ဒါဆို မူလခန္ဓာကိုယ်ပိုင်ရှင်သည် ပညာ တိတ်တဆိတ်သင်ယူရန် ဤနေရာသို့ ရောက်နေခြင်း မဟုတ်ဟု ပြောချင်သည်လား။
ကျန်းမန်မန်သည် ဒါကို တွေးမိရုံနှင့်တင် ရယ်ချင်စိတ်ကို မနည်းထိန်းထားရ၏။ ဒီအရာအားလုံးက သူမအတွက်တော့ ကွက်တိကျသွားခြင်း မဟုတ်ပါလား။
"အင်း... ဒါကလည်း မဆိုးပါဘူး။"
ထန်ရှောင်မင်၏ အသံလေးသည် ဟောက်သံအဖြစ် ပြောင်းလဲသွားသည်ကို ကြားလိုက်ရသည့်အခါ ကျန်းမန်မန်လည်း သူမ၏ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို ဆက်လုပ်နေတော့သည်။ Pamela Reif ၏ ပြင်းထန်သည့် ချွေးထုတ်လေ့ကျင့်ခန်း ဖြစ်သည်။ သူမသည် ယခုဆိုလျှင် တစ်နေ့ကို နှစ်ကြိမ် ပြုလုပ်နေပြီး၊ ခန္ဓာကိုယ်က ကျင့်သားရသွားသည်နှင့် တစ်နေ့ကို လေးကြိမ်အထိ တိုးမြှင့်သွားရန် စီစဉ်ထားသည်။
သူမသည် ကိုယ့်ကိုယ်ကိုယ်လည်း သတိပေးထား၏။ ရေများများသောက်၊ အစားနည်းနည်းစား။ မနက်စာကို ဘုရင်တစ်ပါးလို စား၊ နေ့လယ်စာကို ဗိုက်ပြည့်အောင်စားပြီး ညစာကိုတော့ သူတောင်းစားတစ်ယောက်လို အနည်းဆုံးသာ စားရမည်။
ထိုအတိုင်း သူမ၏ မနက်စာကတော့ တကယ်ကို အကောင်းစားပင်။ မုယောနို့မှုန့် ရှိရုံတင်မကဘဲ၊ ဟောက်ဖန်းဖန်း၏ အခန်းထဲတွင် ဝှက်ထားသည့် ဘူးနှစ်ဘူးကိုလည်း သူမ ရှာတွေ့ခဲ့သေးသည်။
တကယ့် ရယ်စရာကောင်းလှသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်သည် အဆီတစ်ဝင်းဝင်းနှင့် အသားများကို အတင်းစားနေရချိန်တွင်၊ သူမ၏ မိထွေးဘက်မှညီမဖြစ်သူကတော့ မုယောနို့ကို အေးအေးဆေးဆေး သောက်နေခဲ့လေ၏။
သူမ၏ ထိုညီမလေးကတော့ ယခုဆိုလျှင် အနောက်မြောက်ပိုင်းဒေသသို့ သွားနေသည့် လမ်းပေါ် ရောက်နေလောက်ပြီဟု သူမ တွေးနေမိ၏။
မနက်စာစားပြီးသည်နှင့် သူမ ဝက်ခြံရှိရာသို့ တန်းတန်းမတ်မတ် သွားလိုက်လေသည်။
အဒေါ်လေးလျိုကတော့ ဒီနေ့တွင်အသစ်ရောက်လာသည့် ဝတုတ်မလေးဖြစ်သော ရဲဘော်ကျန်းကို မတွေ့ရတော့သောကြောင့် စိတ်သက်သာရာ ရသွားရှာ၏။ မနေ့က သူမသည် တကယ်ကို ပင်ပန်းခဲ့ရလေသည်။
