မွန်းတည့်ချိန် ရောက်သော်လည်း ထန်ရှောင်မင်တစ်ယောက် ပြန်ရောက်မလာသေးပေ။ သို့သော် သူမကတော့ ထမင်းဟင်းချက်ပြုတ်ခြင်းကို အဆုံးသတ်ပြီးပြီဖြစ်၏။ လေ့ကျင့်ခန်း လုပ်ပြီးစဖြစ်၍ သူမ၏ ဝမ်းဗိုက်ထံမှ ဆာလောင်မှု၏ အချက်ပေးသံများကလည်း ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။
မနေ့က ချက်ထားသော ကြက်သားမှိုဆီပြန်ဟင်းသည် ကုန်သွားခဲ့ပြီဖြစ်ရာ သူမ ခဏမျှ စဉ်းစားလိုက်ပြီးနောက် အားယူ၍ အိပ်ရာပေါ်မှ ဆင်းလိုက်သည်။ ယူဆောင်လာသော ဂျုံမှုန့်ဖြူများဖြင့် ကြက်ဥအစာသွတ် ပေါက်စီလုပ်ရန် သူမ ဆုံးဖြတ်လိုက်သည်။
ထိုကြက်ဥများသည် ရွာခံများနှင့် ပစ္စည်းချင်းလဲလှယ်ထားခြင်း သို့မဟုတ် တောင်ပေါ်မှ ကောက်ရထားသော တောကြက်ဥများ ဖြစ်ကြောင်း သူမ ရှင်းပြရလိမ့်မည်။
ဂျုံနယ်ရခြင်းသည် ပင်ပန်းလှသော်လည်း ယခုအခါတွင်တော့ ထိုအလုပ်ကို သူမ မကြောက်တော့ပေ။ ခန္ဓာကိုယ် ကျစ်လျစ်စေရန်အတွက် ပင်ပင်ပန်းပန်း လုပ်ကိုင်ရခြင်းကိုပင် သူမ လိုလိုလားလား ကြိုဆိုနေမိသည်။
သူမသည် ဂျုံမှုန့်ဖြူများဖြင့် ပေါက်စီအလုံးကြီးအချို့ကို ပြုလုပ်လိုက်သည်။ ဂျုံပွဆေး မရှိသဖြင့် အခွံက အနည်းငယ် တင်းနေသော်လည်း ထိုသို့သော ပေါက်စီမျိုးသည် ပို၍ပင် အရသာရှိသေးသည်။ သူမသည် ဂျုံသားကို ပါးလွှာသည်အထိ လှိမ့်ပြီးနောက် အတွင်းထဲ၌ အစာကို များများပြားပြား ထည့်သွင်းလိုက်သည်။
ပေါက်စီလေးများသည် အခွံပါးပြီး အစာများဖြင့် ပြည့်လျှံနေ၏။ ပေါက်စီတစ်လုံးချင်းစီသည် လူကြီးတစ်ယောက်၏ လက်သီးဆုပ်အရွယ်ခန့် ရှိပြီး စုစုပေါင်း ခုနစ်လုံး၊ ရှစ်လုံးခန့် ပြုလုပ်လိုက်သည်။
သူမ၏ အာကာသဟင်းလင်းပြင်ထဲတွင် ကျန်းမိသားစုထံမှ ရလာသော ပေါက်စီပေါင်းအိုး ရှိနေသဖြင့် ထိုအိုးကိုထုတ်ယူ၍ အသုံးပြုလိုက်သည်။ ဤပစ္စည်းများသည် ရွာသားများထံမှ ဝယ်ယူထားခြင်း ဖြစ်သည်။ မည်သူ့ထံမှ ဝယ်သလဲဟု မမေးကြနှင့်။ မေးလျှင်လည်း သူမ ပြောပြမည် မဟုတ်ပေ။
"မန်မန်၊ နင် ပေါက်စီတွေ အများကြီး လုပ်ထားတာပဲ!"
