ကျန်းမန်မန်သည် တပ်ရင်းမှူး၏ မေးခွန်းကြောင့် အံ့အားသင့်သွားခဲ့ရသည်။
တိရစ္ဆာန်ဆေးကုစာမေးပွဲ ဖြေရန်လား။
သူမ ဒါကို လုံးဝ မစဉ်းစားဖူးခဲ့ပေ။
သူမ၏ ယခင်ဘဝတုန်းက လူများကို ကုသပေးရသည်ကိုတောင် သိပ်မကြိုက်ခဲ့သည်ကို— အခု ဝက်များကို ကုပေးရမည်တဲ့လား။
"တပ်ရင်းမှူး... အမှန်အတိုင်းပြောရရင် ကျွန်မ အဲ့ဒါကို မစဉ်းစားရသေးဘူး။"
တပ်ရင်းမှူးလည်း သဘောကျစွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး၊ အေးအေးဆေးဆေး စဉ်းစားပါ။ ဒါပေမဲ့ မင်းက လူတွေကိုပဲ ကုသပေးချင်တယ်ဆိုရင်တော့ ကျေးလက်ဆရာဝန် လိုင်စင်အနည်းဆုံး ရှိထားရမယ်။ အခြေခံအားဖြင့် ဆေးကုသခွင့် လိုင်စင်ပေါ့။ အဲ့ဒါမရှိဘဲနဲ့ ကုမယ်ဆိုရင် တစ်ယောက်ယောက်က မင်းကို တိုင်ကြားလိုက်ရင် ဘာဖြစ်မလဲဆိုတာ မင်းသိတယ်မလား။ "
"တိရစ္ဆာန်ဆေးကုဆရာဝန်တွေလည်း အဲ့ဒီအတိုင်းပဲ။ အခုအချိန်မှာ စည်းမျဉ်းတွေက ကျယ်ပြန့်နေသေးတယ်ဆိုပေမဲ့ တစ်ခါတလေဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ စီးပွားဖြစ် ရေရှည်လုပ်မယ်ဆိုရင်တော့ လိုင်စင်ရှိမှရမယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က မနာလိုလို့ တိုင်တာမျိုး မခံရအောင် စာမေးပွဲဖြေပြီး လိုင်စင်ယူထားဖို့ ငါက အကြံပြုတာပါ။"
ထိုသို့ ရှင်းပြလိုက်မှသာ ကျန်းမန်မန် နားလည်သွားတော့သည်။"ဒါဆို တပ်ရင်းမှူး... ကျွန်မ ဒီမှာပဲ ဝက်စာပင်ရိတ်တဲ့ အလုပ်ကို အရင် စလုပ်လို့ရမလား။"
သူမ ပြောစရာပင် မလိုဘဲ သူက သူမကို ထိုနေရာတွင် အလုပ်ခန့်ရန် စီစဉ်ထားပြီးသား ဖြစ်သည်။ "ဒါရိုက်တာကျိုးက ငါ့ကို ပြောထားပြီးသားပါ။ ဒီနေ့ ဝက်မကြီးသာ ရောဂါပျောက်သွားမယ်ဆိုရင် မင်းကို ဒီဝက်ခြံမှာပဲ အလုပ်ပေးလိုက်မယ်လို့လေ။"
သူ၏ စကားမဆုံးခင်မှာပင် အနီးနားမှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။
"ထပြီ! ထပြီ! ဝက်ကြီး ထလာပြီ!"