ကျန်းမန်မန် ဝက်စာပင်ရိတ်ရန် သွားပြီဟု အခြားသူများပြောနေသည်ကို ကြားလိုက်ရသည့်အခါ လီဟုန်မေ့၏ မျက်နှာက ချက်ချင်းဆိုသလို မည်းမှောင်သွားတော့၏။
ကျိုးယဲ့ ဒီရွာကို စရောက်ကတည်းက သူမက သူ့ကို သဘောကျနေခဲ့သည်။ ထို့အပြင် သူက ဝက်မွေးမြူရေးခြံတစ်ခုလုံးကိုလည်း အုပ်ချုပ်နေသည်မဟုတ်လား။
သူမသည် ဝက်ခြံတွင် ဝက်စာပင်ရိတ်ရန် အကြိမ်ကြိမ် လျှောက်ထားခဲ့ဖူးပေမဲ့ အမြဲတမ်း အငြင်းခံခဲ့ရသည်။
ယခုတော့ ဒီရဲဘော်ကျန်းဆိုသော အသစ်ကလေးက လုပ်ခွင့်ရသွားသည်လား။ ဘာလို့ သူမလဲ။
"အဖွဲ့ခေါင်းဆောင်... ဘာလို့ ရဲဘော်ကျန်းက ဝက်စာပင်ရိတ်ခွင့်ရပြီး ကျွန်မကျတော့ မရတာလဲ။"
အဖွဲ့ခေါင်းဆောင်ကတော့ အလုပ်နေရာ အပြောင်းအလဲလေးတစ်ခုကို သူမ ဒီလောက်အထိ ပြဿနာရှာလာလိမ့်မယ်လို့ မထင်ထားခဲ့ပေ။
"ရဲဘော်လီ... ဝက်ခြံမှာ ဝက်စာမြက်တွေ လိုအပ်နေလို့ အလုပ်သွက်တဲ့သူတစ်ယောက်ကို လိုအပ်နေတာ။ မင်းသာ ရဲဘော်ကျန်းလို အလုပ်သွက်မယ်ဆိုရင် မင်းကိုလည်း ငါ လွှတ်ပေးမှာပေါ့။ ဒါပေမဲ့ မင်းက အဲ့ဒီလောက် မသွက်ဘူးလေ။"
"မင်းက သူလုပ်သလောက် မမြန်ဘူး!"
လီဟုန်မေ့ကတော့ အသက်ပြင်းပြင်းရှူရင်း သူမ၏ ဂုန်လျှော်အိတ်ကို တင်းတင်းဆုပ်ထားလိုက်၏။ သူမ၏ မျက်လုံးများသည်လည်း ဒေါသရိပ်များနှင့် မှောင်မည်းနေခဲ့လေသည်။
သူမ သေချာပေါက် သိနေသည်ကတော့ ဒီရဲဘော်ကျန်းက ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်းပင်။
ဝက်စာပင်ရိတ်သည့် အလုပ်ကိုရရန်အတွက် လွန်ခဲ့သည့် နှစ်ရက်လုံးလုံး သူမသည် တမင်တကာ အစွမ်းပြနေခဲ့ခြင်းသာ ဖြစ်ရမည်။
မရဘူး... ပြန်တိုက်ခိုက်ရမည်။ သူမ ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ဒီနေ့ အလုပ်များကို မြန်မြန်လက်စသတ်ပြီး ဝက်ခြံသို့ သွားမှရမည်။
ကျန်းမန်မန်ကတော့ မနက်စောစောကတည်းက ဝက်ခြံတွင် အလုပ်သွားလုပ်နေပြီဖြစ်၏။
"အစ်ကိုယဲ့... ရဲဘော်ကျန်း ရောက်လာပြီ။ အော်... ဟုတ်သားပဲ၊ အစ်ကိုတို့က အတူတူနေကြတာပဲကို။"
ကျန်းမန်မန် - "..."
