"သူတော်စင်မလေးဟေ့ သူတော်စင်မလေး ရောက်လာပြီ"
"တက်ကြဟေ့ ရှေ့မှာပိတ်နေတဲ့ အရာမှန်သမျှကို ချေမှုန်းပစ်ကြ"
တိတ်ဆိတ်ငြိမ်သက်နေသော သန့်စင်သည့်နယ်မြေတွင် ဟစ်ကြွေးသံများ ချက်ချင်း ဖုံးလွှမ်းသွားသည်။ သာသနာစောင့် သူရဲကောင်းများက သူတို့၏ ဒိုင်းများနှင့် လှံများကို အသုံးပြုကာ ခုခံကြသော်လည်း သူတို့၏ သန့်စင်သော စွမ်းအားများ အားဖြည့်ခံထားရသည့် ဤနေရာတွင်ပင် ကာကွယ်ရန် အတော်လေး ရုန်းကန်နေရသည်။
နာယူနာက ကျူးကျော်သူများကိုရော သန့်စင်သည့်နယ်မြေ၊ သူမနှင့် သာသနာပိုင်တို့ကို ကာကွယ်ရန် အစွမ်းကုန် ကြိုးစားနေကြသော သာသနာစောင့် သူရဲကောင်းများကိုပါ ငေးကြည့်နေမိသည်။ ခြေလှမ်းများက ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေသည်။
"သမီး ထွက်မသွားနိုင်ဘူး"
"ဒီနေရာမှာ သမီးရဲ့ အကန့်အသတ်မရှိတဲ့ အလားအလာတွေကို အဆုံးရှုံးခံလို့ မဖြစ်ဘူး ဟာဂျင်နဲ့အတူ ထွက်ပြေးတော့ သူက သမီးကို သေချာကာကွယ်ပေးလိမ့်မယ်"
"သမီး အဲ့ဒီလို မလုပ်နိုင်ဘူး သမီးက သူတော်စင်မလေးလေ လူတွေက သမီးကို ကာကွယ်ဖို့ ကြိုးစားနေသရွေ့ သူတို့ကို ပထမဆုံး စွန့်ခွာသွားတဲ့သူ သမီး လုံးဝမဖြစ်စေရဘူး"
"မရဘူးလေ"
သာသနာပိုင်က အချက်ပြလိုက်၍များလား ကန်ဟာဂျင်က သာသနာစောင့် သူရဲကောင်းများကြားမှ ထွက်လာကာ သူမအနီးသို့ ချဉ်းကပ်လာသည်။
"ညီမလေး အသက်ရှင်နေမှ ဘုရားကျောင်းက ဆက်ပြီးရပ်တည်နိုင်မှာ သာသနာပိုင်ရှင်မက အဲ့ဒီလို ပြောနေတာလေ ကိုယ်တို့အားလုံးကလည်း အဲ့ဒီလိုပဲ ဖြစ်စေချင်တယ်"
"ကိုဟာဂျင်"
နာယူနာ၏ အသံလေး တုန်ရီနေသည်။ သို့သော် သူမ၏ စကားများ ဆက်ထွက်မလာတော့ပေ။ အဝေးမှ ပျံသန်းလာသော ဧရာမ နတ်ဆိုးကြီးတစ်ကောင်က သာသနာစောင့် သူရဲကောင်းများ၏ အတန်းကို ဝင်တိုက်လိုက်သောကြောင့်ပင်။
"ဂရား"
"သွေးတွေဟီးဟီး အင်အားကြီးတဲ့သူတွေရဲ့ သွေးတွေဟေ့"
"အကုန်လုံးကို သတ်ပြီး နင်းခြေပစ်ကြ နတ်ဘုရားမရဲ့ ရွံစရာကောင်းတဲ့ သင်္ကေတကို ချိုးဖျက်ပစ်ကြ"
"လှပတဲ့ သူတော်စင်မလေးက ငါတို့ရှေ့မှာ ရောက်နေပြီ သတ္တိကို သက်သေပြနိုင်တဲ့သူကို သူတော်စင်မလေးနဲ့ တစ်ညတာ အတူနေခွင့်ပြုမယ်ဟေ့"
"ဝုန်း ဟေး"
အရင်တိုက်ခိုက်ခဲ့စဉ်ကထက် ပိုမို အားကောင်းလာသော တပ်မတော်က သန့်စင်သည့် နယ်မြေအတွင်းသို့ အတင်း ထိုးဖောက်ဝင်ရောက်လာကြသည်။ ထိုအထဲတွင် အဆင့် နှစ်ရာ့ငါးဆယ် အထက်ရှိသူ သုံးဦးပင် ပါဝင်နေသည်။
သာသနာစောင့် သူရဲကောင်းများက အစွမ်းကုန် ပြန်လည်ခုခံကြသော်လည်း မဖြစ်နိုင်ပေ။ နာယူနာ၏ ကောင်းချီးစွမ်းအင်များ ပံ့ပိုးပေးထားသည့်တိုင်အောင် သာသနာစောင့် သူရဲကောင်းများနှင့် သူတို့ကြားတွင် ကြီးမားလှသော ကွာဟချက်ကြီး ရှိနေသည်။
"ယူနာ အချိန်မနှောင်းခင် သွားတော့"
