ကျန်းမန်မန် လှည့်ကြည့်လိုက်ချိန်တွင် ကျိုးယဲ့ ရုတ်တရက် ဝုန်းခနဲ ထရပ်ပြီး အပြင်သို့ ပြေးထွက်သွားသည်ကို တွေ့လိုက်ရသည်။
"ဟေ့! ရှင် တကယ်ပဲ ကျွန်မကို ခေါ်မသွားဘူးလား။"
"သေခါနီးဝက်ကို ရှင်မလားဆိုပြီး ကုခိုင်းကြည့်ပေါ့။ ကျွန်မ ကုနိုင်ရင် ရှင် ကျွန်မကို နှစ်ယွမ်ပေး၊ မကုနိုင်ရင် ကျွန်မ ရှင့်ကို နှစ်ယွမ် ပြန်ပေးမယ်။ ရှင့်အတွက် ဘာမှ အရှုံးမရှိဘူးလေ!"
သို့သော် ထိုသို့ပြောပြီးမှ သူမ သတိထားမိသွား၏။ နေပါဦး... တကယ်တမ်း ရှုံးမည့်သူက သူမ ဖြစ်နေသည် မဟုတ်ပါလား။
ဝက်တစ်ကောင်၏ တန်ဖိုးက ဘယ်လောက် ရှိလို့လဲ။
ဒါက သာမန်ဝက် မဟုတ်ဘဲ၊ မျိုးပွားဝက်မကြီးဖြစ်နေသည်။ ဒါက ဝက်တစ်ကောင်၏ တန်ဖိုးတင် မဟုတ်ဘဲ နောက်ထပ် သားပေါက်လာမည့် ဝက် ၁၀ ကောင်၊ ၂၀၊ ၃၀ ၏ တန်ဖိုးပင်။
သူမသည် ဝက်အကောင်ပေါင်း ဒါဇင်ချီ၏ အသက်ကို ကယ်တင်ရမည့် တာဝန်ကြီးကို ယူမိလိုက်သလို ခံစားလိုက်ရသည်။
ထိုသို့တွေးနေရင်း ကျိုးယဲ့ တွေဝေနေတုန်းမှာပင် သူမကအရင် ဦးဆောင်ကာ ခြေလှမ်းကျဲကြီးများဖြင့် ခြံဝင်းထဲမှ ထွက်လာခဲ့၏။
ကျိုးယဲ့လည်း သူမ ဤကိစ္စကို ခဏခဏ ပြောနေသည်ကို သတိရမိကာ သူမ တကယ်များ ကုနိုင်နေမလား ဟု တွေးမိသွား၏။ ထို့ကြောင့် သူမကို မတားတော့ဘဲ ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီလေ... ဒါဆိုလည်း လိုက်ခဲ့တော့!"
ကျန်းမန်မန် သူ၏နောက်မှ လိုက်သွားခဲ့သည်။ ဝက်မွေးမြူရေးခြံက တောစပ်နားရှိ တောင်ခြေတွင် တည်ရှိနေလေသည်။ အိမ်အချို့ရှိနေပြီး ခြံဝတွင် ရွှီမိသားစုရွာ ဝက်မွေးမြူရေးခြံဟု ဆိုင်းဘုတ်တပ်ထားသည်။
သူမစိတ်ထဲတွင် ဝက်အကောင်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ ရှိနေလိမ့်မည်ဟုတွေး၍ စိတ်ကို ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း အမှန်တကယ်တွင်တော့ ရှစ်ကောင်တည်းသာ တွေ့ရ၏။
ထိုအခါမှသာ ဤခေတ်ကာလအကြောင်းကို သူမ သတိရသွားခဲ့သည်။
ဝက်ရှစ်ကောင်တည်းနှင့် အသားထုတ်လုပ်ရေး စက်ရုံအတော်များများကို တင်ပို့နေရသည်ဟု အပြောကြီးနေသေးသည်။ သူမသည်လည်း ထိုလူလိမ်၏ စကားကို အမှန်တကယ် ယုံသွားမိသေး၏။