ကျိုးယဲ့ကတော့ စိတ်ပျက်လက်ပျက်နှင့် မျက်စောင်းထိုးပြီး ပြောလိုက်၏။
"မလုပ်စမ်းပါနဲ့။ စကားကို ကောင်းကောင်းမပြောတတ်ရင် ငြိမ်ငြိမ်နေလိုက်လေ။ 'အတူတူနေတယ်' ဆိုတာက ဘာကို ပြောတာလဲ။ ငါတို့ရဲ့အိမ်ချင်းက ကပ်လျက်ပဲမလို့ အိမ်နီးချင်းတွေ ဖြစ်နေတာလေ။ အတူတူလာမိတာက ဘာဖြစ်လို့လဲ။"
ကောမာဇီက ခေါင်းကို ကုတ်လိုက်ရင်း ပြောလိုက်၏။ "ကျွန်တော် ဆိုလိုတာကလည်း အဲ့ဒီလိုပါပဲ။ ကောင်းပါပြီ... နောက်ဆို သတိထားပြီး ပြောပါ့မယ်။
ဘာပဲဖြစ်ဖြစ် အားလုံးကို အစ်က််ိုတို့ကိုပဲ လွှဲထားခဲ့တော့မယ်။ ကျွန်တော်ကတော့ သွားအိပ်ပြီ။"
သူသည် မနေ့ညက ညကင်းစောင့်ထားရသောကြောင့် ဒီမနက်တွင်တော့ အနားယူလို့ ရပြီဖြစ်သည်။
ဝက်မွေးမြူရေးခြံထဲတွင်တော့ အဒေါ်ကြီးလေးယောက်က ဝက်စာချက်ရင်း သန့်ရှင်းရေးလုပ်နေကြသည်။ ကျန်းမန်မန်ကတော့ ဝက်စာမြက်သွားရိတ်မည့် အမျိုးသားသုံးဦးနှင့် ပူးပေါင်းလိုက်ရ၏။ သူမသည် ထိုအထဲမှ တစ်ယောက်ကိုတော့ မှတ်မိနေသည်— ချန်သော်ယွိပင်။
ဒုတိယတစ်ယောက်ကတော့ အသားမည်းမည်း ပိန်ပိန်ပါးပါးနှင့် အသက် ၁၈၊ ၁၉ ခန့်ရှိသည့် လျိုကျန်းယဲ့ဆိုသည့် လူငယ်လေး ဖြစ်၏။
တတိယတစ်ယောက်ကတော့ အသားဖြူဖြူနှင့် ဝမ်ကျားရှင်း ဆိုသည့်ကောင်လေးဖြစ်ပြီး အသက် ၁၆၊ ၁၇ ခန့်သာရှိကာ သူတို့ထဲတွင် အငယ်ဆုံးဖြစ်သည်။
ထိုနှစ်ယောက်၏ အသားအရောင် ကွာခြားချက်မှာ တကယ့်ကို ထင်ရှားနေခဲ့သည်။
ထိုအထဲတွင် ချန်သော်ယွိကတော့ ကြည့်ရသည်မှာ သူတို့နှစ်ဦးလုံးကို ရောစပ်ထားသလိုပင်။
အမှန်တကယ်တွင်တော့ သူသည် အမြတ်ထုတ်တတ်သည့် သူ၏နာမည်ဆိုးကြောင့် လူသိများနေသူ မဟုတ်ပါလား။
ကျန်းမန်မန်၏ စိတ်ထဲတွင်တော့ သူ့ကို ရေသာခိုသူဟုသာ တံဆိပ်ကပ်ထားလိုက်တော့သည်။
၎င်းအပြင် သူသည် အရပ်ပုပြီး မျက်လုံးကလည်း ကလည်ကလည်နှင့်ဖြစ်ရာ ဘာလုပ်လုပ် ကြည့်မရသည့်ပုံစံကို ပေးသည့် လူစားမျိုး ဖြစ်နေခဲ့လေသည်။
"ဟေး... ရဲဘော်ကျန်း၊ ဒီနေ့ ကျွန်တော်တို့ အတူတူ ဝက်စာမြက်ရိတ်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူးဗျာ။ လူခွဲပြီး အတွဲလိုက်လုပ်ကြမလား။"
ကျန်းမန်မန်သည် ယဉ်ကျေးသော်လည်း အကွာအဝေးတစ်ခုတော့ထားကာ ပြုံးပြလိုက်သည်။
"မလိုပါဘူး။ ကျွန်မ တစ်ယောက်တည်းပဲ လုပ်ရတာ ပိုကြိုက်လို့ပါ။"
"မိန်းကလေးတစ်ယောက်တည်း တောင်ပေါ်တက်မှာလား။ အန္တရာယ်များတယ်ဗျ! ဟိုမှာ မြွေတွေ၊ ပိုးကောင်တွေ၊ ကြွက်တွေနဲ့ တခြား ဘာတွေရှိနေဦးမလဲဆိုတာ မသိနိုင်ဘူး။"
"ကျွန်တော်ကတော့ အမြဲတမ်း တောင်ပေါ်မှာ ဝက်စာမြက်ရိတ်နေကျဆိုတော့ အတွေ့အကြုံရှိတယ်လေ။"
