ကျင်းပြည်နယ်တွင် တိုက်ပွဲခေါ်သံများက အဆက်မပြတ် ထွက်ပေါ်နေပြီး သွယ်တန်းနေသော တောင်တန်းကြီးများကို တုန်ခါသွားစေသည်။
လူသားမျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုတို့ကြားတွင် စစ်ပွဲကြီးတစ်ခု ပေါက်ကွဲလာခဲ့ပြီး မှော်ပညာများက ရူးသွပ်စွာ ပျံသန်းနေကာ နတ်ဘုရားစွမ်းရည်များက တစ်ခုနှင့်တစ်ခု အပြင်းအထန် ရိုက်ခတ်နေကြ၏။ ဧရာမ ရေစီးကြောင်းကြီး နှစ်ခု ဝင်တိုက်မိသကဲ့သို့ များပြားလှသော စစ်သည်တော်များက အပြင်းအထန် တိုက်ခိုက်နေကြ၏။
မကြာမီမှာပင် ပတ်ဝန်းကျင်တွင် အလောင်းများက တောင်လိုပုံသွားပြီး သွေးများကို မြစ်တစ်စင်းလို စီးဆင်းသွားစေတော့သည်။
ကျင်းပြည်နယ်၏ ကြီးမြတ်သော မိစ္ဆာသခင် ခြောက်ပါးက စုဝေးကာ သူတို့၏ တပ်ဖွဲ့များကို ဦးဆောင်၍ ခုခံတိုက်ခိုက်နေကြ၏။ ဝမ်မုသစ်တောနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ရစ်ခွေတောင်ပင်လျှင် ပါဝင်လာခဲ့သည်။
လူသားမျိုးနွယ်စုက ကြီးမားသော ခွန်အားနှင့် ထက်မြက်သော လက်နက်များကို ပိုင်ဆိုင်ထား၏။
မိစ္ဆာမျိုးနွယ်စုကတော့ ပထဝီဝင် အနေအထား အားသာချက်နှင့် ကွဲပြားစုံလင်သော မှော်ပညာများကို ပိုင်ဆိုင်ထားသည်။ လောလောဆယ်တွင် နှစ်ဖက်စလုံးက အင်အားချင်း မျှတနေ၏။
နှစ်လဟူသော အချိန်တိုလေး အတွင်းမှာပင် မျိုးနွယ်စု နှစ်စုက အကြီးအသေး တိုက်ပွဲပေါင်း ဒါဇင်ချီ ဆင်နွှဲခဲ့ကြပြီး ဖြစ်သည်။
မရေမတွက်နိုင်သော မိစ္ဆာငယ်များ အဖြစ်ဆိုးနှင့် သေဆုံးခဲ့ရပြီး များစွာသော စစ်သည်တော်များ သွေးမြေကျခဲ့ရ၏။ မဟာမိစ္ဆာများနှင့် စစ်သူကြီးများပင်လျှင် တစ်ယောက်ပြီး တစ်ယောက် ကျဆုံးသွားခဲ့ကြသည်။
တောင်များ ပြိုကျပြီး သစ်ပင်များ ပြန့်ကျဲကာ မီးလောင်ကျွမ်း၍ မည်းနက်နေ၏။ မြစ်ရေများ စီးဆင်းမှု ရပ်တန့်သွားပြီး ရေနေသတ္တဝါများစွာ သေဆုံးဒဏ်ရာရခဲ့ကြသည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လူသားမျိုးနွယ်စု ဂိုဏ်းများ ပိုမို ပါဝင်လာခဲ့ပြီး ကျင်းပြည်နယ် မိစ္ဆာမျိုးနွယ်စုက တဖြည်းဖြည်း အရေးနိမ့်လာခဲ့၏။ ဆောင်းနှောင်းပေါက်လာချိန်တွင်တော့ သူတို့က နယ်မြေအများအပြားကို ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။
