အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဆောင်းရာသီသို့ ရောက်ရှိလာခဲ့၏။
နှင်းထုကြီးများက တောင်တန်းများကို ပိတ်ဆို့ထားပြီး လောကကြီးတစ်ခုလုံးက ဖြူဖွေးသန့်စင်နေသည်။ ယွီတောင်တန်းက ရိုးရှင်းသော ဝတ်ရုံကို ဆင်မြန်းထားပြီး လေထန်နေသော နေရာတွင် ရပ်နေသည့် ကျက်သရေရှိသော နတ်မိမယ်လေး တစ်ပါးပမာ လှပသော ရှုခင်းများနှင့် ထူးခြားသော ဆွဲဆောင်မှုတို့ဖြင့် ပြည့်နှက်နေ၏။
ရှောက်တောင်၏ အနောက်ဘက်တောင်ကုန်းတွင် ငွေရောင်ဆံပင်နှင့် လူငယ်လေးက သူ၏ လက်ကို မြှောက်လိုက်ရာ လက်ဝါးက အပေါ်ဘက်သို့ မတ်မတ်ဖြစ်နေပြီး လက်ချောင်းများက ပူးကပ်နေကာ သူ၏ လက်ဝါးထဲတွင် ငွေရောင်သဲများ လည်ပတ်နေသည်။
ထို့နောက် ငွေရောင်သဲများက လေပြင်းကို ဆန်၍ ပျံထွက်သွားပြီး ဖူရှောင်ကွမ်း၏ ရှေ့တွင် အလင်းကန့်လန့်ကာ တစ်ခုအဖြစ် ဖန်တီးလိုက်၏။ ကြမ်းတမ်းသော လေပြင်းနှင့် နှင်းများက ပိတ်ဆို့ခံလိုက်ရပြီး ဝိညာဉ်ချီစွမ်းအင်များအဖြစ် အဆက်မပြတ် ကူးပြောင်းသွားကာ ၎င်းတို့၏ မူလ စွမ်းအင်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြသည်။
အသက်ရှူချိန် အနည်းငယ် ကြာပြီးနောက် အလင်းကန့်လန့်ကာမှာ ပျောက်ကွယ်သွားပြီး ငွေရောင်သဲများက လေဆင်နှာမောင်း တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထိုလေဆင်နှာမောင်း ဖြတ်သန်းသွားရာ နေရာတိုင်းရှိ ကောင်းကင်အပြည့် လေနှင့် နှင်းများမှာ ဝါးမျိုခံလိုက်ရပြီး ရှောက်တောင်ကို အားဖြည့်ပေးရန် သန့်စင်သော ဝိညာဉ်ချီစွမ်းအင်များအဖြစ် ပြောင်းလဲပေးလိုက်သည်။
ဖူရှောင်ကွမ်းမှာ စိတ်လှုပ်ရှားသွားပြီး သူ့ခန္ဓာကိုယ်မှာ ငွေရောင်အလင်းများဖြင့် လွှမ်းခြုံခံလိုက်ရပြီး ဖုန်မှုန့်လေး တစ်မှုန့်အဖြစ် ချက်ချင်း ပြောင်းလဲသွားကာ အချိန်များနှင့်အတူ စီးဆင်းသွားပြီး တဖြည်းဖြည်း ပုံသဏ္ဌာန်မဲ့သွားတော့၏။
နောက်တစ်ခဏတွင် သူက ရှောက်တောင်ခြေတွင် ထွက်ပေါ်လာသည်။ ထိုနောက်တစ်ခဏတွင်တော့ သူက ဆွေ့ရွှီးနန်းတော်၏ ယွင်ရှောင်စင်မြင့်ပေါ်တွင် ထွက်ပေါ်လာပြန်၏။
သူက အမြင့်ပိုင်းတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည်။ လေပြင်းများကြောင့် သူ၏ ငွေရောင်ဆံပင်နှင့် ငွေရောင်ဝတ်ရုံများမှာ လွင့်ခါနေပြီး သူ၏ ရင်ထဲတွင်လည်း အတိုင်းမသိ ဝမ်းသာပျော်ရွှင်မှုများ ပွင့်လန်းနေသည်။