သူသည် သူ့ကိုယ်သူ အတင်းအမွှမ်းတင်နေသည်ကို မြင်သောအခါ၊ ကျိုးယဲ့လည်း မနေ့က ကျန်းမန်မန် ပြောခဲ့သည့် "အခွင့်အရေးယူတတ်သူ" ဆိုသည့် စကားကို သတိရသွားပြီး မျက်နှာပျက်သွားတော့၏။ သူသည် ဝက်မွေးမြူရေးခြံဝင်းထဲမှ ဝါးခြင်းတောင်းတစ်လုံးကို အလျင်အမြန် ဆွဲယူပြီး ပြောလိုက်လေသည်။
"သွားကြစို့။ ဒီနေ့ ငါလည်း လိုက်ခဲ့မယ်၊ ရဲဘော်ကျန်းကို လမ်းညွှန်ပေးလို့ရအောင်။"
ဝမ်ကျားရှင်းနှင့် လျိုကျန်းယဲ့တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် သူတို့၏ ခြင်းများ၊ ဓားများကို ကိုင်ကာ တောင်ပေါ်သို့ ဦးတည်လိုက်ကြတော့သည်။
ကျန်းမန်မန်လည်း ကျိုးယဲ့ကို တစ်ချက်ကြည့်လိုက်၏။ သူမ၏ လက်တစ်ဖက်တွင် မနေ့က ကျိုးယဲ့ လုပ်ပေးထားသည့် တုတ်ကိုကိုင်ထားပြီး၊ နောက်တစ်ဖက်တွင်တော့ မီးဖိုချောင်သုံးဓားကိုကိုင်ကာ ကျောတွင်ခြင်းတောင်းကိုလွယ်လျက် ဝက်စာမြက်ရိတ်ရန် စတင်ထွက်ခွာလာခဲ့သည်။
ကျိုးယဲ့က သူမကို ကြည့်ပြီး ပြောလိုက်သည်။"နောက်ကျရင် မင်းအတွက် ဆေးမှုန့်အချို့ ရှာပေးမယ်၊ ဆောင်ထားလို့ရအောင်။"
ကျန်းမန်မန်က မျက်ခုံးပင့်ပြီး မေးလိုက်၏။"ဒီနားမှာ ဆေးမှုန့် ရနိုင်တာလား။ ဒါဆိုရင်တော့ ကြိုတင်ပြီး ကျေးဇူးတင်ပါတယ်နော်။"
ကျိုးယဲ့က သူမကို ထပ်ကြည့်လိုက်ပြန်သည်။ "ဝက်စာအတွက် ကောင်းတဲ့အပင်တွေကတော့ ပိုးစာရွက်တွေ၊ နေကြာရိုင်းပင်တွေ၊ စပိန်မြက်နဲ့ မနက်ခင်းပွင့်ပန်းတွေပေါ့။ ဂျုံရိုင်းတွေ၊ မုန်ညင်းရိုင်းတွေကိုလည်း ဝက်တွေက တော်တော်ကြိုက်ကြတယ်။"
ကျန်းမန်မန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။ "ဒီနေရာက ဝက်တွေက တကယ်ပဲ အစားကောင်းသောက်ကောင်း စားရတာပဲနော်။"
"ဒါပေါ့... အဲ့ဒါမှ သူတို့က ဝဝဖြိုးဖြိုး ဖြစ်လာမှာလေ။" သူက ကျန်းမန်မန်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြန်သည်။
ကျန်းမန်မန် - "ဘာလို့ ကျွန်မကို ကြည့်နေတာလဲ။"
ကျိုးယဲ့က အကြည့်လွှဲလိုက်ပြီး ဆိုလိုက်လေသည်။ "ဘာမှမဟုတ်ပါဘူး။ စပ်စုချင်ရုံတင်ပါ။ မင်းက ဘယ်လိုမိသားစုမျိုးက လာတာလဲ။ ဘယ်လိုဖြစ်ပြီးတော့... ဒီလောက်တောင် ဝဝဖြိုးဖြိုး ဖြစ်နေရတာလဲ။"
"သာမန် အလုပ်သမား မိသားစုပါပဲ။ ဘယ်လို အခြေအနေမျိုး ရှိမယ်လို့ ရှင် ထင်လို့လဲ။ဒါပေမဲ့ ကျွန်မအမေကတော့ အရင်တုန်းက စစ်ဘက်ဆိုင်ရာ ဆရာဝန်တစ်ယောက်လေ။ သူမ ဆုံးသွားတော့ ကျွန်မအတွက် ပင်စင်လစာတွေ ချန်ထားခဲ့တယ်။ ကျွန်မရဲ့ မိထွေးကတော့ အသားထုတ်လုပ်ရေး စက်ရုံမှာ အလုပ်လုပ်တယ်လေ၊ အဲ့ဒါကြောင့် သူမက ကျွန်မကို အသားတွေ အများကြီး စားခွင့်ပေးခဲ့တာ..."