သို့သော် ထိုဝက်မကြီးသည် ဤမွေးမြူရေးခြံအတွက် မည်မျှအထိ အရေးပါနေသည်ဆိုသည်ကို သူမ သတိရသွားခဲ့သည်။ ဤနေရာတွင်ယောကျာ်းခုနစ်ယောက်နှင့် မိန်းမတစ်ယောက်ဆိုသည့် နာမည်ကျော် ဇာတ်လမ်းမျိုး ရှိနေသလိုပင်။
အတွေးထဲမှ ပြန်ရောက်လာချိန်တွင် သူမသည် ကျိုးယဲ့၏ နောက်မှ လိုက်ကာ ဝက်မကြီး၏ သီးသန့်ဝက်ခြံထဲသို့ ရောက်သွားခဲ့၏။
မြေပြင်ပေါ်တွင် မောဟိုက်ကာ အသက်ငင်နေသော ဝက်မကြီးကို မြင်လိုက်ရသည့်အခါ သူမ လန့်ဖျပ်သွားပြီး စစ်ဆေးရန် အမြန်တိုးသွားတော့သည်။
"အပူချိန်တိုင်း ကိရိယာ ရှိလား။ သူ့ကိုယ်ပူချိန် တိုင်းပြီးပြီလား။"
"ဟမ်။ ဝက်ကို ကိုယ်ပူချိန် တိုင်းရတယ် ဟုတ်လား။"
ကောမာဇီ၏ မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် သူ တစ်ခါမှ မတိုင်းဖူးမှန်း သိသာနေ၏။ သနားစရာကောင်းလိုက်သည့် သူမ၏ဘဝ - ဘယ်လိုစနစ်မှလည်း မရှိ၊ ဘယ်လိုအထောက်အပံ့မှလည်း မပါဘဲ စတုရန်းမီတာ ၁၀၀ ကျယ်သည့် အာကာသဟင်းလင်းပြင် တစ်ခုတည်းနှင့် ဒီခေတ်ထဲကို ရောက်လာခဲ့ရသည်။
အနည်းဆုံးတော့ ပစ္စည်းဝယ်နိုင်သည့် ဆိုင်လေးတစ်ဆိုင်လောက် ပါသင့်သည်။ ထိုသို့ဆိုလျှင်သာ ဆေးဝါးများ ထုတ်သုံးပြီး ဆရာဝန်လုပ်လို့ရနိုင်လိမ့်မည်။
မဟုတ်လျှင်လည်း တိရစ္ဆာန်စကား နားလည်သည့်အစွမ်း ရှိသင့်...ထိုအစွမ်းသည်လည်း အဆင်မပြေလောက်ပေ။
ဝက်သတ်တော့မည့်အချိန်တွင် ဝက်က "ကယ်ကြပါဦး! ကျွန်မကို သတ်တော့မယ်!" ဟု အော်နေလျှင် သူမ ဘယ်လိုလုပ်ရမည်လဲ - ကယ်ရမည်လား၊ မကယ်ရဘူးလား။
"ကျွန်မ အထင်တော့ ဝက်က အဖျားနည်းနည်း ရှိနေတယ်။ Cephalosporin ရယ်၊ Astragalus polysaccharides ရယ်၊ ပြီးတော့ Dexamethasone ၅ မီလီဂရမ်လောက် လိုမယ်။ ဗီတာမင် B နဲ့ C ထိုးဆေးတွေလည်း လိုတယ်။"
သူမ စကားကို ခေတ္တရပ်လိုက်၏။ ထိုဆေးများအားလုံး... ဒီနေရာတွင် ရှိနိုင်ရန်က မလွယ်ကူပေ။
သူမ တောင်တန်းများဘက်ကို လှမ်းကြည့်လိုက်မိရာ မျက်လုံးများ တောက်ပသွားခဲ့သည်။
