စင်္ကြာလမင်းခန်းမဆောင်မှ စီနီယာအစ်မမှာ ထိတ်လန့်တုန်လှုပ်သွားရ၏။ ဤအနန္တဂိုဏ်းသား မောင်ငယ်လေးမှာ ဤမျှအထိ ရက်စက်ပြင်းထန်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။
“မောက်မာရိုင်းစိုင်းလှချည်လား... မင်းကတော့ သေတွင်းကို ကိုယ်တိုင်တူးနေတာပဲ”
လင်းချီသည် မထေမဲ့မြင်ပြုသော အကြည့်ဖြင့် သူ၏ ဝိညာဉ်ဓားကို ထုတ်ဖော်လိုက်၏။ သို့သော် ထိုခဏမှာပင် ပြင်းထန်သော လေပွေတစ်ခုသည် သူ၏ မျက်နှာဆီသို့ တိုးဝင်လာပြီး ပေါင်သောင်းချီသော အင်အားတို့ ပါဝင်သည့် အပြာရောင်နဂါးဝိညာဉ်လှံကြီးမှာ သူ၏ ရှေ့မှောက်သို့ ရောက်ရှိလာချေပြီ။
“မင်း...”
လင်းချီ၏ မျက်ခွံတို့မှာ ပြင်းထန်စွာ တုန်ခါသွားရ၏။ ဤမျှအထိ ပြင်းထန်လှသော တိုက်ခိုက်မှုကို သူ တစ်ခါမျှ မကြုံဖူးခဲ့ချေ။
သူသည် ဝိညာဉ်ဓားကို ရင်ဘတ်တွင် အလျင်အမြန် ကာဆီးလိုက်ပြီး မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ရာ သူ၏ ပတ်ဝန်းကျင်၌ ဒုတိယအဆင့်ရှိ ကျောက်သားဒိုင်းလွှားတစ်ခု ထွက်ပေါ်လာပြီး တဝီဝီမြည်လျက် လည်ပတ်နေတော့၏။
“ဝုန်း...”
နင်တောက်ရန်၏ လှံချက်မှာ အလွန်ပင် အားပါလှပေရာ လင်းချီ၏ ဝိညာဉ်ဓားနှင့် လက်မောင်းတို့ကို သူ၏ ကိုယ်ထည်နှင့် ကပ်သွားသည်အထိ ရိုက်ချလိုက်သကဲ့သို့ ဖြစ်သွား၏။ လှံချက်ထိမှန်သော အရှိန်ကြောင့် ကျောက်သားဒိုင်းလွှားမှာပင် ပုံပျက်ရှုံ့တွသွားရချေသည်။
ထိုစဉ် ရှူးခနဲ မြည်သံနှင့်အတူ လူရိပ်တစ်ခုမှာ လင်ချီ၏ နောက်ကျောဘက်၌ ရုတ်ခြည်းပေါ်လာပြီး လှံဖြင့် နှလုံးတည့်တည့်သို့ ထိုးစိုက်လိုက်ပြန်၏။
“လျှို့ဝှက်သိုင်းကွက် - ငွေနဂါးပင်လယ်မှ ထွက်ပေါ်ခြင်း”
လင်းချီမှာ ထိတ်လန့်သွားရပြီး မျက်နှာတစ်ခုလုံး ဖြူလျော်သွား၏။ ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်း၏ တပည့်ရင်းဖြစ်သူသည် သွေးရောင်နတ်ဆိုးအရှိန်အဝါတို့ကို ထုတ်ဖော်လိုက်ရာ သွေးရောင်သံချပ်ကာတစ်ခု ဝတ်ဆင်ထားသလား မှတ်ရပေသည်။
သို့သော်လည်း နင်တောက်ရန်၏ လှံချက်မှာ ပြင်းထန်လွန်းလှသဖြင့် ဝိညာဉ်ဝါးမြိုခြင်း နတ်ဆိုးကျင့်စဉ်၏ အကာအကွယ် လေးထပ်စလုံးကို တစ်ခဏအတွင်း ဖောက်ထွက်သွားပြီးနောက် ‘ချွင်’ ခနဲ အသံနှင့်အတူ အတွင်းခံသံချပ်ကာကို ထိမှန်သွားတော့၏။
လှံဦးမှာ တဂျစ်ဂျစ်မြည်လျက် လည်ပတ်နေပြီး လင်းချီ၏ အပြင်ဝတ်စုံကို ဆုတ်ဖြဲကာ အတွင်းခံသံချပ်ကာကို ထင်ရှားစေခဲ့၏။ ယင်းက အဆင့် (၁) အထူးကောင်းမွန်သော ဝိညာဉ်လက်နက်ဖြစ်ပုံရပြီး နဂါးလှံ၏ ရိုက်ချက်ကြောင့် အနည်းငယ်မျှသာ ချိုင့်ဝင်သွားချေသည်။
“ဖျစ်... ဖျစ်... ဖျစ်...”