သာသနာပိုင်က သူမ၏ သန့်စင်သော စွမ်းအားများကို အကြမ်းပတမ်း အသုံးပြုနေရင်း အော်ဟစ်လိုက်သည်။ ၎င်းအပြင် ကန်ဟာဂျင်ကပါ လိုအပ်လျှင် အင်အားသုံးတော့မည့်အလား သူမဆီသို့ ပြေးလာသည်။ သို့သော် သူမသာ ဤနေရာမှ ထွက်သွားလျှင် သာသနာစောင့် သူရဲကောင်းများ၏ ခံစစ်တန်း ချက်ချင်း ပြိုကျသွားမည်မှာ သေချာသည်။ ထိုအချက်ကို သိနေလျက်နှင့် သူမ နောက်မဆုတ်နိုင်ပါ။
"ဟင့်အင်း သမီး မသွားချင်ဘူး သမီးဘာသာသမီး ရပ်တည်မယ်"
"ညီမလေးက ကိုယူးအီဟန်ကို မတွေ့ချင်တော့ဘူးလား သူနဲ့တွေ့ဖို့ပဲဖြစ်ဖြစ် ဘာပဲလုပ်လုပ် ညီမလေး အသက်ရှင်နေဖို့ လိုတယ်လေ"
ကန်ဟာဂျင်၏ စကားသံအဆုံးတွင်တော့ နာယူနာ၏ မျက်ရည်များ ပေါက်ကွဲထွက်ကျလာတော့သည်။ သူမ ငိုချင်နေချိန်တွင် ပါးရိုက်ခံလိုက်ရသလိုပင်။
"တွေ့ချင်တာပေါ့ သမီး သူ့ကို အရမ်းတွေ့ချင်တယ် အဲ့ဒါက ရှင်းနေတာပဲ မဟုတ်လား"
သူမက စကားပြောနေရင်း ဆက်သွယ်ရေးကိရိယာလေးကို ဆုပ်ကိုင်ထားသည်။ ဘာမှ ပြေလည်သွားမည်မဟုတ်မှန်း သိနေသည့်တိုင် သူမက ခလုတ်ကို နှိပ်လိုက်ဆဲပင်။
"ဝုန်း ဂရား"
"အကုန်လုံးကို ဖျက်ဆီးပစ်ကြ မင်းတို့ကို အုပ်စိုးနေတဲ့ ဘာသာရေးရဲ့ အဖြစ်မှန်က ဒါပဲဟေ့ တကယ်တမ်းတော့ သိပ်ကို အားနည်းပြီး သတ္တိကြောင်တာပဲ မင်းတို့ကို ဦးဆောင်နေတဲ့သူက ခြောက်လှန့်ဖို့လုပ်ထားတဲ့ စာခြောက်ရုပ်သက်သက်ပဲ"
"သန့်စင်တဲ့နယ်မြေကို ကာကွယ်ကြ ဟိုရာဇဝတ်ကောင်ကို သုတ်သင်ပစ်ကြ"
"ယူနာ"
"အဲ့ဒါဆိုလည်း မြန်မြန်လုပ် ကိုယ်တို့မှာ အချိန်ဖြုန်းနေဖို့ မရှိတော့ဘူး"
"ဒါပေမဲ့"
လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း သူမ သူ့ကို အလွန်အမင်း တွေ့ချင်ခဲ့သည်။ သို့သော် သူပေးထားခဲ့သော ဆက်သွယ်ရေးကိရိယာဖြင့် သူ့မျက်နှာကိုလည်း မမြင်ရ သံကိုလည်း မကြားရပေ။
သူ့အခြေအနေကရော သူမထက် ပိုကောင်းနေမှာမို့လို့လား။ ယူးအီဟန်ကို ယခုလို အစွမ်းထက်လာစေခဲ့သည့် ကမ္ဘာတစ်ခုပင် ဖြစ်သည်။ သူ့အနေဖြင့် သူမထက်ပင် ပိုမိုခက်ခဲသော အခြေအနေများနှင့် ရင်ဆိုင်နေရမည်မှာ သေချာသည်။ နာယူနာက သူ့ကို စိတ်မပူစေချင်သောကြောင့် ယခုအချိန်အထိ ဆက်သွယ်ရေးကိရိယာကို ဖွင့်ပင်မကြည့်ခဲ့ခြင်း ဖြစ်သည်။
"သူ့ကို သိပ်တွေ့ချင်ပေမဲ့လည်း"
နောက်ဆုံးအကြိမ်အနေနဲ့ သူ့ကို တစ်ခေါက်လောက် ခေါ်လိုက်ရင် အဆင်ပြေလောက်မှာပါနော်။
နာယူနာဆိုတဲ့ မိန်းကလေးက သေတဲ့အထိ သူ့ကို မှတ်မိနေပြီး တမ်းတနေခဲ့တယ်ဆိုတဲ့ အဖြစ်မှန်ကို ပြောပြလိုက်ရင် အဆင်ပြေလောက်မှာပါနော်။ ဒီလောက် တစ်ကိုယ်ကောင်းဆန်တာလေးကို ယူးအီဟန်က ချစ်စရာလေးလို့များ ထင်မလား။
"ဒါပေမဲ့လည်း သမီး"
"နာယူနာ"
ယူးအီဟန်ကတော့ သေချာပေါက် အဲ့ဒီလို လုပ်မှာပဲ။ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်လို့ ဟန်ဆောင်နေရင်တောင် သူမရဲ့ အမှတ်တရတွေကို သူ့နှလုံးသားရဲ့ တစ်ထောင့်တစ်နေရာမှာ တိတ်တဆိတ် သိမ်းဆည်းထားပေးမှာပါ။
