"သုံးနှစ်တောင် ကြာမှ ဘာလို့များ အချက်ပြရတာလဲလေ။ အီဟန်နဲ့ ငါ့ကြားမှာ တော်တော်လေး ခရီးရောက်နေပြီဆိုတာ သူများ သိနေလို့လား။ ဟူး... အချိန်မနှောင်းခင် အရာအားလုံးကို ရှင်းလင်းထားနိုင်ခဲ့လို့ တော်သေးတာပေါ့"
"ပေါက်ကရတွေ ပြောမနေပါနဲ့ကွာ"
ရင်ထဲက အလုံးကြီးကျသွားသလို သက်ပြင်းချနေတဲ့ လီအယ်ရာကို ယူးအီဟန်က လျစ်လျူရှုလိုက်ရင်း ယူးမီးရ်နဲ့ နဂါးတပ်မတော်သား ကိုးထောင်သုံးရာကို လှည့်ကြည့်လိုက်သည်။
"အခု ငါတို့ ဘရီယာဆိုတဲ့ ကမ္ဘာကို သွားကြမယ်။ မင်းတို့ အဲ့ဒီမှာ တိုက်ပွဲဝင်ချင် ဝင်ရမယ်။ မဝင်ချင်ရင်လည်း အေးအေးဆေးဆေး နားနေလို့ ရတယ်နော်"
"သူရဲကောင်းရဲ့ ဖေဖေက သိပ်သဘောကောင်းတာပဲ"
"သားတို့က ဘာမဆို လုပ်နိုင်ပါတယ်ဗျ"
ကလေးတွေက သိပ်ကို ရိုးသားဖြူစင်လွန်းနေသည်ဟု ယူးအီဟန် တွေးလိုက်မိသည်။ သူ့စကားကို နားယဉ်စွာ လိုက်နာကြသည့်အတွက် ကျေးဇူးတင်မိသော်လည်း သူတို့ကို အကျိုးအကြောင်းဆင်ခြင်တတ်အောင် သင်ပေးရန် လိုအပ်နေသေးသည်လေ။
"မီးရ်ရေ... သူများစကားကို ဒီလောက်ကြီး မျက်ကန်းယုံကြည်ပြီး မလိုက်နာသင့်ဘူးလို့ သူတို့ကို သေချာပြောပြလိုက်ပါဦးကွာ"
"ဟုတ်ကဲ့ ဖေဖေ။ ဒါပေမဲ့ သူတို့က ဖေဖေမို့လို့သာ စကားနားထောင်ကြတာ နေမှာပါ"
"အဲ့ဒီလိုဆိုရင်တော့ ကောင်းတာပေါ့ကွာ"
တတ်နိုင်လျှင်တော့ ဒီကလေးတွေအားလုံးကို လိုအပ်တဲ့ ချပ်ဝတ်တန်ဆာတွေ သေချာတပ်ဆင်ပေးပြီး သူတို့ရဲ့ မိဘတွေဆီ အရင်သွားစစ်ဆေးချင်သေးသည်။ သို့သော်လည်း အချိန်အတော်ကြာမှ နာယူနာဆီက အချက်ပြမှု ရောက်လာသည်ဆိုလျှင် ဒါဟာ သာမန်ကိစ္စတော့ မဟုတ်နိုင်ပေ။ ဘယ်အရာကို အရင်ဦးစားပေးရမလဲဆိုတာ ရွေးချယ်နေဖို့ အချိန်မရှိတော့ပါ။ သူ့လက်မောင်းကို တွယ်ချိတ်ထားသော လီအယ်ရာကို ဒီအတိုင်းပင် လွှတ်ထားလိုက်ပြီး နဂါးတပ်မတော်သားများကို စကားဆက်လိုက်သည်။
"ခဏနေရင် စွမ်းရည် စတင်အလုပ်လုပ်တော့မယ်။ ငါ မင်းတို့ကို တစ်ခုခု အရင်လုပ်ပေးရမှာမို့ ငြင်းဆန်တာမျိုး မလုပ်ကြနဲ့နော်"
"ဟုတ်ကဲ့ပါဗျ"
"နားလည်ပါပြီ"
အမှန်တော့ သူက အာကာသကူးပြောင်းခြင်း စွမ်းရည်ကို ကြိုတင်သက်ဝင်စေခဲ့ပြီးသား ဖြစ်သည်။ အရင်တစ်ခေါက်က သုံးခဲ့စဉ်က စွမ်းရည်သက်ဝင်ရန် အချိန်အတော်ကြာယူရသည်ကို မှတ်မိနေသောကြောင့်ပင်။ စွမ်းရည်၏ အစွမ်းက အလွန်ကြီးမားလွန်းသဖြင့် ဤမျှလောက် အားနည်းချက်လေးကတော့ ပြောပလောက်စရာ မရှိပေ။ မှတ်တမ်း စွမ်းရည်ကြောင့် ဘရီယာသို့ ကူးပြောင်းရန် လုံလောက်သော မှတ်တမ်းများ သူ၌ အပြည့်အဝ ရှိနေပြီဖြစ်သည်။ ထို့ကြောင့် တစ်ခုတည်းသော ပြဿနာမှာ အတိုင်းအတာများကို ဖြတ်သန်းသွားလာရန် လိုအပ်သော မှော်ကျောက်တုံးများပင် ဖြစ်သည်။
