"ဟား"
ယူးအီဟန်က သူ၏ တူကြီးကို ဝှေ့ယမ်းလိုက်သောအခါ ၎င်း၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံး ဖျက်ဆီးခံလိုက်ရသည်။ ၎င်းက လူတစ်ယောက်တည်း ဖန်တီးနိုင်ရန် ကြီးမားလွန်းသော လမ်းကြောင်းကြီး တစ်ခုဖြစ်သည်။ ပို၍ဆိုးသည်က တိုက်ခိုက်မှုအတွင်းရှိ အဖြူရောင် မီးတောက်များက အလိုအလျောက် ပျံ့နှံ့သွားပြီး ရန်သူများကို သူ့ဘာသာသူ လိုက်လံတိုက်ခိုက်နေခြင်းပင်။
"အဆင့်မြင့်မြတ်သူ တစ်ပါးလား"
"အဲ့ဒါကရော ကောင်းကင်တမန်လား ဒါပေမဲ့ ကောင်းကင်တမန်က ငါတို့ကို ဘယ်လိုလုပ် တိုက်ခိုက်လို့ရမှာလဲ"
"လိမ်တာ အဲ့ဒါ လိမ်တာ"
သူသည် အဆင့်နိမ့်သူလား အဆင့်မြင့်မြတ်သူလား ဆိုသည်ကိုပင် မခွဲခြားတတ်သောသူများက ရလဒ်ကို မြင်တွေ့ရပြီးနောက် လန့်ဖျပ်ခုန်ပေါက်နေကြသည်။
"အဆင့်မြင့်မြတ်သူ ဟုတ်လား မင်းတို့ကောင်တွေက အဆင့်မြင့်မြတ်သူတွေနဲ့ တစ်ခါမှတောင် မတိုက်ခိုက်ဖူးသေးဘဲနဲ့ ဟား"
"အား"
"ကွီ ကီး"
သို့သော်လည်း ကိုယ်တိုင် မလှုပ်ရှားဘဲ ပါးစပ်ကသာ ပေါက်ကရတွေ ပြောနေသော ထိုသတ္တိကြောင်သူများကြောင့် ဘာမှပြောင်းလဲသွားမည် မဟုတ်ပေ။ သူတို့ ဘာတွေတွေးနေသည်ဖြစ်စေ ဘာတွေပြောနေသည်ဖြစ်စေ ယူးအီဟန်ကတော့ ရန်သူများကို သူ၏ တူကြီးဖြင့်သာ ရှင်းလင်းဖျက်ဆီးပစ်နေသည်။
"ငါ ငါတို့ မနိုင်တော့ဘူး"
ယူးအီဟန်က ကစားနေသည့်အလား တူကြီးကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်တိုင်း အင်ပါယာစစ်တပ်မှာ ရုပ်မြင်သံကြားထဲက ဆပ်ပြာကြော်ငြာများထဲကလို သုတ်သင်ရှင်းလင်းခံနေရသည်။ နောက်ဆုံးတွင် အဖြူရောင် မီးတောက်များက စစ်မြေပြင်၏ နေရာအနှံ့ကို ဖုံးလွှမ်းသွားပြီး အင်ပါယာစစ်သားများကိုသာ ရွေးချယ်လောင်ကျွမ်းနေတော့သည်။
"သူက နတ်ဘုရားမရဲ့ တမန်တော်ပဲ"
"အဲ့ဒီအလှတရား အဲ့ဒီစွမ်းအား သေချာတယ် သူက နတ်ဘုရားမရဲ့ တမန်တော်ပဲ"
"ဒါပေမဲ့ သူ့ကို အရင်က တစ်ခါမြင်ဖူးသလိုပဲနော်"
"ဒါမျိုး လုံးဝမဖြစ်နိုင်ဘူးလေ သူက နတ်ဘုရားမရဲ့ တမန်တော်ပါဆို"
ပျံသန်းနိုင်သော ရဲတိုက်ကြီး၏ အသွင်အပြင်ဖြင့် အင်ပါယာစစ်တပ်ကို သုတ်သင်ရှင်းလင်းနေသော ယူးအီဟန်ကို ယခင်က သူတို့၏ ဘုရားကျောင်းကို ဆောက်လုပ်ပေးခဲ့သော ပန်းရံသမားနှင့် တစ်ယောက်တည်းဖြစ်ကြောင်း မည်သူကမျှ မတွေးမိကြပေ။ သူတို့က မျက်စိရှေ့တွင် ဖြစ်ပေါ်လာသော အံ့ဖွယ်အရာအတွက် ကျေးဇူးတင်ရင်း သူတို့၏ လှံများနှင့် ဓားများကိုသာ မြှောက်ကိုင်လိုက်ကြသည်။
"နတ်ဘုရားမက ငါတို့နဲ့အတူ ရှိနေတယ် ဟိုဝက်ပုလွေကောင်တွေကို တရားစီရင်ကြဟေ့"
"ဝုန်း ဟေး"
