"ရှာတွေ့ခဲ့ပြီ။ အခုပဲ ကုသဖို့စတင်လိုက်မယ်။ ရှင်တို့ကတော့ ဝက်စာပင်တွေထဲမှာ ရောပါသွားတဲ့ အဆိပ်ရှိတဲ့အပင်ကို ရှာတွေ့အောင် အမြန်ရှာထားကြတာ အကောင်းဆုံးပဲ။ မဟုတ်ရင် တခြားဝက်တွေလည်း ဒီဝက်မကြီးလိုပဲ အဆိပ်မိကုန်လိမ့်မယ်။"
ထိုစကားကို ကြားလိုက်ရုံနှင့် အားလုံး တုန်လှုပ်သွားကြတော့သည်။ ကောမာဇီလည်း ဝက်ခြံထဲတွင် ကျန်ခဲ့သူများဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။
"အဲ့ဒီအဆိပ်ပင်ကို ရှာမတွေ့မချင်း ဒီနေ့ ဘယ်သူမှ အိမ်မပြန်ရဘူး။"
ဝက်ခြံအလုပ်သမားများထဲတွင် ဝက်မွေးမြူရေး တာဝန်ယူထားသူ လေးဦးသည် သက်လတ်ပိုင်း အမျိုးသမီးများ ဖြစ်ကြသည်။ သူတို့သည် ဝက်စာပြင်ဆင်ခြင်း၊ အစာကျွေးခြင်း၊ ဝက်ခြံသန့်ရှင်းရေးလုပ်ခြင်းနှင့် ဝက်များကို ရေချိုးပေးခြင်းတို့ကို အဓိက တာဝန်ယူကြရသည်။
ကျန်ရှိနေသော အမျိုးသားငါးဦးအနက် သုံးဦးသည် ဝက်စာပင်ရိတ်ရန် တာဝန်ယူထားကြပြီး၊ ကျန်သည့် အသားထုတ်လုပ်ရေးစက်ရုံနှင့် ချိတ်ဆက်ဆောင်ရွက်ရသည့် အလုပ်များကိုတော့ ကောမာဇီက ကိုင်တွယ်ဆောင်ရွက်သည်။
ကျိုးယဲ့၏ အလုပ်က အနည်းငယ် ပေါ့ပါးသည်ဟု ဆိုနိုင်သော်လည်း လုံးဝတော့ မလွယ်ကူပေ။ သူသည် ရံဖန်ရံခါ တောင်ပေါ်သို့ တက်ကာ ကင်းလှည့်ရသည်။
တောဝက်နှင့် တွေ့လျှင် ဖမ်းဆီးခေါ်ဆောင်လာပြီး ဝက်ခြံထဲ ထည့်ကာ ယဉ်ပါးအောင် ပြုလုပ်ခြင်း၊ မျိုးပွားခြင်းတို့ကို လုပ်ဆောင်ရသည်။
ထို့ကြောင့် သူရောက်လာပြီး တစ်နှစ်အကြာတွင် ဝက်ခြံထဲ၌ ဝက်သုံးလေးကောင် ပိုတိုးလာခဲ့ခြင်းဖြစ်သည်။
ဤအချက်ကြောင့်ပင် ဝက်ခြံမှ အခြားအမျိုးသားရဲဘော်လေးဦးက သူ့ကို အတော်လေး အထင်ကြီး လေးစားနေကြခြင်းဖြစ်သည်။
သို့သော် ယနေ့တွင်တော့ ဝက်စာပင်များထဲ၌ အဆိပ်ပင် ရောပါလာသည့် ကိစ္စသည် သေးငယ်သော ကိစ္စလေးတစ်ခု မဟုတ်ပေ။ ကောမာဇီ၏ စကားကို ကြားပြီးနောက် အားလုံးက ဝက်စာပုံထဲတွင် အသည်းအသန် ရှာဖွေကြတော့သည်။
"ဒါပေမဲ့ ဝက်စာပင်တွေက အကုန် စင်းပြီးသားတွေလေ။ အဲ့ဒီထဲကနေ အဆိပ်ပင်ကို ဘယ်လိုလုပ် ရှာတွေ့မှာလဲ။"
ကျိုးယဲ့လည်း ဘေးမှကြည့်နေရင်း မျက်မှောင်ကို တင်းတင်းကြပ်ကြပ် ကြုတ်ထားမိသည်။ သူကိုယ်တိုင်လည်း စင်းထားသော ဝက်စာပုံထဲကို လက်ဖြင့်မွှေကာ စစ်ဆေးကြည့်သည့်တိုင် ဘာမှခွဲခြား၍ မရပေ။
"ဒီဝက်စာတွေ အကုန်လုံးက သုံးလို့မရတော့ဘူး။ မနက်ဖြန်ကျရင် အပင်အသစ်တွေ ပြန်ရိတ်ရမယ်။ ဘယ်အပိုင်းက အဆိပ်ရှိနေမှန်း မသိဘဲ တခြားဝက်တွေကို ကျွေးမိလို့ သူတို့ပါ အဆိပ်မိကုန်ရင်တော့ အကျိုးဆက်က မတွေးဝံ့စရာပဲ။"