နာယူနာက ထိုသို့ပင် ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့မဟုတ်လျှင် သူမ စိတ်ဖြောင့်ဖြောင့်နှင့် မျက်စိမှိတ်နိုင်မည် မဟုတ်ပေ။ ထိုသို့ယုံကြည်လိုက်ရင်း နာယူနာက ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ သူမ၏ တုံ့ဆိုင်းမှုများအားလုံးကို ခါချလိုက်သည့်အလား အော်ဟစ်လိုက်သည်။
"ငါက လိုင်တနာရဲ့ သူတော်စင်မလေးဟေ့"
သူမ၏ အသံက နယ်မြေတစ်ခုလုံး ပဲ့တင်ထပ်သွားသည်နှင့် တစ်ပြိုင်နက် သာသနာပိုင်၏ သရဖူသည် အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက် ၎င်း၏ ပိုင်ရှင်ကို ပြန်လည်ရှာတွေ့သွားသည့်အလား တောက်ပစွာ လင်းလက်လာသည်။ ဘုရားကျောင်းကို ဗဟိုပြုကာ သန့်စင်သည့် နယ်မြေတစ်ခုလုံးက သူမကို တုံ့ပြန်သည့်အလား တုန်ခါသွားသည်။
"ဂရု"
"ခုခံမှု အဆင်မပြေတဲ့ စွမ်းအားကြီးပါလား"
ထိုအရာက နာယူနာ၏ ကြီးမားလှသော သန့်စင်သည့် စွမ်းအားများနှင့် ပေါင်းစပ်သွားကာ တစ်ခုနှင့်တစ်ခု အင်အားများ ပွားများလာပြီး နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ နောက်ဆုံးတွင် သန့်စင်သည့် နယ်မြေတစ်ခုလုံး ပန်းရောင်စွမ်းအင်များဖြင့် ပြည့်နှက်သွားတော့သည်။
"ဘယ်လိုလုပ်ပြီး မင်းက တတိယအဆင့်ပဲ ရှိသေးတာလေ"
"လိုင်တနာ နတ်ဘုရားမ"
ထိုမြင်ကွင်းတွင် ကန်ဟာဂျင်နှင့် သာသနာပိုင်တို့မှာ အပြောရခက်အောင် ဆွံ့အသွားကြသည်။ သန့်စင်သည့် နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော တပ်မတော်သည်လည်း ချွင်းချက်မဟုတ်ပေ။
"လိုင်တနာ နတ်ဘုရားမက"
"ဟင်း ငါ အခုချိန်ထိ ဘာတွေများ လုပ်နေခဲ့တာပါလိမ့်"
လူတစ်ဦးတစ်ယောက်တည်းမှ ထုတ်လွှတ်ရန် မဖြစ်နိုင်လောက်အောင် ကြီးမားလှသော သန့်စင်သည့် စွမ်းအားများရှေ့တွင် လူတိုင်း တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးကုန်ကြသည်။ နတ်ဆိုးများပင် နောက်ဆုတ်သွားကြရာ အခြား ဘာပြောစရာလိုမည်နည်း။ လက်ရှိ နာယူနာသည် သန့်စင်သည့် နယ်မြေ၏ အလယ်ဗဟိုရှိ ဘုရားကျောင်းတစ်ခုလုံးနှင့် ပဲ့တင်ထပ်ကာ စွမ်းအင်များ ထုတ်လွှတ်နေပြီး နတ်ဘုရားတစ်ပါးနှင့် ဘာမှမခြားတော့ပေ။
သင့်အနေဖြင့် အဆင့်မြင့် သန့်စင်သော စွမ်းအား ထိန်းချုပ်ခြင်း စွမ်းရည်ကို အပြည့်အဝ ကျွမ်းကျင်သွားပါပြီ။ ဆင့်ကဲပြောင်းလဲခြင်း သတ်မှတ်ချက်များနှင့် ကိုက်ညီပါက စွမ်းရည် ဆင့်ကဲပြောင်းလဲနိုင်ပါသည်။
သင့်အနေဖြင့် အဆင့်မြင့် ကောင်းချီးပေးခြင်း စွမ်းရည်ကို အပြည့်အဝ ကျွမ်းကျင်သွားပါပြီ။ ဆင့်ကဲပြောင်းလဲခြင်း သတ်မှတ်ချက်များနှင့် ကိုက်ညီပါက စွမ်းရည် ဆင့်ကဲပြောင်းလဲနိုင်ပါသည်။
သင်သည် အံ့ဖွယ်များကို ဖန်တီးသူ ဂုဏ်ပုဒ်ကို ရရှိလိုက်ပါပြီ။ သန့်စင်သော စွမ်းအားအမျိုးအစား စွမ်းရည်အားလုံး၏ အကျိုးသက်ရောက်မှု ၃၀ ရာခိုင်နှုန်း တိုးလာပါမည်။