ပျံသန်းနိုင်သော ရဲတိုက်နှင့် ယူးအီဟန်၏ လှုပ်ရှားမှုများကြောင့် အောင်နိုင်ခြင်း အလံက အယ်လ်ဖော့စ်ဘက်သို့ ရောက်ရှိလာခဲ့လေပြီ။ မီးရ် သို့မဟုတ် လီအယ်ရာ ကိုယ်တိုင် ပါဝင်တိုက်ခိုက်ရန်ပင် အလှည့်မရောက်တော့ပေ။
"ဟိုမှာ ဒီမှာ ထွက်မပြေးနဲ့ ဒီအတိုင်းသာ အသေခံလိုက်ကြစမ်းပါ"
ယူးအီဟန်က အင်ပါယာစစ်သားများ၏ ခံစစ်တန်းများကို ဖျက်ဆီးပစ်လိုက်ပြီး မြင်သမျှလူတိုင်းကို လွင့်စဉ်သွားစေသည်။ မစ်စတစ်က ထွက်ပြေးနေသော အင်ပါယာစစ်သားများကို သတ်ဖြတ်ရန် ပျံသန်းနိုင်သော ရဲတိုက်မှ အဝေးပစ်လက်နက်များကို အသုံးပြုနေသည်။ မည်သူကမျှ သူတို့ကို အန္တရာယ်မပြုနိုင်သလို မည်သူကမျှလည်း အသက်ရှင်လျက် ထွက်ပြေးမလွတ်နိုင်ပေ။
အင်ပါယာစစ်တပ်အတွက် တစ်ခုတည်းသော ဖြစ်နိုင်ခြေကတော့ သူတို့၏ သေဆုံးချိန်ကို တတ်နိုင်သမျှ နောက်ဆုတ်သွားစေရန် ဆုတောင်းရင်း အကြောက်တရားဖြင့် တုန်ယင်နေရန်သာ ဖြစ်သည်။ တိုက်ခိုက်လိုစိတ် ပျောက်ဆုံးနေသော ရန်သူကို အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။ အယ်လ်ဖော့စ် တပ်မတော်က ဂုဏ်သိက္ခာကို ယူရန်သာ လိုအပ်တော့သည်။
"ကိုဟာဂျင် အဲ့ဒီလူတွေကို ကိုဟာဂျင် သိလို့လား"
"သိတယ်လို့ ထင်ခဲ့တာ ဒါပေမဲ့ အခုတော့ မသိဘူးလို့ပဲ ထင်ပါတယ်"
"ဘာအဓိပ္ပာယ်လဲ"
"ဘာမှမဟုတ်ပါဘူး ပေါက်ကရတွေ ပြောနေတာပါ"
သာသနာပိုင်ကို ပြန်ဖြေလိုက်သော ကန်ဟာဂျင်၏ အသံမှာ အလွန်ပင် အားနည်းနေသည်။
သူက နာယူနာအတွက် အသေခံရန် ဆုံးဖြတ်ထားခဲ့သော်လည်း ထိုဆုံးဖြတ်ချက်မှာ အပိုင်းပိုင်းအစစ ပြိုကွဲသွားခဲ့လေပြီ။ သူတို့နှစ်ယောက်လုံး အသက်ရှင်နေခြင်းက ဤထက်ပိုကောင်းသော ရလဒ်မရှိနိုင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော ဤအားနည်းမှုက ဘာလဲ။
ထို့အပြင် ထိုရဲတိုက်ကြီး ထိုစွမ်းအင်တန်း စစ်ကူတွေက သူ့မျှော်လင့်ချက်ထဲမှာဆိုရင် သူပျော်ရွှင်နေမှာပါ။ ဒါပေမဲ့ အဲ့ဒီလိုမျိုး အသိဉာဏ်အမျိုးအစားအားလုံးကို ကျော်လွန်နေတဲ့အရာတစ်ခုက ရုတ်တရက်ကြီး ပေါ်လာရင် သူဘယ်လိုတုံ့ပြန်ရမှာလဲ။
"အာ ဟုတ်တယ် အဲ့ဒါပဲ အရှုံးမပေးနဲ့နော်"
သို့သော်လည်း သူမ၏ မျက်လုံးနှစ်လုံးဖြင့် ယူးအီဟန် ရောက်ရှိနေသည့် နေရာတိုင်းသို့ လိုက်ကြည့်ရင်း အားပေးနေသော နာယူနာကို မြင်လိုက်ရသောအခါ သူ၏ အတွေးများလည်း ပျောက်ကွယ်သွားတော့သည်။ သူမက သူ့ကို ဘယ်လောက်တောင် သဘောကျနေလို့ ဒီလိုမျိုး ဖြစ်နေရတာလဲ။ ထိုအရာက ကန်ဟာဂျင်၏ နှလုံးသားကိုပင် နွေးထွေးသွားစေသည်။
သူက မေးခွန်းတွေ ပြည့်နှက်နေတုန်းဖြစ်တဲ့ သာသနာပိုင်ကို အတိုချုပ် ရှင်းပြလိုက်တယ်။