သူ ထိုသို့ပြောရင်းနှင့် ကျန်းမန်မန်ဘက်ကို လှမ်းကြည့်လိုက်သည်။
သူမကတော့ ဆေးဖက်ဝင်အပင်များကို သေချာကိုင်တွယ်နေပုံရပြီး ထိုဝက်မကြီးကို အမှန်တကယ်ကယ်နိုင်မလားဆိုသည်ကတော့ မသေချာသေးပေ။
အကယ်၍သာ ထိုဝက်မကြီးကို မကယ်နိုင်ဘဲ တခြားဝက်များပါ အဆိပ်မိကုန်လျှင်... သူ ထိုရလဒ်ကို စိတ်ပင် မကူးကြည့်ချင်တော့ပေ။
ထို့နောက် သူသည့ ဝက်စာရိတ်ရသော အမျိုးသားသုံးဦးကို အေးစက်တင်းမာသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"ငါ အခုမေးရင်လည်း မင်းတို့ထဲက ဘယ်သူကမှ အဆိပ်ပင်ကို ရိတ်မိတယ်လို့ ဝန်ခံမှာမဟုတ်ဘူးဆိုတာ ငါသိတယ်။ မင်းတို့ကိုယ်တိုင်လည်း ဒါက အဆိပ်ရှိမှန်း မသိလို့ ဖြစ်နိုင်ပေမဲ့ ဒီကိစ္စက တကယ့်ကို ပြဿနာကြီးပဲနော်။ မနက်ဖြန် မင်းတို့ သုံးယောက်စလုံး ဝက်စာပင်တွေ ပြန်ရိတ်ရမယ်။ ပြီးတော့ မနက်ဖြန်အတွက် အလုပ်ရမှတ်တွေကိုလည်း အကုန်လုံး ဖြတ်ပစ်မယ်။ ဝက်စာပင်တွေကိုတော့ သေချာပေါက် ရအောင် ပြန်ရိတ်လာရမယ်။ မဟုတ်ရင်တော့ ငါ အထက်ကို တင်ပြရလိမ့်မယ်၊ အဲ့ဒီကျရင် မင်းတို့ သုံးယောက်စလုံး အပြစ်ပေးခံရမှာ။"
ဝက်စာရိတ်သူ သုံးဦးထဲတွင် ချန်သော်ယွိလည်း ပါဝင်နေသည်။ ကျန်းမန်မန် ကျန်နှစ်ယောက်ကို မသိသော်လည်း၊ သူတို့အားလုံးကတော့ အပြစ်ပေး အရေးယူခံရမည်ကို မလိုလားနေကြပေ။ ကိစ္စက တော်တော်လေး ခက်ခဲနေ၏။ မည်သူမှလည်း အငြင်းပွား စောဒကတက်၍ မရနိုင်ပေ။
သူတို့ထဲမှ တစ်ယောက်က ပြောလိုက်၏။ "ကျွန်တော် ရိတ်လာတဲ့အထဲမှာတော့ အဆိပ်ပင် လုံးဝမပါဘူးလို့ ကျွန်တော် အာမခံနိုင်ပါတယ်။"
အခြားတစ်ယောက်ကလည်း ဆိုလိုက်၏။ "ကျွန်တော်လည်း ရိတ်နေတုန်းက သေချာစစ်ခဲ့တာပါ။ အဆိပ်ပါစရာ အကြောင်း လုံးဝမရှိပါဘူး။"
ထိုစဉ် ချန်သော်ယွိ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီးနောက် ဖြည့်စွက်ပြောလိုက်၏။ "ကျွန်တော်တို့ ဝက်စာပင် ရိတ်လာတာ ဒါက ပထမဆုံးနေ့မှ မဟုတ်တာ။ ဘာလို့ တခြားအပင်တွေ ရောထည့်မိမှာလဲ။ ဝက်စာပင် စင်းတဲ့ အဒေါ်ကြီးတွေလည်း မြင်မှာပဲလေ။ သူတို့ စင်းနေတုန်း တစ်ခုခု ထူးခြားနေရင် သေချာပေါက် သတိထားမိမှာပေါ့။"
ထိုစကားကို ကြားသောအခါ အဒေါ်ကြီးအချို့က ချက်ချင်းပင် ခေါင်းညိတ်ထောက်ခံကြတော့သည်။ "ဟုတ်တယ်... ငါတို့လည်း စင်းနေတုန်း အမြဲစစ်ပါတယ်။ အဆိပ်ရှိတဲ့ အပင်မျိုး တစ်ပင်မှ မတွေ့ပါဘူး။"
"အင်းလေ! စင်းနေရင်းနဲ့ တစ်ခုချင်းစီ ကြည့်နေတာပဲဟာ၊ မတွေ့ဘဲ မနေပါဘူး!"