အားလုံးလည်း နောက်ဆုံးတော့ စိတ်အေးသွားကြရ၏။
သူတို့အားလုံး ဝက်ခြံဆီသို့ အပြေးအလွှား သွားကြည့်လိုက်ကြသည်။
အမှန်တကယ်ပင် ဝက်မကြီးက ပြန်လည် ထရပ်နေလေပြီ။ သူမသည် အားအင်အပြည့်ဖြင့် ခုန်ပေါက်နေခြင်းမျိုး မဟုတ်သေးသော်လည်း ယခင်ကထက် အခြေအနေ အများကြီး ပိုမို ကောင်းမွန်လာသည်ကတော့ သိသာလှ၏။
အဘွားကောက စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်လေသည်။
"သူ အဆင်ပြေသွားပြီ၊ နောက်ဆုံးတော့ နေကောင်းသွားပြီ! ရဲဘော်ကျန်း... မင်းက တကယ်ကို ကုတတ်တာပဲ!"
ကျန်းမန်မန်က ပြုံးလိုက်ပြီး ပြောလိုက်၏။ "ကျွန်မသာ ဘာပညာမှ မတတ်ထားဘူးဆိုရင် ဘယ်လိုလုပ် စမ်းကြည့်ရဲပါ့မလဲ။ ဒါဆို မနက်ဖြန်ကစပြီး ကျွန်မ ဒီမှာ ဝက်စာပင်ရိတ်တဲ့ အလုပ်ကို တရားဝင် စလုပ်လို့ရပြီပေါ့နော်။"
ကျိုးယဲ့သည် ပါးစပ်ဟလိုက်သော်လည်း စကားမပြောသေးပေ။
အဘွားကောကတော့ ပြုံးပျော်လျက် စိတ်လှုပ်ရှားစွာ ပြောလာ၏။ "ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်!
ဒီမှာ ဝက်တွေကို ကုနိုင်တဲ့သူ ရှိနေတော့ ငါတို့အတွက် စိတ်ပူစရာ တစ်ခု လျော့သွားတာပေါ့။ ဟုတ်တယ်မလား ရှောင်ယဲ့။"
ကျိုးယဲ့သည် သူ၏လျှာဖြင့် ပါးစောင်ကို ထိုးလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။"ဒါပေါ့... ကြိုဆိုပါတယ် ရဲဘော်ကျန်း။"
ကျန်းမန်မန်က ခပ်ဖွဖွပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။"ကျေးဇူးတင်ပါတယ်။"
"အမလေး... ငါတို့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး။ ငါတို့ကသာ မင်းကို ကျေးဇူးတင်ရမှာပါ။ အခု ဝက်မကြီး အဆင်ပြေသွားပြီဆိုတော့ အားလုံး ပြန်လို့ရပါပြီ။ ဒီညက ငါ ညကင်းစောင့်ရမဲ့ အလှည့်ပဲ။"
ဟုတ်ပါသည်၊ ဤနေရာဝန်းကျင်တွင် ဝက်ခိုးယူမည့်သူ မရှိသော်လည်း တစ်စုံတစ်ယောက်ကတော့ ညအိပ် ကင်းစောင့်ပေးနေရလိမ့်မည်။
ထိုသို့ပြောလိုက်သည်နှင့် အားလုံးလည်း သက်ပြင်းချကာ လူစုခွဲလိုက်ကြတော့၏။
ဝက်မကြီး အဆင်ပြေသွားသည်ကို မြင်ရသဖြင့် တပ်ရင်းမှူးနှင့် အတွင်းရေးမှူးကျောက်တို့လည်း စိတ်အေးသွားကြ၏။
"ကျိုးယဲ့... မင်းက ရဲဘော်ကျန်းနဲ့ အိမ်နီးချင်းတွေဆိုတော့ အပြန်လမ်းမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုစောင့်ရှောက်သွားကြဦး။"
