ရိဖျင်ခန်းမဆောင်အတွင်းဝယ်။
အဆင့် (၃) အတားအဆီးဖောက်ဖျက်မန္တန်စက္ကူသည် ပေါက်ကွဲထွက်သွားပြီးနောက် ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲကာ အစီအရင်၏ အရှေ့တောင်ဘက်ထောင့်ကို အပြင်းအထန် တိုက်ခိုက်လေတော့သည်။
အဆင့် (၂) မန္တန်စက္ကူ ထပ်မံပေါက်ကွဲသွားသောအခါ အစီအရင်၏ ထောင့်တစ်နေရာမှာ ပါးလွှာသွားပြီး ပြိုကွဲတော့မည့်အသွင် ဆောင်လာချေပြီ။
"အချည်းနှီးပဲ"
ရွှေအမြုတေအဆင့်ရှိသော အဘိုးအိုသည် ဒေါသတကြီး ဟစ်အော်လိုက်ပြီးနောက် သူ၏ ဝိညာဉ်သွေးတစ်လုပ်ကို အစီအရင်၏ ဟာကွက်ဆီသို့ ထွေးထုတ်လိုက်လေသည်။
ထိုသို့ သွေးဖြင့် ပူဇော်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ သိသိသာသာ ခြောက်ကပ်နွမ်းလျသွားသော်လည်း ပျက်စီးတော့မည့် အစီအရင်အစိတ်အပိုင်းမှာမူ ပြန်လည်ကောင်းမွန်လာတော့၏။
နင်တောက်ရန်မှာ အံ့ဩတုန်လှုပ်သွားရသည်။ ဤ 'ကိုးပါးယင် ဝိညာဉ်စုစည်းခြင်း အစီအရင်' မှာ မိမိ၏ သွေးသားနှင့် ဝိညာဉ်ဖြင့် အစာကျွေးရသော အလွန်ယုတ်မာသည့် အစီအရင် ဖြစ်ပေရာ ရိဖျင်ခန်းမဆောင် တစ်ခုလုံးကို ဧရာမ ခေါင်းတလားကြီးတစ်ခုကဲ့သို့ ပိတ်ဆို့ထားခြင်း ပေတည်း။
ယင်းမှာ နင်တောက်ရန်အား ထွက်ပြေးစရာ လမ်းမရှိအောင် ပိတ်ဆို့ပြီးနောက် ရွှေအမြုတေအဆင့်ရှိသူက ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ကြံစည်ခြင်း ဖြစ်ချေသည်။
ထိုသူသည် နင်တောက်ရန်အား သဘောကျရခြင်းမှာ ဘိုးဘေးကြီးလော့၏ မှတ်ဉာဏ်များအရ ဤလူငယ်သည် 'ထာဝရစိမ်းလန်းကျင့်စဉ်' ကို အဆင့် (၃) သို့မဟုတ် (၄) အထိ တတ်မြောက်ထားသည်ဟု ယူဆသောကြောင့် ဖြစ်၏။
ဤမျှ ငယ်ရွယ်သော အရွယ်ဖြင့် ထိုအဆင့်သို့ ရောက်ရှိနေခြင်းမှာ ကြောက်မက်ဖွယ်ကောင်းလှပေရာ ဝိညာဉ်အမြုတေ ညံ့ဖျင်းသည်မှာ အရေးမကြီးတော့ချေ။
"ဝုန်း"
နင်တောက်ရန်သည် ကျောရိုးထဲအထိ အေးစက်သွားသော်လည်း ' အပြာရောင်နဂါးဝိညာဥ်လှံ' ကို ထုတ်ယူကာ 'ထာဝရစိမ်းလန်းကျင့်စဉ်' အဆင့် (၁၁) ကို နှိုးဆော်လိုက်တော့သည်။