တစ်နှစ်ကျော်ကြာပြီးနောက် တတိယမြောက် နတ်ဘုရားစွမ်းရည်ဖြစ်သော ကာလသဲစီးကြောင်းက နောက်ဆုံးတွင် အပြည့်အဝ ပုံပေါ်လာခဲ့ပြီ ဖြစ်၏။
ယခုအခါ သူက ဆဋ္ဌမမြောက် ကောင်းကင်ဘုံကို တက်လှမ်းရန် အရည်အချင်း ပြည့်မီသွားရုံသာမက အချိန်၏ အခြေခံသဘောတရားများအပေါ် သူ၏ နားလည်နိုင်စွမ်းကလည်း အဆမတန် တိုးတက်လာခဲ့ပြီး အချိန်၏ အစစ်အမှန်နှင့် ပုံရိပ်ယောင်ဖြစ်သော ယင်နှင့် ယန် တာအိုလမ်းစဉ်ကို ပိုမို ရှင်းလင်းစွာ နားလည်လာခဲ့သည်။
အချိန်ရေစီးကြောင်းက ပုံရိပ်ယောင်ဖြစ်ပြီး ကာလသဲစီးကြောင်းက အစစ်အမှန် ဖြစ်၏။ အချိန်ရေစီးကြောင်းက ယင်ဖြစ်ပြီး ကာလသဲစီးကြောင်းက ယန် ဖြစ်သည်။ အချိန်မြှား နတ်ဘုရားစွမ်းရည်ကတော့ ထိုနတ်ဘုရားစွမ်းရည် နှစ်ခုကြားရှိ ချိတ်ဆက်မှုတစ်ခု၊ ကြားခံနယ်မြေတစ်ခု ဖြစ်၏။
ဖူရှောင်ကွမ်းက လက်ဝါးကို ဖွင့်လိုက်ရာ ငွေရောင်ရေပေါက်လေး တစ်ပေါက် ထွက်ပေါ်လာပြီး ငွေရောင်အလင်းများ ဖြာထွက်ကာ မြင့်မြတ်ပြီး ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြစ်နေသည်။ ထိုရေစက်လေးမှာ သူ၏ ကိုယ်ပိုင်မိစ္ဆာလက်နက် အာရုဏ်ဦး အလင်းစက်ပင် ဖြစ်၏။
ယနေ့အချိန်တွင် သူ၏ ကိုယ်ပိုင် မိစ္ဆာလက်နက်က အခြေခံသဘောတရားများကို လုံလောက်စွာ စုဆောင်းမိပြီ ဖြစ်ပြီး မှော်ရတနာ တစ်ခုအဖြစ် အဆင့်တက်ရန် ဘေးအန္တရာယ် ဖြတ်ကျော်နိုင်ပြီ ဖြစ်သည်။
လက်ရှိ ပရမ်းပတာ အခြေအနေများအရ မှော်ရတနာ တစ်ခုကို ပိုင်ဆိုင်ထားခြင်းက သူ့ကို ပိုမို ယုံကြည်မှု ရှိစေမည်ဖြစ်ပြီး ယွီတောင်တန်းသာ အန္တရာယ်နှင့် ကြုံတွေ့ရပါက သူ၏ လှုပ်ရှားနိုင်စွမ်းအတွက် ခွန်အားအချို့ ရှိလာမည် ဖြစ်၏။
အဆင့်တက်ခြင်းနှင့် ပတ်သက်၍ သူက အနည်းငယ် ပိုမို တည်ငြိမ်ရန် လိုအပ်ပြီး သူ၏ ဓမ္မစွမ်းအား၊ မိစ္ဆာရုပ်ခန္ဓာနှင့် ဝိညာဉ်အာရုံများ အားလုံးက ပိုမို မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီးနောက်မှသာ အဆင့်တက်ရန် ကြိုးစားလည်း နောက်မကျသေးပေ။
…
တစ်ချိန်တည်းမှာပင် တောင်ပိုင်းနယ်စပ်ရှိ တောင်တန်းတစ်သိန်းအတွင်း၌ ရှေးဟောင်းသစ်ပင်ကြီးများက ကောင်းကင်ယံသို့ ထိုးတက်နေပြီး နွယ်ပင်များက မြေပြင်ကို ဖုံးလွှမ်းထားကာ ရှေးဟောင်းနှင့် တောရိုင်းဆန်သော ရှုခင်းတစ်ခုကို ဖန်တီးပေးနေ၏။