အတွင်းရေးမှူးကျောက် ထိုသို့ပြောလိုက်သည်နှင့် အားလုံးက သူတို့နှစ်ဦးကို လှည့်ကြည့်လိုက်ကြတော့သည်။
အဒေါ်ကြီးတစ်ယောက်ကတော့ မနေနိုင်ဘဲ ရှင်းရှင်းလင်းလင်း ထပြောလိုက်တော့သည်။
"အမလေး... မနေ့က ဒါရိုက်တာကျိုး ရေနစ်နေတာကို ရဲဘော်ကျန်းက ကယ်လိုက်တာလို့ ငါကြားထားတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ဖက်ခဲ့ပြီးပြီဆိုတော့ ဒါရိုက်တာကျိုး... သူမကို လက်မထပ်ချင်ဘူးလား။"
ကျန်းမန်မန်ကတော့ ဝင်ပြောရခက်သွားတော့သည်။ "အဒေါ်... ဘာတွေပြောနေတာလဲ။ ကျွန်မတို့ ဘယ်လိုခေတ်ကြီးထဲ ရောက်နေပြီလဲဆိုတာ အဒေါ် မသိဘူးလား။ အဲ့ဒီ ရှေးရိုးစွဲ ပဒေသရာဇ်ခေတ်က အတွေးအခေါ်ဟောင်းကြီးတွေကို ဆုပ်ကိုင်မထားပါနဲ့တော့။ ကျွန်မက ကောင်းမှုတစ်ခုလုပ်ပြီး လူတစ်ယောက်ကို ကယ်တင်လိုက်တာက ကျွန်မကို တစ်ခုခုလုပ်ဖို့ အတင်းအကျပ် ဖိအားပေးနိုင်တဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ ဒါက ယုတ္တိမရှိဘူး။ ကျွန်မ အိမ်ပြန်တော့မယ်။"
ကျိုးယဲ့ကတော့ နှုတ်ခမ်းကို သပ်ရင်း အရှေ့မှ ခပ်သွက်သွက် လျှောက်သွားနေသည့် ဝဝတုတ်တုတ် မိန်းကလေးကို ကြည့်ကာ အမှီလိုက်သွားတော့သည်။
ဘေးနားတွင် လူသူမရှိသည့် နေရာတစ်ခု ရောက်တော့မှ ကျိုးယဲ့က သူမကို မေးလိုက်၏။
"မင်း တကယ်ပဲ ကျွန်တော့်ကို တာဝန်ယူစေချင်နေတာ မဟုတ်ဘူးလား။ ကျွန်တော် မင်းကို လက်ထပ်နိုင်တယ်လေ။"
"သွားစမ်းပါ!"
သူမ၏ ရုတ်တရက် အော်ဟစ်လိုက်သံကြောင့် ကျိုးယဲ့လည်း ကြောင်အမ်းသွားပြီး နှာခေါင်းကိုသာ ကုတ်နေမိတော့သည်။
ကောင်းပြီလေ... သူက ကမ်းလှမ်းခဲ့သော်လည်း သူမက မလိုချင်သည့်အတွက် သူ့တွင် အပြစ်မရှိတော့ပေ။
ကျန်းမန်မန်ကတော့ စိတ်တိုတိုနှင့် သူ့ကို ကြည့်ပြီး တတွတ်တွတ် ပြောနေတော့သည်။
ဒီလူက ရုပ်လည်းချောသလို ကိုယ်လုံးကိုယ်ပေါက်ကလည်း အမိုက်စားဖြစ်သည်။ သို့သော် သူမ ဒီကိုလာခြင်းက လက်ထပ်ဖို့ မဟုတ်ပေ။ သူမက ဝက်စာပင်ရိတ်ရန်သာ လာခြင်းဖြစ်သည်။
တကယ်တော့ ဒါကလည်း သိပ်တော့ မမှန်သေးပေ။ သူမ ဒီကိုလာခြင်းက လှပသည့် တရုတ်ပြည်သစ် တည်ထောင်ရာတွင် ကူညီရန်ပင်။ သူမသည် လက်ထပ်ပြီး ချက်ချင်း ကလေးမွေးနေမည့်သူမျိုး မဟုတ်ပေ။
