နွေဦးရာသီ ပြန်ရောက်လာပြန်ပြီ။
ယွီတောင်တန်းတွင် ရေခဲများ အရည်ပျော်ပြီး နှင်းများ ပျောက်ကွယ်သွားကာ လေထုထဲတွင် ငှက်သံများနှင့် ပန်းရနံ့များဖြင့် ပြည့်နှက်နေ၏။
လျိုနျန်ခန်းမအတွင်းမှ ငွေရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုက တိတ်တဆိတ် အခန်းထဲမှ ထွက်လာသည်။ ထိုသူက ဖူရှောင်ကွမ်းပင် ဖြစ်၏။
ယွင်ရှောင်စင်မြင့်ပေါ်တွင် ရပ်ကာ ကျယ်ပြောလှသော ကောင်းကင်ပြာကြီးကို မော့ကြည့်နေသော သူ၏ ပုံရိပ်က ကျက်သရေရှိပြီး သူ၏ ကိုယ်ဟန်အမူအရာက အလွန် စိတ်ဓာတ်တက်ကြွနေဟန် ပေါ်သည်။
နှစ်နှစ်ကျော် ကြာပြီးနောက်တွင် သူက နောက်ဆုံးတော့ ထပ်မံ အဆင့်တက်နိုင်ခဲ့ပြီး ဓမ္မနယ်ပယ်၏ ဆဋ္ဌမမြောက် ကောင်းကင်ဘုံသို့ အောင်မြင်စွာ ခြေချနိုင်ခဲ့ပြီ ဖြစ်၏။
သူ၏ ဓမ္မစွမ်းအားများက အဆများစွာ တိုးပွားလာပြီး မိစ္ဆာရုပ်ခန္ဓာမှာလည်း အဆပေါင်းများစွာ ပိုမို သန်စွမ်းလာခဲ့သည်။ ထို့ပြင် နှစ်နှစ်တာအတွင်း ပေ ၄၀၀ အထိ သွေးအေးလေ့ကျင့်ထားသော သူ၏ ဝိညာဉ်အာရုံက ပေ ၈၀၀ အထိ နှစ်ဆတိုးလာခဲ့ပြီး မိစ္ဆာဘုရင် နယ်ပယ်၏ အတားအဆီးကို မြင်တွေ့နိုင်စွမ်းရှိသော မဟာမိစ္ဆာတစ်ပါး၏ ဝိညာဉ်အာရုံနှင့် သိပ်မကွာတော့ပေ။
သူ၏ အချိန်တာအို ဓမ္မအနှစ်သာရများကလည်း ပိုမို ပြီးပြည့်စုံလာပြီး သူ၏ ဝိညာဉ်အာရုံနှင့် မိစ္ဆာရုပ်ခန္ဓာကို အချိန်နှင့် ပေါင်းစပ်နိုင်မှုက သုံးဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့၏။ အချိန်ရေစီးကြောင်း၊ အချိန်မြှားနှင့် ကာလသဲစီးကြောင်း ဟူသော နတ်ဘုရားစွမ်းရည် သုံးခုစလုံး၏ စွမ်းအားများက အကြီးအကျယ် တိုးတက်လာပြီး ထိုစွမ်းရည်များကို သူ၏ ကိုယ်ပိုင် ခြေလက်များကဲ့သို့ ပိုမို လွတ်လပ်စွာ အသုံးပြုနိုင်လာသည်။
အရေးအကြီးဆုံးအချက်မှာ သူ၏ သက်တမ်းက နှစ်ဆတိုးလာပြီး သက်တမ်းတိုးထားသော အနှစ်နှစ်ဆယ်နှင့် ပေါင်းစပ်လိုက်ပါက ယခုအခါ သူက အနှစ်ငါးရာကျော် အသက်ရှင်နိုင်ပြီ ဖြစ်၏။
အသက်ရှည်ခြင်းနှင့် ခြေတစ်လှမ်း ပိုနီးကပ်လာသဖြင့် သူက အဘယ်ကြောင့် ဝမ်းမသာဘဲ နေနိုင်ပါမည်နည်း။
