"တော်တော့... အပြောကြီးမနေနဲ့တော့။"
ကျိုးယဲ့က သူ့စကားကို ဖြတ်ပြောလိုက်ပြီး ကျန်းမန်မန်ဘက်သို့ လှည့်မေးလိုက်သည်။
"ဘာဖြစ်လို့လဲ။ မင်း ဝက်စာပင်တွေ သွားရိတ်ချင်လို့လား။"
ကျန်းမန်မန်က ပြုံးလျက် ခေါင်းခါပြလိုက်၏။ "ဝက်စာပင် ရိတ်ရမယ်ဆိုရင်လည်း ကျွန်မ မငြင်းပါဘူး။"
သူမ စဉ်းစားမိသည်မှာ လယ်ထွန်မြေတူးရသည့် အလုပ်က နည်းပညာပိုင်းအရ သိပ်မနက်နဲလှသလို သူမ၏ ဝိတ်ချခြင်း အစီအစဉ်အတွက်လည်း သိပ်ပြီး ထိရောက်မှု မရှိလှပေ။
သို့သော် ဝက်စာပင် ရိတ်ရမည်ဆိုလျှင်တော့ လေ့ကျင့်ခန်း လုပ်ရန် အချိန်ပိုထွက်လာနိုင်၏။
"ဝက်စာပင် ရိတ်တာက မင်းလုပ်ချင်တိုင်း လုပ်လို့ရတဲ့ အလုပ်မျိုးလို့ ထင်နေလား။"
ကျိုးယဲ့၏ စကားမဆုံးခင်မှာပင် ကျန်းမန်မန်က ပြောလာ၏။ "ကျွန်မ ဝက်တွေကို ဆေးကုပေးနိုင်တယ်လို့ ပြောရင်ရော။"
"ဘာ...!"
ကျန်းမန်မန်လည်း ပုခုံးတွန့်ပြပြီး ဆိုလိုက်၏။ "ရှင် ကြားတာမှန်ပါတယ်။ ကျွန်မ ကုပေးနိုင်မယ် ထင်တယ်။"
ကျိုးယဲ့နှင့် ကောမာဇီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ မာဇီက သူမကို ခေါင်းအစခြေဆုံး အကဲခတ်ကြည့်ပြီး မယုံကြည်သလိုဖြင့် ပြောလိုက်၏။
"ဒီမှာ... ပညာတတ်လူငယ် မိန်းကလေး၊ ဝက်စာရိတ်တဲ့ အလုပ် ရချင်ဇောနဲ့ လျှောက်ပြောနေတာတော့ မဟုတ်ပါဘူးနော်။ ဝက်ကုသတယ်ဆိုတာ တိရစ္ဆာန်ဆေးကု လက်မှတ်ရှိမှ ဖြစ်တာ။ အရင် ဒီခြံထဲမှာ နေသွားတဲ့ အဖိုးကြီးကတော့ လူကုရော တိရစ္ဆာန်ရောကုနိုင်တဲ့ လက်မှတ်ရှိတယ်။ သူရှိတုန်းက သူပဲ ကုပေးတာပေါ့။ နှမြောစရာကောင်းတာက သူ မရှိတော့တာပဲ။"
ကျန်းမန်မန်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်၏။ "ကျွန်မ ကုနိုင်ပါတယ်ဆိုတာကို ရှင်တို့က မယုံဘူးပေါ့။ ထားလိုက်တော့လေ... ကျွန်မ ဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ။"
ကျိုးယဲ့ သူမကို သံသယစိတ်ဖြင့် ကြည့်နေမိသည်။ သေခါနီး ဝက်ကို ရှင်နိုင်ကောင်းရှင်းနိုင်သည်ဟူ၍ ကုခိုင်းကြည့်ရမလား၊ အကယ် သူမ မကုနိုင်လျှင်လည်း ဝက်မကြီးကို သတ်ရုံသာ ရှိတော့သည်ဟု တွေးနေစဉ်မှာပင် လူတစ်ယောက် အပြေးအလွှား ရောက်လာခဲ့၏။
"အစ်ကိုယဲ့! အစ်ကိုယဲ့! တိရစ္ဆာန်ဆေးကုဆရာဝန်ရှန်း ကို ရှာတွေ့ပြီဗျ!"