"အဲ့ဒီလူက ယူနာ ချစ်ရတဲ့သူလေ သူ့ရဲ့ ဖုန်းခေါ်ဆိုမှုကို ရပြီးတော့ သူရောက်လာတာ ဖြစ်ရမယ် ဒါပေမဲ့ သူဘယ်လိုလုပ်ပြီး ရောက်လာလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး"
"အို ယူနာက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် လိမ္မာသွားရတာလဲလို့ ငါကတွေးနေတာ ကောင်မလေးက အံ့သြစရာကောင်းတဲ့ လူတစ်ယောက်ကို ချစ်နေခဲ့တာကိုး"
ကန်ဟာဂျင်က သာသနာပိုင်၏ စကားကို သဘောတူရုံမှလွဲ၍ အခြားမတတ်နိုင်ပေ။ ဟုတ်တယ် သူက တကယ်ကို အံ့သြစရာကောင်းတာပဲ။ ပြီးခဲ့တဲ့ တစ်ခေါက်က သူ့ကို တွေ့တုန်းကတော့ သူက ဒီလောက်ထိ မမိုက်ပါဘူး။
သူပေါ်လာပြီးနောက် မိနစ်သုံးဆယ်အတွင်းမှာပင် စစ်ပွဲကြီး ပြီးဆုံးသွားခဲ့သည်။ မူလကရှိသော အင်အား နှစ်သိန်းအနက်မှ တစ်သိန်းကိုးသောင်းမှာ သေဆုံးသွားပြီး ကျန်ရှိသည့် တစ်သောင်းမှာ အဖမ်းခံလိုက်ရသည်။ တစ်သိန်းမှာ ပျံသန်းနိုင်သော ရဲတိုက်ကြောင့် သေဆုံးသွားပြီး ရှစ်သောင်းမှာ ယူးအီဟန်၏ လက်ချက်ဖြင့် သေဆုံးသွားခြင်း ဖြစ်သည်။
၎င်းက အလွန်တရာ ကြီးမားလှသော အရေအတွက်ဖြစ်သော်လည်း ယူးအီဟန်၏ အတွေ့အကြုံကတော့ သုံးရာခိုင်နှုန်းပင် မတက်လာခဲ့ပေ။ သူ၏ အဆင့်မှာ အလွန်မြင့်မားနေပြီဖြစ်ရာ အဆင့်တစ်ရာဝန်းကျင်ရှိ ရန်သူများကို သတ်ဖြတ်ခြင်းက သူ့အား မည်သည့် အတွေ့အကြုံကိုမျှ မပေးစွမ်းနိုင်တော့ပေ။
"ဟူး"
"ကိုအီဟန်"
စစ်ပွဲပြီးဆုံးသွားပြီဟု သူ ဆုံးဖြတ်လိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ချိန်တွင် နာယူနာက သူ့ထံသို့ ချက်ချင်း ပြေးဝင်လာသည်။ ယူးအီဟန်က သူမကို ဖမ်းထိန်းထားရမလား ဒါမှမဟုတ် ရှောင်ရမလားဟု တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရှောင်လိုက်ရန် ဆုံးဖြတ်လိုက်သော်လည်း သူ ထိုသို့လုပ်မည်ကို ကြိုသိနေသည့်အလား နာယူနာက သူနှင့်အတူ လမ်းကြောင်း ပြောင်းလဲသွားခဲ့လေပြီ။
"ဘာလို့ သမီးကို ရှောင်တာလဲ"
"အင်း ကျွန်တော့်မှာ အကြောင်းပြချက် ရှိလို့ပါ"
ယူးအီဟန်က နာယူနာကို ခါချရင်း အကြောင်းပြချက်ကို ရှင်းပြရန် ပြင်လိုက်သော်လည်း နာယူနာ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာသည်ကို မြင်လိုက်ရသောအခါ စကားများ ဆက်မထွက်နိုင်တော့ပေ။ နာယူနာက ရှိုက်သံလေးဖြင့် စကားဆိုသည်။
"သမီး တကယ်ပဲ ကိုအီဟန်ကို အရမ်း အရမ်းတွေ့ချင်နေခဲ့တာ"
"အင်း ခင်ဗျား အဲ့ဒီလို ပြောရင်တောင်မှ"
"သမီး တကယ်ကို အရမ်းတွေ့ချင်ခဲ့တာ ဘာလို့ သမီးကို ရှောင်တာလဲလို့"
"..."