"အခု မင်းတို့အားလုံးကို ငါ့တပ်ဖွဲ့ဝင်တွေအဖြစ် လက်ခံလိုက်ပြီ"
"တပ်ဖွဲ့ဆိုတာ ဘာကြီးလဲဟင်"
ပျံသန်းနိုင်သော ရဲတိုက်ကို သူ၏ ကိုယ်ပိုင်လက်နက်ပစ္စည်းအဖြစ် သတ်မှတ်ထား၍ အတိုင်းအတာများကို အတူတကွ ကူးပြောင်းနိုင်သည်ကို ဖယ်ထားလျှင်ပင်၊ ဤမျှများပြားသော တပ်ဖွဲ့ဝင်များကို ကူးပြောင်းရန်အတွက် မရေမတွက်နိုင်သော မှော်ကျောက်တုံး အရေအတွက် လိုအပ်မည်ဖြစ်သည်။ သို့သော် အခုအခြေအနေက ထိုသို့မဟုတ်ပေ။ အတိုင်းအတာများအား ဖြတ်သန်းသွားလာသူ အလုပ်အကိုင်ကို ရရှိထားသဖြင့် တပ်ဖွဲ့ ကိုယ်စားလှယ် စွမ်းရည်ကို အသုံးပြုကာ တပ်ဖွဲ့ဝင်များနှင့်အတူ အတိုင်းအတာများကို ကူးပြောင်းရာတွင် မည်သည့် ထပ်ဆောင်းစွမ်းအင်မှ အသုံးပြုရန် မလိုတော့ပေ။
"ဟုတ်ကဲ့။ ဘာကြီးမှန်းတော့ သေချာမသိပေမဲ့ လုပ်လိုက်ပါမယ်ဗျ"
"ဝါး"
"ဒါနဲ့ သူရဲကောင်းရဲ့ ဖေဖေကို သားတို့က ဘယ်လိုခေါ်ရမလဲဟင်"
"သူရဲကောင်းက သားတို့ရဲ့ သူရဲကောင်းရော သခင်ရောပဲလေ"
ကလေးများ၏ မီးရ်အပေါ် သစ္စာစောင့်သိမှုက ဘာသာရေးယုံကြည်မှုတစ်ခုလိုပင် ခိုင်မာနေသည်။ ယူးအီဟန်ကလည်း သူတို့ကို မည်သည့်နည်းနှင့်မျှ ထိန်းချုပ်ရန် အစီအစဉ်မရှိပါ။ ယူးမီးရ်က ဉာဏ်ရည်ထက်မြက်ပြီး စဉ်းစားဆင်ခြင်ဉာဏ်ရှိသူဖြစ်ရာ သူဝင်ပါစရာမလိုဘဲ တပ်မတော်ကို သေသေချာချာ ဦးဆောင်နိုင်မည်မှာ သေချာသည်။ သူက မီးရ်ကို အမိန့်ပေးရန်သာ လိုအပ်သည်လေ။ ထို့ကြောင့် ယခုလောလောဆယ်အတွက် အသင့်တော်ဆုံး အခေါ်အဝေါ်တစ်ခု ရှိနေသည်။
"ငါ့ကို... ဗိုလ်ကြီး လို့ပဲ ခေါ်ကြပါ"
"အင်း... သူ့ရဲ့ ခလုတ်တွေ ပြန်ပွင့်သွားပြန်ပြီ"
"ဟုတ်ကဲ့ပါ ဗိုလ်ကြီး"
အလုပ်အကိုင်ကို ယခုမှစတင်ရရှိထားသည်ဖြစ်ရာ တပ်မတော်သား ကိုးထောင်သုံးရာလုံးကို တပ်ဖွဲ့ဝင်များအဖြစ် လက်ခံရန်တော့ မဖြစ်နိုင်သေးပေ။ သို့သော်လည်း တစ်ဝက်ကျော်ရှိသော အရေအတွက် ငါးထောင်ခန့်ကိုတော့ လက်ခံနိုင်နေပြီဖြစ်သည်။ ယင်းကပင် အတိုင်းအတာများအား ဖြတ်သန်းသွားလာသူ အလုပ်အကိုင်သည် မည်မျှအထိ အစွမ်းထက်မြက်ကြောင်း သက်သေပြနေသည်။
"ကျန်နေတဲ့ လေးထောင်သုံးရာအတွက်တော့ မှော်ကျောက်တုံးတွေ အသုံးပြုမှ ရတော့မယ်ထင်တယ်"
"အဆင်ပြေပါ့မလား အီဟန်"
"ရပါတယ်။ အတိုင်းအတာများအား ဖြတ်သန်းသွားလာသူရဲ့ အကျိုးသက်ရောက်မှုကြောင့် ကုန်ကျစရိတ်တွေ အများကြီး လျော့ကျသွားတဲ့အပြင်... ငါ့ဆီမှာ မှော်ကျောက်တုံးတွေ အပုံလိုက်ကြီး ရှိသေးတယ်လေ"
"..."