မဟုတ်သေးဘူး... ဒါက အကောင်းဆုံးသော ခေတ်ကြီးဖြစ်သည့်အတွက် သူမတွင် လုပ်စရာ အများကြီး ရှိသေးသည်။ အခုလိုအချိန်တွင် သူမ ဘယ်လိုလုပ် လက်ထပ်နိုင်မည်လဲ။
"မင်းက တကယ်ကို စိတ်ကြီးတာပဲ။"
"ရှင်က ကျွန်မ စိတ်တိုမဲ့ အကြောင်းအရာတွေကို လာပြောနေတာလေ၊ ကျွန်မက ဘယ်လိုလုပ် စိတ်မတိုဘဲ နေနိုင်မှာလဲ။ နောက်ဆို အဲ့ဒီအကြောင်းကို ထပ်မပြောနဲ့တော့။ ဒါနဲ့ ကျွန်မပြောပြတဲ့နည်းလမ်းကို သုံးကြည့်ရဲ့လား။ အဆိပ်ရှိတဲ့ အပင်ကို ဘယ်သူ ကိုင်တွယ်ခဲ့လဲဆိုတာ သိပြီလား။"
ဒီစကားကြောင့် ကျိုးယဲ့၏ မျက်နှာထားက ချက်ချင်း တည်ကြည်သွားတော့သည်။
"သိရပြီ။ ဒါပေမဲ့ ဒါက တမင်တကာ လုပ်တာလား၊ မတော်တဆလားဆိုတာတော့ မသေချာသေးဘူး။ အခြေအနေကို နည်းနည်း ထပ်စောင့်ကြည့်ရဦးမယ်။"
ကျန်းမန်မန်က စပ်စုချင်စိတ်နှင့် မေးလိုက်သည်။
"ဒါဆို အဲ့ဒါက ဘယ်သူလဲ။"
ကျိုးယဲ့ ခဏလောက် စဉ်းစားလိုက်၏။ သူမက သူ့ကို နည်းလမ်းပေးခဲ့ပြီး၊ဝက်ကိုလည်း ကုသပေးခဲ့သည်။ ပြီးတော့ သူမ ဒီကိုရောက်လာသည်ကလည်း နှစ်ရက်သာ ရှိသေး၏။ ထို့ကြောင့် သူက ဆိုလိုက်သည်။
"ကျွန်တော် ပြောပြရင်တောင် မင်း သိမှာမဟုတ်ဘူး။ သူ့နာမည်က ချန်သော်ယွိတဲ့။"
ကျန်းမန်မန် ခေတ္တရပ်လိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်က သိပ် မမှောင်သေးပေ။ လမင်းကြီးကလည်း သာနေသလို ကြယ်များလည်း စုံနေသောကြောင့် လုံးဝ ပိန်းပိတ်အောင် မှောင်ကျ မနေခဲ့ပေ။
"ကျွန်မ မသိဘူးလို့ ဘယ်သူပြောလဲ။ အဲ့ဒီ ချန်သော်ယွိ ဆိုရင်တော့ ကျွန်မ တောင်ပေါ်မှာ ထင်းသွားကောက်တုန်းက ဆုံဖူးတယ်။ သူ့ကို ဖော်ပြဖို့က စကားလုံး သုံးလုံးပဲလိုတယ်။ 'အခွင့်အရေး' 'ယူ' 'တတ်သူ' ပေါ့။ ကျွန်မ သူနဲ့ နှစ်ခါဆုံဖူးတယ်၊ နှစ်ခါစလုံး ကျွန်မဆီကနေ အခွင့်အရေးယူဖို့ပဲ ကြိုးစားခဲ့တာ။"
ကျိုးယဲ့ကတော့ "အခွင့်အရေးယူသည်" ဆိုသော စကားလုံးကို တခြားအဓိပ္ပာယ်နှင့် နားလည်သွားပြီး မျက်နှာတစ်ခုလုံး ချက်ချင်းအေးစက်သွားလေတော့သည်။
"သူက မင်းအပေါ် အခွင့်အရေးယူဖို့ ကြိုးစားခဲ့တာလား။ ဒါက တကယ်ကို ပြင်းထန်တဲ့ ကိစ္စပဲ။ အကျင့်စာရိတ္တ ပျက်ပြားတာပဲ၊ ဒါကို သည်းခံနေလို့ မရဘူး။"
ကျန်းမန်မန် ခဏလောက် မှင်တက်သွားပြီးမှ သူ ဘာကို ဆိုလိုနေသလဲဆိုသည်က်ို ချက်ချင်း သဘောပေါက်သွားတော့သည်။