ကျိုးယဲ့လည်း အံ့အားသင့်သွားပြီးနောက် ဝမ်းသာအားရ ဖြစ်သွားတော့သည်။ သူသည် ပေါက်စီတစ်လုံးကို ကောက်ကိုင်လိုက်ပြီး ထွက်သွားတော့၏။
"ဒါဆို... သွားကြည့်ကြရအောင်။"
သူတို့ ပြေးထွက်သွားသည်ကို ကြည့်ရင်း ကျန်းမန်မန် စုတ်တစ်ချက်သတ်လိုက်၏။ သူမအတွက် အခွင့်အရေး မရှိတော့ပုံရသဖြင့် ပေါက်စီကိုသာ ဆက်စားနေလိုက်တော့သည်။
"မန်မန်... နင် တကယ်ပဲ ဝက်တွေကို ကုတတ်တာလား။"
ကျန်းမန်မန်က ပုခုံးတွန့်လိုက်ရင်း ပြန်ဖြေခဲ့သည်။ "အရင်က အနည်းအကျဉ်း လေ့လာဖူးတာပါ။ ကူညီပေးနိုင်မလားလို့ စဉ်းစားလိုက်ပေမဲ့ သူတို့ဘက်က မလိုတော့ဘူးထင်တယ်။"
ထိုစကားကို ကြားလိုက်ရပြီးနောက် ထန်ရှောင်မင်က ခေါင်းညိတ်ပြလိုက်၏။ "ဒီမှာ ဝက်ခြံရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဝက်တွေ ဘယ်နှကောင်လောက် မွေးထားလဲ မသိဘူးနော်။ ထားပါတော့... ဒီနေ့ မွန်းလွဲပိုင်း အလုပ်ဆင်းရဦးမယ်။ ငါကြားတာတော့ အဒေါ်လျိုက အမြဲတမ်း အလုပ်ခိုးတတ်တယ်တဲ့၊ ဒါပေမဲ့ ဒီနေ့ နင်နဲ့အတူ အလုပ်လုပ်ရတော့ သူလည်း လုပ်အားအမှတ် နှစ်မှတ် ပိုရသွားတယ်လေ။"
ကျန်းမန်မန် ဆွံ့အသွားရတော့သည်။
သူမကို အလုပ်သင်ပေးရန်အတွက် အလုပ်ကြိုးစားသည့် အဒေါ်တစ်ယောက် ချပေးသည်ဟု ထင်နေခဲ့မိခြင်းသာဖြစ်ပြီး ယခုတော့...။
မွန်းလွဲပိုင်း အလုပ်ခွင်ထဲတွင် အဒေါ်လျိုသည် ကျန်းမန်မန်ကို တစ်ခုခု ပြောချင်သလိုပုံစံဖြင့် ကြည့်နေသော်လည်း အောင့်ထားပုံရ၏။
"အလုပ်ကို နည်းနည်းလျှော့လုပ်ပါဦး" ဟု တိုက်ရိုက်ပြောလျှင်လည်း အဆူခံရနိုင်သဖြင့် သူမ အခက်တွေ့နေရရှာသည်။
"မင်းကို ကြည့်ရတာ ပင်ပင်ပန်းပန်း လုပ်ကိုင်ဖူးတဲ့ ပုံစံမျိုး မဟုတ်ပေမဲ့ လက်သွက်သားပဲ။"
ကျန်းမန်မန်က ပြုံးလိုက်ရင်း ပြန်ပြောလိုက်၏။ "ကျွန်မက အရမ်းဝနေလို့ မဟုတ်လား။ ကျွန်မသာ အလုပ်များများလုပ်ရင် ကိုယ်အလေးချိန် ကျသွားမလားလို့ပါ။ အဲ့ဒါကြောင့် အဒေါ်ရေ... ဒီနေ့ နေ့လယ်လည်း ဆက်ပြီး အားစိုက်လုပ်ကြရအောင်နော်!"