"လာမြည်းကြည့်ပါဦး၊ ကြက်ဥအပြင်၊ တရုတ်နံနံနဲ့ အသားအစာသွတ်ထားတွေလည်း ပါသေးတယ်။"
ထန်ရှောင်မင်တစ်ယောက် ယခုတစ်ကြိမ်တွင် တကယ်က်ို အံ့အားသင့်သွားတော့သည်။"အသားအစာသွတ်ထားတာတောင် ပါတာလား။"
ကျန်းမန်မန် သူမကို နားမလည်နိုင်သော အပြုံးလေးတစ်ခုသာ ပြုံးပြလိုက်သည်။"ငါ အလုပ်တွေ အကုန်ပြီးသွားတော့ အစောကြီး အပြင်ထွက်သွားပြီး ဝယ်လာတယ်ဆိုရင် နင်ယုံမလား။"
ထိုစကားကို ကြားသောအခါ ထန်ရှောင်မင် တကယ်ပင် ယုံကြည်သွားခဲ့တော့သည်။
"ယုံတာပေါ့! နင် မသိသေးဘူး၊ နင့်ရဲ့ အလုပ်လုပ်နှုန်း မြန်တဲ့အကြောင်းက ရွာထဲမှာ နာမည်ကြီးနေပြီ။ ဒီနေ့ဆို အဖွဲ့ခေါင်းဆောင်က နင့်ကို နာမည်တပ်ပြီးတောင် ချီးကျူးသွားသေးတယ်။ ပညာတတ်လူငယ်တွေထဲမှာ နင်က အလုပ်လုပ်တာ အမြန်ဆုံးနဲ့ အကောင်းဆုံးပဲတဲ့။ လီဟုန်မေ့ရဲ့ မျက်နှာ ပျက်သွားတဲ့ပုံစံကို နင် မြင်လိုက်သင့်တာ။"
ကျန်းမန်မန် ပေါက်စီတစ်လုံးကို မြည်းစမ်းနေရင်း သူမတော့ ရွာထဲမှ လူများ၏ မနာလိုစိတ်ကို အတော်လေး ထကြွလာအောင် လုပ်မိပြီထင်သည်ဟု တွေးလိုက်မိ၏။
သို့သော်လည်း ဘယ်သူ့ကိုမှ ဂရုစိုက်မနေနိုင်။ သူမသည် သူတစ်ပါး အကြိုက် လိုက်နေရမည့်သူမျိုးလည်း မဟုတ်ပေ။
"သူတို့ကို ဂရုမစိုက်စမ်းပါနဲ့၊ လာ... ပေါက်စီပဲ စားကြရအောင်။"
ထန်ရှောင်မင် ပေါက်စီကို တစ်ကိုက် ကိုက်လိုက်သည်နှင့် သူမ၏ မျက်ဝန်းများ တောက်ပသွားတော့၏။
"အင်း... တကယ် ကောင်းတာပဲ။ အစာသွတ်ထားတဲ့ ပါဝင်ပစ္စည်းတွေကလည်း လိုက်ဖက်တယ်။ အရသာရှိလိုက်တာ!"
"ဟေ့...ကျွန်တော့်ကို ပေါက်စီ နှစ်လုံးလောက် ရောင်းလို့ရမလား။"
ခြံစည်းရိုးနားတွင် ရပ်နေသော ထိုလူကို ကျန်းမန်မန် ကြည့်လိုက်မိသည်။ သူက ဘာလာလုပ်သည်လဲ။
"ပေါက်စီ လေးလုံးကို တစ်ယွမ်။"
ဈေးနည်းသွားမလားဟု သူမ တွေးနေမိစဉ်မှာပင် ကျိုးယဲ့၏ စကားသံက ထွက်ပေါ်လာ၏။
"ကျွန်တော့်ကို ရှစ်လုံး ပေးပါ။"
ကျန်းမန်မန်က သူထိုမျှအများကြီးစားနိုင်ပါ့မလားဟု မေးရန် ပြင်နေစဉ်မှာပင် ခြံအပြင်ဘက်မှ အခြားအမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။
"အစ်ကိုယဲ့... ဟိုဝက်မကြီး အခြေအနေ သိပ်မဟန်တော့ဘူး။ ဒီတစ်ခါတော့ တကယ် ဖျားနေတာ ထင်တယ်။ ဘယ်လိုလုပ်ကြမလဲ။"
ကျိုးယဲ့လည်း လက်ဆေးနေရင်း ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။
"အရင် လက်ဆေးလိုက်ဦး။ ပေါက်စီစားပြီးမှ သွားကြည့်ကြတာပေါ့။ တကယ်ပဲ မသက်သာနိုင်တော့ဘူးဆိုရင်တော့ သတ်လိုက်ရုံပဲ ရှိတော့တယ်။"
"အစ်ကိုယဲ့ ကိုယ်တိုင် ချက်ထားတာလား။"
ထိုလူငယ်သည် အသက် ၁၈၊ ၁၉ ခန့် ရှိပုံရပြီး ကျိုးယဲ့ထက် အရပ် အနည်းငယ် ပုသည်။ ကျိုးယဲ့ကဲ့သို့ ကတုံးဆံပင်မျိုး မဟုတ်ဘဲ ဘေးခွဲ ဆံပင်ပုံစံနှင့် ဖြစ်သည်။
သူသည် လက်ဆေးနေရင်း ကျန်းမန်မန်တို့၏ ခြံဝင်းဘက်သို့ လှမ်း၍ အကဲခတ်ကြည့်လိုက်သည်။
"ဟိုဘက်ခြံထဲမှာ လူနေပြီလား။ ဘယ်သူကများ ဒီလောက် သတ္တိကောင်းရတာလဲ။"
ကျိုးယဲ့သည် ကျန်းမန်မန် ထုပ်ပေးသော ပေါက်စီရှစ်လုံးကို လက်ခံရယူကာ ငွေနှစ်ယွမ် ပြန်ပေးလိုက်သည်။
"မာဇီ... လာ၊ ပေါက်စီစား။ ဟိုဘက်မှာ ပညာတတ်လူငယ် မိန်းကလေးနှစ်ယောက် အသစ်ပြောင်းလာတာ။ လက်ရာကတော့ မဆိုးဘူး၊ စားကြည့်စမ်းပါ။"
"ဪ...!"