ဖူရှောင်ကွမ်းက ရှုခင်းများနှင့် နွေဦးလေပြေကို ခံစားပြီးနောက် လျိုနျန်ခန်းမသို့ ပြန်သွား၏။ ထို့နောက် သူက ဂျင်ဆင်းဝိညာဉ်လေး ဂရုတစိုက် ပြင်ဆင်ပေးထားသော ဝိညာဉ်အစားအစာများကို စားသုံးကာ သူ၏ စိတ်သဘောထားကို ပြုစုပျိုးထောင်ရန်နှင့် စိတ်ကို အပန်းဖြေရန်အတွက် ရှေးဟောင်း ထင်းရှူးပင်အောက်တွင် ဇီသာတီးနေလိုက်သည်။
ညနေခင်းရောက်မှသာ ဖူရှောင်ကွမ်းက အနောက်ဘက်ဆင်ခြေလျှော၏ ကိစ္စရပ်များနှင့် ပြင်ပသတင်းများကို သိရှိရန်အတွက် သူ၏ ယုံကြည်ရသော လက်အောက်ခံများကို ခေါ်ယူလိုက်၏။
ကျူးယွင်၊ ပုစဉ်းရင်ကွဲမိစ္ဆာ၊ ရှောင်ကျူး၊ ကုန်းရန်ယန်၊ ပိုင်ကျင်းနှင့် အခြားသူများက မိစ္ဆာသခင်၏ စိတ်သဘောထားကို နားလည်ကြပြီး အရေးကြီးဆုံး ကိစ္စရပ်များကိုသာ သတင်းပို့ကြသည်။
ဖူရှောင်ကွမ်းက ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနေစဉ် ကျေနပ်မှုကို ခံစားနေရ၏။
ဤနှစ်များတစ်လျှောက် ယွီတောင်တန်း၏ အနောက်ဘက်ဆင်ခြေလျှောက တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ် ရောက်လာခဲ့သည်။ တောင်ခါးပန်းတွင် အင်းဆက်တစ်သောင်းဂူ ရှိပြီး တောင်ခြေတွင် ရှောက်တောင် မိစ္ဆာဈေးတန်း ရှိ၏။
တစ်ခုစီတိုင်းက သူတို့၏ ကိုယ်ပိုင် ထူးခြားချက်များ ရှိကြပြီး နေရာထိုင်ခင်းများစွာ ပါဝင်ကာ စားဝတ်နေရေးနှင့် သွားလာရေး အားလုံးကို လွှမ်းခြုံထားပြီး မိစ္ဆာများ၏ အခြေခံ လူနေမှုဘဝနှင့် ကျင့်ကြံခြင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော ကွဲပြားစုံလင်သည့် အကြောင်းအရာများကို ပေးစွမ်းနိုင်သည်။
အထူးသဖြင့် မြေအောက် မိစ္ဆာဈေးတန်းမှတစ်ဆင့် ယွီတောင်တန်းသို့ မိစ္ဆာများ အလုံးအရင်း ဝင်ရောက်လာခြင်းက ယွီတောင်တန်း၏ ချို့ယွင်းချက်များကို ဖြည့်ဆည်းပေးခဲ့ပြီး ယွီတောင်တန်းကို အတိုင်းအတာတစ်ခုအထိ အားကောင်းလာစေခဲ့၏။
သူ၏ လက်အောက်ခံ မိစ္ဆာများက သက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ကြပြီး ကိစ္စရပ်များကို စနစ်တကျ စီမံခန့်ခွဲကြသည်။ သူတို့၏ ကျင့်ကြံခြင်းက နှိုင်းယှဉ်ချက်အရ အားနည်းသေးသော်လည်း တာဝန်များစွာကို လွတ်လပ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိနေကြပြီ ဖြစ်၏။