ရစ်ခွေတောင်…
အမည်နှင့် လိုက်ဖက်စွာပင် ထိုတောင်မှာ အကွေ့အကောက် ကိုးခုနှင့် အချိုးအကွေ့ တစ်ဆယ့်ရှစ်ခု ရှိပြီး ရှည်လျားသော မြွေကြီးတစ်ကောင် မြေပြင်ပေါ်တွင် ရစ်ခွေနေသကဲ့သို့ ကွေ့ကောက်နေသော တောင်တန်းများ ရှိကာ အဆိပ်ငွေ့များနှင့် ထူထပ်သော မြူခိုးများဖြင့် ပြည့်နှက်နေ၏။
ဤနေရာက ကျင်းပြည်နယ် မိစ္ဆာမျိုးနွယ်စုအတွက် သန့်စင်သော နယ်မြေတစ်ခု ဖြစ်သည်။ အဆိပ်ပြင်းသော အင်းဆက်များ၊ မြွေများ၊ ပုရွက်ဆိတ်များနှင့် မိစ္ဆာမျိုးနွယ်စုဝင် အများအပြား ပုန်းအောင်းနေထိုင်ရာ နေရာလည်း ဖြစ်၏။
သို့သော်လည်း ယခုအခါ ရစ်ခွေတောင်၏ အရှိန်အဝါများမှာ ကျဆင်းနေပြီး ကျယ်ဝန်းသော ဂူကြီးတစ်ခုအတွင်း၌ ကျင်းပြည်နယ် မိစ္ဆာသခင်များ စုဝေးနေကြကာ အားလုံးက မျက်မှောင်ကြုတ်လျက် စစ်ပွဲအကြောင်း ဆွေးနွေးနေကြသည်။
“လူသားမျိုးနွယ်စုက အရမ်း အင်အားကြီးလာနေတယ်... ကျင်းပြည်နယ် မိစ္ဆာမျိုးနွယ်စုရဲ့ အင်အားတစ်ခုတည်းကိုပဲ အားကိုးနေမယ်ဆိုရင် ခုခံဖို့ ခက်ခဲလိမ့်မယ်... ပြင်ပအကူအညီ ရှာတာက ဖြေရှင်းနည်းပဲ”
“ဟုတ်တယ်... လူသားမျိုးနွယ်စုက ငါတို့ ကျင်းပြည်နယ် မိစ္ဆာမျိုးနွယ်စုကို အမြစ်ပြတ် သုတ်သင်ဖို့ ရည်ရွယ်ထားတာ ရှင်းနေတာပဲ... ငါတို့ လက်ပိုက်ကြည့်နေလို့ မရဘူး... အလယ်ပိုင်းလွင်ပြင် ဒေသတွေမှာ လူသားမျိုးနွယ်စုကို မကျေနပ်တဲ့ မိစ္ဆာတွေ မရေမတွက်နိုင်အောင် ရှိတယ်... သူတို့ကို စည်းရုံးနိုင်မှသာ ငါတို့ရဲ့ ကျင်းပြည်နယ် မိစ္ဆာမျိုးနွယ်စုကို ကယ်တင်နိုင်မှာ… လူသားမျိုးနွယ်စုကိုတောင် ပြန်လည် တိုက်ခိုက်နိုင်လောက်တယ်”
“အဆိုးဆုံး အခြေအနေဆိုရင် မျိုးနွယ်စု နှစ်စုကြားက စစ်ပွဲကို ပြန်စလိုက်မယ်... ငါတို့ မိစ္ဆာမျိုးနွယ်စုက သူတို့ကို ကြောက်နေလို့လား”
“တောင်ပိုင်းနယ်စပ်ကနေလည်း အကူအညီ တောင်းဖို့ လိုတယ်... ဒီတစ်ကြိမ် သူတို့က လူသားမျိုးနွယ်စု ဧကရီကို တိုက်ခိုက်ခဲ့တာလေ... ငါတို့ ကျင်းပြည်နယ် မိစ္ဆာမျိုးနွယ်စုက အားဖြည့်ပေးရုံသက်သက်ပါ… ငါတို့က မူလဇစ်မြစ်တူတဲ့သူတွေပဲ... သူတို့ လက်ပိုက်ကြည့်နေလို့ မရဘူး...”