"ဒုတိယနည်းလမ်း ရှိသေးတယ်။ တောင်ပေါ်တက်ပြီး ဆေးဖက်ဝင်အပင်တွေ ရှာမယ်၊ ပြီးရင် အဲ့ဒါကို ကြိတ်ပြီး အရည်ဖျော်တိုက်ရမယ်။ သူ့လက္ခဏာတွေအရ ကြည့်ရတာ အဆိပ်ရှိတဲ့ မြက်ပင်တွေ စားမိတာဖြစ်မယ်။"
"ဝက်စာပင်တွေ ရိတ်တုန်းက တစ်ယောက်ယောက်က အဆိပ်ရှိတဲ့ အပင်တွေကို မှားပြီး ရောထည့်မိတာ ဖြစ်နိုင်တယ်။"
ကျိုးယဲ့ ဆွံ့အသွားရတော့သည်။ ခုနက သူမပြောခဲ့သော ဆေးအမည်များကို ကြားစဉ်က အတော်လေး အထင်ကြီးသွားမိသော်လည်း ယခု ဆေးဖက်ဝင်အပင်များအကြောင်း ပြောလာသည့်အခါမှသာ စိတ်အနည်းငယ် လျော့သွားတော့သည်။
အမှန်တကယ်တွင်တော့ သူမပြောခဲ့သော ဆေးဝါးများကို ရရှိရန်က မည်သို့မျှ မဖြစ်နိုင်ပေ။ မြို့နယ်ရှိ ဆရာဝန်ကြီးတွင်ပင် အရေးပေါ်သုံးဆေး အနည်းငယ်သာ ရှိနေလေသည်။
ကျန်းမန်မန် ခဏကြာ စဉ်းစားလိုက်ပြီးနောက် ထပ်ပြောလိုက်၏။
"ဒါနဲ့... Tetracycline နဲ့ Analgin တော့ ရှင်တို့ဆီမှာ ရှိတယ်မဟုတ်လား။ အဲ့ဒါတော့ ရှိမှာပါ။"
"အခု အဲ့ဒီ Tetracycline နှစ်လုံး အရင်တိုက်လိုက်။ နောက်တစ်နာရီကြာရင် Analgin ဆက်တိုက်။ ကျွန်မ အခုပဲ တောင်ပေါ်တက်ပြီး ဆေးပင်တွေ သွားရှာလိုက်ဦးမယ်။"
"ကောင်းပြီလေ။ တောင်ပေါ်မှာက သိပ်ပြီး ဘေးမကင်းဘူး၊ ကျွန်တော်လည်း လိုက်ခဲ့မယ်။"
ကျိုးယဲ့လည်း ထိုသို့ဆိုကာ ကောမာဇီဘက်သို့ လှည့်လိုက်သည်။
"မာဇီ.. မင်း ဆေးသွားယူလိုက်တော့။"
ဆေးဝါးများ သိပ်မစုံလှသော်လည်း ထိုဆေးနှစ်မျိုးကတော့ သူတို့ထံတွင် ရှိသည်။ သို့သော် ဝက်ကို တိုက်ရမည်ဟုတော့ သူတို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။ မည်သို့ပင်ဖြစ်စေ စမ်းကြည့်လိုက်လျှင်လည်း မမှားနိုင်။
ကျန်းမန်မန်သည် ဝါးခြင်းတောင်းတစ်လုံးကိုလွယ်ကာ တောင်ပေါ်သို့ တက်လာခဲ့ပြီး ကျိုးယဲ့က နောက်မှနီးနီးကပ်ကပ် လိုက်လာခဲ့၏။
"မင်း ဘာဆေးပင်တွေ ရှာမှာလဲ။"
"အရောင်ကျစေတဲ့ အပင်တွေနဲ့ ဗီတာမင် B၊ C ကြွယ်ဝတဲ့ အပင်တွေပေါ့။ ဥပမာ - ကန်စွန်းတို့၊ တောကန်စွန်းတို့ပေါ့။ တောကန်စွန်းမှာ ဗီတာမင် C ပါတယ်။ လျိုဟန်ကော ဆိုရင်တော့ ပိုကောင်းတာပေါ့။ ပြီးတော့ အဆိပ်ဖြေဆေးပင်တွေလည်း ရှာရမယ်။"