ဝတ်ရုံဖြူ မိစ္ဆာဘုရင်က ဝါးစာလိပ်တစ်ခုကို ကိုင်ထားပြီး မဟာပညာရှိမှတ်တမ်း၏ နောက်ဆုံးအခန်းကို ပြန်လည်ဖတ်ရှုကာ သုံးသပ်နေသည်။ သူက ဤစာအုပ်ကို အကြိမ်ရာချီ ဖတ်ခဲ့ပြီးဖြစ်ကာ အရာအားလုံးက သူ၏ စိတ်ထဲတွင် ရှင်းလင်းနေ၏။
ကျောက်စိမ်းစာလိပ်ကို ချထားပြီးနောက် သူက တောင်တန်းများနှင့် မြစ်များကြားတွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ရေတံခွန်၏ ဟိန်းဟောက်သံက နားကန်းလောက်အောင် ဆူညံနေသော်လည်း ဝတ်ရုံဖြူ မိစ္ဆာဘုရင်ကတော့ သတိမထားမိဘဲ လွန်ခဲ့သည့် နှစ်တစ်ထောင်အတွင်း သူမြင်တွေ့ကြားသိခဲ့ရသမျှ အရာအားလုံးကို စုစည်းရန် မျက်လုံးများကို မှိတ်ထားလိုက်ရာ ပုံပြင်များက သူ၏ စိတ်ထဲတွင် ဖြတ်ပြေးသွားကြ၏။
သူ့ပတ်လည်တွင် ပုံရိပ်ယောင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ အစပိုင်းတွင် ပိုးစုန်းကြူးအရွယ်အစား၊ ထို့နောက် ကလေးငယ်၏ လက်သီးဆုပ်အရွယ်၊ ထို့နောက် ပန်းသီးအရွယ်၊ ကျောက်ဖရုံသီးအရွယ်၊ ကြိတ်ဆုံကျောက်အရွယ်၊ ရထားလှည်းအရွယ်... စသဖြင့် ပုံရိပ်ယောင် တစ်ခုစီတိုင်းက ကမ္ဘာတစ်ခုစီ ဖြစ်၏။
ကမ္ဘာတစ်ခုစီက ပုံပြင်တစ်ပုဒ်ကို ဖော်ပြနေသည်။ အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ ပုံရိပ်ယောင်ကမ္ဘာများ ပိုမို ထွက်ပေါ်လာပြီး ကမ္ဘာတစ်ခုစီက ဝေဝါးရာမှ ရှင်းလင်းလာကာ ပုံရိပ်ယောင်နှင့် အစစ်အမှန် ရောယှက်ကာ ဖြစ်တည်လာကြ၏။
ကမ္ဘာတစ်ခုစီတိုင်းက မပြည့်စုံရာမှ ပြီးပြည့်စုံလာကာ ၎င်းတို့ကိုယ်တိုင် လျင်မြန်စွာ ပြည့်စုံအောင် တည်ဆောက်နေကြသည်။
ဒါဇင်ချီ၊ ရာချီ၊ ထောင်ချီ…
ဝတ်ရုံဖြူ မိစ္ဆာဘုရင်က ကမ္ဘာမြောက်မြားစွာဖြင့် လွှမ်းခြုံခံထားရ၏။ တစ်ခုစီတိုင်းက စာအုပ်ထဲမှ ကမ္ဘာတစ်ခု ဖြစ်သည်။ ဤသည်က မိစ္ဆာငယ်လေး ဘဝမှစ၍ ယခုအချိန်အထိ သူကျင့်ကြံလာခဲ့သော၊ နှစ်ထောင်ချီ သွေးအေးလေ့ကျင့်မှုနှင့် စုဆောင်းမှုများဖြင့် ယခု အရွယ်အစားသို့ ရောက်ရှိလာခဲ့သော သူ၏ မဟာနတ်ဘုရားစွမ်းရည်ပင် ဖြစ်၏။
အချိန်များက ရေကဲ့သို့ စီးဆင်းသွားသည်။ မကြာမီမှာပင် နှစ်သစ်ကူးနေ့သို့ ရောက်ရှိလာ၏။
ထိုညတွင် တောင်ပိုင်းနယ်စပ် မိစ္ဆာမျိုးနွယ်စုက လမင်းကို ပူဇော်ကြသည်။
အလယ်ပိုင်းလွင်ပြင် မိစ္ဆာမျိုးနွယ်စုက လမင်းကို ပူဇော်ကြသည်။
အခြား ဒေသများတွင် ပြန့်ကျဲနေသော မိစ္ဆာမျိုးနွယ်စုများကလည်း လမင်းကို ပူဇော်ကြ၏။