ပုစဉ်းရင်ကွဲမိစ္ဆာက ပြည်တွင်းပြည်ပ ကိစ္စရပ်များကို စီမံခန့်ခွဲပြီး၊ ကျူးယွင်က စိုက်ပျိုးရေး အပါအဝင် အစားအသောက်များကို တာဝန်ယူကာ၊ ကုန်းရန်ယန်က ပညာရေးကို တာဝန်ယူပြီး ရှောင်ကျူးက ကင်းလှည့်ခြင်းကို တာဝန်ယူ၍ ပိုင်ကျင်းက သယ်ယူပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေးကို တာဝန်ယူ၏။
“အနောက်ဘက်ဆင်ခြေလျှော အခုလို အခြေအနေ ရောက်လာတာ မင်းတို့ရဲ့ ပံ့ပိုးမှုတွေ မပါလို့ မရဘူး... မင်းတို့ရဲ့ ကြိုးစားမှုတွေကို ဒီသခင် သိပါတယ်… မင်းတို့ရဲ့ အောင်မြင်မှုတွေအပေါ် မူတည်ပြီး သေချာပေါက် ဆုချပေးပါ့မယ်... ဒါပေမဲ့ အမှားတစ်ခုခု လုပ်မိရင်လည်း ဒီသခင်က အပြစ်ပေးမှာပဲ”
“မိစ္ဆာသခင်က ကျွန်တော်တို့ကို မြှောက်ထိုးပင့်ကော် လုပ်လွန်းနေပါပြီ... မိစ္ဆာသခင်ဆီကနေ အခုလို အရေးကြီးတဲ့ တာဝန်တွေ ပေးအပ်ခံရတဲ့အတွက် မိစ္ဆာသခင်ရဲ့ ယုံကြည်မှုကို ကျွန်တော်တို့ အပျက်မခံရဲပါဘူး...”
ဖူရှောင်ကွမ်းက မိစ္ဆာများကို အားပေးစကားပြောကာ ဆုပေးဒဏ်ပေး လုပ်ပြီးနောက် လက်ဝှေ့ယမ်းကာ သူတို့ကို ပြန်လွှတ်လိုက်၏။
သူက စုပုံနေသော ကိစ္စရပ်များကို ဖြေရှင်းပြီးနောက် လျိုနျန်ခန်းမထဲမှ ထွက်လာပြီး ကြွက်သားများနှင့် အရိုးအဆစ်များကို အကြောလျှော့လိုက်သည်။ ပြီးနောက် သူ၏ ခန္ဓာကိုယ်ကို အချိန်စွမ်းအားများဖြင့် ရစ်ပတ်ကာ အရှိန်အဝါကို ဖုံးကွယ်လိုက်သည်။
ထို့နောက် သူက အင်းဆက်တစ်သောင်းဂူကို ဖြတ်သန်းသွားပြီး အနောက်ဘက်ဆင်ခြေလျှော၏ အပြောင်းအလဲများကို ဂရုတစိုက် လေ့လာစောင့်ကြည့်လျက် အော်ဟစ်ရောင်းချနေသော မိစ္ဆာမျိုးနွယ်စု ကုန်သည်များ၊ လွတ်လပ်ပေါ့ပါးစွာ ပြေးလွှားဆော့ကစားနေကြသော မိစ္ဆာများနှင့် အလုပ်များနေသော်လည်း ပျော်ရွှင်နေသော မိစ္ဆာများကို ကြည့်ကာ ကျေနပ်မှုကို ခံစားလိုက်ရ၏။
ဖူရှောင်ကွမ်းက အင်းဆက်တစ်သောင်းဂူမှ တောင်ခြေရှိ မိစ္ဆာဈေးတန်းသို့ ဆင်းလျှောက်လာခဲ့သည်။ သူက စာအုပ်ဆိုင်ထဲသို့ ဝင်သွားပြီး မကြာမီမှာပင် သူ၏ သူငယ်ချင်းများ စုဝေးရောက်ရှိလာကြကာ ဝိုင်သောက်ရင်း ပျော်ရွှင်စွာ စကားစမြည် ပြောဆိုကြတော့၏။
ဤအချိန်လေးတွင် သူက မိစ္ဆာသခင် ရှောင်ကွမ်း မဟုတ်သလို သူတို့ကလည်း သူ၏ လက်အောက်ငယ်သားများ မဟုတ်ကြပေ။ သူတို့က သူငယ်ချင်းတွေ သက်သက်သာ ဖြစ်၏။