"အဲဒါကြောင့် ဝက်စာပင်ရိတ်တာက လူတိုင်းလုပ်လို့ရတဲ့ အလုပ်မဟုတ်ဘူးလို့ ပြောတာ။ အဆိပ်ရှိတဲ့ အပင်တစ်ပင်သာ မှားပါသွားရင် ဝက်က ချက်ချင်း သေသွားနိုင်တယ်။"
"ဒါတွေအားလုံးကို မင်းက ဘယ်လိုလုပ် သိနေတာလဲ။"ကျိုးယဲ့လည်း စပ်စုလိုက်၏။
ကျန်းမန်မန်သည် မြေပြင်ပေါ်၌ ဆေးပင်များကို အသည်းအသန် ရှာဖွေနေရင်း ပြန်ဖြေလိုက်သည်။ "ကျွန်မ အဘိုးက အိပ်မက်ထဲမှာ လာသင်ပေးသွားတာ။"
ကျိုးယဲ့က သူမ ဆေးပင်ရှာနေပုံကို ကြည့်ရင်း ရယ်ချလိုက်၏။ "ဒီဆင်ခြေကို မင်းကိုယ်တိုင်ရော ယုံရဲ့လား။"
"ယုံတာ မယုံတာက ရှင့်အပိုင်း၊ ကျွန်မကတော့ အမှန်ပြောတာ။"
ကျန်းမန်မန် တောကန်စွန်းပင်တစ်ပင်ကို ဆွဲနှုတ်လိုက်ချိန်တွင် ကျိုးယဲ့က သူမကို ဆွံ့အစွာ ကြည့်လိုက်မိသည်။
သူသည် ထိုအပင်၏ ပုံသဏ္ဌာန်ကို မှတ်သားထားပြီး သူမနှင့်အတူ လိုက်ရှာပေးလိုက်သည်။ သူတို့နှစ်ဦးစလုံးသည် မြက်တောထဲ၌ ခေါင်းငုံ့ကာ ရှာဖွေနေကြသဖြင့် အနီးနားသို့ အန္တရာယ်တစ်ခု တိုးကပ်လာနေသည်ကို သတိမထားမိခဲ့ကြပေ။
ထိုစဉ် ရုတ်တရက် မြက်တောထဲမှ မြွေတစ်ကောင် ပြေးထွက်လာရာ ကျန်းမန်မန်တစ်ယောက် အော်ဟစ်လျက် ကျိုးယဲ့၏ ကျောပေါ်သို့ ခုန်တက်လိုက်တော့၏။
"အု!"
ကျိုးယဲ့လည်း ဟန်ချက်ပျက်ပြီး လဲကျလုနီးပါး ဖြစ်သွားတော့သည်။
"ရဲဘော်ကျန်း! မင်းကိုယ်အလေးချိန်က ဘယ်လောက်ရှိလဲဆိုတာရော သိရဲ့လား။ ဆင်းစမ်းပါဦး!"
သို့သော် ကျန်းမန်မန်ကတော့ လုံးဝမဆင်းပေ။ သူမသည် မြွေကို အသေအလဲကြောက်သူ ဖြစ်သည်။
"မဆင်းဘူး! ဟိုမှာကြည့်... အဲ့ဒါ မြွေစိမ်းမြီးခြောက်! ကျွန်မသာ အောက်ဆင်းလို့ အကိုက်ခံရရင် ရှင်တို့ ဝက်မကြီး မသေခင် ကျွန်မ အရင်သေမှာ။ အဲ့ဒီကျရင် ရှင့်ဝက်မကြီးကို ကယ်မယ့်သူ ရှိတော့မှာမဟုတ်ဘူးနော်။"
သူ မယုံမည်စိုး၍ သူမက ထပ်လောင်းပြောလိုက်သေးသည်။"အဲ့ဒီဝက်မကြီးက တစ်ခါသားပေါက်ရင် ဆယ်ကောင်၊ စုစုပေါင်းဆို အကောင် ၃၀ ထက်မက ရမှာနော်!"