“ကောင်းကင်ဘုံ တရားရုံးရဲ့ တားဆီးမှုနဲ့ စောင့်ကြည့်မှုတွေကြောင့် စစ်တပ်ကြီးတစ်ခု စေလွှတ်ဖို့ ခက်ခဲတယ်ဆိုရင်တောင် မိစ္ဆာသခင် နှစ်ပါးသုံးပါးလောက် စေလွှတ်တာကတော့ ပြဿနာ မဖြစ်လောက်ပါဘူး”
“စီနီယာ... ဘယ်လိုထင်ပါသလဲ”
ထိုစကားများအဆုံးတွင် မိစ္ဆာသခင်များ အားလုံးက ထိပ်ဆုံးနေရာတွင် ထိုင်နေသော မိစ္ဆာအိုကြီးကို ကြည့်လိုက်ကြ၏။
ဤသူက ရစ်ခွေတောင်၏ သခင်ဖြစ်ပြီး အဋ္ဌမမြောက် ကောင်းကင်ဘုံအဆင့်တွင် ရှိသော ကင်းခြေများ မိစ္ဆာတစ်ကောင် ဖြစ်ကာ မျက်လုံးတစ်ထောင်ဟု အမည်ရသည်။ သူ၏ နတ်ဘုရားစွမ်းရည်များက ကျယ်ပြန့်ပြီး သူ၏ တိုက်ခိုက်ရေး စွမ်းအားကလည်း ကြီးမားလှ၏။ ကျင်းပြည်နယ် မိစ္ဆာမျိုးနွယ်စု တစ်ခုလုံးက သူ၏ ဦးဆောင်မှုကို လိုက်နာကြသည်။
မိစ္ဆာသခင် မျက်လုံးတစ်ထောင်က ချက်ချင်း စကားမပြောပေ။ တစ်ခဏမျှ စဉ်းစားပြီးနောက် သူ၏ စူးရှသော အသံက ပဲ့တင်ထပ်လာ၏။
“မင်းတို့အားလုံး ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့... ငါတို့ ကျင်းပြည်နယ် မိစ္ဆာမျိုးနွယ်စုက သန်မာတယ်ဆိုပေမဲ့ သစ်ပင်တစ်ပင်တည်းနဲ့ တောမဖြစ်နိုင်ဘူးလေ... ငါ ကျားဟိန်းသံတောင်ကို ချက်ချင်း ဆက်သွယ်လိုက်မယ်”
နွေဦးရာသီ မိစ္ဆာသခင်များ စုဝေးပွဲတွင် ကျားဟိန်းသံတောင်က လူသားမျိုးနွယ်စုနှင့် စစ်ခင်းရန် အစီအစဉ်များ ရှိခဲ့သော်လည်း ဝမ်မုသစ်တောက ဆန့်ကျင်ခဲ့၏။ ယခု ကျားဟိန်းသံတောင်ထံမှ အကူအညီ တောင်းခံမည်ဆိုပါက အခွင့်အရေး အတော်လေး များပြားနိုင်ပေသည်။
“ပြီးတော့ ငါတို့ရဲ့ မျှော်လင့်ချက်တွေ အကုန်လုံးကို ကျားဟိန်းသံတောင် တစ်ခုတည်းအပေါ် ပုံချထားလို့ မရဘူး... တခြား မိစ္ဆာမျိုးနွယ် အင်အားစုတွေဆီကနေလည်း အကူအညီ တောင်းသင့်တယ်... တကယ်လို့ သူတို့က ကူညီမယ်ဆိုရင် ဒါက ငါတို့ ကျင်းပြည်နယ် မိစ္ဆာမျိုးနွယ်စုအတွက် ကောင်းချီးတစ်ခုပဲ”
သဘောတူညီမှု ရရှိသွားပြီးနောက် မိစ္ဆာသခင်များ အားလုံးမှာ လှုပ်ရှားလိုက်ကြတော့သည်။
…
ကျင်းပြည်နယ်မှ မျိုးနွယ်စု နှစ်ခု၏ စစ်ပွဲသတင်းများက ယွီတောင်တန်းဆီသို့ အဆက်မပြတ် ရောက်ရှိလာ၏။ တစ်နေ့တခြား ရှုပ်ထွေးလာသော အခြေအနေများကြောင့် ယွီတောင်တန်းမှ မိစ္ဆာအားလုံးက အသက်အောင့်ကာ စစ်ပွဲအတွက် အပြည့်အဝ ပြင်ဆင်ကျင့်ကြံနေကြသည်။
