ဟွမ်လုံတောင်တန်း၏ အနက်ရှိုင်းဆုံးဆီ၌ တိမ်တိုက်မြူခိုးတို့သည် ဝေ့ဝဲဆိုင်းတွလျက် ရှိချေသည်။
ဗိမာန်ဖြူတောင်မှ ဘိုးဘေးကြီးသည် အဆင့် (၂) အနိမ့်တန်း မီးဒြပ်ဝိညာဉ်အမြုတေကို ကိုင်ဆောင်ထားရင်း မျက်နှာထက်၌ ကျေနပ်သည့် အပြုံးတို့ ယှက်သန်းနေတော့၏။
'ရှားမှရှားသည့် ရတနာကို တကူးတက ရှာဖွေနေစဥ်ဝယ် အလိုလို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခြင်း' ပေတည်း။ သူသည် ဟွမ်လုံတောင်တန်းအတွင်း၌ လပေါင်းဝက်ခန့် လှည့်လည်ခဲ့သော်ငြား သင့်တော်သည့် ဝိညာဉ်အမြုတေကို မတွေ့ရှိခဲ့ရပေ။
တစ်ခါတစ်ရံတွင် 'အုတ်မြစ်တည်ဆောက်ခြင်း' အလယ်အလတ်အဆင့်ရှိ မီးဒြပ်သားရဲနှင့် တိုးတတ်သော်လည်း သူ မနိုင်နိုင်ချေ။
အစောပိုင်းအဆင့်ရှိသော အခြားဒြပ်စင်သားရဲများနှင့် တွေ့ပြန်လျှင်လည်း သူ၏ ရည်ရွယ်ချက်အတွက် အသုံးမဝင်ပေ။
ယခုကဲ့သို့ လူငယ်များထံမှ အဓမ္မလဲလှယ်ယူခဲ့ခြင်းမှာလည်း သူ၏ ထူးချွန်လှသော မြေးဖြစ်သူ 'လော့ထန့်' အတွက်သာ ဖြစ်ချေသည်။
လော့ထန့်သည် မွေးဖွားလာစဉ်ကပင် 'အဆင့် (၂) နှင်းခဲဝိညာဉ်အမြုတေ' ကို ပိုင်ဆိုင်လာသူ ဖြစ်ပေရာ ဗိမာန်ဖြူတောင် လော့မိသားစု၏ အနာဂတ်ကို ပြောင်းလဲပေးမည့်သူဟု သတ်မှတ်ခံထားရ၏။
သို့သော်လည်း ထိုသို့သော ပါရမီမှာ ဘေးထွက်ဆိုးကျိုး ရှိတတ်ပေရာ လော့ထန့်သည် 'ဝိညာဉ်စွမ်းအင်သန့်စင်မှု' အထွတ်အထိပ်သို့ ရောက်သောအခါ ထိုဆိုးကျိုးမှာ ပို၍ သိသာလာတော့သည်။
၎င်းကို ဖြေဖျောက်နိုင်ရန်မှာ 'မီးလျှံမူလဆေးလုံး' တစ်မျိုးတည်းသာ ရှိပေရာ ယင်းဆေးလုံးအတွက် အဓိက လိုအပ်ချက်မှာ အဆင့် (၂) မီးဒြပ်ဝိညာဉ်အမြုတေပင် ဖြစ်ချေသည်။
ယခုအခါ အမြုတေကို ရရှိပြီဖြစ်သဖြင့် ဘိုးဘေးကြီးလော့၏ ရင်ထဲမှ အပူလုံးကြီးမှာ ကင်းစင်သွားရတော့၏။
"ထိန်အာ... မင်း ငါ့ကို စိတ်မပျက်စေနဲ့နော်၊ ငါတို့မိသားစု 'ရွှေအမြုတေအဆင့်' ကို ရောက်ဖို့ဆိုတာ မင်းအပေါ်မှာပဲ မူတည်နေတာ..." ဟု သူက တိုးတိုးရေရွတ်ရင်း ဝမ်းသာနေမိသည်။
သို့သော်လည်း ထိုခဏ၌ပင် ဘိုးဘေးကြီးလော့၏ ခန္ဓာကိုယ်မှာ ထူးဆန်းစွာ တုန်ရင်သွားပြီး လှုပ်ရှား၍ မရတော့ပေ။ တစ်စုံတစ်ဦး၏ အန္တရာယ်ရှိသော အကြည့်ဖြင့် အကြည့်ခံလိုက်ရသကဲ့သို့ ကျောပြင်ထက်တွင် အပ်ဖြင့် ထိုးသကဲ့သို့ နာကျင်မှုကို ခံစားလိုက်ရပြီး ကောင်းကင်ထက်၌ ဧရာမ အရိပ်ကြီးတစ်ခု ဖြတ်သန်းသွားသည်ကို မြင်လိုက်ရတော့၏။
"သွားပြီ..."