ယူးအီဟန်က သူ၏သိုလှောင်ရုံအတွင်းရှိ ပစ္စည်းများကို လီအယ်ရာအား လှမ်းပြရင်း ပြန်ဖြေလိုက်သည်။ တစ်ခဏမျှတော့ လီအယ်ရာတစ်ယောက် သူ့သိုလှောင်ရုံထဲမှာ နောက်ထပ်ကမ္ဘာတစ်ခုများ ရှိနေသလားဟုပင် ထင်ယောင်ထင်မှား ဖြစ်သွားရသည်။ ထိုမျှလောက် များပြားလှသော မာနာစွမ်းအင်များ ပြည့်နှက်နေသည်ကိုး။
"တော်တော်များတယ် မဟုတ်လား"
"အင်းပါ..."
ကမ္ဘာမြေပေါ်တွင် ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း သူစုဆောင်းထားခဲ့သော မှော်ကျောက်တုံးများနှင့် ယူးမီးရ် ပေးထားသော မှော်ကျောက်တုံးများကို ပေါင်းစပ်လိုက်လျှင် ဗန်ဂတ် နှင့်အတူ သူရှာဖွေရရှိခဲ့သော မှော်ကျောက်တုံး အရေအတွက်မှာ ပြောပလောက်စရာပင် မရှိတော့ပေ။ ဤသည်မှာ ကမ္ဘာမြေ၏ ပုံမှန်မဟုတ်သော ဖွံ့ဖြိုးတိုးတက်မှုအမြန်နှုန်း၏ နောက်ထပ် မျက်နှာစာတစ်ခုပင် ဖြစ်သည်။
"ဆဋ္ဌမအဆင့် အလုပ်အကိုင်ရှင်တစ်ယောက် ပေါ်ထွက်လာနိုင်လောက်တဲ့ အခြေအနေကို စဉ်းစားကြည့်ရင် ဒါက သိပ်တော့ အံ့သြစရာ မဟုတ်ပါဘူး"
"ရှင် ခြေထောက်တွေ တုန်နေတာကို ငါ မြင်နေရတယ်နော်"
လီအယ်ရာသည် ကောင်းကင်တမန်တစ်ပါး ဖြစ်ခဲ့စဉ်ကပင် ဤမျှများပြားသော မှော်ကျောက်တုံးများကို တစ်နေရာတည်းတွင် မမြင်ဖူးခဲ့ပေ။ တကယ်လို့ ယူးအီဟန်ကသာ အဆင့်မြင့်မြတ်သူတွေနဲ့ စစ်ခင်းလိုက်ရင် ဘယ်လိုလုပ်မလဲ။ တွေးကြည့်ရုံနှင့်ပင် သူမ ကျောချမ်းလာရသည်။ သေချာသည်ကတော့ သူမ နောက်ဆုတ်သွားမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။
"ဝါး... ရဲတိုက်ကြီး တုန်ခါနေပြီဟေ့"
"ဟိုမှာကြည့်စမ်း... အပြင်ဘက်မှာ မြူတွေ ဆိုင်းလာပြီ"
ထိုအချိန်တွင် အာကာသကူးပြောင်းခြင်း စွမ်းရည် အပြည့်အဝ သက်ဝင်သွားလေပြီ။ ပျံသန်းနိုင်သော ရဲတိုက်ပေါ်ရှိ လူအားလုံး ကူးပြောင်းရန် အဆင်သင့်ဖြစ်နေကြောင်း ယူးအီဟန် စစ်ဆေးလိုက်ပြီးနောက် တိုတောင်းသော အော်ဟစ်သံနှင့်အတူ ခုန်ပျံလိုက်သည်။
"ငါတို့ သွားကြမယ်"
"အား..."
