မျက်စိတစ်မှိတ်အတွင်းမှာပင် ညမှောင်ရိပ်က ကျရောက်လာချေပြီ။
တိတ်ဆိတ်ခြင်းနယ်မြေအတွင်းသို့ လသာအလင်းတန်းတို့ ဖြာကျလာရာ သစ်ပင်ခြောက်များနှင့် ပြန့်ကျဲနေသော ကျောက်ဆောင်တို့မှာ ဖြူဖွေးသောအလင်းအောက်တွင် ခြောက်ခြားဖွယ်ရာ ကောင်းလှပေသည်။
သစ်ခေါင်းတစ်ခုအတွင်း၌နင်တောက်ရန်သည် ဝက်ဝံညိုတစ်ကောင်ကို မောင်းထုတ်ကာ ထိုနေရာကို သိမ်းပိုက်လိုက်ပြီးလျှင် ‘ဝိညာဉ်အရှိန်အဝါဖုံးကွယ်ခြင်းကျင့်စဉ်’ ကို ကျင့်ကြံရင်း ခေတ္တအနားယူလိုက်၏။
တစ်လမ်းလုံးတွင် မြေဒြပ်နှင့် သစ်သားဒြပ်မြေလျှိုးကျင့်စဉ်တို့ကို အဆက်မပြတ် အသုံးပြုခဲ့ရသဖြင့် သူ၏ ဝိညာဉ်စွမ်းအားတို့ အလွန်အမင်း ကုန်ခမ်းနေချေပြီ။
ထို့ကြောင့် မကြာခဏဆိုသလို ကျင့်ကြံ၍အင်အားဖြည့်တင်းရပေရာ မဟုတ်ပါက ရှေ့ဆက်ရန် ခဲယဉ်းပေလိမ့်မည်။
သူသည် လောကကြီးနှင့် တစ်သားတည်း ဖြစ်သွားသလားမှတ်ရအောင် တိတ်ဆိတ်ငြိမ်သက်နေ၏။ သူ၏ ကိုယ်တွင်း၌ အဆင့် (၁၁) သို့ ရောက်ရှိနေသော ထာဝရစိမ်းလန်းကျင့်စဉ်မှာ အရှိန်အဟုန်ဖြင့် လည်ပတ်နေပြီး သစ်သားဒြပ် ဝိညာဉ်စွမ်းအားတို့ကို အဆက်မပြတ် ထုတ်လုပ်ပေးနေပေရာ ကုန်ခမ်းသွားသော စွမ်းအင်တို့မှာ လျင်မြန်စွာပင် ပြန်လည်ပြည့်ဝလာချေသည်။
တစ်ညလုံးကျင့်ကြွပြီးနောက်
နောက်တစ်နေ့ နံနက်တွင် နံနက်ခင်းအလင်းတန်းတို့သည် တိမ်တိုက်တို့ကို ဖောက်ထွက်၍ တောအုပ်အတွင်းသို့ ဖြာကျလာတော့၏။
“ရှုး... ရှုး...”