ထိုစကားကို ကြားလိုက်ရသည်နှင့် အဒေါ်လျိုတစ်ယောက် တုန်တုန်ရင်ရင် ဖြစ်သွားတော့သည်။ သူမသည် အောင့်သက်သက်နှင့် ပြုံးပြလိုက်ရပြီး ကျန်းမန်မန် ကျင်းများကို တစ်ကျင်းပြီးတစ်ကျင်း တူးနေရင်း အဝေးမှ အမည်းစက်ကလေးအဖြစ် ပြောင်းသွားသည်အထိ ကြည့်နေခဲ့မိသည်။
မကြာမီမှာပဲ ထိုအမည်းစက်ကလေးက သူမရှိရာဘက်သို့ ပြန်ရောက်လာခဲ့၏။
"အဒေါ်... ဘာလို့ မျိုးစေ့မချသေးတာလဲ။"
"ဪ.. ချ... ချနေပြီ၊ အခုပဲ ချတော့မလို့!"
အဒေါ်လျိုလည်း မတတ်သာဘဲ ဆက်လုပ်ရတော့သည်။ တစ်ဖက်မှ အခြားသူများကို ကြည့်လိုက်လျှင် တစ်ယောက်က တူး၊ တစ်ယောက်က စိုက်နှင့် တဟားဟားရယ်မောကာ အလုပ်ပြီးသွားခဲ့ကြလေပြီ။
သို့သော် သူမအတွက်ကတော့ တစ်ကိုယ်တော် အားစိုက်ထုတ်ရန်သာ ကျန်နေတော့သည်။ သူမ လှည့်ကြည့်လိုက်သောအခါ ကျန်းမန်မန်က သူမတာဝန်ကျသည့် အတန်းကို အပြီးတူးထားနှင့်လေပြီ။
ထို့နောက်တွင်တော့ ထိုပညာတတ်လူငယ် မိန်းကလေးသည် ဘယ်ဆီဘယ်နေရာ ပြေးသွားမှန်းမသိ ပျောက်သွားတော့၏။ အဒေါ်လျိုလည်း အသည်းခိုက်အောင် ခံစားလိုက်ရပြီး အဖော်လဲပေးရန် တောင်းဆိုချင်စိတ်သာ ပေါက်သွားတော့သည်။
သို့သော် လဲပေးရန်အတွက် ခိုင်လုံသောအကြောင်းပြချက်က မရှိနေပေ။ နေပါဦး... ကျန်းမန်မန်က အသင်းအဖွဲ့စိတ်ဓာတ် မရှိဘူးဟု ပြောလျှင်ရော။
သူမ ခေါင်းခါလိုက်မိသည်။ သို့သော် စီစီရီရီ တူးထားသော ကျင်းများကို မြင်လိုက်ရသောအခါတွင်တော့ သူမ၏ မျက်ဝန်းများ တောက်ပသွားတော့၏။ ဆင်ခြေတစ်ခု ရပြီ။
ကျန်းမန်မန်ကတော့ အလုပ်စဝင်သည့် ပထမဆုံးနေ့မှာပင် နေရာပြန်ချထားခံရတော့မည်ကို လုံးဝမသိနေခဲ့ပေ။ ယခု သူမသည် တောင်းတစ်လုံးကိုလွယ်ကာ တောင်ပေါ်သို့ တက်လာခဲ့ပြီး ဓားကိုတစ်ချက် ဝှေ့ယမ်းကာ ယုန်တစ်ကောင်ကို သတ်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဝက်စာပင်ရိတ်ရန် တောင်းလွယ်၍တက်လာသော ချန်သော်ယွိက သူမကို ထပ်မံတွေ့ရှိသွားပြန်၏။
ချန်သော်ယွိတစ်ယောက် ပါးစပ်အဟောင်းသားဖြင့် ကျန်းမန်မန်ကို မျက်လုံးမခွာစတမ်း စိုက်ကြည့်နေမိသည်။