မာဇီဆိုသူလည်း ခြံဝင်းဘက်သို့ ခေါင်းပြူကြည့်လိုက်ရာ ကျန်းမန်မန်နှင့် ထန်ရှောင်မင်တို့ကို တွေ့လိုက်ရသဖြင့် ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။
"နေကောင်းကြလား ခင်ဗျ။ ကျွန်တော့်နာမည်က ကောမာဇီပါ။"
ကျန်းမန်မန်နှင့် ထန်ရှောင်မင်တို့ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ပြန်မိတ်ဆက်လိုက်ကြသည်။
"ကျွန်မက ကျန်းမျိုးရိုးပါ၊ သူကတော့ ထန်မျိုးရိုးပါ။"
ကျိုးယဲ့လည်း ကောမာဇီကို စိတ်မရှည်သလို ကြည့်လိုက်ပြီး ဆိုလိုက်သည်။
"စားနေတဲ့အချိန်တောင် ပါးစပ်က မနားနိုင်သေးဘူး။ မြန်မြန်စား၊ ပြီးရင် ဝက်မွေးမြူရေးခြံကို သွားကြည့်ရမယ်။"
ဝက်ခြံအကြောင်း ပြောလိုက်သည်နှင့် မာဇီ၏ မျက်နှာ ညှိုးကျသွားတော့သည်။ သူသည် ပေါက်စီတစ်လုံးကို ကောက်ယူပြီး တစ်ကိုက် ကိုက်လိုက်၏။
"ဟူး... အဲဒီဝက်မကြီးကတော့... ဟေး! ဒီပေါက်စီက တကယ် အရသာရှိတာပဲ!"
အရသာရှိမှန်း ကျိုးယဲ့လည်း သိသည်။ မနေ့က ကြက်သားဆီပြန်ဟင်းမှစ၍ ယနေ့ ပေါက်စီအထိ ကြည့်ခြင်းအားဖြင့် ဤမိန်းကလေးသည် အိမ်တွင် စားဖိုမှူးရှိခဲ့ဖူးသူ သို့မဟုတ် သူမကိုယ်တိုင်က အချက်အပြုတ် ကျွမ်းကျင်သူဖြစ်နေကြောင်း ထင်ရှားနေသည်။
"စားစရာရှိတာ မြန်မြန်စားစမ်းပါ။ ပေါက်စီ ကောင်းမှန်း ငါလည်း သိတယ်။ ပြီးရင် အဲဒီဝက်မကြီးကို သွားကြည့်ရမယ်။ အဲ့ဒါက ငါချန်ထားတဲ့ မျိုးပွားဝက်မကြီးကွ။ တခြားနည်းလမ်း မရှိတော့မှသာ သတ်လိုက်ရမှာ။"
မာဇီကလည်း ထောက်ခံလေသည်။ "ကျွန်တော်လည်း မသတ်ချင်ပါဘူးဗျာ! မနှစ်က သူသားပေါက်တာ အကုန်လုံး အဖတ်တင်တယ်။ ဒီနှစ်လည်း နောက်ထပ် ဆယ်ကောင်လောက် ရဦးမှာ။ အခု သူ့ကို သတ်လိုက်ရင် ဝက်ခြံအတွက် အနည်းဆုံး ဝက်ဆယ်ကောင်လောက် ဆုံးရှုံးသွားမှာဗျ။ ဝက်ဆယ်ကောင်ရဲ့ တန်ဖိုးက ဘယ်လောက်ရှိလဲ အစ်ကို သိတာပဲ!"