...
ချုန်းပီတောင်ထိပ်၊ နံပါတ် (၇၇) ဝိညာဉ်လယ်ကွင်းခြံဝင်း။
နင်တောက်ရန်သည် ဝိညာဉ်ကောက်နှံများ စိုက်ပျိုးရင်း အေးချမ်းသော ဘဝကို ပြန်လည်စတင်ခဲ့သည်။
ခြံဝင်းအတွင်းရှိ ဝိညာဉ်ကောက်နှံများမှာ ရက်အနည်းငယ်အတွင်း ရင့်မှည့်လာသည်ကို မြင်သောအခါ 'ချန်ဝေ့မော' မှာလည်း မသိချင်ယောင်ဆောင်၍ မရတော့သဖြင့် ထိုကိစ္စကို ဖုံးကွယ်မထားတော့ချေ။
ကံကောင်းသည်မှာ ချန်ဝေ့မောသည် အလိုက်သိသော မိန်းကလေးဖြစ်သဖြင့် "ဦးလေးက တကယ်တော်တာပဲ" ဟု တိုးတိုးရေရွတ်ရုံမှလွဲ၍ အပြင်သို့ ပေါက်ကြားခြင်း မရှိစေရန် နှုတ်လုံစွာ နေရှာသည်။ ယင်းမှာ မိသားစု၏ လျှို့ဝှက်ချက်ဖြစ်ကြောင်း သူမ နားလည်ထားပေသည်။
မြေအောက် ဆေးဖော်စပ်ခန်းအတွင်း၌ နင်တောက်ရန်သည် အဆင့် (၁) အဆင့်မြင့်ဆေးလုံးများ ဖြစ်သော 'အနှစ်သာရဆေးလုံး' နှင့် 'နက်နဲသောအနှစ်သာရဆေးလုံး' တို့ကို ဖော်စပ်ရန် ကြိုးစားနေ၏။
အကြိမ်တစ်ရာခန့် ဆက်တိုက် ကျရှုံးပြီးနောက်"ဆေးပေါင်းအိုးကို ဖွင့်စေ" ဟု သူက ဟစ်အော်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ နီမြန်းလျက် ဆံပင်များလည်း ဖရိုဖရဲ ဖြစ်နေကာ ထူးဆန်းသော အခြေအနေတစ်ရပ်သို့ ရောက်ရှိနေချေပြီ။
ဆေးဖော်စပ်ခြင်းအတတ်မှာ ခက်ခဲလှပေရာ အကြိမ်များစွာ စမ်းသပ်သော်လည်း တစ်လုံးမျှ အဖတ်မတင်ခဲ့ချေ။ သမင်အူကြောင်ကြီးမှာမူ ရုပ်ဖျက်အတတ်ကို လေ့ကျင့်နေရင်း သူ၏ အစ်ကိုကြီး စိတ်ပျက်လက်ပျက် ဖြစ်နေသည်ကို မြင်သောအခါ ဘေးသို့ မျက်နှာလွှဲ၍ နေတော့သည်။
"ဘုန်း"
ဆေးပေါင်းအိုးအတွင်းမှ ပြာများသာ ထွက်ပေါ်လာသောအခါ နင်တောက်ရန်က "သမင်ကြီး... မင်း ခုနက ရယ်လိုက်တယ် မဟုတ်လား၊ မင်းကြောင့် ငါ့ရဲ့ ဆေးဖော်စပ်တဲ့ အစဉ်အလာ ပျက်စီးကုန်ပြီ..." ဟု ဆိုကာ ရန်မူရန် ဟန်ပြင်တော့သည်။ သမင်ကြီးမှာမူ သူ မရယ်ပါကြောင်း ကပြ၍ ငြင်းဆိုနေရှာ၏။
"ဆင်ခြေမပေးနဲ့ 'တောင်ဖြိုခွင်းခြင်း'..."