"ရဲဘော်ကျန်း... မင်းရဲ့ ပစ်မှတ်ကို ထိအောင်ပစ်တဲ့ လက်ရည်ကတော့ တကယ်ကို အံ့ဩစရာပဲဗျာ! မနေ့က ကြက်တစ်ကောင်၊ ဒီနေ့ ယုန်တစ်ကောင်... မင်းဘဝကတော့ တကယ် ကံကောင်းတာပဲ။ မင်းရဲ့လက်ရည်က ဒီလောက်ကောင်းနေတော့ အဲ့ဒီယုန်ကို ကျွန်တော့်ကို ပေးပါလား။ ကျွန်တော်ယာခင်းထဲက ဟင်းသီးဟင်းရွက်တွေနဲ့ လဲပေးမယ်လေ။ မင်းတို့က ဒီကို အခုမှ အသစ်ရောက်တာဆိုတော့ ကိုယ်ပိုင်မြေကွက်မှာ ဘာမှ စိုက်ရသေးမှာ မဟုတ်ဘူး။ ယုန်ကို ကျွန်တော့်ကို ပေးပြီး မင်းကြိုက်တဲ့ ဟင်းသီးဟင်းရွက်ကို ကျွန်တော့်ယာခင်းထဲက လာယူလိုက်လေ။"
ကျန်းမန်မန် သူ့ကို ခေါင်းအစခြေအဆုံး တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ "ရဲဘော်... ရှင် ဘယ်ကသတ္တိတွေ ရလာတာလဲ။"
ထိုမေးခွန်းကြောင့် သူ ဆွံ့အသွားမိသည်။ ထို့နောက်မှ ဤစကားသည် ချီးကျူးစကား မဟုတ်နေမှန်း သူရိပ်မိလိုက်၏။
"ရဲဘော်ကျန်း... မလဲပေးချင်ရင်လည်း မလဲပေးချင်ဘူးလို့ပဲ ပြောလိုက်ပါ။ အဲ့ဒီလို စကားမျိုးအထိ ပြောဖို့ မလိုပါဘူး။"
"ဪ... ရှင့်မှာ နားလည်နိုင်စွမ်း ရှိသေးတာပဲ။ ကျွန်မက ရှင် နားမလည်နိုင်တော့ဘူးလို့ ထင်နေတာ။"
ထိုသို့ပြောပြီးနောက် ကျန်းမန်မန်သည် ယုန်ကို သိမ်းဆည်းကာ သူ့ကို လုံးဝဂရုမစိုက်နေတော့ဘဲ လှည့်ထွက်လာခဲ့၏။ ဤလူ ဘယ်က ပေါ်လာမှန်းလည်း သူမ မသိပေ။
တောင်ပေါ်၌ ဆက်လက်လှည့်လည်နေရင်း သူမသည် တောကြက်ဥများရှိနေသည့် အသိုက်တစ်ခုကို ရှာတွေ့ခဲ့ရာ ရှစ်လုံးခန့်အထိ ရရှိလိုက်လေသည်။
ကြက်တစ်ကောင်တည်းက ရှစ်ရက်ဆက်တိုက် ဥထားခြင်းလား၊ သို့မဟုတ် ကြက်မအုပ်စုလိုက် စု၍ဥထားခြင်းလားတော့ သူမ မသိပေ။
မည်သို့ပင်ဖြစ်စေ သူမသည် ဥများအားလုံးကို သိမ်းယူလိုက်ပြီး အသိုက်ကိုတော့ ဒီအတိုင်း ချန်ထားခဲ့လိုက်သည်။
သူမသည် ထိုနေရာကို သေချာမှတ်သားထားလိုက်ပြီး ဥများကုန်သွားလျှင် နောက်ရက်အနည်းငယ်အတွင်း ပြန်လာယူရန် စိတ်ကူးလိုက်သည်။
အိမ်ပြန်ရောက်သောအခါ တံခါးကို သေချာပိတ်ပြီး သူမ၏ အာကာသဟင်းလင်းပြင်ထဲသို့ဝင်ကာ လေ့ကျင့်ခန်း ဆက်လုပ်နေခဲ့၏။
ညစာစားချိန် နီးကပ်လာသောအခါ သူမသည် ယုန်သားကို သန့်စင်ပြီး အပိုင်းပိုင်း ပိုင်းဖြတ်လိုက်သည်။ ဒီနေ့ညစာကတော့... ခပ်စပ်စပ် ချက်ထားသည့် ယုန်သားဆီပြန်ဟင်း!