နင်တောက်ရန်သည် သစ်သားဒြပ်မြေလျှိုးကျင့်စဉ်ကို အသုံးပြုလျက် အခွင့်အရေးသစ်များကို ရှာဖွေရန် ရှေ့သို့ ဆက်လက်ထွက်ခွာခဲ့ပြန်သည်။
မကြာမီမှာပင် ချောက်ကမ်းပါးတစ်ခုသို့ ရောက်ရှိလာရာ လေထုထဲ၌ သွေးညှီနံ့သင်းသင်းနှင့်အတူ ဆေးပင်ရနံ့တစ်ခုကိုပါ ရရှိလိုက်၏။
သူသည် မျက်မှောင်ကြုတ်လျက် ထိုရနံ့နောက်သို့ လိုက်ပါသွားရာ မကြာမီမှာပင် အလောင်းနှစ်လောင်း၏ ရှေ့သို့ ရောက်ရှိသွားတော့၏။
တစ်ဦးမှာ အနန္တဂိုဏ်းမှ အပြင်စည်းတပည့်ဖြစ်ပြီး ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့် ၉ သို့ ရောက်ရှိနေသူ ဖြစ်ပေသည်။
သို့သော် သူသည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်၍ အတွင်းစည်းတပည့် ဖြစ်ခွင့်နှင့် လွဲချော်ခဲ့ရသူ ဖြစ်ပေရာ ယခုကဲ့သို့ နေရာမျိုးတွင် အသက်မဆုံးရှုံးလိုသည်မှာ အမှန်ပင်။
အခြားအလောင်းတစ်ခုမှာမူ မီးလျှံပင်လယ်ဂိုဏ်းမှ အပြင်စည်းတပည့်ဖြစ်ပြီး သူသည်လည်း အဆင့် ၉ ကျင့်ကြံသူပင် ဖြစ်ချေသည်။
ဒဏ်ရာကို ကြည့်ခြင်းအားဖြင့် အနန္တဂိုဏ်းသားမှာ နောက်ကျောမှနေ၍ နှလုံးကို ဖောက်ထွက်အောင် အထိုးခံရခြင်း ဖြစ်ပေရာ ယင်းက အနီးကပ်ရှိနေသည့် အဖော်ဖြစ်သူ၏ လုပ်ရပ်ဖြစ်ကြောင်း ထင်ရှားလှပေသည်။
သတ်ဖြတ်သူမှာ မီးလျှံပင်လယ်ဂိုဏ်းသားဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။ သို့သော် သူ၏ လည်ပင်းတွင်လည်း လက်ငါးချောင်းရာ ပါရှိနေပြီး ဝမ်းဗိုက်မှာမူ မီးလျှံတို့ဖြင့် အပေါက်ဖြစ်အောင် အလောင်ခံထားရချေပြီ။
နင်တောက်ရန်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိ၏။ အကြောင်းကိစ္စမှာ ထင်ရှားလှပေသည်။
၎င်းတို့နှစ်ဦးသည် အခွင့်အရေးကို အတူတကွ ရှာဖွေရန် ကြံစည်ခဲ့ကြသော်လည်း ရရှိလာသည့် အခွင့်အရေးက အလွန်ကြီးမားလွန်းသဖြင့် မီးလျှံပင်လယ်ဂိုဏ်းသားက လောဘဇောတိုက်ကာ နောက်ကျောမှ ဓားဖြင့် ထိုးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် အနန္တဂိုဏ်းသားမှာလည်း မလျှော့သော ဇွဲရှိသူဖြစ်ပေရာ သေလုမြောပါး ဒဏ်ရာနှင့်ပင် ရန်သူ၏ လည်ပင်းကို ညှစ်ကာ ‘မူလအနှစ်သာရမီးလျှံ’ ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် နောက်ဆုံးတွင် နှစ်ဦးစလုံး အတူတကွ သေဆုံးခဲ့ကြရခြင်း ဖြစ်ပေသည်။
နှမြောစရာပင် ကောင်းလှပေစွ။
နင်တောက်ရန်သည် ထိုသူနှစ်ဦး၏ သိုလှောင်အိတ်တို့ကို သိမ်းဆည်းလိုက်ပြီးနောက် ချောက်ကမ်းပါးထက်၌ သက်တမ်း နှစ်ရာကျော်ရှိသော ‘စိတ်စုစည်းမြက်ပင်’ ကို တွေ့ရှိလိုက်၏။
ယင်းကပင် ထိုသူနှစ်ဦးကို ရန်သူဖြစ်စေခဲ့သော အကြောင်းရင်း ဖြစ်ပေလိမ့်မည်။ သူသည် ဆေးပင်ကို သိမ်းဆည်းပြီးနောက် ထိုသူနှစ်ဦးကို အမြန်ပင် မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်ပြီးလျှင် မြေအောက်သို့ ငုပ်လျှိုးကာ ထိုနေရာမှ ထွက်ခွာခဲ့တော့၏။ သွေးညှီနံ့များ လှိုင်နေသော ဤနေရာသည် ကြာရှည်နေရန် မသင့်တော်ချေ။
...