ဝတ်ရုံဖြူ မိစ္ဆာဘုရင်ကတော့ မတုန်မလှုပ် ထိုင်နေဆဲဖြစ်ပြီး သူ၏ ဝတ်ရုံဖြူများက တောင်ပေါ်လေပြင်းထဲတွင် လွင့်ခါနေသည်။ သူက လူ့ပြည်သို့ ကျဆင်းလာသော နတ်ဘုရားတစ်ပါးပမာ တစ်ကိုယ်လုံး တောက်ပနေပြီး လောကနှင့် ကင်းကွာစွာ ရပ်တည်နေ၏။
ဝတ်ရုံဖြူ မိစ္ဆာဘုရင်၏ ခေါင်းအထက်တွင် သုံးထောင်မြောက် ကမ္ဘာက တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ဤကမ္ဘာက ပုံပေါ်လာရန် ပိုမို နှေးကွေးသော်လည်း အလွန်တရာ ကျယ်ပြောလှပြီး တောင်ကြားတစ်ခုလုံး အထက်တွင် တွဲလောင်းကျနေ၏။
လရောင် ကျဆင်းလာသည်နှင့်အမျှ ကမ္ဘာက ရှင်းလင်းစွာ မြင်သာလာသည်။
အရှေ့ပင်လယ်၏ အောက်လိုင်တိုင်းပြည်၊ ပန်းသီးတောင် ရေကန့်လန့်ကာဂူ၊ အပေါက်ကိုးပေါက်ရှိသော မသေမျိုးကျောက်တုံး၊ အရှေ့ရှန်း နတ်ဘုရားတိုက်ကြီး၊ တောင်ပိုင်း ကျန်တိုက်ကြီး၊ အနောက်ပိုင်း နျူဟယ်တိုက်ကြီး၊ လခြမ်းကွေးနှင့် ကြယ်သုံးပွင့်ဂူ၊ ကောင်းကင်ဘုံ တရားရုံး၊ မရဏကမ္ဘာ၊ နဂါးနန်းတော်၊ မက်မွန်ခြံ၊ ထုရှီထာ နန်းတော်၊ အားလန်ရှန်း၊ ဟောက်လင်းကောင်းကင်ခွေး၊ နီကျား၊ ပြဿဒ်ကိုင်ဆောင်ထားသော ကောင်းကင်ဘုရင်လီတို့ ပါဝင်သည်။
ဤသည်က ချီထျန်းကမ္ဘာ ဖြစ်သည်။ ထိုကမ္ဘာမှာ မဟာပညာရှိမှတ်တမ်းကတစ်ဆင့် သူ ဖန်တီးခဲ့သော ကမ္ဘာတစ်ခု ဖြစ်၏။ ကမ္ဘာ၏ မူလပုံစံ တည်ငြိမ်သွားသည်နှင့် အခြား ကမ္ဘာများက ချီထျန်းကမ္ဘာ၏ ပတ်လည်တွင် လှည့်ပတ်လာကြပြီး ထိုကမ္ဘာက ကမ္ဘာအားလုံး၏ ဗဟိုချက်ပမာ ဖြစ်သွားသည်။
ထို့နောက် ရုတ်တရက် ပျက်စီးနေသော ကျောက်စိမ်းစာလိပ် တစ်ခု ထွက်ပေါ်လာ၏။ ကျောက်စိမ်းစာလိပ်၏ တစ်ဝက်က အကောင်းပကတိ ရှိနေပြီး အဆင့်မြင့် သိုးဆီကျောက်စိမ်းကဲ့သို့ နွေးထွေးသော အရောင်အဝါကို ပြသနေကာ နှင်းကဲ့သို့ ဖြူစင်သန့်ရှင်းနေသည်။
ကျန်တစ်ဝက်ကတော့ မီးလောင်ကျွမ်းထားသကဲ့သို့ မည်းနက်နေပြီး မီးခိုးနှင့် မီးအစင်းရာများ ပြည့်နှက်နေကာ မိုးကြိုးနှင့် အစစ်အမှန် မီးတောက်များဖြင့် လောင်ကျွမ်းထားသကဲ့သို့ ဖြစ်နေပြီး ဤတစ်ဝက်ကို ပြတ်လုနီးပါး ဖြစ်စေသော ဓားခုတ်ရာတစ်ခုက နက်ရှိုင်းစွာ စွဲထင်နေ၏။
ထိုကျောက်စိမ်းစာလိပ်မှ မိစ္ဆာအလင်းနှင့် နတ်ဘုရားအလင်းများ ရောယှက်နေသော အလင်းဖြူတစ်ခု ဖြာထွက်နေသည်။