သူသည် 'လေညင်းစီးနင်းခြင်း' အတတ်ဖြင့် ရုတ်ခြည်းလှုပ်ရှားကာ ရွှေအမြုတေအဆင့်ရှိသူ၏ ဦးခေါင်းကို လှံဖြင့် အပြင်းအထန် ထိုးနှက်လိုက်၏။ ယခုအခါ အစွမ်းကုန် မတိုက်ခိုက်လျှင် နောက်နောင် တိုက်ခိုက်ခွင့် ရတော့မည် မဟုတ်ပေ။
"တကယ့်ကို ခေါင်းမာတဲ့ကောင်ပဲ"
ရွှေအမြုတေအဆင့်ရှိသူသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ အားကောင်းလှသော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး နင်တောက်ရန်အား နေရာ၌ပင် မလှုပ်နိုင်အောင် ဖိနှိပ်လိုက်တော့သည်။
"လူငယ်လေး... မင်း ဘာလို့ ရုန်းကန်နေတာလဲ၊ 'မိတ်ဆွေလုံ' ရဲ့ ခန္ဓာကိုယ် ဖြစ်ခွင့်ရတာဟာ မင်းအတွက် ကံကောင်းခြင်းပဲ မဟုတ်လား" ဟူသော အေးစက်စက် အသံနှင့်အတူ ဘိုးဘေးကြီးလော့ကလည်း နင်တောက်ရန်အား မန္တန်ကြိုးဖြင့် တင်းကျပ်စွာ တုပ်နှောင်လိုက်လေတော့သတည်း။
...
ရိဖျင်ခန်းမဆောင် ပြင်ပ၌မူ။
အဆင့် (၂) အစီအရင်တစ်ခုသည် ဟွမ်လုံဈေးကွက်တစ်ခုလုံးကို လွှမ်းခြုံကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ အနန္တဂိုဏ်းမှ ဟွမ်ချန်ယန်အပါအဝင် 'အုတ်မြစ်တည်ဆောက်ခြင်း' အဆင့်ရှိ ကျင့်ကြံသူ လေးဦးတို့သည် လေထဲတွင် ရပ်တန့်နေကြ၏။
"ဘယ်သူကများ ငါတို့ အနန္တဂိုဏ်း နယ်မြေထဲမှာ ဒီလို ယုတ်မာတဲ့ အစီအရင်ကို ခင်းကျင်းရဲတာလဲ" ဟု ဟွမ်ချန်ယန်က ဟိန်းဟောက်လိုက်သည်။
သူသည် အခန်းတွင်း၌ အဖမ်းခံထားရသော နင်တောက်ရန်ကို မြင်သောအခါ "ငါတို့ဂိုဏ်းသားကို ချက်ချင်းလွှတ်စမ်း၊ မဟုတ်ရင် ငါတို့ လက်မနှေးဘူး" ဟု ထပ်မံ သတိပေးလိုက်၏။
ခန်းမဆောင်အတွင်းမှ ပျင်းရိငြီးငွေ့ဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။ အဘိုးအိုလုံသည် သူ၏ ရွှေအမြုတေအဆင့် ဝိညာဉ်ဖိအားကို ထုတ်လွှတ်ကာ အပြင်သို့ ထွက်လာပြီး "တိုက်ချင်ရင်လည်း တိုက်ကြည့်ကြပေါ့၊ မင်းတို့ရဲ့ အစွမ်းကို ငါလည်း ကြည့်ချင်သေးတယ်" ဟု ပြောင်လှောင်လိုက်တော့သည်။