ထိုအခါ ချန်သော်ယွိက ဆက်ပြောလိုက်သည်။ "ဒါဆို ဝက်စာပင် ရိတ်ပေးတဲ့ ကလေးတွေများလား။ သူတို့က အဆိပ်ရှိမှန်း မသိဘဲ လျှောက်ဆွဲလာတာ ဖြစ်နေမလား။"
အဒေါ်ကြီးတစ်ယောက်က သူ့ကို မျက်စောင်းလှမ်းထိုးလိုက်ပြီး ဆိုလိုက်၏။ "ဒါက ဘယ်လို စကားမျိုးလဲ။ ကလေးတွေက မခွဲတတ်ရင်တောင် ငါတို့က ခွဲတတ်ပါတယ်။ စင်းနေတုန်းကတော့ မရင်းနှီးနေတဲ့ အပင်မျိုး တစ်ပင်မှ မတွေ့မိပါဘူး။"
အမျိုးသမီးလေးဦးစလုံးက အခိုင်အမာ ငြင်းဆိုနေကြသဖြင့် ကျိုးယဲ့ ခေါင်းကိုက်လာတော့သည်။ ဤကိစ္စကို စုံစမ်းစစ်ဆေးရန်က အတော်လေး ခက်ခဲလိမ့်မည်ဟု သူ သိလိုက်၏။
ကျန်းမန်မန်ကတော့ တောကန်စွန်းပင်များကို ကိုင်တွယ်နေလေသည်။ အကယ်၍သာ သူမတွင် အရည်ညှစ်စက် ရှိနေလျှင် အလုပ်က အများကြီး ပိုလွယ်ကူသွားမည်ဖြစ်သော်လည်း ယခုတော့ လက်ဖြင့်သာ အပင်ပန်းခံ၍ လုပ်နေရသည်။
သူတို့ စကားပြောနေသည်ကို နားစွင့်နေရင်း သူမက ကျိုးယဲ့ဘက်သို့ ရုတ်တရက် လှည့်ပြောလိုက်၏။
"ဒီကိုလာဦး... ကျွန်မကို တစ်ချက်လောက် ကူပေးပါ။"
ထိုနေရာရှိ လူအားလုံးက သူမကို ထူးဆန်းသလို ကြည့်လိုက်ကြ၏။ ညွှန်ကြားရေးမှူး ကျိုးယဲ့သည် ဤဝက်ခြံတစ်ခုလုံး၏ အကြီးအကဲဖြစ်သည်။ ယခုတော့ ဒီပညာတတ်လူငယ် မိန်းကလေးက သူ့ကို သဘာဝကျကျ ခိုင်းစေနေလေ၏။
ကျိုးယဲ့လည်း သူမ၏ ခေါ်သံကို ကြားသောအခါ သူ့အိတ်ထဲရှိ မြွေကို သတိရသွားပြီး မြွေသည်းခြေကို သူမ လိုချင်နေသည်ဟု ထင်မိသွားကာ အနားသို့ လျှောက်သွားလိုက်၏။
သူ အိတ်ထဲမှ မြွေကို ထုတ်လိုက်သည်နှင့် ကျန်းမန်မန်တစ်ယောက် အော်ဟစ်ကာ အနောက်သို့ ခုန်ဆုတ်သွားတော့သည်။
"ရှင် ကျွန်မကို လန့်သေအောင် လုပ်နေတာလား။ အဲ့ဒီမြွေသည်းခြေကို ရှင့်ဘာသာရှင်ပဲ ထုတ်လိုက်တော့!"