ကျိုးယဲ့လည်း စိတ်ရှုပ်နေရသည့်ကြားမှ ထိုလူက တတွတ်တွတ် ပြောနေပြန်သဖြင့် အလျင်အမြန် ဆိုလိုက်လေသည်။
"စကားတွေ များမနေနဲ့တော့။ မြန်မြန်စားပြီး ဝက်ခြံကိုသွားရအောင်။ အခြေအနေ ပိုဆိုးလာရင်တော့ မြို့နယ်ဆေးခန်းက ဆရာဝန်ကို သွားပင့်ရမှာပဲ။"
မာဇီက ခေါင်းခါလိုက်၏။ "ခက်လိမ့်မယ်! ပြီးခဲ့တဲ့တစ်ခေါက်က လူဆိုရင် သိပ်ဆိုးတာ။ လူကို လူလိုတောင် မကြည့်ဘူး၊ နှာခေါင်းရှုံ့ပြီး သူက လူပဲကုတာ ဝက်မကုဘူးလို့ အတင်းငြင်းနေသေးတယ်။ နောက်ဆုံး သူကုပေးလိုက်လို့ အဲ့ဒီဝက်ထီးကြီး သေသွားတာတောင် သူ့ကို ဘာမှသွားပြောလို့ မရဘူး။ တကယ် ကံဆိုးတာပဲဗျာ!"
"ဒီတစ်ခါတော့ သူ့ဆီ မသွားဘဲ နေကြရအောင်။ တခြားရွာ ဒါမှမဟုတ် မြို့နယ်ဘက်မှာ တခြားဆရာဝန်များ ရှိနေဦးမလားလို့..."
"အိုး... ခုနက ကျွန်တော်စားတာက ကြက်ဥအစာသွပ်၊ အခုဟာက တရုတ်နံနံနဲ့ အသားပါလား။ အထဲမှာ အသားတွေပါနေတာပဲ!"
"အစ်ကိုယဲ့... အစ်ကို့ဘဝကတော့ တကယ့်ဇိမ်ပဲဗျာ။ ဒီပညာတတ်လူငယ် မိန်းကလေးက အစ်ကို့ကို သဘောကျနေလို့ ကိုယ်တိုင်ချက်ပြီး ကျွေးတာလား။"
သူ၏အသံက တိုးတိုးတိတ်တိတ်လည်း မဟုတ်ပေ။ ခြံဝင်းနှစ်ခုကြားတွင် ခိုင်ခိုင်မာမာ မရှိလှသော ခြံစည်းရိုးလေးတစ်ခုသာ ခြားထားသဖြင့် တစ်ဖက်မှ ပြောသမျှကို အတိုင်းသား ကြားနေရ၏။
ကျိုးယဲ့လည်း မျက်လုံးလှန်ကြည့်လိုက်ရင်း ဆိုလိုက်သည်။"မင်း မျက်စိကန်းနေတာလား။ ခုနက ငါ သူမကို နှစ်ယွမ် ပေးလိုက်တာ မမြင်ဘူးလား။ ဒီပေါက်စီတွေက ပိုက်ဆံပေးပြီး ဝယ်ထားရတာကွ၊ ငါ့မျက်နှာနဲ့ ရလာတာ မဟုတ်ဘူး!"