"တကယ်ပဲ ရွှေအမြုတေအဆင့်ပါလား..." ဟု အခြားအကြီးအကဲများမှာ ထိတ်လန့်သွားကြ၏။ ဟွမ်ချန်ယန်က ရိုသေစွာဖြင့် "စီနီယာ... ဘာကြောင့်များ အခုလို လုပ်ရတာလဲခင်ဗျာ" ဟု မေးမြန်းလိုက်ရာ အဘိုးအိုက "ဘာကြောင့်လဲဆိုတာ မင်းတို့လို လူငယ်တွေကို ရှင်းပြနေစရာ မလိုဘူး၊ ငါ့ရဲ့ ကိစ္စပြီးတဲ့အထိ မင်းတို့ တိုက်ချင်သလောက် တိုက်နိုင်တယ်၊ ဒါပေမဲ့ ကိစ္စပြီးသွားရင်တော့ တိုက်ခိုက်ခဲ့တဲ့သူတွေကို ငါ တစ်ယောက်ချင်း စာရင်းရှင်းမယ်" ဟု ဆိုကာ ရုပ်ဖျက်၍ အခန်းတွင်းသို့ ပြန်ဝင်သွားတော့၏။
"ဒီလူက ဘယ်သူလဲ" ဟု အကြီးအကဲတစ်ဦးက မေးရာ အခြားတစ်ဦးက"သူ့ရဲ့ အရှိန်အဝါအရ ဆိုရင်တော့ ငါတို့ ချင်းကျိုးနယ်မြေက 'ဟွမ်လုံသူတော်စင်' ဖြစ်နိုင်တယ်၊ သူဟာ ရွှေအမြုတေအဆင့်ကို ကျော်လွန်ပြီး 'ဝိညာဥ်သန္ဓေတည်အဆင့်' ကို တက်လှမ်းဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ကြားဖူးတယ်" ဟု ဆိုလာသည်။
သူသည် သက်တမ်းကုန်ခါနီးဖြစ်သဖြင့် သူ၏ ဝိညာဉ်ကို လူငယ်တစ်ဦး၏ ခန္ဓာကိုယ်အတွင်းသို့ ပြောင်းရွှေ့ရန် ကြံစည်ခြင်း ဖြစ်ပေရာ အကယ်၍ သူ အောင်မြင်သွားပါက ဂိုဏ်းချုပ်ကြီးပင် မရှိသော ယခုအချိန်တွင် မည်သူမျှ တားဆီးနိုင်မည် မဟုတ်ချေ။
ဟွမ်ချန်ယန်မှာ ချွေးစေးများ ထွက်လာပြီး နင်တောက်ရန်ကို ကယ်တင်ရန် ကြိုးစားချင်သော်လည်း ရွှေအမြုတေအဆင့်မြင့်ပိုင်း ကျင့်ကြံသူအား မည်သို့မျှ မယှဥ်နိုင်သည်ဖြစ်ရာ သက်ပြင်းချရုံမှတစ်ပါး အခြားမရှိတော့ချေ။
ရိဖျင်ခန်းမဆောင်အတွင်း၌မူ နင်တောက်ရန်သည် လက်တစ်ချောင်းမျှ မလှုပ်နိုင်အောင် ချည်နှောင်ခံထားရသည်။
ဝိညာဉ်သားရဲအိတ်အတွင်းမှ သမင်အူကြောင်ကြီးနှင့် ကြောင်နက်လေးတို့မှာလည်း အတင်းရုန်းကန်နေကြသော်လည်း ရွှေအမြုတေအဆင့်၏ ဖိအားကြောင့် မတတ်နိုင်ကြရှာပေ။
'သွားပြီ...' ဟု နင်တောက်ရန် စိတ်ထဲမှ ရေရွတ်မိသည်။ သူသည် အလွန်ပင် သတိထား၍ နေထိုင်ခဲ့သော်လည်း ယခုကဲ့သို့သော ဘေးဆိုးနှင့် ကြုံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အဘိုးအိုလုံသည် သူ၏ ခြေရင်း၌ အစီအရင်တစ်ခုကို ခင်းကျင်းကာ "စိတ်အေးအေးထားပါ လူငယ်လေး၊ မင်းရဲ့ ခန္ဓာကိုယ်ကို ငါ အကျိုးရှိရှိ အသုံးချမှာပါ၊ 'ဟွမ်လုံသူတော်စင်' ဆိုတဲ့ ငါ့ရဲ့ အမည်ဟာ မင်းကြောင့် ဆက်လက် တည်ရှိနေဦးမှာပါ" ဟု ဆိုကာ ရယ်မောလိုက်တော့၏။