…
ဝိုင်နှင့် အစားအသောက်များ ဗိုက်အပြည့် စားသောက်ပြီးနောက် ဖူရှောင်ကွမ်းက သူ၏ ခန်းမသို့ အနားယူရန် ပြန်လာခဲ့သည်။
နောက်တစ်နေ့ ညနေခင်းတွင် သူက ဘီယွင်ရေကန်ဆီသို့ ဦးတည်သွားလိုက်၏။
မည်သို့ပင်ဆိုစေ သူ၏ လျင်မြန်သော အဆင့်တက်မှုအတွက် ဧကရီယွီလီ၏ ပံ့ပိုးမှုက အလွန် အရေးကြီးပြီး သူမကို ကျေးဇူးတင်ကြောင်း သွားရောက်ပြောကြားရန် လိုအပ်သည် မဟုတ်ပါလား။
ဖူရှောင်ကွမ်းက တိမ်ပြာကျွန်းပေါ်သို့ ဆင်းသက်ကာ အချိန်ခဏတာ လမ်းလျှောက်ပြီးနောက် ကလေးငယ်တစ်ဦး ငိုသံကဲ့သို့ မြေခွေးအော်သံ တစ်ခုကို ကြားလိုက်ရသည်။ သူက အသံလာရာသို့ လိုက်သွားသောအခါ အမြီးသုံးချောင်း မြေခွေးနီလေး တစ်ကောင်က ဝါးတောထဲတွင် ဝါးကြွက်တစ်ကောင်ကို နောက်ပြောင်၍ လိုက်ဖမ်းနေသည်ကို မြင်လိုက်ရ၏။
ဖူရှောင်ကွမ်းကို မြင်သောအခါ အမြီးသုံးချောင်း မြေခွေးနီလေးက အံ့ဩဝမ်းသာသွားသည့်ပုံ ပေါ်သည်။ သူက ခြေလေးချောင်းဖြင့် ပြေးလာပြီး နူးညံ့သိမ်မွေ့ကာ ကျောက်စိမ်းရုပ်လေးကဲ့သို့ ချစ်စရာကောင်းသော ကလေးငယ်တစ်ဦးအဖြစ် ချက်ချင်း အသွင်ပြောင်းသွား၏။ ပြီးလျှင် သူက ဖူရှောင်ကွမ်း၏ ပေါင်ကို ဖက်ကာ ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
“မိစ္ဆာသခင်... တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီပေါ့...”
ဖူရှောင်ကွမ်းက ပျော်ရွှင်နေသော ကလေးငယ်ကို ကြည့်ကာ နဖူးကို ချစ်စနိုးဖြင့် ခပ်ဖွဖွ တောက်လိုက်သည်။
ကလေးငယ်က သူ၏ နဖူးကို တမင်တကာ အုပ်ကာ ခုန်ဆွခုန်ဆွဖြင့် နာကျင်စွာ အော်ဟစ်နေ၏။ ဤကလေးငယ်က တခြားသူ မဟုတ်ပေ။ ပိတောက်လေးပင် ဖြစ်သည်။
သူက သေးငယ်သော်လည်း ပါးနပ်ပြီး လိမ္မာရေးခြားရှိကာ အကင်းပါး၏။ နှစ်နှစ်တာ ပေါင်းသင်းဆက်ဆံပြီးနောက် ဤကလေးငယ်နှင့် သူ၏ ဆက်ဆံရေးက အတော်လေး ကောင်းမွန်လာခဲ့သည်။ မဟုတ်လျှင် သူက ဤကဲ့သို့ အလိုလိုက်ခံချင်မည် မဟုတ်ချေ။
“နောက်ပြောင်မနေနဲ့တော့… မဟုတ်ရင် ငါ တကယ် အပြင်းကြီး ခေါက်လိုက်မှာနော်”