တောင်ခြေတစ်ခုသို့ ရောက်သောအခါ နင်တောက်ရန်သည် သက်တမ်း ခြောက်ရာရှိ ‘မူလဝိညာဉ်မြက်ပင်’ တစ်ပင်ကို လှမ်းမြင်လိုက်ရ၏။ ထိုဆေးပင်၏ ဘေးတွင် ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့်မြင့်အဆင့်ရှိ လိပ်ဟောင်းကြီးတစ်ကောင် ရှိနေသော်လည်း ထိုနေရာကို လူအုပ်စုတစ်စုက ဝိုင်းရံထားချေပြီ။
“ငါ့ညီလေးက ဒီဆေးပင်ကို အရင်တွေ့တာ... ဒါကြောင့် ဒါက ငါတို့ စီယွင်ဂိုဏ်းနဲ့ပဲ ဆိုင်တယ်”
စီယွင်ဂိုဏ်းသားတစ်ဦးက ရက်စက်သောအကြည့်ဖြင့် ဆိုလိုက်၏။ “မင်းတို့ မီးလျှံပင်လယ်ဂိုဏ်းက ပထမတန်းစားဂိုဏ်းဆိုပြီး ငါတို့ကို လာမခြိမ်းခြောက်နဲ့၊ ဒါက စန်းနန်လျို့ဝှက်နယ်မြေပဲ... ငါတို့ကတော့ အညံ့ခံမှာ မဟုတ်ဘူး”
“ဟုတ်တယ်...” အခြားသော စီယွင်ဂိုဏ်းသားတို့ကလည်း တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။
“ဟက်... ဘယ်သူက မင်းတို့ကို ဒီလိုပြောဖို့ သတ္တိပေးလိုက်တာလဲ” မီးလျှံပင်လယ်ဂိုဏ်းသားတစ်ဦးက လှောင်ပြောင်လိုက်၏။
“မင်းတို့ စီယွင်ဂိုဏ်းက ငါတို့နဲ့ ယှဉ်ချင်တာလား... သတ်ကြစမ်း၊ အကုန်လုံးကို အပြတ်ရှင်းပစ်လိုက်”
နှစ်ဖက်စလုံးမှာ ဝိညာဉ်လက်နက်တို့ကို ထုတ်ဖော်ကာ တိုက်ပွဲမှာ ချက်ချင်းပင် ပြင်းထန်သွားတော့၏။
ဝိညာဉ်လက်နက်များ ပျံသန်းနေပြီး ဦးခေါင်းများ ပြတ်ကျနေသည့် မြင်ကွင်းမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ နင်တောက်ရန်သည် ထိုကိစ္စအတွင်း ပါဝင်ပတ်သက်ရန် မသင့်ကြောင်း သိသဖြင့် တိတ်တဆိတ်ပင် ရှောင်ကွင်းသွားတော့၏။
လမ်းတစ်လျှောက်တွင်လည်း ဂိုဏ်းတူညီအစ်ကို နှစ်ဦးမှာ ဆေးပင်တစ်ပင်အတွက်ကြောင့်ပင် အချင်းချင်း သတ်ဖြတ်နေကြသည်ကို တွေ့ရပြန်၏။
အခြားတစ်နေရာ၌မူ ကျင့်ကြံသူတစ်ဦးမှာ သားရဲ၏ လှည့်စားမှုအတွင်း ကျရောက်နေပြီး မိမိကိုယ်မိမိ အုတ်မြစ်တည်ဆောက်နိုင်ပြီဟု ထင်မှတ်ကာ မြွေကြီးတစ်ကောင်၏ ဝါးမြိုခြင်းကို ခံနေရရှာသည်။
ဤသို့သော ဖြစ်ရပ်တို့မှာ စန်းနန်လျို့ဝှက်နယ်မြေတစ်ခုလုံးတွင် အဆက်မပြတ် ဖြစ်ပွားနေချေပြီ။