ကမ္ဘာများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီး ကျောက်စိမ်းစာလိပ်က ချီထျန်းကမ္ဘာထဲသို့ ကျဆင်းသွားသည်နှင့်အမျှ ကမ္ဘာများက ချီထျန်းကမ္ဘာထဲသို့ ရေများပမာ ပေါင်းစပ်သွားကြ၏။
ထို့နောက် ချီထျန်းကမ္ဘာက အခြား ကမ္ဘာများကို စတင် ဝန်းရံလာပြီး သူ၏ နယ်နိမိတ်များက အဆက်မပြတ် ကျယ်ပြန့်လာကာ ကမ္ဘာစွမ်းအားများပင် ပိုမို အားကောင်းလာပြီး ကမ္ဘာ၏ သဘာဝနိယာမများမှာလည်း ပိုမို ပြီးပြည့်စုံလာကာ ကမ္ဘာက ပိုမို အစစ်အမှန်ဆန်လာတော့သည်။
တောင်ကြားအပြင်ဘက်တွင် အစောင့်အရှောက် မြည်းမိစ္ဆာက စိတ်လှုပ်ရှားစွာဖြင့် အောင်ပွဲခံ အော်ဟစ်လိုက်၏။
တောင်ပိုင်းနယ်စပ် မိစ္ဆာဘုရင် နှစ်ပါးမှာလည်း စိတ်လှုပ်ရှားလွန်း၍ ဂဏာမငြိမ် ဖြစ်နေကြသည်။ တစ်ပါးက လိမ္မော်နီရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး အရပ်ရှည်ကာ ခမ်းနားသော အသွင်အပြင်နှင့် တောက်ပသော ရုပ်ရည်ရှိပြီး သူမ၏ နဖူးပေါ်တွင် ဖီးနစ်ငှက် အမြီးမွေးကဲ့သို့ ပန်းပွင့်အဆင်တန်ဆာ တစ်ခု ရှိ၏။
ကျန်တစ်ပါးက ရေပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျယ်ဝန်းသော အင်္ကျီလက်များက လေထဲတွင် လွင့်ခါနေကာ ဓားကဲ့သို့ ဖြောင့်တန်းသော မျက်ခုံးများနှင့် ကြယ်ကဲ့သို့ တောက်ပသော မျက်ဝန်းများရှိပြီး ခန့်ညားသော ရုပ်ရည်ရှိကာ သူ၏ နဖူးပေါ်တွင် မြွေကဲ့သို့ ပုံစံတစ်ခု ရှိသည်။
ထိုမိစ္ဆာဘုရင် နှစ်ပါးစလုံးက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေကြ၏။
အခြားသော တောင်ပိုင်းနယ်စပ် မိစ္ဆာဘုရင်များသာ ဤနေရာတွင် ရှိနေမည်ဆိုပါက ဤမိစ္ဆာနှစ်ပါးမှာ မည်သူမည်ဝါဖြစ်ကြောင်းကို သေချာပေါက် မှတ်မိကြမည် ဖြစ်သည်။ သူတို့က မြောက်ပိုင်းနှင့် တောင်ပိုင်းနယ်စပ်၏ အုပ်စိုးသူများဖြစ်သော ပီဖန်း မိစ္ဆာဘုရင်နှင့် မြွေနက် မိစ္ဆာဘုရင်တို့ဖြစ်ပြီး တစ်ပါးစီက မိုင်တစ်သိန်းကျယ်ဝန်းသော တောင်တန်းများနှင့် မြစ်များကို အုပ်စိုးထားကြသည်။
ထို့ပြင် ထိုဘုရင်နှစ်ပါးစလုံးက တာအိုလမ်းစဉ်ကို ရရှိထားသော ရှေးဟောင်း ရှားပါးမျိုးစိတ်များ ဖြစ်ကြပြီး တစ်ပါးစီက အဋ္ဌမမြောက် ကောင်းကင်ဘုံတွင် ရာစုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြကာ နက်ရှိုင်းသော အခြေခံအုတ်မြစ်များနှင့် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများကို ပိုင်ဆိုင်ထားကြ၏။