"အဲ့လောက်အထိ ဇာတ်လမ်းဆင်ပြီး လျှောက်မတွေးပါနဲ့ဦး။ သူက ကျွန်မဆီက ကြက်နဲ့ယုန်ကိုပဲ ယူဖို့ ကြိုးစားခဲ့တာပါ၊ အဲ့ဒါပဲ။"
သူမ အခြေအနေကို ရှင်းပြလိုက်သည့်အခါ ကျိုးယဲ့တစ်ယောက် ဆွံ့အသွားရတော့သည်။
သူမသည် စကားကို ထိုပုံစံမျိုးနှင့် ပြောစရာလိုခဲ့လို့လား။
သိသာသည့်အရာကတော့ သူမ ပြောသည့် "အခွင့်အရေးယူခြင်း" နှင့် သူ နားလည်သည့် "အခွင့်အရေးယူခြင်း" က တစ်ခြားစီ ဖြစ်နေခြင်းပင်။
"ကောင်းပြီလေ။ နောက်ဆိုရင် စကားပြောတဲ့အခါရှင်းရှင်းလင်းလင်း ပြောပေးဦး။"
ကျန်းမန်မန် သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်မိရင်း နှစ်ယောက်သား သူတို့၏ အိမ်များအရှေ့သို့ရောက်သွားခဲ့ကြသည်။ ထိုစဉ် ကျန်းမန်မန်က တစ်ခုခုကို သတိရသွား၏။
"ကျွန်မ အိမ်အပြင်ဘက်မှာ ခြံစည်းရိုးတံတိုင်းတစ်ခု ခတ်ဖို့ စဉ်းစားထားတယ်။ ဒါပေမဲ့ အခုတလော ရွာထဲမှာ လူတွေက အလုပ်ရှုပ်နေကြတယ်လေ။"
"ကျွန်တော့် အမြင်တော့ အဲ့ဒါက မလိုအပ်ပါဘူး။ ကျွန်တော်ဆို ဒီကိုရောက်တာ တစ်နှစ်ကျော်ပြီ—
တစ်ခါတလေ စကားများတာမျိုး ရှိတတ်ပေမဲ့ ဘယ်သူကမှ အခြားသူအိမ်ထဲကို အတင်းဝင်ပြီး ပစ္စည်းခိုးတာမျိုး မရှိဖူးဘူး။ ဒီရပ်ကွက်ဆိုရင် တော်တော်လေး ဘေးကင်းတယ်။ ဒီဘက်ကို လူမိုက်တွေတောင် လာခဲတယ်။"
"ဘာဖြစ်လို့လဲ။"
"ဘာလို့လဲဆိုတော့ ကျွန်တော် ဒီမှာ ရှိနေလို့ပေါ့။"
ကျန်းမန်မန်ကတော့ သူ့ကို မျက်လုံးအပြူးသားနှင့် မျက်စောင်းပြန်ထိုးလိုက်တော့သည်။
"ကျွန်မက ရှင် အထဲဝင်မလာနိုင်အောင် တားဖို့အတွက် ခြံစည်းရိုးတံတိုင်းခတ်ချင်တာလို့ရော ရှင် မစဉ်းစားမိဘူးလား။"
"ဟားဟားဟားဟားဟား—"
သူ၏ ရုတ်တရက်ထွက်ပေါ်လာသော ရယ်သံ အကျယ်ကြီးကြောင့် ကျန်းမန်မန် သူ့ပါးစပ်ကိုပင် ပြေးပိတ်လိုက်ချင်စိတ် ပေါက်သွားခဲ့လေသည်။
အခုအချိန်သည် အတော်လေး နောက်ကျနေလေပြီ။ အိမ်တိုင်းကလည်း မီးပိတ်ပြီး အိပ်ကုန်ကြပြီဖြစ်၏။ သူသာ ဤသို့ ဆက်ရယ်နေလျှင် ဘယ်လိုအရာများ ထပ်ရောက်လာဦးမလဲ မသိနိုင်ပေ။
"ရဲဘော်ကျန်း ပြန်လာပြီပဲ! တော်သေးတာပေါ့— ငါ တစ်ယောက်တည်း အိမ်မှာနေရတာ ကြောက်နေတာ။"
"နောက်မှ နင့်အတွက် ခွေးတစ်ကောင် ရှာပေးထားမယ်။ ဒါဆိုရင် ကြောက်နေစရာ မလိုတော့ဘူးပေါ့။"
"အိုး... အဲ့ဒါဆိုရင်တော့ ကောင်းတာပေါ့!"
