အရုဏ်ဦးအလင်းရောင် အောက်ဝယ် တိမ်ဦးတိမ်လိပ်များ လွင့်ပျက်နေသကဲ့သို့ပင် အနန္တဂိုဏ်း၏ အတွင်းစည်းနှင့် အပြင်စည်းမှ ပါရမီရှင် တပည့်အပေါင်းတို့သည် အတွင်းစည်းပင်မဆောင် ရင်ပြင်ကျယ်ထံသို့ စုရုံးရောက်ရှိနေကြချေပြီ။
နင်တောက်ရန်သည်လည်း သမင်အူကြောင်ကြီးနှင့်အတူ ဘေးချင်းယှဉ်လျက် ရောက်ရှိလာ၏။ သူသည် အထူးတလည် အာရုံစိုက်မခံရစေရန် ရင်ပြင်၏ ထောင့်စွန်းတစ်နေရာ၌သာ ငြိမ်သက်စွာ ရပ်တန့်နေပေသည်။
“ညီလေးနင်...”
မနီးမဝေးမှ နှုတ်ဆက်သံကြောင့် ကြည့်လိုက်ရာ စီနီယာလင်းကျော့ကျွင်း ဖြစ်နေသည်ကို တွေ့ရ၏။ နင်တောက်ရန်က ပြုံးလျက် ခေါင်းညိတ်ပြကာ “စီနီယာလင်းပါလား... မတွေ့တာ ကြာပြီနော်” ဟု တုံ့ပြန်လိုက်သည်။
“တကယ်ကို ကြာသွားတာပဲ” ဟု လင်းကျော့ကျွင်းက ရယ်မောရင်း ဆို၏။ “ဘာလဲ... ညီလေးလည်း စန်းနန်လျှို့ဝှက်နယ်မြေ ခရီးစဉ်မှာ လိုက်မှာလား”
“ဟုတ်ကဲ့... ဂိုဏ်းက အမည်စာရင်း ထုတ်ပြန်ထားလို့ပါ”
“သြော်... အဲလိုလား...”
လင်းကျော့ကျွင်းက ဘာမျှ ဆက်မပြောတော့သော်လည်း သူနှင့် ရင်းနှီးသော ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့် (၉) ရှိသည့် တပည့်အချို့မှာမူ နင်တောက်ရန်အား ထူးဆန်းသလို ကြည့်ကာ တိုးတိုးတိတ်တိတ် ဝေဖန်နေကြတော့သည်။
“အဆင့် (၇) ပဲ ရှိသေးတာကို စန်းနန်နယ်မြေထဲ လွှတ်တယ်ဆိုတာ တစ်ခုခု မှားနေတာများလား”
“ဟွန်း... ဒီနင်တောက်ရန်ဆိုတဲ့လူက ဒုတိယအဆင့် ဝိညာဉ်စိုက်ပျိုးရေးသမားဆိုပေမဲ့ အဆင့် (၇) နဲ့ စန်းနန်နယ်မြေထဲ ဝင်တာဟာ သေတွင်းထဲ ဆင်းတာနဲ့ အတူတူပဲ၊ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူတွေ မပြောနဲ့... လမ်းစဉ်မှန် ကျင့်ကြံသူတွေတောင် သူ့ကိုတွေ့ရင် လက်ယားပြီး သတ်မိကြမှာ”
နင်တောက်ရန်မှာ နတ်ဘုရားအာရုံ အကြားအာရုံ ထက်မြက်သူဖြစ်ရာ ထိုစကားလုံးများကို အတိုင်းသား ကြားနေရ၏။ သူ၏ နှုတ်ခမ်းအစုံ အနည်းငယ် တွန့်ကွေးသွားသော်လည်း ဘာမျှမကြားသယောင်သာ နေလိုက်ပေသည်။
မကြာမီမှာပင် လင်းရှန့်နှင့် လျှိူရူယန်တို့လည်း ရောက်ရှိလာကြ၏။ လျှိူရူယန်မှာ လမင်းဖြူရောင် ဝတ်စုံရှည်ကို ဆင်မြန်းထားရာ ပန်းချီကားထဲမှ နတ်မိမယ်လေး တစ်ပါးအလား လှပလွန်းလှသဖြင့် အမျိုးသားတပည့်အပေါင်း၏ အကြည့်တို့ကို ဖမ်းစားထားလေသည်။
သို့သော် ထိုမနာလိုစဖွယ် အကြည့်တို့သည် ဘေးတွင် ရပ်နေသော လင်းရှန့်ထံသို့ ဒေါသအသွင်ဖြင့် ကူးစက်သွားတော့၏။
အဆင့် (၈) ဝိညာဉ်မြစ်ဖျား ပါရမီသာရှိသော အပြင်စည်းတပည့် အညတရတစ်ဦးက လျှိူနတ်မိမယ်နှင့် အဘယ်ကြောင့် တွဲဖက်နေရသနည်းဟု လူအများက မကျေမချမ်း ဖြစ်နေကြချေပြီ။
“ဟမ်...”