နင်တောက်ရန်သည် ရန်သူကို အသက်ရှူချိန် မပေးတော့ဘဲ အရိပ်မဲ့အပ် ခြောက်စင်းကို အသက်သွေးကြောများဆီသို့ တိုက်ရိုက်ပစ်လွှတ်လိုက်ပြန်၏။
လင်းချီမှာမူ ဤမျှအထိ ရက်စက်သော တိုက်ကွက်မျိုးကို တစ်သက်နှင့်တစ်ကိုယ် မကြုံဖူးသဖြင့် တုန်လှုပ်ချောက်ချားနေရချေပြီ။
သူသည် ဝိညာဉ်ဝါးမြိုခြင်း နတ်ဆိုးကျင့်စဉ်ကို စတုတ္ထအဆင့်အထိ ကျင့်ကြံထားသူ ဖြစ်ပေရာ မျိုးဆက်သစ်များအကြား ပြိုင်ဘက်ကင်းသည်ဟု မိမိကိုယ်မိမိ ယုံကြည်ထားသူ ဖြစ်ပေသည်။
သို့သော် သူ၏ ရှေ့မှောက်ရှိ နင်တောက်ရန်မှာမူ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ထက်ပင် ပိုမိုကြောက်မက်ဖွယ် ကောင်းနေတော့၏။
လင်းချီသည် ကိုယ်ကိုလိမ်ကာ အပ်များကို ရှောင်တိမ်းလိုက်သော်လည်း သူ၏ လည်ပင်းဆီသို့ ထပ်မံတိုးဝင်လာသော မြှားတိုတစ်စင်းကိုမူ မရှောင်နိုင်တော့ချေ။
“မကောင်းတော့ဘူး...”
သူသည် အမြန်ပင် နောက်သို့ ဆုတ်လိုက်သော်လည်း မြှားတိုမှာ အတွင်းခံသံချပ်ကာပေါ်ရှိ အကာအကွယ် စက်ဝန်းတို့ကို ပျက်စီးသွားစေခဲ့ပြီ။
“ဒါ ငါ့ညီလေးကျိုးရဲ့ မိုးတိမ်မြှားပဲ... ဒါက မင်းလက်ထဲကို ဘယ်လိုရောက်နေတာလဲ” ဟု သူက ဒေါသတကြီး အော်ဟစ်လိုက်၏။
“မြေအောက် ရောက်တဲ့အခါ သူ့ကိုပဲ တိုက်ရိုက်မေးလိုက်တော့”
နင်တောက်ရန်သည် ဤကဲ့သို့သော နတ်ဆိုးဂိုဏ်းသားများအပေါ် မည်သည့်အခါမျှ အကောင်းမမြင်ခဲ့ချေ။လမ်းစဥ်မှန်ဂိုဏ်းသားများထဲတွင် ဟန်ဆောင်ကောင်းသူများ ရှိတတ်သော်လည်း အောက်တန်းကျလှသော နတ်ဆိုးဂိုဏ်းသားများလောက်တော့ စက်ဆုပ်ဖွယ် မကောင်းလှပေ။
သူသည် လေညင်းစီးနှင် လွတ်လပ်ခြင်းကျင့်စဉ်နှင့် ငွေနဂါးလှံသိုင်းကို ပေါင်းစပ်အသုံးပြုလျက် လင်ချီ၏ အတွင်းခံသံချပ်ကာကို အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်အောင် ချေမှုန်းလိုက်တော့၏။
“ပု...”