ယွီတောင်တန်း တစ်လျှောက်ရှိ ခရိုင်သုံးခုကလည်း တပ်ဖွဲ့များကို အဆက်မပြတ် တိုးချဲ့နေကြပြီး သူတို့ကြားတွင် တင်းမာသော ဆက်ဆံရေးများ ရှိနေ၏။
ရှောက်တောင်၊ ဆွေ့ရွှီးနန်းတော်…
ဖူရှောင်ကွမ်းက အချိန်စွမ်းအားများဖြင့် လွှမ်းခြုံခံထားရသည်။ မြေဓာတ် ဝိညာဉ်စွမ်းအင် အနည်းငယ်က အချိန်စွမ်းအားများနှင့် ရောယှက်နေ၏။
နောက်တစ်နေ့တွင် သူက မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ ငွေရောင်သူငယ်အိမ်များက တောက်ပလင်းလက်နေသည်။
သူက ယွင်ရှောင်စင်မြင့်ပေါ်သို့ တက်လှမ်းလိုက်ပြီး ရှောက်တောင်ခြေတွင် တစ်နေ့တခြား များပြားလာသော မိစ္ဆာများကို ငုံ့ကြည့်ပြီး ဝမ်းသာမှုနှင့် စိုးရိမ်မှုများကိုပါ ရောယှက်ခံစားနေရ၏။
ဝမ်းသာရခြင်းက သူ၏ လက်အောက်ခံ မိစ္ဆာများ ပိုမို များပြားလာခြင်းကြောင့် ဖြစ်သည်။ စိုးရိမ်ရခြင်းက ဤမိစ္ဆာများက တောင်အပြင်ဘက်မှ လာရောက်ကြခြင်းကြောင့်ပင်။
မြေအောက် မိစ္ဆာဈေးတန်းမှ ပြောင်းရွှေ့လာသော မိစ္ဆာများ ပိုများလေလေ၊ အခြေအနေက အကောင်းမြင်စရာ မရှိကြောင်း ပိုမို ထင်ရှားလေလေ ဖြစ်၏။
သူက လက်ဝါးကို ဖြန့်လိုက်ရာ ငွေရောင်သဲများက လက်ဖဝါးအတွင်း၌ လည်ပတ်နေပြီး တစ်ခါတစ်ရံ လေဆင်နှာမောင်းတစ်ခုအဖြစ်၊ တစ်ခါတစ်ရံ သဲနွံအဖြစ်၊ တစ်ခါတစ်ရံ အလင်းကန့်လန့်ကာအဖြစ်၊ တစ်ခါတစ်ရံ တစ်နေ့တာပိုးအဖြစ် ပြောင်းလဲသွားကာ ပုံသဏ္ဌာန်အမျိုးမျိုး အဆက်မပြတ် ပြောင်းလဲနေသည်။
လပေါင်းများစွာ တံခါးပိတ် ကျင့်ကြံပြီးနောက် သူ၏ အကြီးမားဆုံးသော ရိတ်သိမ်းရရှိမှုက ဓမ္မစွမ်းအားနှင့် မိစ္ဆာရုပ်ခန္ဓာ မဟုတ်သလို အချိန်၏ အခြေခံသဘောတရားများနှင့် ဝိညာဉ်အာရုံလည်း မဟုတ်ခဲ့ပေ။ သူ၏ တတိယမြောက် နတ်ဘုရားစွမ်းရည်ပင် ဖြစ်၏။
လက်ရှိတွင် ဤမြေဓာတ် အချိန်နတ်ဘုရားစွမ်းရည်က တစ်ဝက်တစ်ပျက် ပုံသွင်းပြီးစီးနေပြီ ဖြစ်ပြီး အချိန်တန်လျှင် သေချာပေါက် အပြည့်အဝ ပုံပေါ်လာမည် ဖြစ်သည်။ ယခု သူလုပ်ရန် လိုအပ်သည်မှာ သူ၏ အခြေခံအုတ်မြစ်ကို စုဆောင်းရန်ပင်။
ရက်အနည်းငယ် အကြာတွင် ယွီတောင်တန်းက ကျင်းပြည်နယ်မှ သတင်းစကား တစ်ခုကို လက်ခံရရှိခဲ့သည်။