သူတို့ ခွဲခွာခဲ့ရချိန်တုန်းက သူမက အရင်ကလိုပဲ မာနကြီးနေခဲ့တာလေ။ ဒီသုံးနှစ်အတွင်းမှာ ဘာတွေများ ဖြစ်ခဲ့လို့ သူမက ဒီလိုပုံစံမျိုး ဖြစ်သွားရတာလဲ။
ယူးအီဟန်က ကူညီပါရန် အသနားခံသည့်အကြည့်ဖြင့် ကန်ဟာဂျင်ကို လှမ်းကြည့်လိုက်သော်လည်း သူက ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြရုံသာ တတ်နိုင်ပေသည်။ အစ်ကိုကြီးမုဒ်သို့ ရောက်နေပြီဖြစ်သော သူ့အတွက်တော့ ယူးအီဟန်၏ ခံစားချက်များကို နားလည်နိုင်စွမ်း မရှိတော့ပေ။
"သခင်က အမြဲတမ်း ဒီလိုမျိုး လူကြိုက်များနေတာလား ဒီလောက်လှတဲ့ မိန်းမချောလေးတောင် ပါသေးတယ်"
"ဆန့်ကျင်ဘက်တွေက ဆွဲဆောင်တတ်တယ်လေ"
မစ်စတစ်က ယူးအီဟန်၏ စွမ်းရည်များကို နောက်တစ်ကြိမ် ထပ်မံအံ့သြသွားပြီး အိုရိုချီကတော့ ပညာရှိတစ်ဦးကဲ့သို့ စကားဆိုလိုက်သည်။ သူတို့နှစ်ယောက်လုံးကတော့ သူ့ကို ဘာမှကူညီပေးနိုင်မည် မဟုတ်ပေ။ ယူးအီဟန်က သက်ပြင်းချရင်း နာယူနာကို အရင် နှစ်သိမ့်ပေးလိုက်သည်။
"တော်တော်လေး အန္တရာယ်များတဲ့ပုံပဲ။ ကျွန်တော် ဒီဘက်ကို ကူးလာနိုင်တဲ့အချိန်မှာ ခင်ဗျား ဆက်သွယ်လာတာ တော်သေးတာပေါ့"
"အင်း"
"ဒါပေမဲ့ အခုကိစ္စတွေ အားလုံးပြီးသွားပြီဆိုတော့ ကျွန်တော့်ကို လွှတ်ပေးပါလား"
နာယူနာက ပြန်မဖြေတော့ပေ။ မကြာမီမှာပင် သူမထံမှ ပုံမှန်အသက်ရှူသံလေးကို ကြားလိုက်ရသဖြင့် သူ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ နာယူနာက သူ၏ ရင်ခွင်ထဲတွင် မတ်တပ်ရပ်လျက် အိပ်ပျော်သွားသည်ကို မြင်တွေ့လိုက်ရသည်။
"ဘာတွေလဲကွာ"
အချိန်အကြာကြီး စိတ်ဖိစီးမှုတွေ ခံစားခဲ့ရပြီးနောက် စိတ်သက်သာရာ ရသွားချိန်တွင် ပင်ပန်းနွမ်းနယ်မှုများက တစ်ပြိုင်နက်တည်း ရောက်ရှိလာကာ အိပ်ပျော်သွားခြင်း ဖြစ်သည်။ ယူးအီဟန်က အဓိပ္ပာယ်မရှိဘူးဟု မခံစားရခင်မှာပင် သူမကို သနားသွားမိသည်။ အိပ်ပျော်နေသော နာယူနာ၏ ခေါင်းလေးကို ပွတ်သပ်ပေးရင်း ကန်ဟာဂျင်ကို မေးလိုက်သည်။
"သူ မအိပ်ရတာ ဘယ်လောက်ကြာပြီလဲ"
"တစ်ပတ်လောက် ရှိပြီ သူနည်းနည်းတော့ အလုပ်တွေ ပိနေတာ"
ကန်ဟာဂျင်က ပြန်ဖြေလိုက်သည်။ သူ၏ မျက်ခွံများပင် လေးလံနေပြီဖြစ်ပြီး သူကိုယ်တိုင်လည်း တစ်ပတ်ခန့် မအိပ်ရသေးပုံပေါ်သည်။ သူသာမက သာသနာပိုင်နှင့် အခြား သာသနာစောင့် သူရဲကောင်းများအားလုံးလည်း တစ်ပတ်ခန့် မအိပ်ရသေးပေ။ သူတို့က သန့်စင်သော စွမ်းအားများကို အသုံးပြုကာ ယခုအချိန်အထိ တောင့်ခံထားခဲ့ကြခြင်း ဖြစ်သည်။
"ဒီလိုဆို မဖြစ်သေးဘူး"
သူ ကြားချင်သော ပြောချင်သော စကားများစွာ ရှိနေသေးသည်။ သို့သော် ဤအခြေအနေမျိုးတွင်တော့ ကောင်းမွန်သော စကားဝိုင်းတစ်ခု ဖြစ်လာနိုင်မည် မဟုတ်ပေ။ ယူးအီဟန်က ပြတ်သားသော အသံဖြင့် ကြေညာလိုက်သည်။
"အားလုံးပဲ သွားအိပ်ကြတော့ ခင်ဗျားတို့ ပြောစရာရှိတာတွေကို နောက်မှပဲ ကျွန်တော် နားထောင်ပေးတော့မယ်"