ယခုအခါ သူတို့က ဝတ်ရုံဖြူ မိစ္ဆာဘုရင်အတွက် အစောင့်အရှောက်များအဖြစ် မိမိသဘောဆန္ဒအလျောက် ထမ်းဆောင်နေကြသည်။
အရှေ့ဘက်မှ နေထွက်လာပြီး ပထမဆုံး အလင်းတန်းက အမှောင်ထုကို ထိုးဖောက်သွားသည်နှင့် ကမ္ဘာပေါင်းစပ်ခြင်း လုပ်ငန်းစဉ်မှာ ပြီးစီးသွား၏။
ဝတ်ရုံဖြူ မိစ္ဆာဘုရင်က ကမ္ဘာသုံးထောင်ကို သိမ်းဆည်းလိုက်ပြီး သူ၏ မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ အကြည့်များ အတွင်း၌ ကမ္ဘာများ မွေးဖွားခြင်းနှင့် ပျက်စီးခြင်း ဖြစ်စဉ်များက လက်ခနဲ ဖြစ်သွားသည်။ ထိုဖြစ်စဉ်များ ပျောက်ကွယ်သွားသောအခါ သူက ညင်သာစွာ ပြုံးလိုက်၏။
“နှစ်ထောင်ချီ ကျင့်ကြံပြီးနောက်မှာ နောက်ဆုံးတော့ ဒီနတ်ဘုရားစွမ်းရည်ကို ကျုပ် ကျွမ်းကျင်ပိုင်နိုင်သွားပြီး နဝမမြောက် ကောင်းကင်ဘုံကို တက်လှမ်းနိုင်ပြီပဲ...”
ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ ဝတ်ရုံဖြူ မိစ္ဆာဘုရင်၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေ၏။
“ခွန်အားကြီးသူတွေ ကျဆုံးမယ့် အချိန်က သိပ်မဝေးတော့ဘူး...”
ထို့နောက် သူက မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး နဝမမြောက် ကောင်းကင်ဘုံသို့ တက်လှမ်းရန် သူ၏ အခြေအနေကို အကောင်းမွန်ဆုံးဖြစ်အောင် ညှိယူလိုက်သည်။
အခြားတစ်ဖက်တွင်လည်း အဆင့်တက်ရန် ပြင်ဆင်နေသူ နောက်တစ်ဦး ရှိနေသည်။ ထိုသူမှာ ဖူရှောင်ကွမ်းပင် ဖြစ်၏။
ရှောက်တောင်၊ ဆွေ့ရွှီးနန်းတော်…
လျိုနျန်ခန်းမ၏ တံခါးများမှာ တင်းကျပ်စွာ ပိတ်ထားသည်။
ဖူရှောင်ကွမ်းက စိတ်ကို သန့်စင်စေသည့် သံစဉ်ကို တစ်ကြိမ် တီးခတ်ပြီး သူ၏ ချီစွမ်းအင် စုဆောင်းမှုကို အာရုံစိုက်လိုက်သည်။ ထို့နောက် သူက နံနက်ခင်းနှင့် ညနေခင်းပန်းကို ထုတ်ယူကာ သူ၏ ဓမ္မစွမ်းအားများကို စုစည်းပြီး စတင် သန့်စင်လိုက်၏။
ထိုအခါ အချိန်စွမ်းအား အမျှင်တန်းလေးများ ထွက်ပေါ်လာပြီး သူ့ပတ်လည်တွင် လှည့်ပတ်နေသည်။
ဖူရှောင်ကွမ်းက ထိုဝိညာဉ်ပစ္စည်းကို သုံးရက်နဲ့ သုံးညကြာအောင် သန့်စင်ခဲ့ရ၏။ ပန်းကို အပြည့်အဝ သန့်စင်ပြီးနောက် သူက မူလအသွင်သဏ္ဌာန်သို့ ပြန်ပြောင်းကာ အာရုဏ်ဦး အလင်းစက်ထဲသို့ ပျံသန်းဝင်ရောက်သွားပြီး နယ်ပယ်ကို စတင် ဖောက်ထွက်တော့၏။