လုံလောက်သော အဆင့်များသာ ရှိနေပါက သူမသည် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယူးအီဟန်ကို ဖယ်ထားလျှင် ကမ္ဘာမြေ၏ မျှော်လင့်ချက်ဖြစ်လာမည့် ပါရမီရှင်တစ်ဦး။ သူမ၏ ပါရမီက အပြည့်အဝ ပွင့်လန်းနေခဲ့ပြီ ဖြစ်သည်။
"ငါ့ကို ယုံကြည်နေတဲ့သူတွေ အများကြီး ရှိနေသေးတယ် ငါ ဘယ်လိုမှ ထွက်ပြေးလို့ မဖြစ်ဘူး"
နာယူနာ၏ အသံက သန့်စင်သည့် နယ်မြေတစ်ခုလုံးတွင် မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်သွားပြီး မဟာမိတ်များကို ပြန်လည်သက်သာကောင်းမွန်စေကာ ရန်သူများကို အားနည်းသွားစေသည့် သန့်စင်သော စွမ်းအားလှိုင်းလုံးကြီးများ သယ်ဆောင်လာသည်။
"ဒါ ငါကိုယ်တိုင် ရွေးချယ်ထားတဲ့ ဘဝပဲ ငါ နောက်မဆုတ်ဘူး လုံးဝ ထွက်မပြေးဘူး"
အလင်းရောင်များ ပိုမိုတောက်ပလာသည်။ သာသနာစောင့် သူရဲကောင်းများသည် သူတို့၏ ခန္ဓာကိုယ်များ တစ်ဆင့်မြင့်တက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အခြားတစ်ဖက်တွင်တော့ ရန်သူများမှာ အားနည်းသွားကြသည်။ သန့်စင်သည့် နယ်မြေကို ညစ်ညမ်းစေရန် ကြိုးစားသူများကို လက်စားချေရန် ဤအခွင့်အရေးကို သူတို့ လက်လွတ်မခံကြပေ။
"လိုင်တနာ နတ်ဘုရားမက ငါတို့ကို စောင့်ရှောက်နေတယ်ဟေ့"
"သူတော်စင်မလေးရဲ့ အသံက ငါတို့ကို နွေးနွေးထွေးထွေး လွှမ်းခြုံထားတယ် ဘာကို ကြောက်နေရဦးမှာလဲ ငါတို့က စစ်မှန်တဲ့ အလှတရားကို ကာကွယ်နေတာပဲ"
ထိုအလင်းရောင်က ထာဝရ တည်တံ့နေမည် မဟုတ်မှန်း လူတိုင်း သိကြသည်။ သိနေသည့်တိုင်အောင် သာသနာစောင့် သူရဲကောင်းများက စိတ်ဓာတ်ခွန်အားများ မြှင့်တင်ကာ ရန်သူများကို ချေမှုန်းကြသည်။ လက်ရှိအချိန်တွင် လူတိုင်းက တောက်ပစွာ လင်းလက်နေကြသည်။ သူတို့ သေဆုံးသွားမည့် နောက်ဆုံးအချိန်ထိ တောက်ပစွာ လင်းလက်နေကြမည် ဖြစ်သည်။
"အား"
"နာယူနာ နင့်လောက် တုံးတဲ့သူ မရှိတော့ဘူး"
ကန်ဟာဂျင်က ခါးသက်သက် အပြုံးတစ်ခုဖြင့် လှည့်ကြည့်လိုက်သည်။ သူမက အမြဲတမ်း ဤသို့ပင်။ အရာရာတိုင်း သူမ စိတ်တိုင်းကျဖြစ်မှသာ ကျေနပ်တတ်သည့် မင်းသမီးလေး။ သေရမည်ဆိုလျှင်တောင် ဆုံးဖြတ်ထားသည့်အတိုင်း လုပ်ရမှကျေနပ်သော ခေါင်းမာသည့် ကလေးမလေး။
ထို့ကြောင့်လည်း ကန်ဟာဂျင်က သူမကို သိပ်သဘောကျရခြင်း ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် သူကိုယ်တိုင်ပင် သူမကို တကယ်ချစ်မိသွားမတတ် အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့ဖူးသည်။
"ကိုယူးအီဟန် ဒီကိစ္စကို ဘယ်လို ဖြေရှင်းမှာလဲ"
ဒီလို မိန်းကလေးမျိုးကို သေခွင့်ပြုလိုက်ရင် ခင်ဗျား နောင်တရလိမ့်မယ်။ ကန်ဟာဂျင်က မည်သူမျှ မကြားနိုင်အောင် တီးတိုးရေရွတ်ရင်း လှည့်လိုက်သည်။ ထို့နောက် သာသနာပိုင်၏ သရဖူကို ဆောင်းကာ သန့်စင်သည့် နယ်မြေတစ်ခုလုံးနှင့် ပဲ့တင်ထပ်နေသော နာယူနာကို ကြည့်ရင်း ငိုကြွေးနေသည့် သာသနာပိုင်ကို လှမ်းခေါ်လိုက်သည်။