"အော့... တကယ်ကို အဓိပ္ပာယ်မရှိလောက်အောင် ကြီးမားတဲ့ စွမ်းအားကြီးပါလား"
ထိုခဏတွင်ပင် ပျံသန်းနိုင်သော ရဲတိုက်၊ လီအယ်ရာ၊ ယူးမီးရ်၊ တပ်ဖွဲ့ဝင် ငါးထောင်နှင့်အတူ မှော်ကျောက်တုံးများကို အသုံးပြုကာ အာကာသကူးပြောင်းခြင်းတွင် ပါဝင်လာကြသော ကျန်ရှိသည့် လေးထောင်သုံးရာတို့သည်လည်း သူ့နောက်သို့ လိုက်ပါကာ အတိုင်းအတာများကို ဖြတ်သန်းသွားလာကြလေတော့သည်။
နာယူနာတစ်ယောက် သူမ ထောင့်ပိတ်မိနေပြီဆိုသည်ကို လက်ခံလိုက်ရတော့သည်။
"ဘုန်းတော်ကြီးတွေက ငါ့ကို ရာဂမျက်လုံးတွေနဲ့ စကြည့်လာကတည်းက ငါ ရိပ်မိသင့်တာ"
သူမ ထင်ထားသည့်အတိုင်းပင် လီ ကတ်ထရီယာနာ ဧကရာဇ်သည် သူမက လက်ထပ်ခွင့်ကို ငြင်းပယ်လိုက်သည်နှင့် တစ်ပြိုင်နက် အယ်လ်ဖော့စ်ကို ကျူးကျော်ရန် ချက်ချင်း တပ်ချီလာခဲ့သည်။ နာယူနာ၊ သာသနာပိုင်နှင့် ကန်ဟာဂျင်တို့က သူတို့၏ ကိုယ်ပိုင်တပ်များဖြင့် ပြန်လည်ခုခံခဲ့ကြပြီး ဘရီယာသည် လိုင်တနာ ဘာသာရေးဂိုဏ်း၏ အာဏာအရှိဆုံး ကမ္ဘာဖြစ်သောကြောင့် တစ်နည်းနည်းဖြင့်တော့ တားဆီးနိုင်ခဲ့သည်။
သို့ရာတွင် အချိန်အတိုင်းအတာ တစ်ခုအရောက်တွင် ဘုရားကျောင်း၏ အင်အားမှာ ယိမ်းယိုင်လာခဲ့သည်။ သန့်စင်သော သူတော်စင်မလေး နာယူနာနှင့် ပတ်သက်သည့် ကောလာဟလများ ပျံ့နှံ့လာပြီး လိုင်တနာအပေါ် သူတို့၏ ယုံကြည်မှုများ တုန်လှုပ်လာခဲ့သည်။ စစ်ပွဲကြီး ကြာရှည်လာသည်နှင့်အမျှ ယုံကြည်မှုကျဆင်းလာမည်ကို သူတို့ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း ယခုကျဆင်းမှုနှုန်းမှာ မြန်ဆန်လွန်းနေသည်။
ယုံကြည်မှုများ ယိမ်းယိုင်လာသည်နှင့်အမျှ တပ်မတော်၏ စွမ်းအားလည်း အားနည်းလာကာ မကြာမီမှာပင် အင်ပါယာစစ်တပ်၏ ဖိအားပေး တိုက်ခိုက်မှုများကို ခံလာရသည်။ နယ်မြေများစွာ သိမ်းပိုက်ခံရပြီး အချိန်မီ မထွက်ပြေးနိုင်ခဲ့သော ပြည်သူများမှာလည်း ဆင်းရဲဒုက္ခများစွာကို ခံစားနေရသည်။ နာယူနာက သွားကိုတင်းတင်းကြိတ်ကာ တပ်မတော်ကို အမိန့်ပေး ကွပ်ကဲနေသော်လည်း အောင်နိုင်ခြင်း အလံကတော့ လီ ကတ်ထရီယာနာ၏ ဘက်သို့ ရောက်ရှိသွားခဲ့လေပြီ။
သစ္စာဖောက်များ လျင်မြန်စွာ ထွက်ပေါ်လာပြီး အချို့က နာယူနာကိုပင် ချောင်းမြောင်းလုပ်ကြံရန် ကြိုးစားလာကြသည်။ သူမက မည်သူ့ကိုမျှ လွယ်လွယ်နှင့် မယုံကြည်တတ်သဖြင့် တန်ပြန်ကာကွယ်မှုများ ကြိုတင်ပြင်ဆင်ထားနိုင်ခဲ့သော်လည်း ထိုသို့သာ မဟုတ်ခဲ့လျှင် ဤစစ်ပွဲသည် အဆိုးရွားဆုံး အခြေအနေနှင့် အဆုံးသတ်သွားမည်မှာ သေချာသည်။
နောက်ဆုံး အချီကတော့ စတုတ္ထအကြိမ်မြောက် ကပ်ဘေးကြီးပင် ဖြစ်သည်။ တိုက်ကြီး၏ မြေမျက်နှာသွင်ပြင် ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော နတ်ဆိုးအသစ်များ ပေါ်ထွက်လာခဲ့သည်။ လီ ကတ်ထရီယာနာက ထိုနတ်ဆိုးများကို အတိအကျ ထိန်းချုပ်ကာ နယ်မြေများကို ရှင်းလင်းဖျက်ဆီးပစ်ခဲ့သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ဖျက်ဆီးခြင်းနတ်ဆိုးတပ်မတော်က သူတို့နောက်ကွယ်တွင် ရှိနေကြောင်း သူမ သဘောပေါက်သွားတော့သည်။