ထိုစကားကို ကြားသောအခါ ပိတောက်လေးက ချက်ချင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ထို့နောက် သူက တင်ပါးကို လှုပ်ခါလိုက်ရာ နောက်ဘက်မှ အမွေးပွပွ မြေခွေးအမြီး သုံးချောင်း ထွက်လာသည်။ သူ၏ ချစ်စရာကောင်းသော မျက်နှာလေးနှင့် ပေါင်းစပ်လိုက်သောအခါ သူက အလွန်တရာ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်နေပုံ ပေါ်၏။
“မိစ္ဆာသခင်... ကြည့်ပါဦး… ကျွန်တော် အဖေ့ရဲ့ သွေးဆက်ခံမှုကို နိုးထလာအောင် လုပ်နိုင်သွားပြီ”
ပျော်ရွှင်နေသော ပိတောက်လေးကို ကြည့်ကာ ဖူရှောင်ကွမ်း၏ ရင်ထဲတွင်လည်း အနည်းငယ် အံ့ဩသွား၏။
ပိတောက်လေးက သူ၏ သွေးဆက်ခံမှုကို နိုးထစေနိုင်ခဲ့သည်ကို သူ မအံ့ဩပေ။ အကြောင်းမှာ မိစ္ဆာတစ်ပိုင်းပင်လျှင် သွေးဆက်ခံမှု ပြန်လည်နိုးထခြင်းကို ကြုံတွေ့နိုင်သောကြောင့် ဖြစ်သည်။
သူ့ကို အံ့ဩသွားစေသည်က ပိတောက်လေး နိုးထလာသော မြေခွေးမျိုးနွယ်စု သွေးဆက်ခံမှုက အတော်လေး အားကောင်းနေခြင်းပင်။ ဖူရှောင်ကွမ်းက မြေခွေးမိစ္ဆာ မဟုတ်သော်လည်း ပိတောက်လေး၏ မွေးရာပါ အရည်အချင်းက မြေခွေးမိစ္ဆာ အများစုထက် သာလွန်နေကြောင်း သူ သိ၏။
“မင်းရဲ့ အရည်အချင်းက ထူးချွန်တယ်... အနာဂတ်မှာ မင်းက ကျင့်ကြံခြင်းကို သေချာ အာရုံစိုက်ရမယ်… မင်းရဲ့ မွေးရာပါ အရည်အချင်းကို အလဟဿ မဖြစ်စေနဲ့”
ပိတောက်လေးက အားတက်သရော ခေါင်းညိတ်လိုက်သည်။
တစ်ခဏမျှ စကားစမြည် ပြောပြီးနောက် ဖူရှောင်ကွမ်းက ပိတောက်လေးကို ဝါးမျှော်စင်ထဲသို့ ခေါ်သွားလိုက်၏။
ဧကရီယွီလီက ဝါးလုံးတစ်လုံးပေါ်တွင် ဘေးတိုက်လှဲလျောင်းကာ ခြေချိတ်၍ ဝိုင်သောက်နေဆဲပင်။ ဖူရှောင်ကွမ်းတို့ မိစ္ဆာနှစ်ကောင်ကို မြင်သောအခါ သူမက ဝိုင်နှစ်ကျိုက်ကို တစ်ခါတည်း မော့သောက်လိုက်ပြီး ကြည်လင်ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
“ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ ဓမ္မနယ်ပယ်ရဲ့ ဆဋ္ဌမမြောက် ကောင်းကင်ဘုံကို ရောက်လာတာလား… ပိုးကောင်လေး မင်းက ဒီအဘွားကြီးကို နောက်တစ်ကြိမ် အထင်ကြီးသွားစေပြန်ပြီပဲ”
“အရှင်မရဲ့ ပြုစုပျိုးထောင်ပေးမှုတွေ အပါအဝင် အရှင်မ ပေးသနားခဲ့တဲ့ ဝိညာဉ်ပစ္စည်း အသီးသီးနဲ့ ရက်ရောတဲ့ လမ်းညွှန်မှုတွေကြောင့်ပါ... မဟုတ်ရင် ဒီလက်အောက်ငယ်သားက ဒီလောက် မြန်မြန် အဆင့်တက်နိုင်မှာ မဟုတ်ပါဘူး”
“မင်းက အရင်လိုပဲ အပြောအဆို ကောင်းတုန်းပဲ...”