"သာသနာပိုင်ရှင်မ"
"အေးပါကွယ် အခြေအနေက ဒီလိုဖြစ်လာမှတော့ ငါတို့မှာ ရွေးချယ်စရာ မရှိတော့ပါဘူး ငါတို့ သေဆုံးသွားတဲ့အခါ ဘုရားကျောင်းကို ချန်ထားရစ်ခဲ့ကြတာပေါ့"
"သူတော်စင်မလေး ခေါင်းမာလွန်းတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်"
"မဟုတ်တာကွယ် အဲ့ဒါကြောင့်ပဲ သူ့ကို ပိုပြီးချစ်စရာကောင်းတယ်လို့ ထင်မိတာပါ ဖူဖူ မှန်တာပေါ့ ငါတို့လည်း နောက်ဆုံးတစ်ကြိမ်အနေနဲ့ ခမ်းခမ်းနားနား လောင်ကျွမ်းဖို့ လိုသေးတာပေါ့"
သာသနာပိုင်က သူမ၏ တောင်ဝှေးကို ကိုင်ကာ ရှေ့သို့ လှမ်းထွက်လာသောအခါ ကန်ဟာဂျင်သည်လည်း နာယူနာကို ကာကွယ်ရန် သူ၏ ဓားနှင့် ဒိုင်းကို မြှောက်ကိုင်လိုက်သည်။ သူ မသေခင်မှာတော့ နာယူနာကို အသေခံမည် မဟုတ်ပေ။ အခြားသူများရှေ့တွင် အမြဲတမ်း အသုံးမကျသူတစ်ယောက် ဖြစ်ခဲ့သော်လည်း သေခြင်းတရားရှေ့မှောက်တွင်တော့ သူတော်စင်မလေးရှေ့၌ သာသနာစောင့် သူရဲကောင်းတစ်ယောက်လို ဟန်ကျကျ နေပြရမည် ဖြစ်သည်။
"ဝါး သူတို့အားလုံးက သိပ်ကို အားနည်းလွန်းတာပဲ"
သေရေးရှင်ရေး အခြေအနေတွင် ကံကြမ္မာက သူ့ကို ဟန်ကျကျ နေခွင့်ပြုမည် မထင်ပေ။
"မှန်တွေကို ထုတ်သုံးရမှာတောင် အားနာလာပြီ အခြေအနေက ဒီလိုဖြစ်လာမှတော့ သွားပါ သခင် ကျွန်မကတော့ သခင့်ကိုပဲ ရွေးချယ်လိုက်ပြီ"
"မင်းဘာသာမင်း လုပ်စမ်းပါ ဒီလို ပျော့ညံ့တဲ့ကောင်တွေအတွက် ငါက လှံကိုထုတ်ရဦးမှာလား"
"အို ဘုရားရေ မာနကြီးတဲ့ အီဟန်ကလည်း သိပ်ကြည့်ကောင်းတာပဲ"
ပန်းရောင်လွှမ်းနေသော သန့်စင်သည့် နယ်မြေ၏ အလယ်တွင် ဧရာမ ရဲတိုက်ကြီးတစ်ခုက ယခုလေးတင်မှ မွေးဖွားလာသည့်အလား ရုတ်တရက် ပေါ်ထွက်လာသည်။ ရဲတိုက်ကြီးက မြေပြင်ပေါ်တွင် ဧရာမ အရိပ်ကြီးတစ်ခုကို ကျရောက်စေသည်။ လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်လောက်အောင် ကြီးမားလှပြီး ထိုသို့ အာရုံစိုက်မိချိန်တွင် တစ်စုံတစ်ခုက ထွက်ပေါ်လာသည်။
"ချွတ် ကျွန်မက သာမန်ကောင်တွေကို ရှင်းလင်းပေးနေရတဲ့ အချိန်မှာ သခင်က မိန်းမတစ်ယောက်နဲ့ ကြည်နူးနေတယ်ပေါ့လေ သခင့်ကို အရမ်းမုန်းတယ်"
"အဲ့ဒါ မှန်ကြီးလား ဒါပေမဲ့ ဘာလို့ မှန်ကြီးက ကောင်းကင်ပေါ် ရောက်နေရတာလဲ"
အမြင်အာရုံ အကောင်းဆုံး အင်ပါယာစစ်သားတစ်ယောက်က အဆိုပါအရာမှာ ဧရာမ မှန်ကြီးတစ်ခုမှန်း သိလိုက်သော်လည်း ၎င်း၏ အသုံးဝင်ပုံကိုတော့ နားမလည်ခဲ့ပေ။ မှန်အတွင်းမှ ပစ်ခတ်လိုက်သော သိပ်သည်းဆမြင့်မားလှသည့် စွမ်းအင်တန်းကြောင့် သူကိုယ်တိုင် အပါအဝင် တပ်မတော်၏ အစိတ်အပိုင်းတစ်ခုလုံး သုတ်သင်ခံလိုက်ရသည့် အချိန်အထိပင်။
"အဲ့ဒါ ဘာကြီးလဲ"
"အခုလေးတင် ဘာတွေ ဖြစ်သွားတာလဲ"