ဘီယွင်ရေကန်၊ တိမ်ပြာကျွန်း၊ ဝါးမျှော်စင်…
ယွီလီက လက်ဝှေ့ယမ်းကာ စာကို ဖျက်ဆီးပစ်လိုက်၏။ ယွီတောင်တန်း၏ အခြေခံအုတ်မြစ်က ပါးလွှာသေးသဖြင့် တက်ကြွစွာ ပြဿနာရှာမည် မဟုတ်သလို စစ်ပွဲထဲသို့လည်း အလွယ်တကူ ဝင်ရောက်မည် မဟုတ်ပေ။
သူမက ဝိုင်တစ်ကျိုက် မော့သောက်လိုက်ပြီး သူမ၏ တောက်ပသော မျက်လုံးများမှာ လမင်းကြီးကို ရောင်ပြန်ဟပ်နေသကဲ့သို့ အတွေးများက သူမ၏ စိတ်ထဲတွင် လည်ပတ်နေ၏။ လက်ရှိ အခြေအနေက ရှင်းလင်းနေဆဲပင်။
သို့သော်လည်း ကျင်းပြည်နယ်က အကူအညီ တောင်းခံလာသဖြင့် စစ်ပွဲက ရှုပ်ထွေးသွားနိုင်ပြီး မျိုးနွယ်စု နှစ်စုကြား စစ်ပွဲက ပိုမို ကြီးမားလာနိုင်၏။ ယွီတောင်တန်း၏ အင်အားက အလွန် အားနည်းနေဆဲပင်။
ထိုသို့တွေးရင်း ယွီလီက မိစ္ဆာသခင် ငါးပါးထံ သတင်းစကား ပေးပို့လိုက်သည်။
ငွေရောင်ဆံပင်နှင့် လူငယ်လေးက လရောင်ထဲမှ ထွက်ပေါ်လာ၏။ ဖူရှောင်ကွမ်းက ဦးစွာ ရောက်ရှိလာပြီး ဝါးစိမ်းပင်ပေါ်တွင် လှဲလျောင်းနေသော ဧကရီယွီလီကို အရိုအသေပေးကာ ဘေးတွင်ရပ်၍ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
မကြာမီမှာပင် အနီးအနားတွင်ရှိသော မိစ္ဆာသခင် ချူချုံးကလည်း ရောက်ရှိလာ၏။
မိစ္ဆာသခင် ငါးပါးစလုံး ရောက်ရှိလာသောအခါ ယွီလီက သူမ၏ အင်္ကျီလက်ကို တိုက်ရိုက် ခါရမ်းကာ သေတ္တာငါးလုံးကို ပေးပို့လိုက်သည်။
“အထဲမှာ ဝိညာဉ်ပစ္စည်းတချို့ ပါတယ်... အခု ကျင်းပြည်နယ် စစ်ပွဲက ကြီးမားလာနေပြီဆိုတော့ ယွီတောင်တန်းက ဖျင်ပြည်နယ်ရဲ့ အဝေးမှာ ရှိနေတယ်ဆိုပေမဲ့ ငါတို့ ကာကွယ်ရမယ့် ကိစ္စတချို့ ရှိတယ်... မင်းတို့အားလုံး ကြိုးကြိုးစားစား ကျင့်ကြံရမယ်… တစ်ချိန်တည်းမှာပဲ မင်းတို့ရဲ့ လက်အောက်ခံ မိစ္ဆာတွေကို မပေါ့ဆဖို့ တိုက်တွန်းရမယ်”
“ကျေးဇူးတင်ပါတယ် ဧကရီ... အရှင်မရဲ့ အမိန့်ကို တဝေမသိမ်း လိုက်နာပါ့မယ်…”
မိစ္ဆာသခင် ငါးပါး၏ ရင်ထဲတွင် စိုးရိမ်မှုနှင့် ဝမ်းသာမှုများ ရောထွေးနေ၏။ သူတို့က ကျင့်ကြံခြင်းဆိုင်ရာ ပြဿနာများကို အသီးသီး မေးမြန်းပြီးနောက် ထွက်ခွာသွားကြသည်။