"ဝက်မကြီးအတွက်ပဲဖြစ်ဖြစ် ကျွန်မရဲ့အန္တရာယ်ကင်းရှင်းရေးကို ရှင် အာမခံရမယ်... အား... ဟိုမှာ လာနေပြီ!"
သူမ၏အသံမှာ ကြောက်လန့်တကြား မြင့်တက်လာသည်နှင့်အမျှ ကျိုးယဲ့၏ကျောကိုလည်း အတင်းဖက်တွယ်ထားတော့သည်။ ကျိုးယဲ့တစ်ယောက် အံကြိတ်လျက်သာ အောင့်ခံထားရရှာ၏။
ဝက်မကြီးအတွက်ပဲ... ဟု တွေးကာ သူ သည်းခံလိုက်ရသည်။
ထိုစဉ် ကျန်းမန်မန်သည် ကျိုးယဲ့တစ်ယောက် သူ၏တုတ်ဖြင့် မြွေရှိရာသို့ ဝှေ့ယမ်းလိုက်သည်ကို မြင်လိုက်ရသည်။ သူမက စိုးရိမ်တကြီးဖြင့် လှမ်းအော်လိုက်၏။
"သတိထားဦး! မြွေက တုတ်အတိုင်း ပြန်တက်လာတတ်တယ်!"
သို့ရာတွင် ကျိုးယဲ့ကတော့ မြွေ၏ ခုနစ်လက်မခန့်ရှိသော အားနည်းချက်နေရာကို တိတိကျကျပင် ထိုးစိုက်လိုက်ရာ တစ်ဖက်သို့ပင် ပွင့်ထွက်သွားတော့သည်။
သူမကိုယ်သူမ လက်သွက်လှပြီဟု ထင်ထားသော်လည်း ကျိုးယဲ့၏ ခွန်အားနှင့် အရှိန်အဝါက သူမထက် များစွာသာလွန်နေသည်ဖြစ်သည့်အတွက် သူမ စိုးရိမ်မိသည်မှာ အပိုဖြစ်သွားတော့သည်။
"မြွေက သေသွားပြီ။ အခုထိ မဆင်းသေးဘူးလား။"
ကျန်းမန်မန်လည်း ရှက်ကိုးရှက်ကန်းဖြင့် သူ၏တောင့်တင်းလှသော ကျောပြင်ပေါ်မှ လျှောဆင်းလိုက်ရတော့သည်။ နွေရာသီဖြစ်သဖြင့် သူသည် အင်္ကျီပါးပါးတစ်ထည်သာ ဝတ်ထားခဲ့သည်။
ခုနက အတင်းအကြပ် ဖက်ထားခဲ့စဉ်က ဘာမှသတိမထားမိသော်လည်း ယခု စိတ်အေးသွားမှသာ ပြန်လည်ခံစားကြည့်မိသည့်အတွက် သိလိုက်ရ၏။
ဤလူသည် တပ်သားဟောင်းတစ်ယောက်ဟူသော ဂုဏ်ပုဒ်နှင့်အညီ တစ်ခန္ဓာကိုယ်လုံး ကြွက်သားများဖြင့် တောင့်တင်းနေခဲ့သည်။ နှမြောစရာကောင်းသည်မှာ သူမသည် ရှေ့ဘက်ကို မစမ်းကြည့်လိုက်ရဘဲ နောက်ကျောကိုသာ ထိတွေ့လိုက်ရခြင်းဖြစ်သည်။
ကျိုးယဲ့သည်လည်း သူ၏တုတ်ကို ပို၍ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။
မိန်းကလေးတစ်ယောက်ကို ကျောပိုးဖူးသည်မှာ ယခုက ပထမဆုံးအကြိမ် ဖြစ်သည်။ နူးညံ့အိစက်သော အထိအတွေ့များက သူ၏ကျောသို့ ဖိကပ်သွားသဖြင့် သူ၏နားရွက်များပင် နီရဲနေခဲ့လေပြီ။
ကံကောင်းသည်မှာ ထိုဝတုတ်မလေးက ချက်ချင်း ဆင်းသွားခြင်းဖြစ်၏။ သို့သော် သူ၏ စိတ်ကူးယဉ်မှုကြောင့်လားတော့မသိသော်လည်း၊ သူမ၏လက်ကလေးများက ပူနွေးနေသကဲ့သို့ ခံစားလိုက်ရပြီး...