ဟွမ်လုံသူတော်စင်ဟူသော အမည်မှာ ဟွမ်လုံတောင်တန်းအတွင်းရှိ ထင်ရှားသော ရွှေအမြုတေအဆင့် မိသားစုကြီးတစ်ခု၏ ဘိုးဘေးဖြစ်ပေရာ သူသည် သက်တမ်း ငါးရာ၊ ခြောက်ရာခန့် ရှိနေပြီ ဖြစ်ချေသည်။
အဘိုးအိုသည် အစီအရင်ကို နှိုးဆော်လိုက်ရာ နီမြန်းသော မြူခိုးများက နင်တောက်ရန်အား ဝါးမြိုသွားလေတော့သည်။
ခဏချင်းမှာပင် နင်တောက်ရန်သည် အာရုံငါးပါးလုံး ပျောက်ကွယ်သွားပြီး သူ၏ သိစိတ်မှာ ခန္ဓာကိုယ်အတွင်းရှိ အမှောင်ထုအတွင်းသို့ ရောက်ရှိသွားတော့၏။ ထိုအမှောင်ထုအတွင်း၌ 'ထာဝရစိမ်းလန်းကျင့်စဉ်' ကြောင့် စိမ်းလန်းသော အလင်းစက်ကလေးတစ်ခုသာ ရှိနေချေသည်။
"လူငယ်လေး... အညံ့ခံလိုက်စမ်း" ဟူသော အဘိုးအို၏ အသံနှင့်အတူ လက်သီးဆုပ်ခန့်ရှိသော ရွှေရောင်အလင်းတန်းတစ်ခု ဝင်ရောက်လာသည်။
ယင်းမှာ ဟွမ်လုံသူတော်စင်၏ ဝိညာဉ်ပင် ဖြစ်ချေသည်။ သို့သော်လည်း သူ၏ ဝိညာဉ်မှာ သက်တမ်းကုန်ခါနီးဖြစ်သည့်အပြင် အစီအရင်အတွက် ဝိညာဉ်သွေးကို အသုံးပြုခဲ့ရသဖြင့် အားနည်းနေချေပြီ။
သို့တိုင်အောင် 'ဝိညာဉ်စွမ်းအင်သန့်စင်မှု' အဆင့်ရှိသူတစ်ဦးကိုမူ အလွယ်တကူ ချေမှုန်းနိုင်သည်ဟု သူ ယုံကြည်ထား၏။
ရွှေရောင်အလင်းတန်းသည် နင်တောက်ရန်၏ ဝိညာဉ်အလင်းစက်ကို စတင်ဝါးမြိုရန် ကြိုးစားတော့သည်။ နင်တောက်ရန်သည်လည်း အသာတကြည် အရှုံးမပေးဘဲ 'ထာဝရစိမ်းလန်းကျင့်စဉ်' ကို အစွမ်းကုန် နှိုးဆော်လိုက်ရာ သူ၏ ဝိညာဉ်အလင်းစက်မှာ အနည်းငယ် ပို၍ ကြီးမားလာချေသည်။
"ဟင်... မင်းရဲ့ ကျင့်စဉ်က အဆင့် (၃) မဟုတ်ဘူးလား၊ အဆင့် (၅) တောင် ရောက်နေတာလား" ဟု အဘိုးအိုက အံ့ဩစွာဖြင့် "ကောင်းတယ်ဒီအရွယ်နဲ့ အဆင့် (၅) အထိ တတ်မြောက်ထားတာ ဆိုတော့ မင်းရဲ့ ခန္ဓာကိုယ်က ငါ့အတွက် ပိုတောင် တန်ဖိုးရှိဦးမယ်" ဟု ဆိုကာ ပို၍ အားစိုက်လိုက်ပြန်သည်။