လင်းရှန့်က မျက်မှောင်ကြုတ်ကာ ထိုသူတို့ကို အေးစက်စက် ကြည့်လိုက်၏။ သူ၏ ပါရမီမှာ နိမ့်ပါးသည် ဆိုသော်ငြား အဆင့် (၉) အစွမ်းမှာ အစစ်အမှန် ဖြစ်ပေရာ တိုက်ပွဲအတွေ့အကြုံအရ ဆိုလျှင် သူသည် အတွင်းစည်းတပည့်များအကြား ထိပ်တန်းကပင် ဖြစ်ချေသည်။
“အားလုံး ငြိမ်ကြစမ်း”
အပြင်စည်း အကြီးအကဲတစ်ဦးက လက်စွပ်ကို ခါယမ်းကာ အမိန့်ပေးလိုက်၏။ “ငါတို့ အနန္တဂိုဏ်းဟာ ချင်းကျိုးနယ်မြေမှာ နှစ်ပေါင်းထောင်ချီ ရပ်တည်လာခဲ့တာ၊ မင်းတို့ဟာ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေနဲ့”
“ဟုတ်ကဲ့ပါ အကြီးအကဲ”
တပည့်အပေါင်းမှာ စိတ်ဓာတ်များ တက်ကြွလာကြ၏။ အကြီးအကဲက ဆက်လက်၍ နယ်မြေအတွင်း အုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးအတွက် လိုအပ်သော ဆေးဖက်ဝင်အပင် အဓိက သုံးမျိုးမှအပ ကျန်ရှိသော အခွင့်အရေးမှန်သမျှကို တပည့်များကသာ ပိုင်ဆိုင်ခွင့်ရှိမည် ဖြစ်ကြောင်းနှင့် အပင်အများဆုံး ရှာဖွေနိုင်သူ ဆယ်ဦးအား ဆေးလုံး ဆုချမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ ရင်ပြင်တစ်ခုလုံး ဆူညံသွားတော့သည်။
နင်တောက်ရန်မှာမူ တိတ်ဆိတ်စွာပင် စဉ်းစားနေမိ၏။ သူ၏ စီနီယာများမှာ အခြေအနေကို အကောင်းမြင်လွန်းနေကြသည်ဟု သူ ထင်မြင်မိပေသည်။
“ကြည်... ကြည်...”