"အဟမ်း.....မြွေစိမ်းရဲ့ သည်းခြေက ဆေးဖက်ဝင်တယ်၊ သူ့အဆိပ်ကလည်း အသုံးဝင်တယ်။"
သူမက ထိုသို့ပြောလိုက်ရာ ကျိုးယဲ့က မဆိုင်းမတွပင် မြွေကို ကောက်ယူကာ ခွေလိပ်၍ သူမကို ကမ်းပေးလိုက်သည်။
"ရော့... ယူထားလိုက်!"
"ဟင့်အင်း... မယူပါဘူး! ရှင်ပဲ ကိုင်ထားလိုက်!"
သူမ၏ မျက်နှာအမူအရာကို ကြည့်ရုံနှင့် မြွေကို ဘယ်လောက်ကြောက်မှန်း သိသာနေခဲ့သည်။ ကျိုးယဲ့လည်း ခေါင်းခါလိုက်ပြီး မြွေကို သူ၏အိတ်ထဲသို့ ထိုးထည့်လိုက်တော့သည်။
"ကဲ... မြန်မြန်လုပ်ကြရအောင်။ မှောင်သွားရင် ဘာမှရှာလို့ ရတော့မှာမဟုတ်ဘူး။"
ကျန်းမန်မန်လည်း သူပြောသည်မှာ မှန်သဖြင့် ဆေးပင်များကို အမြန်ပြန်၍ ရှာဖွေလေတော့သည်။
ဆေးပင် သုံးမျိုးစလုံးကို စုံအောင် ရှာဖွေပြီးချိန်တွင် ကောင်းကင်ယံမှာ မှောင်ရီပျိုးစ ပြုနေလေပြီ။
တောင်ပေါ်မှ ပြန်ဆင်းချိန်တွင် သူမသည် ကျိုးယဲ့၏ တုတ်ကို အားကိုးကာ အန္တရာယ်ကင်းကင်းဖြင့် ဆင်းလာခဲ့သည်။
ဝက်ခြံသို့ ပြန်ရောက်သောအခါ ကျန်းမန်မန် သတိထားမိသည်မှာ ဝက်အရေအတွက်ထက် လူအရေအတွက်က ပိုများနေခြင်းပင်။
သို့သော် နေရာကတော့ အတော်လေး သန့်ရှင်း၏။
ဝက်စာပင်ရိတ်သူ သုံးယောက်၊ ဝက်ထိန်း လေးယောက်၊ ညွှန်ကြားရေးမှူး ကျိုးယဲ့နှင့် ဒု-ညွှန်ကြားရေးမှူး မာဇီ...။
တွေးကြည့်လျှင်တော့ ဝက်ထက် လူက တကယ်ကို ပိုများနေသည်။
ဤသည်မှာ လူအင်အား ဖြုန်းတီးရာ ရောက်သည်ဟု သူမ တွေးမိသော်လည်း နောက်မှသိလိုက်ရသည်မှာ သူတို့သည် တောဝက်များကိုဖမ်းရန် တောင်ပေါ်သို့လည်း တက်သေးသောကြောင့် ဖြစ်သည်။
ထိုသို့ဆိုလျှင်တော့ အဓိပ္ပာယ်ရှိသွားခဲ့ပြီ။ ခုနက သူမ သတိထားကြည့်မိခဲ့ရာ ဝက်အချို့သည် သေးငယ်သော်လည်း နှစ်ကောင်ကတော့ တောဝက်နှင့် အတော်လေး တူနေခဲ့သည်။
သူတို့ ပြန်လာသည်ကို မြင်သောအခါ ကောမာဇီက အပြေးအလွှား ရောက်လာပြီး လှမ်းမေးလိုက်၏။
"ရှာတွေ့ခဲ့ရဲ့လား။"
***