"ဒါပေမဲ့ အင်ပါယာစစ်တပ်က"
"ဟိုဘက်တောအုပ်ထဲက အားနည်းလွန်းတဲ့ အင်ပါယာစစ်တပ်ကို ပြောတာဆိုရင်တော့ စိတ်မပူပါနဲ့"
ပျံသန်းနိုင်သော ရဲတိုက်ပေါ်မှ ခုန်ဆင်းလာသော လီအယ်ရာက ယူးအီဟန်၏ဘေးတွင် အထာကျကျ ဆင်းသက်လိုက်ရင်း သူ့ကိုယ်စား ပြန်ဖြေလိုက်သည်။ ယူးအီဟန် ပြုလုပ်ပေးထားသော တိုက်ပွဲဝင်ဂါဝန်ကို ဝတ်ဆင်ထားပြီး အချစ်နတ်ဘုရား၏ စွမ်းအားများဖြင့် တစ်ဖန်ပြန်လည် မွေးဖွားလာသော လှံတစ်လက်ကို လက်တစ်ဖက်တွင် ကိုင်ဆောင်ထားရာ သူမက အလွန်ပင် ရဲရင့်ကာ လှပနေလေသည်။
"အာ လှလိုက်တာ"
"ငါတို့ရဲ့ သူတော်စင်မလေးထက်တောင် ပိုလှနေမလားပဲ အာ မဟုတ်ဘူး"
"လိုင်တနာ နတ်ဘုရားမက သူတော်စင်မလေးပြီးရင် ဒီလိုအလှတရားမျိုးကို နောက်တစ်ခါ ဖန်ဆင်းပေးလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ အာ သွန်သင်ချက်အသစ်တစ်ခု ပေါ်လာပြန်ပြီ"
အချစ်နတ်ဘုရား၏ ကောင်းချီးရရှိထားသော အလှတရားတစ်ခုကို မြင်လိုက်ရသဖြင့် သာသနာစောင့် သူရဲကောင်းများက မတူညီသော သို့သော်လည်း မလျော့နည်းသော အလှတရားတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား အလှအပ နတ်ဘုရားမ၏ ယုံကြည်သူများပီပီ မျက်လုံးများ အရောင်လက်သွားကြသော်လည်း လီအယ်ရာကတော့ သူတို့ကို တစ်ချက်လေးမျှပင် လှည့်မကြည့်ဘဲ သာသနာပိုင်ကိုသာ ကြည့်နေသည်။
"သူတို့ကို ကျွန်မတစ်ယောက်တည်း ရှင်းလင်းလို့ ရပါတယ် ရှင်က ဒီမှာ အကြီးဆုံး မဟုတ်လား အားလုံးကို အိပ်ခိုင်းလိုက်ပြီး ရှင်လည်း သွားအိပ်တော့ နိုးလာမှပဲ အဲ့ဒီကိစ္စတွေကို ဆက်တွေးတော့"
"ဒီလိုပြောမှတော့လည်း"
လီအယ်ရာ၏ စကားများက မှန်ကန်ကြောင်း သဘောပေါက်သွားသဖြင့် သာသနာပိုင်က မငြင်းဆန်တော့ပေ။ သူတို့က စစ်မြေပြင်ကို အလျင်အမြန် ရှင်းလင်းလိုက်ပြီး ဖမ်းဆီးရမိသူများကို ကြိုးတုပ်ကာ ညစောင့်တစ်ယောက်မှ မထားဘဲ အားလုံးကို အိပ်ခိုင်းလိုက်သည်။
"အဲ့ဒါဆို နောက်မှပဲ တွေ့ကြတာပေါ့ ပြီးတော့ သမီးယူနာလေးကို သေချာဂရုစိုက်ပေးပါဦးနော်"
ယခင် အသက်အရွယ်သို့ ပြန်လည်ရောက်ရှိသွားသော သာသနာပိုင်က အပြုံးလေးတစ်ခုဖြင့် ဘုရားကျောင်းရှိ အိပ်ဆောင်များဆီသို့ ဦးတည်သွားလေသည်။ ထိုအချိန်တွင် ကန်ဟာဂျင်ကတော့ မအိပ်သေးဘဲ ယူးအီဟန်နှင့် အခြားသူများ၏ ဘေးတွင် ကျန်ရစ်နေခဲ့သည်။
"ကိုကန်ဟာဂျင်လည်း တော်တော်လေး ပင်ပန်းနေပုံရတယ်"
"ကျွန်တော် ပြောစရာ စကားလေးတွေ နည်းနည်းကျန်သေးလို့ပါ"
ကန်ဟာဂျင်က အခြားသူများ မရှိတော့ကြောင်း ပတ်ဝန်းကျင်ကို သေချာလှည့်ကြည့်ပြီးနောက် ယူးအီဟန်ကို အရိုအသေပေးလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ အခုချိန်ထိ ကျွန်တော်တို့က အနှောင့်အယှက်တွေ အများကြီး ပေးခဲ့တာတောင် ကျွန်တော်တို့ကို ကယ်တင်ဖို့ အခြားကမ္ဘာတစ်ခုအထိ ခင်ဗျား ရောက်လာပေးခဲ့တယ်"