နင်တောက်ရန်မှာ စိတ်မကောင်း ဖြစ်မိရ၏။ စန်းနန်နယ်မြေမှ အသက်ရှင်ကျန်ရစ်သူ နည်းပါးလှသည်မှာ မဆန်းတော့ချေ။ တစ်ဝက်မှာ ဝိညာဉ်သားရဲတို့ကြောင့် သေဆုံးရပြီး ကျန်တစ်ဝက်မှာမူ လူသားချင်း သတ်ဖြတ်ခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။
ထို့ပြင် သူသည် အခြားသော လျှို့ဝှက်ချက်တစ်ခုကိုလည်း ရိပ်မိလိုက်၏။ ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းကဲ့သို့သော နတ်ဆိုးဂိုဏ်းသားတို့သည် တရားဓမ္မဂိုဏ်းသားတို့ကို စနစ်တကျ အကွက်ချ သတ်ဖြတ်နေကြခြင်း ဖြစ်ပေသည်။
အင်အားကြီးသောလမ်းစဥ်မှန်ဂိုဏ်းများကို အားနည်းသွားစေရန်အတွက် မျိုးဆက်သစ် ပါရမီရှင်များကို ဤနယ်မြေအတွင်း၌ပင် အမြစ်ဖြတ်ရန် ကြံစည်နေကြခြင်း ဖြစ်ပေရာ ယင်းက အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှချေသည်။
နေဝင်ရီတရော အချိန် တောင်နီကြီး၏ ကျောက်ဆောင်ထူထပ်သော လမ်းကျဉ်းလေးပေါ်တွင် နင်တောက်ရန်သည် အနန္တဂိုဏ်းသား ဝတ်စုံကို ဝတ်ဆင်ကာ ‘ဆောင်းဦးရေစင်ဓား’ ကို ကိုင်ဆောင်လျက် လျှောက်လှမ်းလာ၏။
ဤနေရာတွင် ကျောက်ဆောင်များပြားလှသဖြင့် မြေလျှိုးကျင့်စဉ်ကို အသုံးပြု၍ မရနိုင်ချေ။ သူ၏ နတ်ဘုရားအာရုံတွင် ရှေ့၌ ဝိညာဉ်စွမ်းအင်တို့ ထွက်ပေါ်နေသည်ကို တွေ့ရသဖြင့် ဆေးပင်တစ်ပင် ရှိနေမည်မှာ သေချာသလောက်ပင်။
တောင်ကုန်းကို ကျော်လိုက်သောအခါ ချောက်ကမ်းပါးကြား၌ သက်တမ်း တစ်ထောင်ရှိ ‘နှင်းသန့်စင်မြက်’ ပင်ကို တွေ့လိုက်ရ၏။
ယင်းက အုတ်မြစ်တည်ဆောက်ခြင်းအလယ်အဆင့်သို့ တက်လှမ်းရာတွင် အသုံးပြုသည့် ဆေးလုံးအတွက် အလွန် အဖိုးတန်လှပေသည်။ သို့သော် ထိုဆေးပင်၏ အနီး၌ အုတ်မြစ်တည်ဆောက်ခြင်း အစောပိုင်းအဆင့်နှင့် ညီမျှသော ‘ခရမ်းရောင်မီးလျှံ ပုစဉ်းရင်ကွဲ’ သားရဲကြီး တစ်ကောင် ရှိနေချေပြီ။
နင်တောက်ရန်သည် သတိကြီးစွာဖြင့် သစ်သားဒြပ်မြေလျှိုးကျင့်စဉ်ကို အသုံးပြုကာ တိတ်တဆိတ် ချဉ်းကပ်လိုက်၏။
သားရဲကြီးမှာ တစ်စုံတစ်ခုကို ရိပ်မိပုံရသော်လည်း ဝိညာဉ်စွမ်းအား လှုပ်ခတ်မှု မရှိသဖြင့် ပြန်လည်ငြိမ်သက်သွား၏။ ထိုအခိုက်တွင် နင်တောက်ရန်သည် ကောင်းကင်မှနေ၍ အပြာရောင်နဂါးဝိညာဉ်လှံဖြင့် အရှိန်အဟုန်ပြင်းစွာ ရိုက်ချလိုက်တော့သည်။
“ဝုန်း...”