ကျန်းမန်မန် စဉ်းစားကြည့်လိုက်ရာ ဤအကြံက မဆိုးနေခဲ့ပေ။
မှောင်နေပြီဆိုသော်လည်း ည ၈ နာရီ၊ ၉ နာရီလောက်သာ ရှိသေးသည်။ သူမ ကိုယ်လက်သန့်စင်ပြီး လှဲလိုက်၏။ ထိုစဉ် ထန်ရှောင်မင်က လိုက်ကာ၏ တစ်ဖက်မှ စပ်စုချင်စိတ်နှင့် လှမ်းမေးလိုက်သည်။
"မန်မန် နင် တကယ်ပဲ ဝက်တွေကို ဆေးကုပေးတတ်တာလား။"
"အင်း... ငါ အရင်က နေခဲ့တဲ့နေရာရဲ့ မလှမ်းမကမ်းမှာ ဆေးခန်းတစ်ခု ရှိတယ်။ ငါက အဲ့ဒီမှာ မကြာခဏ သွားကူညီပေးလေ့ရှိတော့ အချိန်ကြာလာတာနဲ့အမျှ တော်တော်လေး တတ်မြောက်သွားတာပါ။"
ဒါက လိမ်ညာခြင်းတော့ မဟုတ်— သူမ၏ မူလခန္ဓာကိုယ်ပိုင်ရှင်ကလည်း တကယ်ကို ထိုနေရာသို့ ခဏခဏ သွားခဲ့လေသည်။
ရှောင်ဝမ်ရွှမ်၏ အမေက ကျန်းမာရေးဆေးခန်းတွင် အလုပ်လုပ်သောကြောင့် သူမက အသားများကို လက်ဆောင်အနေနှင့် မကြာခဏ ယူသွားပေးလေ့ရှိသည်။
ဒါက ခွေးကို အသားတုံးကျွေးလိုက်သလိုပင်။ ဘာအရိပ်အယောင်မှ ကျန်မနေခဲ့ပေ။
သူမ၏ အနာဂတ်ယောက္ခမဟု ထင်ထားခဲ့သူ၏ မျက်နှာသာပေးမှုကို ရရန်အတွက် ဆေးခန်းတွင် မကြာခဏ သွားကူညီပေးခဲ့ရင်းနှင့် အချိန်ကြာလာသည်နှင့်အမျှ အများကြီး သင်ယူဖြစ်ခဲ့ခြင်း ဖြစ်သည်။
သန့်ရှင်းရေးလုပ်ခြင်း၊ တံမြက်စည်းလှည်းခြင်း၊ စားပွဲသုတ်ခြင်းခြင်းတို့မှ စတင်ခဲ့ပြီး၊ နောက်ဆုံးတွင်တော့ ဆေးစပ်ခြင်းနှင့် ဆေးထိုးခြင်းတို့ကိုပါ တတ်မြောက်သွားခဲ့လေတော့သည်။
***