ထိုအချက်နှင့်ပင် အရာအားလုံးက ရှင်းလင်းသွားသည်။ နာယူနာကို ရယူရန် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ဖျက်ဆီးခြင်းနတ်ဆိုးတပ်မတော်သည် တောက်ပသောအလင်းရောင်တပ်မတော်နှင့် ပူးပေါင်းခဲ့သည့် သမိုင်းကြောင်း ရှိခဲ့ဖူးသည် မဟုတ်ပါလား။ ဤသည်မှာလည်း ထိုလုပ်ရပ်၏ အဆက်တစ်ခုသာ ဖြစ်ပေမည်။
နာယူနာသည် ကမ္ဘာမြေသို့ ပြန်ခွင့်မရဘဲ ဘရီယာတွင် အထီးကျန်စွာ ပိတ်မိနေခဲ့သည်။ ကောင်းကင်ဘုံတပ်မတော်နှင့် ကမ္ဘာတစ်ခုချင်းစီကြား ချုပ်ဆိုထားသော စာချုပ်မှာလည်း အကျိုးသက်ရောက်မှု ပျက်ပြယ်သွားခဲ့ပြီဖြစ်ရာ ယခုအခါ ကမ္ဘာမြေသားများကို ဒေသခံများက အလွယ်တကူ အန္တရာယ်ပြုနိုင်နေပြီ ဖြစ်သဖြင့် ဖျက်ဆီးခြင်းနတ်ဆိုးတပ်မတော်က အင်ပါယာ၏ အုပ်စိုးရှင်နှင့် ပူးပေါင်းသွားခဲ့ခြင်း ဖြစ်သည်။
သူတို့က လီ ကတ်ထရီယာနာ ဧကရာဇ်၏ ဆန္ဒမှန်သမျှကို လိုက်လျောမည့်ပုံ ဖမ်းနေသော်လည်း... နာယူနာကို လက်ဝယ်ရရှိသည်နှင့် တစ်ပြိုင်နက် သူ့ကို ဖယ်ရှားပစ်မည်မှာ သေချာသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် အင်ပါယာ၊ အယ်လ်ဖော့စ်နှင့် နာယူနာတို့အားလုံးသည် ဖျက်ဆီးခြင်းနတ်ဆိုးတပ်မတော်၏ လက်ခုပ်ထဲတွင် ကစားခံနေရခြင်း ဖြစ်သည်။ တကယ်ကို သက်ပြင်းချချင်စရာကောင်းလှသော ကိစ္စပင်။
"ဟွန့်... ယောက်ျားတွေက အကုန်လုံး နှာဘူးတွေချည်းပဲ။ ငါ့ကိစ္စတစ်ခုတည်းနဲ့ ကမ္ဘာဘယ်နှစ်ခုတောင် ပါဝင်ပတ်သက်နေရပြီလဲ။ ဘုရားသခင်က ဘာလို့များ ငါ့ကို ဒီလောက်လှအောင် ဖန်ဆင်းထားရတာလဲ မသိဘူး... ဟွန့်"
"ယူနာရေ... သမီးကတော့ အရင်ကအတိုင်း မာနလေးခဲပါလား"
အလှအပ နတ်ဘုရားမ လိုင်တနာကို ယုံကြည်ကိုးကွယ်သော တပ်မတော်သည် ယူးအီဟန် ယခင်က ပြန်လည်တည်ဆောက်ပေးခဲ့သော သန့်စင်သည့်နယ်မြေသို့ လတ်တလော ဆုတ်ခွာထားရသည်။ တပ်မတော်က အချိန်ဘယ်လောက်အထိ တောင့်ခံထားနိုင်မည်ဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။
တပ်မတော်ရှိ အင်အားမှာလည်း အတော်လေး လျော့နည်းသွားခဲ့လေပြီ။ သူတို့အားလုံးက သူမကို သစ္စာဖောက်သွားကြသည်။ ဖျက်ဆီးခြင်းနတ်ဆိုးတပ်မတော်က လူသားများ၏ နက်ရှိုင်းသော တပ်မက်မှုများကို ဆွဲထုတ်ကာ သူတို့၏ ယုံကြည်မှုများကို ယိမ်းယိုင်ပျက်စီးစေခဲ့သည်။ အယ်လ်ဖော့စ်သာ ဤပုံစံအတိုင်း ပျက်စီးသွားမည်ဆိုလျှင် ဤတိုက်ကြီးသည် ကသောင်းကနင်းနှင့် ပျက်စီးခြင်းခေတ်ဆီသို့ အမှန်တကယ် ရောက်ရှိသွားမည်ဖြစ်သည်။
"ပြီးတော့ သူတို့က ငါ့ကို ညစ်ညမ်းတဲ့ အလုပ်တွေ အမျိုးစုံလုပ်ကြမှာ။ ဟိုကာတွန်းစာအုပ်တွေထဲကလိုမျိုး... နောက်ပြီး ဟိုညစ်ညမ်းစာအုပ်တွေထဲကလိုမျိုး ရာဂစိတ်တွေနဲ့ နှိပ်စက်ကြတော့မှာ"
"မိန်းကလေးတန်မဲ့ ဒီလိုစကားတွေ မပြောသင့်ဘူးလေ"