နင်တောက်ရန်သည် စကားမပြောနိုင်သော်လည်း သူ၏ ဝိညာဉ်စွမ်းအားကို မြှင့်တင်ကာ ဆက်လက် ခုခံနေ၏။ "နေဦး... တစ်ခုခု မှားနေပြီ" ဟု အဘိုးအို၏ အသံမှာ တုန်လှုပ်မှုများ ပါဝင်လာပြီး"ဒါ အဆင့် (၅) မဟုတ်ဘူး၊ အဆင့် (၇)... မဟုတ်ဘူး... အဆင့် (၈) လား" ဟု အော်ဟစ်လိုက်တော့သည်။
ရွှေရောင်အလင်းတန်းမှာ နင်တောက်ရန်၏ စိမ်းလန်းသော အလင်းတန်းကို ဝါးမြိုရန် ကြိုးစားနေသော်လည်း နင်တောက်ရန်မှာ 'ဝိညာဉ်ရှာဖွေခြင်းကျင့်စဥ်' ကို ပြည့်စုံခြင်းအဆင့်အထိ လေ့ကျင့်ထားသူ ဖြစ်ပေရာ သူ၏ ဝိညာဉ်စွမ်းအားမှာ 'အုတ်မြစ်တည်ဆောက်ခြင်း' အဆင့်မြင့်ပိုင်းအထိ ရှိနေချေပြီ။
ထို့ပြင် 'ထာဝရစိမ်းလန်းကျင့်စဉ်' ၏ အစွမ်းကြောင့် သူ၏ အလင်းစက်မှာ ပို၍ ပို၍ ကြီးမားလာတော့သည်။
"မဟုတ်ဘူး မင်းရဲ့ကျင့်စဉ်က အဆင့် (၉)... (၁၀)... အား... အခုထိ တိုးနေတုန်းပဲလား..."
"အဆင့် (၁၁) ထာဝရစိမ်းလန်းကျင့်စဉ် ဟုတ်လား"
အဘိုးအို၏ အသံတွင် ဝမ်းသာမှုများ ပျောက်ကွယ်သွားပြီး ထိတ်လန့်တုန်လှုပ်မှုများသာ အစားထိုးလာတော့သည်။
အဆင့် (၁၁) ၏ အစွမ်းကြောင့် နင်တောက်ရန်၏ ဝိညာဉ်မှာ ထိုအဘိုးအိုထက်ပင် ပို၍ အားကောင်းနေချေပြီ။
ယခုအခါ ရွှေရောင်အလင်းစက်မှာ စိမ်းလန်းသောအလင်းအောက်၌ တဖြည်းဖြည်း သေးငယ်သွားပြီး အဝါးမြိုခံရမည့် အခြေအနေသို့ ရောက်ရှိသွားတော့၏။
"မဖြစ်နိုင်တာ... မင်းရဲ့ အရိုးသက်တမ်းက လေးဆယ်တောင် မပြည့်သေးဘဲနဲ့ အဆင့် (၁၁) ကို ဘယ်လိုလုပ် တတ်မြောက်နိုင်မှာလဲ။ ငါ့ရဲ့ နှစ်ပေါင်းများစွာ ကြံစည်မှုတွေဟာ မင်းလို ကောင်စုတ်လေးတစ်ယောက် လက်ထဲမှာ ပျက်စီးရတော့မှာလား... မကျေနပ်ဘူး... မကျေနပ်ဘူးဟေ့"
ဟစ်အော်သံများနှင့်အတူ ရွှေရောင်အလင်းတန်းမှာ မှေးမှိန်သွားပြီး လုံးဝ ကွယ်ပျောက်သွားလေတော့သတည်း။
ခြုံစုံထားသော ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားသည်။
"ဟင်"
ဘိုးဘေးကြီး လော့မှာ အံ့ဩတုန်လှုပ်သွားရ၏။ သူ၏ မျက်စိရှေ့တွင်ပင် နင်တောက်ရန်မှာ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီးနောက် ပထမဆုံး စကားကို ဆိုလိုက်တော့သည်။
"ဘာကြည့်နေတာလဲ... ငါ့ကို ချက်ချင်း လွှတ်ပေးစမ်း"
***