နင်တောက်ရန်သည် ရှေ့သို့ တိုးကာ သမင်ကြီး၏ ခြေထောက်များကို တွန်းထုတ်ပြီးနောက် လေထဲသို့ မြှောက်တင်၍ ခြေထောက်ကို ကိုင်ကာ အကြိမ်ကြိမ် လွှဲယမ်းပစ်လိုက်တော့၏။ သမင်ကြီး၏ အော်ဟစ်သံမှာ လျှို့ဝှက်ခန်းအတွင်း ပဲ့တင်ထပ်သွားရသည်။
သမင်ကြီးနှင့် ကစားပြီးနောက် နင်တောက်ရန်သည် မည်းနက်နေသော ဆေးပေါင်းအိုးရှေ့တွင် စိတ်ပျက်စွာ ထိုင်နေမိတော့၏။
သူ၏ အဘွား ချန်ထားရစ်ခဲ့သော အတတ်ပညာမှာ အဆင့် (၁) အလယ်အလတ်အဆင့်သာ ဖြစ်သဖြင့် အဆင့်မြင့်ဆေးလုံးများအတွက်မူ သူသည် မိမိဘာသာ ကြိုးစားအားထုတ်နေရခြင်း ဖြစ်သည်။
'အုတ်မြစ်တည်ဆောက်ခြင်း' ဆေးလုံးကို ကိုယ်တိုင် ဖော်စပ်နိုင်ရန်အတွက် သူသည် ဆေးဖော်စပ်ခြင်းအတတ်ကို အဆင့် (၂) သို့ မဖြစ်မနေ မြှင့်တင်ရပေလိမ့်မည်။ ဂိုဏ်းအတွင်းမှ ဆေးလုံးများကို ရရှိရန်မှာ သူကဲ့သို့သော အပြင်စည်းတပည့်အတွက် မဖြစ်နိုင်သည်ဖြစ်ရာ မိမိကိုယ်ကိုသာ အားကိုးရပေမည်။
"ဆက်လုပ်ဦးမယ်" ဟု ဆိုကာ သူသည် စိတ်ဓာတ်ကို ပြန်လည်စုစည်း၍ ဆေးဖော်စပ်ခြင်းကို ဆက်လက်လုပ်ဆောင်ပြန်သည်။ ရက်အနည်းငယ် ကြာသောအခါမှသာ အောင်မြင်မှု အသီးအပွင့်ကို စတင်ခံစားရတော့၏။
ဆေးလုံးများ အောင်မြင်စွာ ထွက်ပေါ်လာသောအခါ သူသည် လိုအပ်သော အပူချိန်နှင့် အချိုးအစားများကို စနစ်တကျ မှတ်တမ်းတင်ထားလိုက်သည်။
ယခုအခါ သူ၏ ဆေးဖော်စပ်မှု အောင်မြင်နှုန်းမှာ ၉၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့ပြီဖြစ်ရာ နင်တောက်ရန်သည် 'အဆင့် (၁) အဆင့်မြင့် ဆေးဖော်စပ်သူ' တစ်ဦး ဖြစ်လာခဲ့ချေပြီ။
ပူပြင်းလှသော နွေရာသီဝယ် နင်တောက်ရန်နှင့် သမင်ကြီးတို့သည် ထမင်းစားပွဲကို သစ်ပင်ရိပ်အောက်သို့ ထုတ်ယူလာကြသည်။
ချန်ဝေ့မောကလည်း အလိုက်သိစွာဖြင့် ထမင်းခူးပေးရှာ၏။ နင်တောက်ရန်နှင့် သမင်တို့မှာ မြိန်ရည်ယှက်ရည် စားသောက်နေကြစဉ် "မိတ်ဆွေနင်... စားနေတာလား" ဟု 'ဟွမ်ရှန်' က အဝေးမှ လှမ်း၍ နှုတ်ဆက်လာသည်။
နင်တောက်ရန်က ဖိတ်ခေါ်သော်လည်း ဟွမ်ရှန်ကမူ ယဉ်ကျေးစွာ ငြင်းဆို၍ ထွက်ခွာသွားတော့၏။
သူ၏ စိတ်ထဲတွင်မူ နင်တောက်ရန်သည် 'ဝိညာဉ်စွမ်းအင်သန့်စင်မှု' အဆင့်မြင့်ပိုင်း ကျင့်ကြံသူဖြစ်သော်လည်း မသေမျိုးတစ်ဦး၏ အသွင်သဏ္ဌာန် လုံးဝမရှိဘဲ သမင်တစ်ကောင်၊ မိန်းကလေးငယ်တစ်ဦးတို့နှင့် ဆော့ကစားနေသည်ကို ကြည့်ကာ ထူးဆန်းအံ့ဩနေမိတော့၏။
နောက်တစ်နေ့တွင် နင်တောက်ရန်သည် အဆင့် (၂) မီးဒြပ်ဝိညာဉ်အမြုတေကို ရှာဖွေရန် ဟွမ်လုံဈေးကွက်သို့ ဆင်းလာခဲ့ပြန်သည်။ 'ငါးပါးဒြပ် စီးဆင်းခြင်း အစီအရင်' ကို မရမချင်း သူ စိတ်မချနိုင်ဖြစ်နေခြင်း ဖြစ်၏။