လင်းချီသည် သွေးပွက်များ အန်ထွက်လာကာ မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေသို့ ရောက်ရှိသွားချေပြီ။ “အနန္တဂိုဏ်းမှာ မင်းလို တပည့်မျိုး ဘယ်လိုလုပ် ရှိနေရတာလဲ...” ဟု သူက အံကြိတ်၍ မေးလိုက်၏။
သို့သော် နင်တောက်ရန်မှာမူ မည်သို့မျှ ပြန်မပြောဘဲ လှံချက်နှစ်ချက်ဖြင့် ရန်သူ၏ ဦးခေါင်းကို ရိုက်ခွဲလိုက်တော့သည်။ နတ်ဆိုးကျင့်စဉ် ကျင့်ကြံသူတို့၏ ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာလှသော်လည်း နင်တောက်ရန်၏ ရှေ့တွင်မူ အချည်းနှီးသာ ဖြစ်ချေသည်။
လင်းချီသည် အဆင့်(၂)ရှိ နတ်ဘုရားအလျင်အမြန်နှုန်းမန္တန်ကို အသုံးပြု၍ ထွက်ပြေးရန် ကြိုးစားသော်လည်း ဆယ်ပေမျှပင် မရောက်မီမှာပင် သွေးရောင်ချည်မျှင်တစ်ခုက လေထဲတွင် ဝဲပျံလာပြီး ကြွေထည်အပိုင်းအစတစ်ခုနှင့်အတူ သူ၏ ဦးခေါင်းကို ဖြတ်ချလိုက်လေတော့သတည်း။
ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်း၏ ထိပ်သီးတပည့် လင်းချီမှာ ဤသို့ဖြင့်ပင် အသက်ပျောက်သွားရရှာတော့၏။
...
စန်းနန်လျှို့ဝှက်နယ်မြေ၏ ပြင်ပ၌မူ ဂိုဏ်းချုပ်များအကြား အငြင်းပွားမှုမှာ ပြင်းထန်နေချေပြီ။
“ဝိညာဉ်ဝါးမြိုခြင်း နတ်ဆိုးအိုကြီး... ငါ့ရဲ့ အတွင်းစည်းတပည့် ထက်ဝက်ကျော် သေကုန်ပြီ၊ ဒါ မင်းရဲ့ လက်ချက်ပဲ မဟုတ်လား” ဟု စီယွင်ဂိုဏ်းချုပ်က ဒေါသတကြီး ဆိုလိုက်၏။
“ဒီနယ်မြေထဲ ရောက်ရင် အသက်ရှင်ဖို့နဲ့ သေဖို့က မိမိကံတရားပဲ... ဒါကို ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ မင်း မသိဘူးလား” ဟု နတ်ဆိုးအိုကြီးက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။
သို့သော် ထိုစဉ်မှာပင် ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းမှ အကြီးအကဲတစ်ဦးမှာ ဖြူလျော်သော မျက်နှာဖြင့် ရောက်ရှိလာကာ လင်းချီ၏ ဝိညာဉ်ပြား ကွဲအက်သွားပြီဖြစ်ကြောင်း တင်ပြလိုက်ရာ နတ်ဆိုးအိုကြီးမှာ အံ့ဩတုန်လှုပ်သွားရတော့၏။
“ဘယ်သူလဲ... ငါ ကိုယ်တိုင် သင်ကြားပေးထားတဲ့ လင်းချီကို ဘယ်သူက သတ်နိုင်တာလဲ”
လမ်းစဉ်မှန်ဂိုဏ်းချုပ်များမှာမူ ဝမ်းသာအားရ ရယ်မောနေကြပြီး ထိုသို့လုပ်ဆောင်နိုင်သူမှာ မီးလျှံပင်လယ်ဂိုဏ်းမှ ‘ချင်ပုဟွေ’ သာ ဖြစ်လိမ့်မည်ဟု အများက ထင်မှတ်နေကြတော့သတည်း။
စန်းနန်လျှို့ဝှက်နယ်မြေအတွင်း၌နင်တောက်ရန်သည် လင်းချီ၏ အလောင်းကို မူလအနှစ်သာရမီးလျှံဖြင့် ပြာဖြစ်အောင် အစဖျောက်လိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်နှင့် ဝိညာဉ်လက်နက်များကို သိမ်းဆည်းလိုက်၏။
ထို့နောက် ဘေးနားရှိ စင်္ကြာလမင်းခန်းမဆောင်မှ စီနီယာအစ်မ ‘လျှိူရှင်းယု’ ကို တွေ့လိုက်ရ၏။
“ မောင်လေး... ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ကျွန်မက လျှိူရှင်းယုပါ...”