သူမသည် စကားပြောရင်းနှင့် လက်ထဲမှ ဓားကို ရှပ်... ရှပ်... ရှပ် ဆိုပြီး မြန်မြန်ဆန်ဆန် လွှဲယမ်းကာ မြက်ပင်ရှည်များကို ခုတ်ပြီး ခြင်းထဲကို အတင်းထိုးထည့်နေလေတော့သည်။
ရုတ်တရက် တောင်ပံခတ်သံ အကျယ်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ကျန်းမန်မန်လည်း လှုပ်ရှားမှုကို ခဏရပ်ပြီး ကျိုးယဲ့ကို လှည့်ကြည့်လိုက်၏။
"ဒီတောင်ပေါ်မှာ တောကြက်တွေ၊ တောယုန်တွေ အများကြီးရှိတယ်။ တစ်ခါတလေ တောဝက်တွေတောင် ထွက်လာတတ်သေးတယ်။ နေပါဦး... ဟိုတစ်နေ့က မင်းချက်တဲ့ မှိုနဲ့တောကြက်သားဆီပြန်ဟင်းက ဒီတောင်ပေါ်က ရတာ မဟုတ်ဘူးလား။ အဲ့ဒီတောကြက်ကို ဘယ်လိုများ ဖမ်းလိုက်တာလဲ။ သူတို့က အရမ်းမြန်ပြီး ပါးနပ်ကြတာ။"
ကျိုးယဲ့၏ စကားမဆုံးခင်မှာပင် ကျန်းမန်မန်က သူမလက်ထဲမှ မီးဖိုချောင်သုံးဓားကို တောကြက်ရှိရာသို့ ကျွမ်းကျင်ပိုင်နိုင်စွာ လှမ်းပေါက်လိုက်လေသည်။
တောကြက်လည်း နေရာတင် ပွဲချင်းပြီး သေသွားတော့၏။ ကျိုးယဲ့ကတော့ သူ ဘာမှမမေးခဲ့သည့်အတိုင်း ပါးစပ်ကို ချက်ချင်းပြန်ပိတ်လိုက်ရလေသည်။
"မင်း... ပစ်မှတ်ကို တော်တော်မှန်အောင် ပစ်နိုင်တာပဲ။"
ကျန်းမန်မန်ကိုယ်တိုင်လည်း သူမ ဘာလို့ ဒီလောက်အထိ တိကျနေသလဲဆိုသည်ကို မသိပေ။ သူမသည် ဓားပစ်ပေါက်နည်းကို ဘယ်တုန်းကမှ မသင်ယူခဲ့ဖူးပေ။ သူမလည်း တောကြက်ကို သွားကောက်လိုက်ရင်း ပြောလိုက်လေသည်။
"ဒီညတော့ ကြက်သား ထပ်စားရဦးမယ် ထင်တယ်။"
ကျိုးယဲ့တစ်ယောက် ဆွံ့အသွားရပြန်သည်။ ဘယ်သူက အသားကို နေ့တိုင်းစားနေလို့လဲ။ ဒီရဲဘော်ကျန်းကတော့ တကယ်ကို... လူတစ်မျိုးပင်။ ဘယ်လိုလဲဆိုသည်ကို သူကိုယ်တိုင်ပင် ဖော်ပြရန် ခက်နေ၏။
သူမ ဘာလို့ ဒီလောက် ဝဝဖြိုးဖြိုး ဖြစ်နေရသလဲဆိုသည်မှာ အံ့သြစရာ မရှိတော့ပေ။ လောကကြီးက သူမကို အစားအသောက်ကောင်းများ အတင်းလိုက်ကျွေးနေသလားဟုပင် အောက်မေ့ရ၏။