သူမသည် ရုတ်တရက် ပေါ်လာသော မြွေကြောင့် ရင်ဘတ်ကို ဖိကာ လန့်ဖျပ်နေမိသည်။ ဤကဲ့သို့သော သွေးအေးသတ္တဝါများကို သူမ အနည်းငယ် ကြောက်လန့်တတ်၏။
ကျိုးယဲ့လည်း ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ၏ ခြေသလုံးတွင် ပတ်ထားသော ဓားကိုဆွဲထုတ်ကာ မြွေကို ကျွမ်းကျင်စွာ ခွဲလိုက်သည်။ ထို့နောက် သူသည် သည်းခြေကို ထုတ်ယူကာ ကျန်းမန်မန်ထံ ကမ်းပေးလိုက်သည်။
သည်းခြေကို ယူပြီးနောက် သူမက ကျိုးယဲ့အနားသို့ကပ်၍ တီးတိုးပြောလိုက်၏။
"အမှန်တော့ ဘယ်သူက အဆိပ်ပင်ကို ရိတ်ခဲ့မိသလဲဆိုတာ သိဖို့ မခက်ပါဘူး။ ကျွန်မရဲ့ ရောဂါရှာဖွေမှုသာ မှန်မယ်ဆိုရင် အဲ့ဒါ ဘယ်လိုအပင်မျိုးလဲဆိုတာ ကျွန်မ သိမှာပဲ။ အဲ့ဒီအပင်ကို လက်နဲ့ထိထားတဲ့သူ ရှိ၊ မရှိ ဘယ်လိုခွဲခြားရမလဲဆိုတာ ကျွန်မ ရှင့်ကို သင်ပေးနိုင်တယ်။"
ကျိုးယဲ့လည်း သူမဘက်သို့ ခေါင်း အမြန်လှည့်ကြည့်လိုက်မိသည်။
ကျန်းမန်မန်က ခေါင်းညိတ်ပြရင်း သူ့ကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။
သူမနှင့် အလွန်နီးကပ်စွာ ရပ်နေမိသော ကျိုးယဲ့တစ်ယောက် ရုတ်တရက် တစ်ခုခုကို သတိထားမိသွား၏။ သူမ၏ မျက်ဝန်းအစုံက တကယ်ကို လှပလွန်းနေခြင်းပင်။
ထို့နောက် သူသည် မျက်နှာကို အမြန်ပြန်လွှဲလိုက်ပြီး သူမပြောသည့် စကားကိုသာ အာရုံစိုက်လိုက်တော့သည်။
ထို့နောက် ခေါင်းညိတ်ပြကာ တိုးတိုးလေး ပြန်မေးလိုက်လေသည်။
"အဲ့ဒီနည်းလမ်းကို ကျွန်တော့်ကို သင်ပေးနိုင်မလား။"
"ရတာပေါ့။ ဒါပေမဲ့ အလဲအလှယ်အနေနဲ့ ကျွန်မကို ဝက်စာပင်ရိတ်တဲ့ အဖွဲ့ထဲ ထည့်ပေးဖို့ စဉ်းစားပေးမလား။"
ကျိုးယဲ့က သူမ လုပ်ဆောင်နေသည့်အရာများကို တစ်ချက်ကြည့်လိုက်ပြီး ဆိုလိုက်သည်။"တကယ်လို့ မင်းသာ ဒီဝက်မကြီးကို ကယ်နိုင်မယ်ဆိုရင် ဝက်စာပင်ရိတ်ဖို့တင် မဟုတ်ဘူး၊ ဝက်စာကျွေးချင်တယ်ဆိုရင်တောင် ကျွန်တော် သဘောတူတယ်။"
ကျန်းမန်မန်တွင် ဝက်စာကျွေးလိုသည့် စိတ်ကူးမရှိပေ။ သူမသည် ကိုယ်ပိုင်အချိန် ပိုရချင်ရုံသာ ဖြစ်သည်။
ဝက်စာပင်ရိတ်သည်ကလည်း မပင်ပန်းသည်တော့ မဟုတ်။ အလုပ်ရမှတ် ၅ မှတ် ရရန်အတွက် ဝက်စာပင် ပိဿာ ၂၀ နီးပါးရိတ်ရလေ့ရှိသည်။
ပိဿာ ၂၀ !