သူ၏ ဓမ္မစွမ်းအား၊ ဝိညာဉ်အာရုံ၊ မိစ္ဆာရုပ်ခန္ဓာနှင့် အခြား စွမ်းအားများမှာ တတိယမြောက် နတ်ဘုရားစွမ်းရည်ထဲသို့ ပေါင်းစပ်သွားပြီး ကြီးမားလှသော ရွှံ့ရည်စီးကြောင်းကြီးတစ်ခုအဖြစ် စုစည်းကာ သူ၏ သွေးကြောမကြီးများကို ဖြတ်သန်းသွားပြီး နယ်ပယ်အဆင့် အတားအဆီးကို ရိုက်ခတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်က ကြွယ်ဝသော အချိန်တာအို ဓမ္မအနှစ်သာရများဖြင့် ဖုံးလွှမ်းသွားပြီး အာရုဏ်ဦး အလင်းစက်ကလည်း မှောင်မိုက်တိတ်ဆိတ်နေသော အခန်းအတွင်း ငွေရောင်အလင်းများ ဖြာထွက်နေပြီး ပတ်ဝန်းကျင်မှာ မနက်ခင်း နေရောင်ခြည်ကဲ့သို့ တောက်ပကာ လမင်းကြီးကဲ့သို့ လင်းလက်နေ၏။
ဖူရှောင်ကွမ်း၏ အရှိန်အဝါက တစ်နေ့တခြား ပိုမို အားကောင်းလာသည်။
ဘီယွင်ရေကန်ဘေးရှိ ဝါးမျှော်စင်တွင် ယွီတောင်တန်း၌ နှစ်နှစ်တိုင်တိုင် ကျင့်ကြံနေခဲ့သော ပိတောက်လေးကလည်း တံခါးပိတ် ကျင့်ကြံခြင်းသို့ ဝင်ရောက်သွား၏။ သူမက တတိယမြောက် ကောင်းကင်ဘုံသို့ အဆင့်တက်ရန် ကြိုးစားတော့မည် ဖြစ်သည်။
မိစ္ဆာတစ်ပိုင်း၊ လူသားတစ်ပိုင်းအနေဖြင့် အဆင့်တက်ရခြင်းက အန္တရာယ်များလှသည်။ ယွီလီက အချိန်ရနေသဖြင့် အရေးကြီးသော အချိန်များတွင် ကူညီရန် အသင့်ရှိနေကာ သူမ၏ အဆင့်တက်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ပေးရန် တာဝန်ယူခဲ့၏။
ယွီတောင်တန်း၏ အပြင်ဘက် မိုင်သုံးရာအကွာရှိ ကျယ်ပြန့်သော ရေကန်ကြီးတစ်ခုတွင် ရွှေဖားပြုတ် တစ်ကောင်လည်း တံခါးပိတ် ကျင့်ကြံနေသည်။ ၎င်းက ရွှေဖားပြုတ် မိစ္ဆာသခင်ပင် ဖြစ်၏။
'မဟာပညာရှိမှတ်တမ်း' ၏ နောက်ဆုံးအခန်းကို ရရှိပြီးနောက် စုတ်တံဝိညာဉ်၏ နောက်ကွယ်မှ မိစ္ဆာဘုရင်က သူ၏ ကတိကို တည်ခဲ့ပြီး အစစ်အမှန် ရွှေဖားပြုတ်အဖြစ် အသွင်ပြောင်းလဲမည့် လျှို့ဝှက်နည်းစနစ်ကို သူ့ထံ သင်ကြားပေးခဲ့သည်။
သူသာ အောင်မြင်ပါက ရွှေဖားပြုတ် မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေသို့ သွားရောက်နိုင်ပြီး လောကရှိ ခြေသုံးချောင်း ရွှေဖားပြုတ်၏ အမှတ်အသားကို အာရုံခံနိုင်ကာ ၎င်း၏ သွေးဆက်ခံမှုကို နိုးထစေပြီး မိစ္ဆာဘုရင် နယ်ပယ်သို့ တက်လှမ်းရန် အရည်အချင်း ရရှိလာမည် ဖြစ်၏။
ရေကန်၏ အမှောင်ထုအောက်ခြေတွင် ရွှေရောင်အလင်းတန်းများ တောက်ပလင်းလက်နေသည်။ ရေနေ ဝိညာဉ်သတ္တဝါများစွာက အနီးအနားသို့ မချဉ်းကပ်ရဲကြချေ။
***