ရုတ်တရက် ကောင်းကင်ယံမှ ရှည်လျားလှသော အော်ဟစ်သံကြီး တစ်ခု ပေါ်ထွက်လာ၏။ လူအများ မော့ကြည့်လိုက်ရာ ခရမ်းရောင် အမွေးအတောင်များဖြင့် ဧရာမ ငှက်ကြီးတစ်ကောင် ဝဲပျံလာပြီး ကျန်းယုသည် ထိုငှက်ကျောပေါ်မှ သွယ်လျစွာ ဆင်းသက်လာတော့သည်။
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
အားလုံးက ရိုသေစွာ ဦးညွှတ်လိုက်ကြ၏။ ကျန်းယုမှာ ရွှေအမြုတေအဆင့်သို့ စောစီးစွာ ရောက်ရှိခဲ့သူ ဖြစ်ပေရာ သူမသာ ပေါ်မလာခဲ့ပါက အနန္တဂိုဏ်းမှာ ယခုထက် များစွာ နိမ့်ကျသွားနိုင်ပေသည်။
“ဂိုဏ်းတူ မောင်လေး၊ ညီမလေးတို့... အားနာမနေကြပါနဲ့” ဟု ကျန်းယုက သာယာသော အသံဖြင့် ဆို၏။ “အခု ငါ့ရဲ့ ဝိညာဉ်သားရဲ လျှပ်စီးငှက် (ရိုင်ဟန်) ပေါ်ကို အားလုံး တက်ကြပါ၊ ငါ နယ်မြေဆီကို လိုက်ပို့ပေးမယ်”
လျှပ်စီးငှက်ကြီးသည် မြေပြင်သို့ ဆင်းသက်လာရာ ပြင်းထန်သော လေလှိုင်းများ ပေါ်ထွက်လာ၏။ ထိုငှက်မှာ အဆင့် (၃) အစောပိုင်း အဆင့်ရှိပြီး ကျန်းယု၏ ဝိညာဉ်သားရဲ ဖြစ်ပေရာ ၎င်း၏ အစွမ်းမှာ ရွှေအမြုတေအဆင့်နှင့် အလားတူပေသည်။
အားလုံး ငှက်ကျောပေါ်သို့ တက်ရောက်ကြရာ နင်တောက်ရန်သည်လည်း သမင်အူကြောင်ကြီးကို ဆွဲ၍ ခုန်တက်လိုက်၏။
“ မောင်လေးနင်...” ကျန်းယု၏ အကြည့်က နင်တောက်ရန်ထံ ကျရောက်သွား၏။ “မင်းက ဒီမှာ ဘာလုပ်နေတာလဲ”
“ဗျာ...” နင်တောက်ရန်က အမှန်အတိုင်းပင် “ဂိုဏ်းချုပ်ကြီး... ကျွန်တော့်နာမည်လည်း စာရင်းထဲ ပါနေလို့ပါ” ဟု တင်ပြလိုက်သည်။
“အဓိပ္ပာယ်မရှိတာ” ကျန်းယုက အကြီးအကဲများဘက်သို့ လှည့်၍ မေးခွန်းထုတ်တော့၏။
“နင်တောက်ရန်က အဆင့် (၇) ပဲ ရှိသေးသလို ဒုတိယအဆင့် ဝိညာဉ်စိုက်ပျိုးရေးပညာလည်း တတ်ထားတယ်၊ သူ့ကို ဘာလို့ စာရင်းသွင်းရတာလဲ”
အကြီးအကဲများမှာ ဘာမျှ ပြန်မပြောနိုင်ကြချေ။ အထူးသဖြင့် ရှုနင်ထံမှ လာဘ်ယူခဲ့သူများမှာ ပို၍ပင် ငြိမ်သက်နေကြတော့သည်။
“ညီလေးနင်... ပြန်တော့၊ မင်း ဒီခရီးမှာ ပါဖို့ မသင့်တော်ဘူး” ဟု ကျန်းယုက ဆို၏။
“ဂိုဏ်းချုပ်ကြီး... ကျွန်တော် ရောက်လာမှတော့ ပြန်သွားရင် သူများက ထွက်ပြေးတယ်လို့ ထင်ကြပါလိမ့်မယ်၊ အဲဒါဆိုရင် ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း စိတ်ဓာတ်ကို ထိခိုက်နိုင်ပါတယ်”
“ကောင်းပြီလေ” ကျန်းယုက အနည်းငယ် ပြုံးကာ “ဒါဆိုရင်လည်း အရာရာကို သတိထားပါ” ဟု ဆိုလိုက်တော့သည်။
နင်တောက်ရန်နှင့် ဂိုဏ်းချုပ်ကြားရှိ ဆက်ဆံရေးကို ကြည့်ကာ လူအများမှာ အံ့အားသင့်နေကြချေပြီ။ နင်တောက်ရန်မှာမူ ငှက်ကျောပေါ်ရှိ မသိသာသော ထောင့်တစ်နေရာ၌ ထိုင်ကာ ရှုခင်းများကို ကြည့်ရှုနေတော့သည်။