“ဒီလက်အောက်ငယ်သားက အမှန်တရားကို ပြောနေရုံသက်သက်ပါ”
ယွီလီက ပြုံးလိုက်ပြီး နောက်ထပ် သောက်ရန် ခေါင်းကို နောက်လှန်လိုက်ကာ ဆက်ပြော၏။
“အလယ်ပိုင်းလွင်ပြင်ရဲ့ အခြေအနေတွေက တစ်နေ့တခြား ပိုဆိုးလာနေတယ်... ယွီတောင်တန်းက ထာဝရ တည်ငြိမ်နေနိုင်မှာ မဟုတ်ဘူး... မင်း အစောကြီး အဆင့်တက်နိုင်တာက မင်းအတွက်ရော ယွီတောင်တန်းအတွက်ပါ ကောင်းတဲ့ကိစ္စပဲ”
“အရှင်မ ပြောတာ မှန်ပါတယ်... ဒီလက်အောက်ငယ်သားက အနာဂတ်မှာ အရှင်မအတွက် ဝန်ထုပ်ဝန်ပိုး တချို့ကို မျှဝေထမ်းဆောင်ပေးနိုင်ပါပြီ”
ယွီလီက ကျေနပ်စွာဖြင့် အသံပြုလိုက်၏။
ဖူရှောင်ကွမ်းက အရိုအသေပေးကာ ဆက်ပြောလိုက်သည်။
“ပိတောက်လေးကို ဂရုစိုက်ပေးတဲ့အတွက် အရှင်မကို ကျေးဇူးတင်ပါတယ်… အရှင်မ ကျေးဇူးကြောင့် သူ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့တာပါ...”
“အသေးအဖွဲလေးပါ...”
ယွီလီက ပိတောက်လေးကို တစ်ချက် ကြည့်ကာ ပြောလိုက်၏။
“ဒီကောင်စုတ်လေးက အလားအလာ ကောင်းပြီး တော်တော်လည်း ထက်မြက်တယ်... သေချာ ပြုစုပျိုးထောင်ပေးမယ်ဆိုရင် မင်းရဲ့ ညာလက်ရုံး ဖြစ်လာနိုင်တယ်”
ပိတောက်လေးက ဂုဏ်ယူစွာဖြင့် ပြုံးဖြီးဖြီး လုပ်လိုက်သည်။
ဖူရှောင်ကွမ်းက အရိုအသေပေးလိုက်၏။
“အရှင်မ စိတ်ချပါ... ဒီလက်အောက်ငယ်သားက ဒီကလေးရဲ့ သွေးဆက်ခံမှုကို အလဟဿ အဖြစ်ခံမှာ မဟုတ်ပါဘူး”
ယွီလီက ရယ်မောလိုက်သည်။
“သိပ်ကောင်းတယ်...”
ဆွေ့ရွှီးနန်းတော်သို့ ပြန်ရောက်လျှင် ဖူရှောင်ကွမ်း၏ ကျင့်ကြံခြင်းမှာ ယခင်စည်းချက်အတိုင်း ပြန်လည်စတင်သွား၏။
ချီစွမ်းအင် စုဆောင်းခြင်း၊ ခန္ဓာကိုယ်သန့်စင်ခြင်း၊ ဝိညာဉ်ပုံသွင်းခြင်း၊ ဇီသာတီးခြင်း၊ တာအိုလမ်းစဉ်ကို လေ့လာခြင်းတို့အပြင် တစ်ခါတစ်ရံတွင် သူက သူငယ်ချင်းများနှင့် စုဝေးတတ်ပြီး၊ တစ်ခါတစ်ရံ ပိတောက်လေးကို ကျင့်ကြံခြင်းတွင် လမ်းညွှန်ပြသပေးကာ၊ တစ်ခါတစ်ရံ ရာသီလေးခုကို ဆင်ခြင်တွေးတောပြီး တစ်ခါတစ်ရံ သိုင်းကွက်အစီအရင်များကို လေ့လာတတ်သည်။ သူ၏ နေ့ရက်များက အလုပ်များဖြင့် ပြည့်စုံနေ၏။