"အရင်ကလည်း ဒီလိုအခြေအနေမျိုး ဖြစ်ခဲ့ဖူးတယ်လို့ ထင်တာပဲ"
"ခင်ဗျားပြောမှပဲ တကယ်လည်း ဟုတ်နေတာပဲ"
ကန်ဟာဂျင်က ခေါင်းမော့ကာ ယူးအီဟန်နှင့် အပြုံးချင်း ဖလှယ်လိုက်သည်။ နာယူနာက ယူးအီဟန်၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေဆဲဖြစ်သည်ကို မြင်သောအခါ သူ၏ အပြုံးက ပိုမိုတောက်ပလာသည်။
"ယူနာလေးကို သေချာဂရုစိုက်ပေးပါဗျာ ကျွန်တော့်အနေနဲ့ကတော့ သူ့ရဲ့ အနာဂတ်ကို ခင်ဗျားလက်ထဲ အပ်ချင်တာ"
"အာ မဟုတ်ဘူး ကျွန်တော်က"
ယူးအီဟန်မှာ အနေရခက်သွားသောအခါ ကန်ဟာဂျင်က ခေါင်းလေးစောင်းကာ ကြည့်လိုက်သည်။ သို့သော် လီအယ်ရာက ယူးအီဟန်၏ ပခုံးကို တိတ်တဆိတ် မှီတွယ်လိုက်ပြီး ကန်ဟာဂျင်ကို လှမ်းကြည့်လိုက်သောအခါမှသာ ဘာတွေဖြစ်နေသည်ကို သူ သဘောပေါက်သွားပြီး မျက်နှာကြီး တင်းမာသွားလေတော့သည်။
"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်မှာလဲ အာ အဲ့လိုဆိုရင်တော့ ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့ဘူး"
"အခုချိန်မှာ သူ့ခန္ဓာကိုယ်ရော စိတ်ရော အားနည်းနေချိန်ဆိုတော့ သူ့ကို ပြောပြလို့ မရသေးပေမဲ့"
"ဟွန့်"
ယူးအီဟန်မှာ ချစ်သူရှိနေပြီတဲ့လား။ ထို့အပြင် သူမက ပထမဆုံးအကြိမ် မြင်ဖူးသော်လည်း နာယူနာနှင့် ယှဉ်လျှင် လုံးဝမလျော့ကျသော အလှပိုင်ရှင်တစ်ဦး ဖြစ်နေသည်။
ကန်ဟာဂျင်မှာ အတော်လေးကို အနေရခက်သွားသည်။ ယူးအီဟန်တွင် ချစ်သူရှိနေပြီဆိုသော အချက်ကြောင့်တော့ မဟုတ်ပေ။
"ဒီကောင်မလေး ယူနာက အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး"
သူမက သူမဆုံးဖြတ်ထားသည့်အတိုင်း ဖြစ်လာစေရန် အသေခံမည့် မိန်းကလေး မဟုတ်ပါလား။ နောက်ဆုံးအချိန်အထိ သူမ ဘယ်လောက်တောင် ခေါင်းမာခဲ့သလဲဆိုတာကို ပြန်တွေးကြည့်ရင်း ထိုကောက်ချက်ကို သူ သဘာဝကျကျပင် ချမှတ်လိုက်မိသည်။
ထို့အပြင် ယူးအီဟန် သတိထားမိမည် မဟုတ်သော်လည်း ယူးအီဟန်သည် နာယူနာ၏ ပထမဆုံး အချစ်ဦးဖြစ်သည်။ ဆိုလိုသည်မှာ အနာဂတ်တွင် သူမက ယူးအီဟန်အပေါ် မည်သို့ ပြုမူမည်ကို မသိနိုင်သေးပေ။
သေချာသည်ကတော့ နာယူနာတွင် ထိုသို့သော အခြမ်းတစ်ခု ရှိနေသည်ကို မသိသော ယူးအီဟန်က ကန်ဟာဂျင်၏ စိုးရိမ်မှုများကို ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
"နာယူနာ စိတ်နည်းနည်း တည်ငြိမ်သွားတဲ့အချိန်ကျမှ ကျွန်တော် ပြောပြဖို့ စဉ်းစားထားပါတယ်။ ဒီလောကကြီးမှာ ကျွန်တော့်ထက် ဆွဲဆောင်မှုရှိတဲ့ တခြားယောက်ျားတွေ အများကြီး ရှိနေဦးမှာပါ။ နာယူနာလည်း မကြာခင်မှာ သူမရဲ့ ချစ်သူအသစ်ကို ရှာတွေ့သွားမှာပါ"
"ဟွန့် သူက အခုထိ ကြိုးစားနေတုန်းဆိုရင်တော့ ငါက အသေနင်းချေပစ်မှာပဲ"
"သူ့ကို မသတ်လိုက်နဲ့နော် သိလား"