သားရဲကြီးမှာ အော်ဟစ်ကာ ပြန်လည်တိုက်ခိုက်သော်လည်း နင်တောက်ရန်၏ ‘ဝိညာဉ်အရှိန်အဝါဖုံးကွယ်ခြင်းကျင့်စဉ်’ ကြောင့် ရှောင်တိမ်းရန် ခဲယဉ်းသွားရ၏။ နောက်ဆုံးတွင် သားရဲကြီး၏ ဦးခေါင်းမှာ ကွဲအက်ကာ သေဆုံးသွားရတော့သည်။
နင်တောက်ရန်သည် ဝမ်းသာအားရဖြင့် ပစ္စည်းများကို သိမ်းဆည်းရန် ပြင်စဉ်မှာပင် အမျိုးသမီး ကျင့်ကြံသူတစ်ဦးမှာ ဒယီးဒယိုင်ဖြင့် ရောက်ရှိလာ၏။ သူသည် စင်္ကြာလမင်းခန်းမဆောင်မှ ညီမလေး ဖြစ်ပေသည်။
“အနန္တဂိုဏ်းက ... ကယ်ပါဦး...”
သူမ၏ ဝတ်စုံမှာ ဖရိုဖရဲဖြစ်နေပြီး ပုခုံးတွင်လည်း ဒဏ်ရာရရှိထားချေပြီ။ သူမ၏ နောက်တွင်မူ ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းမှ တပည့်ရင်း ‘လင်းချီ’ လိုက်ပါလာခြင်း ဖြစ်ပေသည်။
နင်တောက်ရန်မှာ စိတ်ပျက်သွားရ၏။ သူသည် သူရဲကောင်းလုပ်ရန် စိတ်မကူးသော်လည်း ရန်သူမှာ ဤနယ်မြေအတွင်း အင်အားအကြီးဆုံးဟု ဆိုရမည့် လင်းချီ ဖြစ်နေသည်မဟုတ်ပါလား။
လင်းချီသည် အေးစက်သောအပြုံးဖြင့် ဆင်းသက်လာကာ ‘နှင်းသန့်စင်မြက်’ နှင့် သားရဲအလောင်းကို ကြည့်ရင်း
“မင်းက ဘယ်သူလဲ... အုတ်မြစ်တည်ဆောက်ခြင်းအဆင့် သားရဲကိုတောင် သတ်နိုင်တယ်ဆိုတော့ မဆိုးဘူးပဲ၊ ကဲ... မင်းကို ရွေးချယ်ခွင့် ပေးမယ်၊ ဆေးပင်နဲ့ သားရဲကို အပ်လိုက်ရင် မင်းရဲ့အသက်ကိုတော့ ချမ်းသာပေးလိုက်မယ်” ဟု ဆိုလာ၏။
နင်တောက်ရန်မှာမူ မျက်မှောင်ကြုတ်လျက် နဂါးလှံကြီးကို တင်းတင်းဆုပ်ကိုင်လိုက်ကာ
“မင်းက ဘယ်သူမို့လို့ ငါ့အသက်ကို ချမ်းသာပေးမယ်လို့ ပြောရတာလဲ... ဒီနေ့တော့ ဘယ်သူ့ကိုမှ ချမ်းသာပေးမှာ မဟုတ်ဘူး” ဟု ခပ်ပြတ်ပြတ်ပင် ပြန်လည်ပြောဆိုလိုက်တော့သတည်း။
***