သူမ၏ စကားမဆုံးမီမှာပင် နင်တောက်ရန်သည် သူမ၏ လည်ပင်းကို ရိုက်၍ မေ့မြောသွားစေလိုက်၏။ ယင်းနောက် ‘ဝိညာဉ်ရှာဖွေခြင်းအတတ်’ ကို အသုံးပြုလျက် သူမ၏ မှတ်ဉာဏ်ထဲမှ မိမိနှင့် လင်းချီတို့၏ အကြောင်းကို ဖျောက်ပစ်လိုက်ပြီးလျှင် သူမကို ဘေးကင်းသော နေရာတစ်ခု၌ ထားရစ်ကာ ထိုနေရာမှ အလျင်အမြန် ထွက်ခွာခဲ့တော့၏။
သူသည် လင်းချီ၏ သိုလှောင်အိတ်ကို စစ်ဆေးကြည့်ရာ ရတနာများစွာကို တွေ့ရှိလိုက်ရသဖြင့် “ဟဲဟဲ” ဟု သဘောကျစွာ ရယ်မောမိ၏။
လင်းချီမှာ ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း အဆင့် (၁၁) ထာဝရစိမ်းလန်းကျင့်စဉ်ကို ကျင့်ကြံထားသော နင်တောက်ရန်၏ ရှေ့တွင်မူ သာမန်မျှသာ ဖြစ်ပေရာသတည်း။
လျှို့ဝှက်နယ်မြေ၏ နက်ရှိုင်းသော နေရာတစ်ခု၌
နင်တောက်ရန်သည် သစ်သားဒြပ်မြေလျှိုးကျင့်စဉ်ကို အသုံးပြုလျက် ရှေ့သို့ ဆက်လက်တိုးဝင်လာခဲ့၏။
ထိုစဉ် မီးလျှံပင်လယ်ဂိုဏ်းမှ ထိပ်သီးတပည့် ‘ချင်ပုဟွေ’ နှင့် ‘ချင်ဝူယို’ တို့ကို တွေ့ရှိလိုက်ရ၏။
“စီနီယာအစ်ကို... ဒီမှာ သက်တမ်း ငါးရာရှိတဲ့ ထျန်းလော့မြက်ပင် ရှိနေတယ်” ချင်ဝူယိုက ဝမ်းသာအားရ ပြောဆိုကာ ဆေးပင်ကို ခူးရန် ပြင်လိုက်၏။
ချင်ပုဟွေကလည်း ပြုံးလျက် ခွင့်ပြုလိုက်သော်လည်း ချင်ဝူယိုသတိလက်လွတ်ဖြစ်နေစဉ်မှာပင် နောက်ကျောမှနေ၍ ဓားဖြင့် ထိုးစိုက်လိုက်တော့၏။
“စီနီယာအစ်ကို... မင်း... ဝိညာဉ်ဝါးမြိုခြင်း နတ်ဆိုးကျင့်စဉ်... ဘာလို့လဲ...” ချင်ဝူယိုမှာ အံ့ဩတုန်လှုပ်စွာဖြင့် မေးလိုက်ရှာ၏။
“ဘာလို့လဲ ဟုတ်လား... လွန်ခဲ့တဲ့ ဆယ်နှစ်က မင်းကြောင့် ငါ့ရဲ့ ချစ်သူကို ဆုံးရှုံးခဲ့ရတာကို ငါက မေ့နေမယ် ထင်သလား” ဟု ချင်ပုဟွေက အေးစက်စွာ ပြောဆိုကာ ရန်သူကို အဆုံးသတ်လိုက်တော့၏။
“ဒီအကြွေးကိုတော့ ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်း အပေါ်မှာပဲ ပုံချလိုက်မယ်... စိတ်ချပါ ညီလေး၊ မင်းအတွက် ငါ ကလဲ့စားချေပေးပါ့မယ်”
နင်တောက်ရန်မှာမူ နွယ်ပင်များအကြားမှ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့ဩမှင်သက်နေမိ၏။လမ်းစဥ်မှန်နှင့် နတ်ဆိုးလမ်းစဉ်ဟူသည်မှာ ယခုအခါ ခွဲခြားရန်ပင် ခက်ခဲလှပေတော့သတည်း။
လျှို့ဝှက်နယ်မြေ၏ ပြင်ပ၌မူ ချင်ဝူယို၏ ဝိညာဉ်ပြား ကွဲအက်သွားသည်ကို မြင်သောအခါ ထျန်းဟိုင်အဖိုးကြီးမှာ ဒေါသတကြီးဖြင့် နတ်ဆိုးအိုကြီးကို အော်ဟစ်ကျိန်ဆဲနေတော့သတည်း။
***