ဝိတ်ချနေသည်ဆိုသော်လည်း မိမိကိုယ်မိမ်ိ အစာအငတ်ခံပြီး နှိပ်စက်၍မရပေ။
သူမအနေဖြင့် ယုန်ခြေထောက် တစ်ဖက်လောက်သာစားပြီး ကျန်သည့်အရာများကို ထန်ရှောင်မင်ထံ ပေးလိုက်မည်။ သူမ စားနေသည်ကို ကြည့်ရသည်ကလည်း ကျန်းမန်မန်အတွက်တော့ ဗိုက်ဝနေသလိုပင်။
ယခုမှသာ အချို့လူများကအစားအသောက်များစားပြနေသည့်ဗီဒီယိုများကို ဘာကြောင့် စွဲစွဲလန်းလန်း ကြည့်နေကြသည်ကို သူမ နားလည်သွားတော့သည်။
ပုံမှန်အားဖြင့် ထိုသို့ကြည့်ရှုသူ နှစ်မျိုးရှိတတ်သည်။ အစားအသောက် ပျက်နေသူများနှင့် ဝိတ်ချနေသဖြင့် မစားရသူများဖြစ်ရာ - ထိုသူတို့သည် သူတို့ကိုယ်တိုင်မစားရသဖြင့် အခြားသူစားသည်ကို ကြည့်ပြီး စိတ်ဖြေနေကြခြင်းသာ ဖြစ်သည်။
ထိုနေ့ညနေတွင် ထန်ရှောင်မင် ပြန်ရောက်လာပြီး အနံ့မွှေးမွှေး ခပ်စပ်စပ်ယုန်သားဟင်းနံ့ကြောင့် ဗိုက်ထဲမှ အချက်ပေးသံများ မြည်လာတော့၏။
ကျန်းမန်မန်သည် ယုန်ခြေထောက် တစ်ဝက်ခန့်ကိုသာ စားခဲ့ပြီး ထန်ရှောင်မင် စားနေသည်ကို ထိုင်ကြည့်နေခဲ့လေသည်။
"မန်မန်... နင် ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ။"
ကျန်းမန်မန်က ပြုံးစစဖြင့် ပြန်ပြောလိုက်၏။ "နင် စားနေတာကို ကြည့်ရတာ သဘောကျလို့ပါ!"
"ဖူး...!"
ထန်ရှောင်မင်က ရယ်ချလိုက်မိပြီးနောက် မျက်စောင်းလှမ်းထိုးကာ ပြောလိုက်၏။ "စားစရာရှိတာသာ စားစမ်းပါ။"
"ငါ စားပြီးပြီ။ ငါ့ကိုလည်း ကြည့်ပါဦး၊ တကယ်ကို ဝနေတာ။ ငါ အခု ဝိတ်ချနေတာလေ။ နင်ပဲ ငါ့ကိုယ်စား စားလိုက်တော့။ နင်စားနေတာ ကြည့်ရုံနဲ့တင် ငါ ဗိုက်ဝပါတယ်။"
ထိုစကားကို ကြားသောအခါ ထန်ရှောင်မင်က ခေါင်းကိုစောင်း၍ သူမကို ကြည့်လိုက်၏။"ဒါဆို နင်က ငါ့ကို ဝလာအောင် အတင်းကျွေးနေတာပေါ့ ဟုတ်လား။"
သူမ ဝန်ခံ၍ ဖြစ်ပါ့မလား။"မဟုတ်ပါဘူး! မဟုတ်ပါဘူး! ကျိန်ပြောရဲပါတယ်!"