အထူးသဖြင့် 'အုတ်မြစ်တည်ဆောက်ခြင်း' အလယ်အလတ်အဆင့်ရှိသူများ၏ ဝိညာဉ်ဖိအားမှာ ကြောက်မက်ဖွယ်ကောင်းလှသည် ဖြစ်ရာ ထိုသို့သော ရန်သူများနှင့် ရင်ဆိုင်ရန်အတွက် အစီအရင်မှာ မဖြစ်မနေ လိုအပ်ပေသည်။
'ချင်းဖူးဖန်' အရောင်းဆိုင်သို့ ရောက်သောအခါ 'ချန်ဖျင်အာ' က ပြုံးရွှင်စွာ ဆီးကြိုနှုတ်ဆက်လာသည်။
သူမက နင်တောက်ရန်၏ ကျင့်ကြံမှု တိုးတက်လာကြောင်း မြှောက်ပင့်ပြောဆိုနေသော်လည်း နင်တောက်ရန်ကမူ သူမ၏ စကားကို စိတ်ထဲမထားပေ။
အမြုတေကို ရှာမရသော်လည်း အဆင့် (၂) မန္တန်စက္ကူများကို ကြည့်ရှုစဉ် 'ကျောက်သားဒိုင်းလွှားမန္တန်စက္ကူ' ကို သူ စိတ်ဝင်စားသွား၏။ ယင်းသည် 'အုတ်မြစ်တည်ဆောက်ခြင်း' အလယ်အလတ်အဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို အကြိမ်ကြိမ် ခံနိုင်ရည်ရှိသည်ဖြစ်ရာ ဝိညာဉ်ကျောက် တစ်ထောင်ပေး၍ လေးရွက်ကို ဝယ်ယူလိုက်တော့၏။
ဟွမ်လုံဈေးကွက်အတွင်း၌ လေလွင့်ကျင့်ကြံသူများစွာသည် မိမိတို့၏ ပစ္စည်းများကို ခင်းကျင်းရောင်းချနေကြသည်။
တစ်ခါတစ်ရံတွင် ရတနာအစစ်များကို အဖိုးနည်းနည်းဖြင့် ရရှိတတ်သည်ဟု ကြားဖူးသော်လည်း နင်တောက်ရန်မှာမူ ဝယ်ယူတိုင်း အလိမ်ခံရသည်သာ များလှချေသည်။ သမင်ကြီး၏ မျက်မှောင်များမှာလည်း အလိမ်ခံရဖူးသဖြင့် တွန့်ချိုးနေတော့၏။
ထိုစဉ် သူနဲ့ သမင်တို့ လမ်းလျှောက်နေကြစဉ် နောက်ကွယ်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။ "ဪ... ရှေ့က လူငယ်လေး နင် မဟုတ်လား"
ထိုအသံမှာ အခြားမဟုတ်၊ ဗိမာန်ဖြူတောင်မှ ဘိုးဘေးကြီးလော့ပင် ဖြစ်ချေသည်။ နင်တောက်ရန်မှာ မျက်မှောင်ကြုတ်မိသွားပြီး သမင်ကြီးမှာလည်း အလွန်အမင်း ဒေါသထွက်သွားရ၏။
"အကြီးအကဲလော့ ဖြစ်နေတာကိုး" ဟု နင်တောက်ရန်က လှည့်၍ ပြုံးပြလိုက်သည်။ "ဒီမှာ ဆုံရလိမ့်မယ်လို့ မထင်ထားဘူး၊ တိုက်ဆိုင်လှချေလား"
ဘိုးဘေးကြီးလော့သည် ဤဈေးကွက်၏ ပိုင်ရှင်မှာ 'အနန္တဂိုဏ်း' ဖြစ်သည်ကို သိသဖြင့် အတန်ငယ် ယဉ်ကျေးနေပုံရ၏။
သူက နင်တောက်ရန်အား အမြုတေ ထပ်မံရရှိခြင်း ရှိမရှိ မေးမြန်းလာသည်။ နင်တောက်ရန်က မရရှိသေးကြောင်း ဖြေကြားသောအခါ"တိုက်ဆိုင်လိုက်တာ၊ ငါ့ရဲ့ မိတ်ဆွေတစ်ယောက်ဆီမှာ အဆင့် (၂) မီးဒြပ်ဝိညာဉ်အမြုတေ တစ်ခု ရှိနေတယ်၊ မင်း စိတ်ဝင်စားရင်တော့ နောက်သုံးရက်နေရင် 'ရိဖျင်ခန်းမဆောင်' မှာ ကျင်းပမယ့် လဲလှယ်ပွဲကို လာခဲ့ဦး" ဟု ဖိတ်ခေါ်လာတော့သည်။
ဘိုးဘေးကြီးလော့သည် လူငယ်တစ်ဦးအား လိမ်ညာပြောဆိုနေစရာ မလိုသဖြင့် နင်တောက်ရန်မှာ စိတ်ဝင်စားသွားသော်လည်း စိတ်ထဲတွင်မူ ဤအဘိုးကြီး၏ အပြုအမူကို သံသယရှိနေဆဲပင် ဖြစ်တော့သတည်း။
***