ထိုသို့ပြောရင်း သူမ၏ နဖူးကို ခပ်ဖွဖွ လှမ်းခေါက်လိုက်သူမှာ ကန်ဟာဂျင်မဟုတ်ဘဲ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော အဘွားအိုတစ်ဦးဖြစ်သည်။
"ဟင့်... သာသနာပိုင်ရှင်မ... ဒါပေမဲ့လည်း"
သူမသည် သာမန်အဘွားအိုတစ်ဦးတော့ မဟုတ်ပေ။ ဆံပင်အဖြူရောင်များအထက်တွင် အနီရောင်အလင်းတန်းများ ဖြာထွက်နေသော သန့်စင်သည့်ကျောက်မျက်များဖြင့် ပြုလုပ်ထားသော သရဖူတစ်ခုကို ဆောင်းထားသည်။ ထိုအရာသည် လိုင်တနာ ဘာသာရေးဂိုဏ်း၏ အမြင့်ဆုံးအာဏာပိုင် သာသနာပိုင်၏ သင်္ကေတပင် ဖြစ်သည်။ သူမသည် တစ်ချိန်က ဤတိုက်ကြီး၏ ဒဏ္ဍာရီလာ အလှပိုင်ရှင်တစ်ဦးဖြစ်ခဲ့ပြီး နာယူနာ၏ အလားအလာကို မြင်တွေ့ကာ သူမအား နောက်ထပ် သန့်စင်သော သူတော်စင်မလေးအဖြစ် တင်မြှောက်ပေးခဲ့သူလည်း ဖြစ်သည်။
ဤသို့သောအခြေအနေတွင်ပင် တည်တည်ငြိမ်ငြိမ် ရှိနေသေးသော သာသနာပိုင်ကို ကြည့်ရင်း နာယူနာက နှုတ်ခမ်းလေးစူကာ မေးလိုက်သည်။
"သာသနာပိုင်ရှင်မ... အဆင်ပြေရဲ့လားဟင်"
"ငါကတော့ နေရမယ့် သက်တမ်းလောက် နေခဲ့ပြီးပါပြီ။ သမီးလေးအတွက်ပဲ စိတ်ပူနေတာပါ"
သာသနာပိုင်၏ မျက်နှာသွင်ပြင်က ညှိုးနွမ်းသွားသည်။ သူမ၏ အရေပြားတွန့်လိပ်နေသော လက်များဖြင့် နာယူနာ၏ ပါးပြင်လေးကို အသာအယာ ပွတ်သပ်ရင်း တိုးတိတ်သော အသံလေးဖြင့် မေးလိုက်သည်။
"ယူနာ... သမီးက သေဖို့ စဉ်းစားနေတာလား"
သူမ၏ ရင်တွင်းအကြံကို သိသွားလေပြီ။ နာယူနာက ရယ်မောပြီး ဖုံးကွယ်ရန် ကြိုးစားသော်လည်း သာသနာပိုင်၏ရှေ့တွင်တော့ အလုပ်မဖြစ်ခဲ့ပေ။ သာသနာပိုင်က သူမကို နှစ်သိမ့်ပေးသလိုမျိုး စိုးရိမ်တကြီးဖြင့် စကားဆက်သည်။
"အနာဂတ်မှာ သမီးကြုံတွေ့ရမယ့် အရာတွေက အရမ်းကို ကြမ်းတမ်းပြီး ခက်ခဲလိမ့်မယ်ဆိုပေမဲ့... တစ်ခုခုလုပ်ဖို့အတွက် သမီး အသက်ရှင်နေမှ ဖြစ်မယ်။ အသက်ရှင်အောင် နေပါ။ ဘယ်လောက်ပဲ ခက်ခဲပါစေ ကြံ့ကြံ့ခံပြီး အသက်ရှင်နေမယ်ဆိုရင် တစ်နေ့ကျရင် သမီးချစ်ရတဲ့သူနဲ့ ပြန်ဆုံတွေ့နိုင်မှာပါ"
"... သာသနာပိုင်ရှင်မ။ သမီးက ကိုယ်ပိုင်ဘဝလေးနဲ့ပဲ နေချင်တာပါ"
ပတ်ဝန်းကျင်တွင် မည်သူမျှမရှိကြောင်း သေချာစစ်ဆေးပြီးမှသာ နာယူနာက ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ ရွက်ဖျင်တဲအပြင်ဘက်တွင် ကန်ဟာဂျင်နှင့် ကိုယ်ရံတော်များ လုံခြုံရေးယူနေကြသော်လည်း သူတို့၏ စကားသံများကို ကြားနိုင်မည် မဟုတ်ပေ။
"သမီးကိုယ်သမီး သူတို့လက်ထဲကို အရောက်မခံနိုင်ဘူး။ အဲ့ဒီလိုသာ ဖြစ်သွားခဲ့ရင် သမီးဘဝက ပြီးဆုံးသွားပြီပဲ။ အချိန်အကြာကြီးနေလို့ လွတ်မြောက်ခွင့် ပြန်ရခဲ့ရင်တောင် အဲ့ဒီအချိန်ကျရင် သမီးက အရင်က သမီးမျိုး ဖြစ်နေတော့မှာ မဟုတ်ဘူး။ အဲ့ဒါကို... သမီး အရမ်းမုန်းတယ်။ အဲ့ဒီလို အခြေအနေမျိုးနဲ့ ကိုအီဟန်နဲ့ ဘယ်လိုမျက်နှာပြရမလဲဆိုတာ တွေးကြည့်လိုက်တာနဲ့တင်... သမီး အခုဒီနေရာမှာပဲ သေလိုက်ချင်တော့တယ်"
"ယူနာရယ်..."