သူသည် ဝက်ခြံတွင် အလုပ်လုပ်ပြီး တစ်လကို ယွမ် ၃၀ သာရသည်။ သူမထံမှ ထမင်းတစ်နပ်ကို တစ်ယွမ်ပေးပြီး ဝယ်စားနေမည်ဆိုလျှင် သူသည် သူမအတွက် အလကား အလုပ်လုပ်ပေးနေရသလို ဖြစ်နေသည်မဟုတ်လား။
ဒီလိုတွေးမိသွားသည့်အခါ ကျိုးယဲ့တစ်ယောက် တကယ်ကို ကြောက်စရာကောင်းသည်ဟု ခံစားလိုက်ရလေ၏။
မဟုတ်လျှင်လည်း သူ ဒီဝဝတုတ်တုတ် ရဲဘော်မလေးကိုပဲ လက်ထပ်လိုက်ရမည်လား။
အင်း...
မဟုတ်ဘူး၊ မဟုတ်ဘူး။
မနေ့ညက သူ ပြောခဲ့သည်ကိုတောင် သူမက သဘောမတူခဲ့ပေ။ ထားလိုက်ပါတော့။ ဒီတစ်ခါတော့ သူ စိတ်ကို ထိန်းရမည်။ ဒါက စားစရာတစ်ခုသာ ဖြစ်သည်။ သူမ မရောက်လာခင်တည်းက သူသည် အဆင်ပြေသလို စားပြီး အသက်ရှင်နိုင်ခဲ့သူဖြစ်သည်။
သူ စိတ်ပိုင်းဖြတ်လိုက်၏။ ကျန်းမန်မန်၏ လက်ရာများအပေါ် သူ ထပ်ပြီး စိတ်မယိုင်တော့ပေ။ သူ၏ ပိုက်ဆံအိတ်ကို သူ ကာကွယ်ရမည်။
မကြာခင်မှာပဲ သူတို့နှစ်ယောက်လုံး၏ ခြင်းများထဲ၌ ဝက်စာမြက်များ အပြည့်ရသွားကြ၏။
အလေးချိန်ကတော့ ပိဿာ ၃၀ ခန့် ရှိလိမ့်မည်။
ဤသည်မှာ မနက်ခင်း ရှာဖွေမှုသာ ရှိသေးသည်။ အကယ်၍ သူမသာ ဒီအတိုင်း ဆက်လုပ်သွားမည်ဆိုလျှင် နောက်ရက်များတွင် မနက်ခင်းတစ်ချိန်တည်း၌ပင် လိုအပ်သည့် အလေးချိန်ကို ရအောင်ရှာနိုင်မည်ဖြစ်ပြီး ကျန်သည့်အချိန်များကို သူမဘာသာ စိတ်ကြိုက် သုံးနိုင်တော့မည်ဖြစ်သည်။
ထိုအတွေးကြောင့် သူမ၏ စိတ်ထဲ၌ နွေးထွေးကြည်နူးသွားတော့၏။
သို့သော် ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က ရောက်လာပြီး သူမ၏ ကြည်နူးစရာ ခံစားချက်များကို လာဖျက်ဆီးလိုက်လေသည်။
ဖျက်ဆီးသည်ဟုလည်း ပြော၍ မရပေ။ ကြည့်ရမည့် ဒရာမာဇာတ်လမ်းက ပိုတိုးလာခြင်းသာဖြစ်၏။
***