ပြောရင်းနှင့် သူက သူ၏မျက်နှာကိုလည်း လက်ညှိုးထိုးပြလိုက်သေးသည်။
တစ်ဖက်မှ ကောမာဇီလည်း အံ့အားသင့်သွားပြီး ပေါက်စီကို ငေးကြည့်ကာ ပြောလိုက်၏။"နှစ်ယွမ်တောင်လား။ ဒါဆိုရင်တော့ ကျွန်တော် ဖြည်းဖြည်းချင်း အရသာခံပြီး စားရတော့မယ်။ အစ်ကို့နှယ်... တကယ်ကို အသုံးအဖြုန်းကြီးတာပဲ။"
"စားစရာရှိတာသာ စားစမ်းပါ၊ ပါးစပ်က အနားမနေနိုင်ဘူးလား။"
ကျိုးယဲ့ နောက်တစ်ကြိမ် မျက်စောင်းထိုးလိုက်မိပြန်သည်။ ထိုအချိန်တွင် ကျန်းမန်မန်ကတော့ ခြံဝင်းထဲ၌ ထမင်းစားနေရင်း သူတို့ပြောသမျှကို အစအဆုံး ကြားနေရ၏။
သူမသည် ဘွဲ့ရပြီးနောက် သူနာပြုလောကထဲသို့ ဝင်ရောက်ကာ ဆေးရုံဆေးခန်းများ၌ အောက်ခြေမှစ၍ ပင်ပင်ပန်းပန်း အမှုထမ်းလိုစိတ် မရှိသဖြင့် အွန်လိုင်းအရောင်းဆိုင်ကို ဖွင့်လှစ်ခဲ့သူဖြစ်သည်။
အွန်လိုင်းဈေးကွက် ခေတ်စားလာချိန်တွင် သူမ၏ဆိုင်က အောင်မြင်ကျော်ကြားသွားခဲ့ရာ သူမအနေဖြင့် အိမ်တွင် လှဲနေရင်းနှင့် ငွေရှာနိုင်နေခဲ့သဖြင့် ဆေးရုံထဲမှ ပိုးသတ်ဆေးနံ့များကို မရှူချင်ခဲ့တော့ပေ။
သို့သော် ထိုသို့ဆိုခြင်းက သူမ၏ ဆေးပညာ အသိပညာရပ်များသည် အလဟဿ ဖြစ်သွားပြီဟူ၍တော့မဟုတ်ပေ။
ကျောင်းတက်စဉ်ကာလက သူမသည် တိရစ္ဆာန် မွေးမြူရေးဘာသာရပ်မှ သူငယ်ချင်းများနှင့် အမြဲတစေ ရောနှောနေထိုင်ကာ ချစ်စရာကောင်းသော တိရစ္ဆာန်လေးများကို လက်တွေ့လေ့ကျင့်ဖော်အဖြစ် အသုံးပြုခဲ့ဖူးသည်။
ကြက်၊ ဘဲ၊ ငန်း၊ ဝက်၊ နွား၊ ဆိတ် - ထိုသတ္တဝါအားလုံးကို သူမ သုတေသနပြုခဲ့ဖူးသည်။ သူမ၏ သူငယ်ချင်းများပင်လျှင် တိရစ္ဆာန်ကျန်းမာရေးနှင့် ပတ်သက်၍ သူမကို မကြာခဏ တိုင်ပင်ကြရသည်။
သူမသည် အနာဂတ်၏ ထိပ်တန်းသမားတော်တစ်ယောက် ဖြစ်လာရမည့်အစား တိရစ္ဆာန်ဆေးကုဆရာဝန်အဖြစ်သို့ လမ်းချော်သွားလုနီးပါးပင် ဖြစ်ခဲ့ဖူးသည်။
အလုပ်ရှာရသည်မှာ စိတ်ပျက်စရာကောင်းလာသည့်တစ်ချိန်ကဆိုလျှင် အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်၌ ခဏတာ ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးသည့်အတွက် ဝက်ကလေးများကို ဆေးကုသပေးခဲ့ဖူးသေးသည်။
"အဟင်း..!"
"ရဲဘော်ကျိုး... လူတွေက ရှင့်ကို ဒါရိုက်တာလို့ ခေါ်နေကြတာကြားလို့ ရှင်စက်ရုံတစ်ခုခုကို ဦးဆောင်နေတယ်လို့ ထင်နေခဲ့တာ။ အခု သူတို့ပြောပုံအရဆိုရင် ဝက်မွေးမြူရေးခြံများလား။"
ကောမာဇီလည်း ချက်ချင်းဆိုသလို ဂုဏ်ယူဝင့်ကြွားစွာဖြင့် မတ်တတ်ထရပ်ပြီး ပြောလိုက်၏။
"ဟုတ်တာပေါ့! အထင်မသေးနဲ့လေ။ ကျွန်တော်တို့ အစ်ကိုယဲ့ တပ်ဖွဲ့ထဲကနေ အနားယူပြီး ပြန်ရောက်လာကတည်းက ကျွန်တော်တို့ ဝက်ခြံက သိသိသာသာ တိုးတက်လာတာ။ အနီးနား မြို့နှစ်မြို့မှာရှိတဲ့ အသားထုတ်လုပ်ရေး စက်ရုံတွေကတောင် ကျွန်တော်တို့ ဝက်ခြံကို အားကိုးနေရတာဗျ။ မနှစ်ကဆိုရင် ကျွန်တော်တို့ ဝက်ခြံက အထူးဆုရထားတာ။ ဟိုးဘက် ဝမ်ကျားကျွမ်းက ဝက်ခြံဆိုရင် ကျွန်တော်တို့ ဝက်ခြံကို လိုက်ဖို့ ဝေးပါသေးတယ်!"
***