တွက်ကြည့်လိုက်လျှင် တစ်မှတ်ရရန် ဝက်စာပင် ၄ ပိဿာလောက် ရိတ်ရမည်ဖြစ်၏။ ပုံမှန်ဆိုလျှင် ဝက်စာရိတ်သူများသည် အမျိုးသားများသာ ဖြစ်ကြသည်။
သူတို့တွင် တောဝက်ဖမ်းရသည့် တာဝန်လည်း ရှိသေး၏။
ကျန်သည့် ဝက်စာရိတ်သူများမှာ ရွာထဲက လူငယ်လေးများသာ ဖြစ်ကြသည်။
သူတို့အတွက် တစ်နေ့ကို ၅ ပိဿာ၊ ၁၀ ပိဿာ ရိတ်နိုင်လျှင်ပင် အတော်အဆင်ပြေနေခဲ့လေပြီ။
ထို့ကြောင့် သူတို့သည် တစ်နေ့လျှင် ၁ မှတ် သို့မဟုတ် ၂ မှတ်သာ ရကြသည်။
ကျန်းမန်မန်သည် သူမ၏အလုပ်ကို ဆက်လုပ်နေခဲ့ပြီး နောက်ဆုံးတွင်တော့ ပျစ်ချွဲကာ အရောင်ရင့်သော ဆေးရည်တစ်ခွက် ရလာတော့သည်။
"ကဲ... အခု ဒီဆေးကို ဝက်မကြီးရဲ့ လည်ချောင်းထဲ ရောက်အောင် တိုက်ရုံပဲ။ ဆေးသာ ဝင်သွားမယ်ဆိုရင် တစ်နာရီမပြည့်ခင် သူ ပြန်ထလာလိမ့်မယ်။"
သူမ၏လေသံမှာ အလွန်ပင် ယုံကြည်မှုပြည့်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဝက်မကြီးသည် ယခုအချိန်တွင် အသက်ငင်နေခဲ့လေပြီ။
ကျိုးယဲ့လည်း ချက်ချင်းပင် အမျိုးသားအချို့ကို ခေါ်ကာ ဆေးတိုက်ရန် ကူညီခိုင်းလိုက်သည်။
ကျန်းမန်မန်ကတော့ ဝင်မကူတော့ပေ။
သူတို့သည် ဝက်ကို ဆေးတိုက်သည့်နေရာတွင် ကျွမ်းကျင်သူများဖြစ်သည့်အတွက် ယခုအချိန်ကတော့ စောင့်ကြည့်နေရုံနှင့်ရသည်။
ကျိုးယဲ့သည် တစ်နေရာမှ တာ့ချန်မန် စီးကရက်တစ်ဘူးကို ထုတ်ယူကာ အမျိုးသားများကို တစ်လိပ်စီ ဝေပေးလိုက်သည်။
စောင့်နေရင်း စီးကရက်သောက်ခြင်းက ပုံမှန်ပင်။
ဝက်မကြီးသည် ချက်ချင်းကြီး ထလာမည်မဟုတ်သဖြင့် ဝက်ခြံထဲမှ မည်သူမှ အိမ်မပြန်နိုင်ကြသေးပေ။
ခဏအကြာတွင် တပ်ရင်းမှူးနှင့် ပါတီအတွင်းရေးမှူးတို့ပါ သတင်းကြား၍ ရောက်လာခဲ့ကြသည်။
ကျိုးယဲ့လည်း သူတို့ကို သီးသန့်ခေါ်ကာ စကားပြောခဲ့၏။ ထို့နောက် သူတို့ ပြန်ထွက်လာခဲ့ကြ၏။
တပ်ရင်းမှူးက ကျန်းမန်မန်ထံသို့ လာကာ သူမတွင် တိရစ္ဆာန်ဆေးကု လက်မှတ် သို့မဟုတ် ကျေးလက်ဆရာဝန်လိုင်စင် ရှိ၊ မရှိ မေးမြန်းတော့သည်။
သေချာပေါက်... ကျန်းမန်မန်ထံတွင် ဘာမှမရှိနေပေ။
ထိုအခါ သူက ကျန်းမန်မန်ကို အခြားသော ဝက်များဖြစ်တတ်သည့် ရောဂါများကိုရော ကုနိုင်သလားဟု ထပ်မေးခဲ့၏။
အကယ်၍ သူမသာ ဒီလမ်းကြောင်းကို သွားချင်သည်ဆိုလျှင် ရွာဆေးပေးခန်းမှတစ်ဆင့် တိရစ္ဆာန်ဆေးကု လက်မှတ်ရအောင် သူ ကူညီလျှောက်ထားပေးနိုင်ကြောင်းလည်း ပြောပြခဲ့သေးသည်။
***