နွေနှောင်းပေါက်လာချိန်တွင် ရှောက်တောင်အထက်၌ တိမ်မည်းများ စုဝေးလာပြီး လျှပ်စီးများ လက်ကာ မိုးကြိုးများက ရူးသွပ်စွာ ပေါက်ကွဲနေသည်။
ဖူရှောင်ကွမ်းက ကောင်းကင်ယံရှိ လျှပ်စီးများနှင့် မိုးကြိုးများကို မော့ကြည့်ပြီး သူ၏ လက်ဝါးကို ဖြန့်လိုက်ရာ အာရုဏ်ဦး အလင်းစက်က လက်ဝါးထဲတွင် ထွက်ပေါ်လာပြီး ငွေရောင်အလင်းများက ရေကဲ့သို့ စီးဆင်းနေ၏။
မိုးကြိုးတိမ်တိုက်များ လုံလောက်စွာ စုဝေးလာသောအခါ သူက လက်ချောင်းကို ညင်သာစွာ တောက်လိုက်ရာ အာရုဏ်ဦး အလင်းစက်က မိုးကြိုးများ၏ လေ့ကျင့်မှုကို ခံယူရန် တိမ်မည်းများထဲသို့ ပျံသန်းဝင်ရောက်သွားသည်။
ဤသည်က အာရုဏ်ဦး အလင်းစက်အတွက် အဆင့်တက်ခြင်း ဘေးအန္တရာယ်ပင် ဖြစ်၏။ အောင်မြင်ပါက မှော်ရတနာအဖြစ် အဆင့်တက်မည် ဖြစ်ပြီး ကျရှုံးပါက အစကနေ ပြန်စရမည် ဖြစ်၏။
ထိုအကြောင်းပြချက်ကြောင့်ပင် အာရုဏ်ဦး အလင်းစက်က လိုအပ်ချက်များ ပြည့်မီသွားချိန်တွင် အလျင်စလို ဘေးအန္တရာယ် မဖြတ်ကျော်ခဲ့ခြင်း ဖြစ်သည်။ ထို့အစား သူ ဆဋ္ဌမမြောက် ကောင်းကင်ဘုံသို့ အဆင့်တက်ပြီး သုံးလကြာ တည်ငြိမ်အောင် နေထိုင်ကာ အာရုဏ်ဦး အလင်းစက်၏ အခြေခံအုတ်မြစ်ကို ပိုမို နက်ရှိုင်းစေပြီးနောက်မှသာ အောင်မြင်နိုင်ခြေကို တိုးမြင့်ရန် မိုးကြိုးများကို ဆွဲဆောင်ခဲ့ခြင်း ဖြစ်၏။
သူ့ကိုယ်သူ ယုံကြည်မှု ရှိသော်လည်း ဖူရှောင်ကွမ်းက ထိုကိစ္စနှင့် ပတ်သက်၍ အပြည့်အဝ အာရုံစိုက်ထားပြီး အလွန်အမင်း စိတ်လှုပ်ရှားနေဆဲပင်။ မည်သို့ပင်ဆိုစေ အရာအားလုံးက ရာနှုန်းပြည့် သေချာသည် မဟုတ်ပေ။ ကိစ္စမပြီးပြတ်မီ မည်သည့်အရာကိုမျှ အာမခံရဲခြင်း မရှိချေ။
မှော်လက်နက်တစ်ခုက မှော်ရတနာအဖြစ် အဆင့်တက်ရန်အတွက် မိုးကြိုး ခြောက်ချက်ကို ဖြတ်ကျော်ရမည် ဖြစ်သည်။ မှော်ရတနာ တစ်ခုက ဝိညာဉ်ရတနာအဖြစ် အဆင့်တက်ရန်အတွက် မိုးကြိုး ကိုးချက်ကို ဖြတ်ကျော်ရမည် ဖြစ်၏။
မိုးကြိုး သုံးချက် ဆက်တိုက် ဖြတ်ကျော်ပြီးဖြစ်သော အာရုဏ်ဦး အလင်းစက်ကို ကြည့်၍ ဖူရှောင်ကွမ်း၏ ရင်ထဲတွင် တဖြည်းဖြည်း တင်းကျပ်လာတော့သည်။
***