အသက်ကို ဖျောက်ကွယ်၍ သစ်ပင်ကြီးတစ်ပင်နောက်တွင် ပုန်းကွယ်လိုက်၏။
မကြာမီမှာပင် သစ်ပင်တောအုပ်တစ်ခုလုံး တုန်ခါသွားစေလောက်သော သားရဲကြီး၏ ဟိန်းသံ ထွက်ပေါ်လာတော့သည်။ ဧရာမ သားရဲကြီးတစ်ကောင်သည် လူတစ်ဦးနောက်သို့ လိုက်လံတိုက်ခိုက်နေပြီး ထိုသူမှာ အခြားမဟုတ်၊ အရှိန်မြှင့်မန္တန်စက္ကူကို သုံး၍ သားရဲအား မီးလျှံဓားအလင်းတန်းများဖြင့် ရန်စနေသော လင်းရှန့်ပင် ဖြစ်တော့သည်။
နင်တောက်ရန်မှာမူ ကြည့်ရင်းနှင့်ပင် ဆွံ့အမိသွားရသည်။ စီနီယာလင်းရှန့်မှာတော့ ထင်သည့်အတိုင်းပင်... အလွန်ပင် ရဲတင်းလွန်းလှချေတည်း။
***