လျှပ်စီးငှက်ကြီးသည် တိမ်တိုက်များကို ဖြတ်ကျော်ကာ တစ်ရက်နှင့် တစ်ည ပျံသန်းပြီးနောက် စိမ်းလန်းသော တောအုပ်ကြီးတစ်ခုသို့ ဆင်းသက်လိုက်၏။
ထိုနေရာမှာ စန်းနန်လျှို့ဝှက်နယ်မြေ၏ အဝင်ဝပင် ဖြစ်ပေရာ ပြင်းထန်သော အချုပ်အနှောင်စွမ်းအားများ လွင့်ပျက်နေသည်ကို ခံစားနေရ၏။
၅၀ နှစ်တစ်ကြိမ် ပွင့်သော ဤနယ်မြေအတွင်း ဝင်ရောက်သူများ၏ သေဆုံးနှုန်းမှာ ၄၀ ရာခိုင်နှုန်းခန့် ရှိပေရာ လူအများမှာ စိုးရိမ်စိတ်များ ဝင်နေကြ၏။
“အောင်မြင်မှုထက် အသက်ရှင်ဖို့က ပိုအရေးကြီးတယ်” ဟု လူအများက တွေးတောနေကြသော်လည်း လင်းရှန့်ကဲ့သို့သော သူများမှာမူ အခွင့်အရေးကို အရယူရန် ဆုံးဖြတ်ထားကြချေပြီ။
ထိုစဉ်မှာပင် အပြာရင့်ရောင် ဝတ်စုံဝတ် ကျင့်ကြံသူ ငါးရာခန့် ရောက်ရှိလာ၏။ ၎င်းတို့မှာ ချင်းကျိုးနယ်မြေ၏ ထိပ်သီးဂိုဏ်းဖြစ်သော ပင်လယ်မီးလျှံဂိုဏ်းမှ တပည့်များ ဖြစ်ကြပေသည်။
“ကျန်းယု... မိန်းကလေးငယ်လေး ပါလား”
ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး အလွန်အိုမင်းလှသော အဘိုးအိုတစ်ဦး ရောက်ရှိလာ၏။ သူသည် ပင်လယ်မီးလျှံဂိုဏ်း၏ အကြီးအကဲ ထျန်းဟိုင် ဖြစ်ပေသည်။
မကြာမီမှာပင် တောင်ဘက်မှ သွေးရောင်လွှမ်းသော ပျံသန်းရေးလှေကြီးများ ရောက်ရှိလာပြန်၏။ ၎င်းတို့မှာ နတ်ဆိုးလမ်းစဉ်ဖြစ်သော ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းမှ ဖြစ်ကြပြီး ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်နေကြ၏။
သွေးမြူများအကြားမှ သွေးရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦး ပေါ်ထွက်လာရာ ထိုသူမှာ နတ်ဆိုးလမ်းစဉ်၏ နာမည်ဆိုးဖြင့် ကျော်ကြားသော ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းမှ အကြီးအကဲ ဖြစ်ပေသည်။
“ထျန်းဟိုင်... မင်း စောစောရောက်နေတာပဲ” ဟု နတ်ဆိုးအဘိုးအိုက ဆိုကာ ရယ်မောလိုက်၏။
“ကြည့်ရတာ မင်းတို့ ပင်လယ်မီးလျှံဂိုဏ်းက ဒီတစ်ခါ ဝိညာဉ်ကျောက်တုံးမှော်ကို အရယူဖို့ ဆုံးဖြတ်ထားပုံပဲ”
ချင်းကျိုးနယ်မြေ၏ အကြီးဆုံး ဝိညာဉ်ကျောက်တုံးမှော် သုံးခုကို စန်းနန်နယ်မြေ၌ အဆင့်အလိုက် ခွဲဝေကြရပေရာ လွန်ခဲ့သော နှစ် ၅၀ က ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းက ပထမရသဖြင့် မှော်နှစ်ခုကို သိမ်းပိုက်ထားခဲ့ခြင်း ဖြစ်ပေသည်။
“ဟွန်း...” ထျန်းဟိုင်က နှာခေါင်းရှုံ့ကာ “နတ်ဆိုးအိုကြီး... မင်း လောင်းကြေးထပ်ရဲသလား” ဟု စိန်ခေါ်လိုက်တော့သတည်း။
***