သိပ်ကို ငယ်ရွယ်လွန်းလှသည်။ သူမက ထိုမျှလောက် ဖြူစင်သလို တစ်ချိန်တည်းမှာပင် အားနည်းလွန်းနေသည်။ သို့သော်လည်း သူမ၏ မျက်ဝန်းများထဲရှိ ဆုံးဖြတ်ချက်ကတော့ တုန်လှုပ်စရာမရှိအောင် ခိုင်မာနေပြီး အဆိုးရွားဆုံး အခြေအနေဆီသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သာသနာပိုင် သဘောပေါက်သွားသည်။
"သမီးက သေဖို့ကိစ္စကို သိပ်လွယ်လွယ်လေး တွေးနေတာများလား"
"မဟုတ်ပါဘူး။ သမီး ဒီကိစ္စကို သေချာစဉ်းစားပြီးပါပြီ။ နတ်ဘုရားတွေရဲ့ စွမ်းအားကို ခံစားသိရှိနေရတဲ့ အခုအချိန်မှာ သေခြင်းတရားဆိုတာ အဆုံးသတ်မဟုတ်ဘူးဆိုတာ သမီး သိပါတယ်။ တကယ်လို့ သမီးသေသွားရင်တောင်မှ အချိန်အတိုင်းအတာ တစ်ခုအထိတော့ ကိုအီဟန်နဲ့ တွေ့ခွင့်ရမှာ မဟုတ်ဘူးဆိုပေမဲ့..."
အချိန်အတိုင်းအတာ တစ်ခုကစပြီး သူမနှုတ်ခမ်းဖျားမှ အမြဲတမ်း ထွက်ကျလာတတ်သော နာမည်တစ်ခု။ ထိုနာမည်ကို ရေရွတ်လိုက်တိုင်း အနည်းငယ် စိတ်လှုပ်ရှားသွားတတ်သော သူမ၏ အသံလေးကို ကြားလိုက်ရုံနှင့်ပင် ထိုလူအပေါ်ထားရှိသော သူမ၏ ခံစားချက်ကို အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။
"အဲ့ဒါကို သိနေရက်နဲ့တောင် သမီးက..."
"ဒါပေမဲ့လေ... သေရမယ်ဆိုရင်တောင် ဟိုဝက်ပုလွေကောင်တွေကို တစ်ကောင်လောက်ဖြစ်ဖြစ် ထပ်သတ်သွားဦးမှာပဲ"
ထိုအချိန်တွင် နာယူနာက အသံကိုမြှင့်ကာ အော်ဟစ်လိုက်သည်။ ရန်သူတွေ ရောက်လာပြီဆိုသည်ကို သူမ သိလိုက်သည်။ ပန်းရောင်စွမ်းအင်တစ်ခုက သူမ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ အလှအပ နတ်ဘုရားမ လိုင်တနာ ကိုယ်တိုင် ဆင်းသက်လာသည့်အလား သန့်စင်သော စွမ်းအားများက အရှိန်အဟုန်ပြင်းစွာ ဖြာထွက်လာသည်။
ရွက်ဖျင်တဲ ပွင့်သွားပြီး သန့်စင်သည့်နယ်မြေကို ဗဟိုပြုကာ နေရာယူထားသော တပ်မတော်ကို မြင်တွေ့လိုက်ရသည်။ လက်ရှိအချိန်တွင် အယ်လ်ဖော့စ်၏ တပ်မတော်မှာ အင်အားတစ်သောင်းပင် မပြည့်တော့သော်လည်း သူတို့အားလုံးက အနည်းဆုံး တတိယအဆင့်ရှိသော လက်ရွေးစင် သူရဲကောင်းများချည်း ဖြစ်သည်။
"ကိုဟာဂျင်... တိုက်ပွဲဝင်ဖို့ ပြင်ထားတော့။ သူတို့အားလုံးကို သွားသတ်ကြမယ်"
"အေး... ကိုယ် ပြင်ဆင်နေပြီ ညီမလေး"
တစ်နယ်မြေလုံးကို လွှမ်းခြုံသွားသော နာယူနာ၏ စွမ်းအားများက အခြားသော သာသနာစောင့် သူရဲကောင်းများအားလုံး၏ တိုက်ခိုက်လိုစိတ်များကိုပါ မြင့်တက်လာစေသည်။ လက်ရှိတွင် အလွန်တရာ ဆိုးရွားသော အခြေအနေသို့ ရောက်နေသော်ငြား အယ်လ်ဖော့စ်၏ တပ်မတော်က ယခုအချိန်အထိ တောင့်ခံနိုင်နေခြင်းမှာ ဤအချက်ကြောင့်ပင် ဖြစ်သည်။
"သူတော်စင်မလေး ရှိနေပြီဟေ့။ ငါတို့တွေ ဟိုလူပြိန်းကောင်တွေကို အရှုံးမပေးနိုင်ဘူး"
"ဝုန်း... ဟေး"