သိပ်ကို လက်တွေ့မဆန်လွန်းသော မြင်ကွင်းဖြစ်သဖြင့် ထိုအချက်အလက်များကို ခေါင်းထဲဝင်လာအောင် အတော်လေး ကြိုးစားလိုက်ရသည်။ မှန်ကနေ စွမ်းအင်တန်းတွေ ပစ်လွှတ်လိုက်တယ်တဲ့လား။ ပြီးတော့ လူရာပေါင်းများစွာက အငွေ့ပျံသွားတယ်ပေါ့။ စတုတ္ထအဆင့် မှော်ဆရာတွေတောင် ဒီလိုမျိုး လုပ်နိုင်မှာမဟုတ်ဘူး။
"အိ အိ"
သို့သော် မြူးကြွနေသော အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရတိုင်း မှန်ကြီးက ၎င်း၏ လမ်းကြောင်းကို ပြောင်းလဲကာ စွမ်းအင်တန်းများ ဆက်တိုက် ပစ်လွှတ်နေသည်မှာတော့ အမှန်တရားပင် ဖြစ်သည်။ ထိုစွမ်းအင်တန်းက အင်ပါယာစစ်တပ်မှ လူများကိုသာ ရွေးချယ်ဖျက်ဆီးပစ်နေခြင်း ဖြစ်သည်။ အင်ပါယာစစ်တပ်သည် လူသောင်းချီ ဆုံးရှုံးသွားပြီးနောက်မှ အသိဝင်လာတော့သည်။
"ဘယ် ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်မှာလဲ"
"ဆုတ် ဆုတ်ကြ တပ်မတော်ကို ဆုတ်ခွာဖို့ အမိန့်ပေးလိုက်"
"ဝုန်း"
စစ်မြေပြင်သည် ချက်ချင်းပင် ကသောင်းကနင်း ဖြစ်သွားသည်။ ယခုအချိန်အထိ အယ်လ်ဖော့စ်ဆီသို့ တွန်းအားပေး ချီတက်လာခဲ့သော အင်ပါယာစစ်တပ်၏ ဟန်ပန်များမှာ လိမ်ညာထားသကဲ့သို့ ပျောက်ကွယ်သွားပြီး သူတို့အားလုံး၏ ခံစစ်တန်းများ ပြိုကွဲသွားလေသည်။ ထိုမှန်များကို ရှောင်ရှားရမည်ဆိုသော အတွေးတစ်ခုတည်းဖြင့်သာ ထွက်ပြေးကြတော့သည်။
"အခြားကမ္ဘာတွေမှာတောင် ကျွန်မက ဒီလိုအလုပ်မျိုးတွေ လုပ်နေရပါလား"
သို့သော်လည်း အဆုံးသတ်သွားခြင်းတော့ မဟုတ်သေးပေ။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် မဖြစ်နိုင်တော့သည်ကို မြင်သောအခါ မစ်စတစ်က မှန်များအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်သောကြောင့် ဖြစ်သည်။
"အာ့"
"အု"
ပျံသန်းနိုင်သော ရဲတိုက်၏ ဥယျာဉ်ကို ဖွဲ့စည်းထားသော အပင်များနှင့် အခြားသော ပစ္စည်းများက သင့်လျော်သော အရွယ်အစားများအဖြစ် ကွဲထွက်သွားပုံရပြီး မြေပြင်သို့ ကျဆင်းလာချိန်တွင် ၎င်းတို့၏ အစွန်းများကို ထက်မြက်လာစေသည်။ နေရာအနှံ့ ကျဆင်းလာပုံရသော်လည်း အရာတိုင်းက အင်ပါယာစစ်သား တစ်ယောက်စီကို အတိအကျ ပစ်မှတ်ထားနေခြင်း ဖြစ်သည်။ ၎င်းက လက်တွေ့အားဖြင့် အကြီးစား စနိုက်ပါ စစ်ဆင်ရေးတစ်ခုနှင့်ပင် တူနေသည်။
"ဒါ ဒါက ဘာတွေလဲ"
"အင်ပါယာစစ်တပ်ကိုပဲ တိုက်ခိုက်နေတာဟ လိုင်တနာ နတ်ဘုရားမရဲ့ ကောင်းချီးများလား"
"လိုင်တနာ နတ်ဘုရားမက ငါတို့ကို ကာကွယ်ပေးနေပြီဟေ့"
အင်ပါယာစစ်တပ်ကဲ့သို့ပင် အစပိုင်း၌ ထိတ်လန့်နေခဲ့သော အယ်လ်ဖော့စ် တပ်မတော်က ပျံသန်းနိုင်သော ရဲတိုက်သည် အင်ပါယာစစ်သားများကိုသာ အတိအကျ ရွေးချယ်သတ်ဖြတ်နေသည်ကို မြင်သောအခါ သူတို့၏ တည်ငြိမ်မှုနှင့် စိတ်ဓာတ်ခွန်အားများ ပြန်လည်ရရှိလာသည်။ ထို့အပြင် နာယူနာ၏ သန့်စင်သော စွမ်းအားများကလည်း ရှိနေသေးသည် မဟုတ်ပါလား။ တစ်ယောက်ယောက်ကများ လိုင်တနာ နတ်ဘုရားမသည် ရဲတိုက်ကြီးတစ်ခု၏ ပုံစံဖြင့် ဆင်းသက်လာသည်ဟု ပြောလျှင်ပင် သူတို့ ယုံကြည်ကြမည်မှာ အသေအချာပင်။