အစွမ်းထက်မြက်လှသော လီအယ်ရာပင် လက်ရှိအချိန်တွင် ယူးအီဟန်၏ ရင်ခွင်ထဲမှ နာယူနာကို အပြင်သို့ မပစ်ထုတ်နိုင်ပေ။ ယူးအီဟန်က ကံကောင်းသည်ဟု မှတ်ယူကာ သူမကို တကယ်ပွေ့ချီလိုက်သည်။ သူမကို သူ၏ ရင်ခွင်ထဲတွင် မဟုတ်ဘဲ သင့်လျော်သော နေရာတစ်ခုခုတွင် အိပ်စေရန် စဉ်းစားထားခြင်း ဖြစ်သည်။
"ကိုကန်ဟာဂျင်လည်း သွားအိပ်တော့လေ ညစောင့်တာကို ကျွန်တော်တို့ တာဝန်ယူလိုက်ပါ့မယ်"
"ကျွန်မကိုချည်းပဲ ပုံချသွားတာ မဟုတ်လား"
"သိပ်ထက်မြက်တာပဲ"
ကန်ဟာဂျင်က ပျံသန်းနိုင်သော ရဲတိုက်အကြောင်း မေးချင်သော်လည်း သူ၏ လက်ရှိအခြေအနေကို စဉ်းစားကာ မေးခွန်းကို မြိုချလိုက်ပြီး လှည့်ထွက်သွားလေသည်။ ယူးအီဟန်က သူ့ကို လိုက်ပို့ပြီးနောက် လီအယ်ရာနှင့်အတူ ပျံသန်းနိုင်သော ရဲတိုက်ဆီသို့ အရင်ပြန်လာခဲ့သည်။
"လှလိုက်တဲ့ အစ်မကြီး"
"ဗိုလ်ကြီး သားတို့ ဒီမှာ ဘာလုပ်နေကြတာလဲဟင်"
"သားတို့ အဲ့ဒီမှာ ထပ်ကစားလို့ ရမလားဟင်"
ဒီကလေးတွေက သုံးရက်ဆက်တိုက် ကစားထားပေမဲ့ စွမ်းအင်တွေ အပြည့်ရှိနေတုန်းပဲ။ ယူးအီဟန်က ခပ်ဟဟ ရယ်မောလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူတို့ မကြာခင် အလုပ်များလာတော့မည်။ နားချိန်မှာ ကောင်းကောင်းနားထားတာ အကောင်းဆုံးပဲလေ။
ဆူညံသံတွေကြောင့်လားတော့ မသိ နာယူနာက ယူးအီဟန်၏ ရင်ခွင်ထဲတွင် အိပ်မက်ယောင်ကာ ရေရွတ်လိုက်သည်။ သူမကို ကြည့်ရသည်မှာ သူ၏ ယောက်ျားပီသသော ဗီဇများကို နှိုးဆွနေသော်လည်း ဤသည်မှာ အထူးအဆန်း မဟုတ်သဖြင့် ယူးအီဟန်က သူမအတွက် အလွန်ခက်ခဲကြမ်းတမ်းသော ဘဝခရီးလမ်း ရှိနေသေးကြောင်း တွေးလိုက်မိသည်။
ဒီကမ္ဘာမှာ သူမကို လွတ်လွတ်လပ်လပ် တစ်ယောက်တည်း နေခွင့်ပြုနိုင်မယ့် ယောက်ျားမျိုးက ဘယ်လိုလူမျိုး ဖြစ်မလဲ။ ကပ်ဘေးကြီး မတိုင်ခင်က သူမ၏ မိသားစုတွင် နိုင်ငံရေးအာဏာ ရှိခဲ့သဖြင့် သူမက အတော်လေး ဘေးကင်းခဲ့သော်လည်း ယခုအချိန်မှစ၍ သူမ၏ ကိုယ်ပိုင်စွမ်းအားဖြင့်သာ တောင့်ခံရမည် ဖြစ်သည်။ ဤနေရာတွင် သူမ ကုန်ဆုံးခဲ့သော သုံးနှစ်တာကာလသည်လည်း သူမအတွက် အလွန်ပင် ခက်ခဲကြမ်းတမ်းခဲ့မည်မှာ သေချာသည်။ သူ့ကိုမြင်သည်နှင့် သူမ ငိုချလိုက်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
"ရှင် ရှင် အဲ့ဒီမိန်းမကို တကယ်သဘောကျနေတာလား ကျွန်မထက်တောင် ပိုပြီးတော့လား အဲ့ဒီ ပထမဆုံး အနမ်းကြောင့်လား"
"ငါက မဟုတ်ပါဘူးလို့ ဘယ်နှစ်ခါ ပြောရမလဲ"
"ဒါပေမဲ့ အဲ့ဒီမိန်းမက တခြားသူတွေထက် ပိုပြီး ထူးခြားနေတယ်ဆိုတာတော့ အမှန်ပဲ မဟုတ်လား"
"ငါ့အတွက် အထူးခြားဆုံးက မင်းပဲလေ"
ယူးအီဟန်က ဧည့်ခန်းတစ်ခန်းအတွင်းသို့ ဝင်သွားပြီး နာယူနာကို ကုတင်ပေါ်တွင် ချပေးလိုက်ကာ စောင်ခြုံပေးလိုက်သည်။ လီအယ်ရာက နာယူနာကို ဤနေရာတွင် လုပ်ကြံသတ်ဖြတ်ရမလားဟု တွေးနေချိန်တွင် ယူးအီဟန်က သူမကို ငြိမ်ကျသွားစေရန် နဖူးကို ခပ်ဖွဖွ လှမ်းခေါက်လိုက်သည်။