ဖူရှောင်ကွမ်းက ရှောက်တောင်ပေါ်တွင် ရပ်ကာ အောက်ဘက်ရှိ စည်ကားနေသော မိစ္ဆာဈေးတန်းကို ကြည့်၍ တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။ ဧကရီယွီလီ ပေးသနားသော ဝိညာဉ်ပစ္စည်းများက သူ့ကို ဝမ်းသာစေသော်လည်း မျိုးနွယ်စု နှစ်စုကြားရှိ စစ်ပွဲကလည်း သူ့ကို စိတ်မအေးဖြစ်စေ၏။
“ယွီတောင်တန်းက ဘယ်လောက်ကြာကြာ တည်ငြိမ်နေနိုင်ဦးမလဲ မသိဘူး”
သူက တစ်ယောက်ထဲ တီးတိုးရေရွတ်ပြီးနောက် စိုးရိမ်ပူပန်မှုများကို ခေတ္တ ဖယ်ထားလိုက်ပြီး လျိုနျန်ခန်းမသို့ ပြန်ကာ ဆုလာဘ်များကို စစ်ဆေးရန် လှည့်ထွက်သွားတော့သည်။
ထိုညနေခင်းတွင် ဖူရှောင်ကွမ်းက သူ၏ ယုံကြည်ရသူများကို ခေါ်ယူကာ အဝါရောင်အဆင့် ဝိညာဉ်ပစ္စည်းများကို ပေးသနားပြီး ကျင့်ကြံခြင်းအပေါ် အာရုံစိုက်ရန် သတိပေးလိုက်သည်။ ထို့နောက် ဝိညာဉ်ပစ္စည်းများကို ယူ၍ တံခါးပိတ် ကျင့်ကြံခြင်းသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားတော့၏။
ကျယ်ပြန့်သော မြက်ခင်းပြင်ကြီး တစ်ခုပေါ်တွင် မီးပုံများ တောက်လောင်နေပြီး အမှောင်ထုကို ဖယ်ရှားကာ အလင်းနှင့် အပူဓာတ်များကို ဖြာထွက်နေစေသည်။
မြေပြင်ပေါ်တွင် ထိုင်နေသော ဝတ်ရုံဖြူ မိစ္ဆာသခင်က ဆက်သွယ်ရေး ကျောက်စိမ်းစာလိပ်ကို ထုတ်ယူလိုက်၏။ ကျင်းပြည်နယ် မိစ္ဆာမျိုးနွယ်စုက အလယ်ပိုင်းလွင်ပြင်ရှိ အခြား မိစ္ဆာသခင်များထံမှ အကူအညီ တောင်းခံနေကြောင်း မြင်သောအခါ သူ၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားပြီး သူ၏ မျက်ခုံးနှင့် မျက်လုံးများက ပြေလျော့သွားသည်။
ထိုစဉ် မြည်းခေါင်းတစ်ခုက ဆန့်ထွက်လာ၏။ သူက သတင်းစကားကို မြင်သောအခါ ပြုံးဖြီးဖြီး လုပ်လိုက်သည်။
“ဂုဏ်ယူပါတယ် အရှင်မင်းကြီး... ကျင်းပြည်နယ်က ပရမ်းပတာ ဖြစ်နေပြီဆိုတော့ မျိုးနွယ်စု နှစ်စုကြားက အမုန်းတရားကလည်း သေချာပေါက် ပိုနက်ရှိုင်းလာမှာပဲ... အခု သူတို့က ပြင်ပအကူအညီကို ရှာနေပြီဆိုမှတော့ စစ်မြေပြင်က သေချာပေါက် ကျယ်ပြန့်လာတော့မှာ...”
“မိစ္ဆာသခင်တွေ ပိုမို ပါဝင်လာတာနဲ့အမျှ စစ်ပွဲက အဲဒီအိုမင်းနေတဲ့ ဧကရာဇ်တောင် ထိန်းချုပ်လို့မရတဲ့အထိ ဆိုးရွားသွားပြီး အလယ်ပိုင်းလွင်ပြင်က နောက်တစ်ကြိမ် ဆူပူအုံကြွမှုတွေ ဖြစ်လာလိမ့်မယ်...”