"ဒါမျိုး ဖြစ်လို့ မရဘူးလေ"
"တပ်ကို အရင်ဆုတ်ကြ ဧကရာဇ်မင်းမြတ်ကို အရင်သတင်းပို့ရမယ်"
"မရဘူး အဲ့ဒီလိုဆို ငါ့ရဲ့ စွမ်းဆောင်ရည်မှတ်တမ်းတွေက အီး ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အဲ့ဒီရဲတိုက်ကြီးကို အောက်ချပစ်ရမယ်"
"နတ်ဆိုးတွေ အခု မင်းတို့အလှည့်ပဲ သွားကြစမ်း"
မထင်မှတ်ထားသော အခြေအနေများ ပေါ်ပေါက်လာသောအခါ တပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်များအကြားတွင်လည်း ပဋိပက္ခများ ဖြစ်ပေါ်လာသည်။ အချို့က တပ်မတော်ကို အသက်ရှင်လျက် ဆုတ်ခွာသင့်သည်ဟု ဆိုကြပြီး အချို့ကတော့ စွမ်းဆောင်ရည်မှတ်တမ်းများကို မက်မောကာ မျက်ကန်းဖြစ်နေကြသည်။ အချို့ကမူ ဖျက်ဆီးခြင်းနတ်ဆိုးတပ်မတော်ထံမှ ရရှိထားသော နတ်ဆိုးများကို အသုံးပြုရန် စဉ်းစားနေကြသည်။ သူတို့ အစည်းအဝေးလုပ်နေချိန်မှာပင် အင်ပါယာစစ်တပ်၏ အရေအတွက်မှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် လျော့ကျသွားလေပြီ။
"နေရောင်ကို မကာထားနဲ့ ငါတို့လမ်းကို မပိတ်ထားနဲ့"
"စွမ်းအင်တွေ အဲ့ဒီကနေ တောက်ပတဲ့ စွမ်းအင်တွေကို ခံစားနေရတယ်"
အဆင့် နှစ်ရာ့ငါးဆယ်အထက်ရှိ နတ်ဆိုးများအားလုံး စတင်လှုပ်ရှားလာကြသည်။ သူတို့ တည်ရှိနေခြင်းကပင် အယ်လ်ဖော့စ် တပ်မတော်ကို အကြောက်တရားဖြင့် တုန်လှုပ်သွားစေသည်။ သန့်စင်သော စွမ်းအားများဖြင့် အားဖြည့်ထားသော သာသနာစောင့် သူရဲကောင်းများက သွားကိုတင်းတင်းကြိတ်ကာ တားဆီးရန် ကြိုးစားသော်လည်း ထိုနတ်ဆိုးများက သူတို့ကို ရင်ဆိုင်ရန်ပင် မကြိုးစားခဲ့ပေ။
"ဖယ်စမ်း ငါ့မြင်ကွင်းထဲကနေ ပျောက်သွားစမ်း"
နတ်ဆိုးများက အထက်သို့ ခုန်တက်သွားကြသည်။ ပျံသန်းနိုင်သော ရဲတိုက်၏ အမြင့်ပေမှာ ယခုအချိန်တွင် သိပ်မမြင့်လှပေ။ လူမိုက်များက သတ္တိကောင်းသည်ဟု ဆိုကြသည့်အတိုင်း သူတို့၏ စွမ်းအားများဖြင့် ပျံသန်းနိုင်သော ရဲတိုက်ကြီးကို ပြုတ်ကျသွားစေနိုင်မည်ဟု သူတို့ကိုယ်သူတို့ တစ်စက္ကန့်လေးမျှပင် သံသယမဝင်ခဲ့ကြပေ။
အထိရောက်ဆုံး တိုက်ခိုက်မှုကြီး ပေါ်ထွက်လာသည်။
သို့ရာတွင် နောက်တစ်စက္ကန့်၌ပင် သူတို့၏ ခန္ဓာကိုယ်များမှာ တစ်ပြိုင်နက်တည်း အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားသည်။ မည်သည့် လက္ခဏာမျှ မပြဘဲ တောက်ပသော အဖြူရောင် မီးတောက်များဖြင့် ဖုံးလွှမ်းခံလိုက်ရခြင်း ဖြစ်သည်။
"ဟူး ဒီလောက်ကတော့ အခုချိန်မှာ လွယ်လွယ်လေးပါပဲ"
"ငါကတော့ သိပ်ကိစ္စမရှိပါဘူး ဒါပေမဲ့ အဲ့ဒီအရာကြီးကို ကစားစရာ တူလေးတစ်လက်လို ဝှေ့ယမ်းနေတာက နည်းနည်းတော့ လွဲမနေဘူးလား"
နတ်ဆိုးများ ပေါက်ကွဲသေဆုံးသွားသော နေရာတွင် အမျိုးသားတစ်ဦး ရပ်နေသည်။ ပျံသန်းနိုင်သော ရဲတိုက်ကြီး ပေါ်လာကတည်းက စောင့်ကြည့်နေခဲ့သော နာယူနာက သူ၏ ပုံရိပ်ကို ချက်ချင်း ဖမ်းယူနိုင်ခဲ့သည်။