"အာ့"
"ငါ သွားတော့မယ် မစ်စတစ်နဲ့အတူ သေချာစောင့်နေခဲ့နော်"
"သွားမယ် ဘယ်ကိုလဲ"
ယူးအီဟန်က လီအယ်ရာ၏ မေးခွန်းကို ပခုံးတွန့်ပြလိုက်သည်။ သူမ ကြိုသိမနေဘူးလားဟု မေးလိုက်သည့်အလား။
"ဟို လီ ကတ်ထရီယာနာ ဘာညာ အင်ပါယာက ဖျက်ဆီးခြင်းနတ်ဆိုးတပ်မတော်နဲ့ ပူးပေါင်းနေတယ် မဟုတ်လား။ အဲ့ဒါဆို အင်ပါယာရဲ့ အဓိကတပ်စခန်းမှာ ဘာတွေရှိနေမယ်လို့ မင်းထင်လဲ"
"ဝက်ပုလွေတွေလား"
"အဲ့ဒါလည်း ဟုတ်ပေမဲ့ တခြားအရာတစ်ခုလည်း ရှိသေးတယ်လေ"
"နတ်ဆိုးတွေလား"
"နည်းနည်းလောက် အဆင့်မြှင့်ပြီး စဉ်းစားကြည့်ပါဦး"
"ရှင် အဆင့်မြင့်မြတ်သူတွေကို လုပ်ကြံဖို့ သွားမလို့တော့ မပြောနဲ့နော်"
ယူးအီဟန်က မငြင်းဆန်ခဲ့ပေ။ ဘဝမှာ အချိန်ကိုက်လုပ်ဆောင်ဖို့ဆိုတာ အရမ်းအရေးကြီးတယ်။ အခုချိန်မှာ အဆင့်မြင့်မြတ်သူတွေက သူ့ကို သတိမထားမိသေးဘူးဆိုတော့ သူတို့ကို သတ်ဖို့ အကောင်းဆုံးအချိန်ပဲလေ။
"ရှင် အဲ့ဒါက"
လီအယ်ရာက ထိုသို့တွေးတောခြင်းသည် မည်မျှမိုက်မဲကြောင်း တွေးမိလိုက်သော်လည်း တကယ်တမ်း စဉ်းစားကြည့်သောအခါ ယူးအီဟန် ကျရှုံးစရာ အကြောင်းမရှိကြောင်း သူမ သဘောပေါက်သွားသည်။
"ဟူး ဒါက ဖြစ်နိုင်ခြေ သိပ်မရှိပေမဲ့ ဆဋ္ဌမအဆင့် ရှိနေရင်တော့ ထွက်ပြေးခဲ့ရမယ်နော် ကြားလား"
"ဒါပေါ့"
"ဖေဖေ သားလည်း လိုက်လို့ရမလား"
တစ်ချိန်လုံး အေးအေးဆေးဆေး နားထောင်နေသော ယူးမီးရ်က ရုတ်တရက် မေးလိုက်သည်။ ယူးအီဟန်က တစ်ခဏမျှ စဉ်းစားလိုက်သော်လည်း ကြာရှည်မတွေးတော့ပေ။
"ရတယ် မီးရ်လည်း အတွေ့အကြုံယူရမယ့် အချိန်ရောက်ပြီပဲ"
"ကလေးကို အရက်သောက်ဖို့ သင်ပေးနေသလိုမျိုး လာမပြောနဲ့နော်"
"ရေး"
"သား မီးရ် သားလည်း ဝမ်းသာမနေနဲ့"
ယူးအီဟန်နှင့် ယူးမီးရ်တို့က လီအယ်ရာကို ဂရုမစိုက်ဘဲ ပျံသန်းနိုင်သော ရဲတိုက်မှ ပျော်ရွှင်စွာ ထွက်ခွာသွားကြသည်။ ယူးမီးရ်က နဂါးအဖြစ် ပြောင်းလဲလိုက်ပြီး ဖခင်ဖြစ်သူကို ကျောပေါ်တင်ကာ လျင်မြန်စွာ ပျံသန်းသွားလေသည်။ သူတို့နှစ်ဦး၏ အပြည့်အဝ ကျွမ်းကျင်ထားသော ကိုယ်ပျောက်ခြင်း စွမ်းရည်များက တစ်ခုနှင့်တစ်ခု ဟန်ချက်ညီစွာ ပေါင်းစပ်သွားပြီး လီအယ်ရာ ကြည့်နေရင်းပင် သူတို့၏ ပုံရိပ်များမှာ မှေးမှိန်ပျောက်ကွယ်သွားလေတော့သည်။
"ဟူး အဆိုးဆုံး တွဲဖက်နှစ်ယောက်ကတော့ အခု ပေါင်းစပ်သွားကြပြီ"
"ကျွန်မက သေချာစိုက်ကြည့်နေတာတောင် သူတို့က ဘယ်လိုလုပ်ပြီး ကိုယ်ပျောက်နိုင်ရတာလဲ"
လီအယ်ရာ သက်ပြင်းချနေပြီး မစ်စတစ် အံ့သြနေချိန်တွင် သားအဖနှစ်ယောက်က သူတို့၏ ခရီးပန်းတိုင်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြလေပြီ။
လက်ရှိအချိန်တွင် ဘရီယာတွင် ဖျက်ဆီးခြင်းနတ်ဆိုးတပ်မတော်မှ စစ်သား စုစုပေါင်း လေးယောက် ရှိနေသည်။
အပိုင်း ( ၂၂၃ ) ပြီးဆုံး။
***