ဘေးခြံထဲတွင်တော့ ကျိုးယဲ့တစ်ယောက် လူရောစိတ်ပါ နွမ်းလျစွာဖြင့် ပြန်ရောက်လာခဲ့သည်။ သူသည် ညစာပင် မစားနိုင်တော့ဘဲ ဂျုံမုန့်ကြမ်းတစ်ခုကိုသာ ကိုက်ပြီး အိပ်တော့မည်ဟု တွေးထားခဲ့၏။
သို့သော်လည်း ဟင်းအနံ့မွှေးမွှေးလေးက သူ၏နှာခေါင်းထဲသို့ တိုးဝင်လာကာ သူ၏ဗိုက်ကို ဆာလောင်လာအောင် ဆွပေးနေပြန်သည်။
ချွေတာရာမှ ဇိမ်ခံနေထိုင်ပစ်ရန်က လွယ်ကူသော်လည်း၊ ဇိမ်ခံနေခဲ့ရာမှ ပြန်၍ ချွေတာရန်ကတော့ တကယ်ကို ခက်ခဲလှသည်။
ကောင်းကောင်းမွန်မွန် စားထားမိသည့် ထမင်းအချို့ကြောင့် သူ၏ ခံတွင်းမှာ ပြန်လည်နိုးကြားလာပြီး ဗိုက်ထဲမှ ထကြွလာတော့သည်။
သူသည် ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်ပြီး ခြံစည်းရိုးတစ်ဘက်မှ ပညာတတ်လူငယ် မိန်းကလေးနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
ခန့်မှန်းနေစရာပင် မလိုပေ။ ထိုဝတုတ်မလေး ချက်ထားခြင်းသာ ဖြစ်ရမည်။ သူမ ဝနေခြင်းသည်လည်း မဆန်းတော့။ ဤမျှအထိ အရသာရှိနေသော ဟင်းလျာများကို ချင့်ချိန်စားရန်ဆိုသည်မှာ လုံးဝမဖြစ်နိုင်။
"အဟမ်း...ရဲဘော်ကျန်း၊ ဒီနေ့ည ဘာဟင်းချက်တာလဲဗျ။"
"ယုန်သား အစပ်ချက်ပါ။ တစ်ပွဲကို တစ်ယွမ် - ရှင် တစ်ပွဲလောက် ယူမလား။"
ကျိုးယဲ့တစ်ယောက် ထိုစကားကြောင့် မရယ်ဘဲ မနေနိုင်တော့ပေ။ သူသည် တစ်ယွမ်တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ပေးလိုက်သည်။
ဖြူဖွေးနေသော ထမင်းတစ်ပွဲနှင့် အနံ့မွှေးမွှေး ယုန်သားအစပ်ဟင်းတစ်ပွဲကို ကြည့်ရင်း သူ တွေးမိလိုက်၏။
တကယ်ကို ပေးရတန်သည့် တစ်ယွမ်ပင်။ သို့သော် ဒီအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ဤတစ်နှစ်လုံး သူရှာထားသည့် ပိုက်ဆံများအားလုံးသည် ကျန်းမန်မန်၏ အိတ်ထဲသာ ရောက်သွားတော့မည်။
ထို့နောက် သူသည် ခြံဝင်းထဲ၌ ထိုင်ကာ ဟင်းပွဲကို အရသာခံ စားသောက်နေခဲ့တော့သည်။ နောက်ဆုံးတစ်လုပ်ကို မြိုချလိုက်ပြီးသည်နှင့် ကောမာဇီက အချိန်ကိုက် ရောက်လာခဲ့၏။
"အစ်ကိုယဲ့...ပြဿနာတက်နေပြီ!"
***