ထိုအမျိုးသားသည် အရပ်အမောင်း မြင့်မားပြီး ကျောဘက်တွင် သတ္တုအတောင်ပံများ ပါရှိကာ တောင့်တင်းသန်မာသော အမျိုးသား တစ်ထောင်ခန့်ပင် မလိုက်နိုင်လောက်အောင် ကြီးမားလှသော ဧရာမ တူကြီးကို လက်တစ်ဖက်တည်းဖြင့် ကိုင်ဆောင်ထားသည်။ တူ၏ အဖျားတွင် လောင်ကျွမ်းနေသော အဖြူရောင် မီးတောက်က ယခုလေးတင် နတ်ဆိုးများကို သတ်ဖြတ်ခဲ့သူမှာ သူဖြစ်ကြောင်း သက်သေပြနေသည်။
"သခင် ဘာလို့ ကိုယ်ပျောက်ခြင်းကို ရပ်လိုက်တာလဲ"
"ကိုယ်ပျောက်မနေရင်တောင် ကျန်တဲ့ကောင်တွေက တစ်ချက်တည်းနဲ့ သေမယ့်ကောင်တွေချည်းပဲလေ"
"မာနကြီးလိုက်တာ"
နာယူနာက ထိုအမျိုးသား၏ မျက်နှာနှင့် အသံကို အတည်ပြုလိုက်သည်။ ထို့နောက် သူမသည် အမြင်အာရုံ သို့မဟုတ် အကြားအာရုံ မှားယွင်းစေသော အခြေအနေတစ်ခုခု အောက်တွင် ရောက်မနေကြောင်း သေချာစစ်ဆေးပြီးနောက် သူမ တတ်နိုင်သမျှ အကျယ်ဆုံး အသံဖြင့် အော်ဟစ်လိုက်တော့သည်။
"ကိုအီဟန်"
သူမကို ရှာဖွေရန် အတိုင်းအတာများကို ဖြတ်ကျော်လာခဲ့သော အမျိုးသား။ ထိုအသံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ယူးအီဟန်က ခေါင်းကိုလှည့်ကာ သူမ၏ မျက်လုံးများနှင့် အကြည့်ချင်း ဆုံလိုက်သည်။ သိပ်မကျယ်လွန်း သိပ်မတိုးလွန်းသော သူ၏ အသံလေးက နာယူနာ၏ နားထဲသို့ ရောက်ရှိလာသည်။
"ကျွန်တော် ရောက်နေပြီ နာယူနာ"
နာယူနာ၏ ရင်ခုန်သံများ မြန်ဆန်လာသည်။ ဘာကြောင့်များပါလိမ့်။ သူမ မရှိသည့်အချိန်တွင် သူက ပိုပြီး ခန့်ညားလာသလိုပင်။ သူ့ကို ပြန်တွေ့လျှင် ပြောချင်သော စကားများစွာ ရှိနေသော်လည်း သူ၏ မျက်နှာကို မြင်လိုက်ရချိန်တွင် အရာအားလုံးကို မေ့လျော့သွားတော့သည်။
မူလကတော့ သူမသည် ဤကဲ့သို့သော စရိုက်မျိုး မဟုတ်ဘဲ သူလာရှာမည်ကို သိနေခဲ့သကဲ့သို့ တည်တည်ငြိမ်ငြိမ်ပင် တုံ့ပြန်ရမည် ဖြစ်သည်။ သို့သော် အံ့သြမှင်သက်သွားသကဲ့သို့ သူမ တစ်ချက်လေးပင် မလှုပ်ရှားနိုင်ခဲ့ပေ။
"ခင်ဗျား စောင့်နေရတာ အတော်ကြာပြီဆိုတော့ နောက်ထပ် နည်းနည်းလောက် ထပ်စောင့်ပေးပါဦးနော်"
ယူးအီဟန်က နေရာတွင်ပင် ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေသော နာယူနာကို ခပ်မိုက်မိုက် ပြန်ဖြေရင်း သူ၏ တူကြီးကို မြှောက်တင်လိုက်သည်။ အချင်း မီတာတစ်ရာကျော်ရှိသော ကပ်ဘေးကြီး၏ တူ။ အင်ပါယာစစ်တပ်ရော အယ်လ်ဖော့စ် တပ်မတော်ပါ တူကြီးထံမှ ထွက်ပေါ်လာသော ဖိအားများကြောင့် မလှုပ်ရှားနိုင်တော့ပေ။
"ဒီကောင်တွေကို ရှင်းလင်းပြီးမှ ကျွန်တော်တို့ စကားပြောကြတာပေါ့"
ယခင်ကထက် ပိုမို ခမ်းနားကြီးကျယ်သော အဖြူရောင် မီးတောက်တစ်ခုက တူ၏ အဖျားတွင် တစ်ဖန် လောင်ကျွမ်းလာပြန်သည်။
ကပ်ဘေးကြီးက မြေပြင်ပေါ်သို့ ဆင်းသက်လာလေပြီ။
အပိုင်း ( ၂၂၂ ) ပြီးဆုံး။
***