နာယူနာက သူမ၏ သန့်စင်သော စွမ်းအားများကို ရပ်တန့်မပစ်သရွေ့ သာသနာစောင့် သူရဲကောင်းများသည် နောက်ဆုတ်မည်မဟုတ်ပေ။ သူတို့အားလုံးက ဒိုင်းလွှားများနှင့် လှံများကို ကိုင်ဆောင်ကာ နယ်မြေအတွင်းသို့ ချီတက်လာသော အင်ပါယာစစ်တပ်ကို ရင်ဆိုင်ရန် ရဲရင့်စွာ အော်ဟစ်လိုက်ကြသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း သာသနာပိုင်က အံ့သြတကြီး ရေရွတ်လိုက်မိသည်။ စတုတ္ထအဆင့်သို့ ရောက်ရှိပြီးနောက်ပိုင်း သူမသည် အလွယ်တကူပင် အနှစ်နှစ်ရာကျော် အသက်ရှင်နေထိုင်ခဲ့သော်လည်း တတိယအဆင့်သာ ရှိသေးသော နာယူနာ၏ သန့်စင်သည့် စွမ်းအားက သူမကိုပင် ကျော်လွန်လွှမ်းမိုးနေသည်။
တကယ်လို့များ နာယူနာသာ စတုတ္ထအဆင့် ဒါမှမဟုတ် အဆင့်မြင့်မြတ်သူတစ်ဦး ဖြစ်လာခဲ့မယ်ဆိုရင်။ ဟုတ်သည်။ ဤကဲ့သို့သော နေရာမျိုးတွင် သူမကို အဆုံးရှုံးခံ၍ မဖြစ်ပေ။ သာသနာပိုင်က ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချမှတ်လိုက်သည်။
"ယူနာ... ထွက်ပြေးတော့"
သာသနာပိုင်က ရှေ့သို့ လှမ်းထွက်လိုက်သည်။ သူမထံမှလည်း လိုင်တနာ၏ သန့်စင်သော စွမ်းအားများ ဖြာထွက်လာပြီး အံ့သြစရာကောင်းလောက်အောင်ပင် သူမ၏ စွမ်းအားများကို အသုံးပြုလိုက်သည်နှင့် အချိန်ကို နောက်ပြန်လှည့်လိုက်သည့်အလား သူမ၏ ရုပ်သွင်မှာ တဖြည်းဖြည်း နုပျိုလာသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက အထူးနည်းလမ်းတစ်ခုဖြင့် သူမ စုဆောင်းသိမ်းဆည်းထားခဲ့သော မာနာစွမ်းအင်များအားလုံးကို ထုတ်လွှတ်လိုက်ခြင်းပင်။
"ငါ သူတို့အားလုံးကို တားထားပေးမယ်။ ဒါကြောင့် သူတို့ သြဇာမလွှမ်းမိုးနိုင်တဲ့ နေရာတစ်ခုခုကို သမီး ထွက်ပြေးတော့"
"သာသနာပိုင်ရှင်မ..."
ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့သော ပုံစံမျိုးကို မြင်တွေ့လိုက်ရသဖြင့် နာယူနာတစ်ယောက် အသိလွတ်သွားသလို ငေးမောသွားသည်။ အသက် နှစ်ဆယ်ကျော်အရွယ် အသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားသော သူမ၏ အသံမှာလည်း ငယ်ရွယ်နုပျိုနေလေပြီ။
"ငါ့ရဲ့ အလှတရားက မသေဆုံးသေးဘူးဆိုတာကို သူတို့ကို ပြသပေးရမယ်။ သူတို့လည်း အလိမ်ခံရလောက်မှာပါလေ"
သာသနာပိုင်က သူမ၏ ခေါင်းပေါ်ရှိ သရဖူကို နာယူနာ၏ ခေါင်းပေါ်သို့ တင်ပေးလိုက်သည်။ ထိုသရဖူသည် ဘုရားကျောင်း၏ အထိမ်းအမှတ် သင်္ကေတဖြစ်သလို တစ်ချိန်တည်းမှာပင် ဘုရားကျောင်း၏ အကောင်းဆုံးသော မှော်ပစ္စည်းလည်း ဖြစ်သည်။ ပိုင်ဆိုင်မှု လွှဲပြောင်းခြင်းက သူမ၏ ဆန္ဒအတိုင်း သဘာဝကျကျပင် ပြီးမြောက်သွားသည်။ နာယူနာ၏ မျက်ဝန်းများ တုန်လှုပ်နေသည်ကို ခံစားသိရှိနေသော သာသနာပိုင်က အပြုံးလေးတစ်ခုဖြင့် ရှေ့သို့ လှမ်းထွက်သွားလေသည်။
"ကဲ... သွားတော့ ယူနာ"
သာသနာပိုင်၏ စကားသံအဆုံးတွင်တော့။
သန့်စင်သော သူတော်စင်မလေးအတွက် နောက်ဆုံးစစ်ပွဲကြီး စတင်ပါတော့သည်။
အပိုင်း ( ၂၂၁ ) ပြီးဆုံး။
***