“အဲဒီအချိန်ကျရင် အရှင်မင်းကြီးက ကောင်းကင်ဘုံ တရားရုံးရဲ့ မဟာသိုင်းကွက်အစီအရင်ကို ဆွဲဖြဲလိုက်တာနဲ့ တောင်ပိုင်းနယ်စပ်က မိစ္ဆာစစ်တပ်ကြီး ဝင်ရောက်လာပြီး အလယ်ပိုင်းလွင်ပြင်ကို သွေးနဲ့ဆေးကြောပြီး ငါတို့ မိစ္ဆာမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ထူထောင်နိုင်မှာပါ...”
ဝတ်ရုံဖြူ မိစ္ဆာသခင်၏ အပြုံးက ပိုမို တောက်ပလာ၏။ သူက လက်ချောင်းကို စုတ်တံအဖြစ် အသုံးပြုကာ ညင်သာစွာ ရေးဆွဲလိုက်ပြီး သတင်းစကားများကို ကျောက်စိမ်းစာလိပ်မှတစ်ဆင့် ပေးပို့လိုက်သည်။
“ဒါပေမဲ့ ကျင်းပြည်နယ် တစ်ခုတည်းနဲ့က လုံးဝ မလုံလောက်သေးဘူး... တခြား ဒေသတွေလည်း ပရမ်းပတာ ဖြစ်သွားရမယ်... ပြီးတော့ ယွီဧကရာဇ်က အတော်လေး သတ္တိရှိတယ်... ဒီခေတ်မှာ လူသားမျိုးနွယ်စုက အင်အားကြီးတယ်လေ...”
“ငါတို့ မိစ္ဆာမျိုးနွယ်စု အောင်မြင်ဖို့အတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ ခွန်အားကို ပိုင်ဆိုင်ထားဖို့ လိုအပ်တဲ့အပြင် လူသားမျိုးနွယ်စုကို အတွင်းပိုင်းကနေ ပြိုကွဲသွားအောင် လုပ်ဖို့လည်း လိုအပ်သေးတယ်...”
“အရှင်မင်းကြီးက ဉာဏ်ပညာကြီးမားလှပါတယ်...”
တစ်ခဏမျှ စဉ်းစားပြီးနောက် သူက နောက်ထပ် သတင်းစကား တစ်ခု ထပ်ထည့်လိုက်၏။
“မဟာပညာရှိမှတ်တမ်းက အခန်းသစ်တွေ မထွက်တာ ကြာပြီ... သူတို့ကို တိုက်တွန်းရမယ့် အချိန်ရောက်ပြီ... ကျုပ်က အဋ္ဌမမြောက် ကောင်းကင်ဘုံမှာ အချိန်အကြာကြီး နေခဲ့ရပြီလေ… အဆင့်တက်ရမယ့် အချိန်ရောက်ပြီ... နဝမမြောက် ကောင်းကင်ဘုံကို ရောက်မှသာ လှိုင်းလုံးတွေကို ပြန်လှည့်ပြီး အခြေအနေကို ပြောင်းလဲပစ်နိုင်စွမ်း ရှိမှာ...”
“ကြည့်ရတာ ယွီတောင်တန်းက အချိန်အတန်ကြာ တည်ငြိမ်နေဦးမယ့်ပုံပဲ... မဟုတ်ရင် အဲဒီပိုးကောင်လေးက စာအုပ်ရေးဖို့ စိတ်ကူးပေါက်မှာ မဟုတ်ဘူး...”
“ဒီကိစ္စကို အလျင်စလို လုပ်စရာ မလိုပါဘူး... ဝမ်မုသစ်တောက အလွယ်တကူ လှုပ်ရှားမှာ မဟုတ်ဘူး... ပထမဆုံး လူသားမျိုးနွယ်စုကို မကျေမနပ် ဖြစ်နေကြတဲ့ ကျားဟိန်းသံတောင်နဲ့ တခြား မိစ္ဆာမျိုးနွယ်စု အင်အားစုတွေကို အရင် ဝင်ပါခိုင်းရမယ်...”
“ဒီကြားနေ အဖွဲ့အစည်းတွေအတွက်တော့ နောက်မှ အစီအစဉ်ဆွဲလည်း နောက်မကျပါဘူး... မျိုးစေ့တွေ ချထားပြီးပြီဆိုတော့ သူတို့က နောက်ဆုံးမှာ အမြစ်တွယ်ပြီး အညှောက်ပေါက်လာမှာပါ...”
***