နာယူနာက အလွန်ကြည်နူးဖွယ်ကောင်းသော စိတ်အခြေအနေဖြင့် နိုးထလာသည်။ သူမ၏ စိတ်နှင့် ခန္ဓာကိုယ်ကို ခြောက်လှန့်နေခဲ့သော ပင်ပန်းနွမ်းနယ်မှုများအားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ ယခုအခါတွင် သူမက အတော်လေး သက်သောင့်သက်သာ ဖြစ်နေသည်။
"ဟိုင်း ဘယ်လိုနေသေးလဲ"
ထို့နောက် ကုတင်ဘေးရှိ အမျိုးသမီးကို မြင်လိုက်ရသောအခါ သူမ၏ ကြည်နူးနေသော စိတ်အခြေအနေမှာ ချက်ချင်း ကျဆင်းသွားတော့သည်။
"သိပ်မကောင်းလှပါဘူး"
"နေလို့ မကောင်းသေးလို့လား"
"ဟင်း"
တစ်ချိန်က သူမ သိပ်ဂုဏ်ယူခဲ့ရသော အတောင်ပံနှစ်စုံမှာ အရိပ်အယောင်ပင် မတွေ့ရတော့ဘဲ ဆန်းကြယ်သော အလင်းရောင်များ ဖြာထွက်နေသည့် ပန်းရောင်ဖျော့ဖျော့ ဂါဝန်လေးကို ဝတ်ဆင်ထားသည်။
တစ်နေရာတည်းတွင် ရှိနေခြင်းကြောင့် ခံစားရသော လွှမ်းမိုးနိုင်သည့် ဖိအားများ ပျောက်ကွယ်သွားပြီး သူမသည် ကောင်းကင်တမန်တစ်ပါး မဟုတ်ဘဲ သာမန်လူသားတစ်ဦး ဖြစ်သွားသကဲ့သို့ ခံစားနေရသည်။ အာ မဟုတ်သေးဘူး။ သူမ ပိုင်ဆိုင်ထားသော စွမ်းအားနဲ့ အလှတရားကတော့ သေချာပေါက် သာမန်တော့ မဟုတ်ပါဘူး။
လီအယ်ရာသည် အဆင့်နိမ့်သူတစ်ဦး ဖြစ်သွားပြီဆိုသည်ကို နာယူနာ သဘောပေါက်သွားပြီး လက်ခံလိုက်သည်။
"အစ်မ ဒီမှာ တစ်ချိန်လုံး ရှိနေခဲ့တာလား"
"မဟုတ်ဘူး ငါ လမ်းမှာ ဝင်လာတဲ့ကောင်တွေကို နည်းနည်း ရှင်းနေရလို့"
"ကိုအီဟန်ရော"
"ဖျက်ဆီးခြင်းနတ်ဆိုးတပ်မတော်ကို သွားရိုက်နေတယ် သူ အဲ့ဒီကို သွားရင်းနဲ့ အင်ပါယာစစ်တပ်ကိုပါ တစ်ခါတည်း ရှင်းခဲ့လောက်မှာပါ"
ဒါကြောင့်မို့လို့ ယူးအီဟန် မဟုတ်ဘဲ လီအယ်ရာက သူမကို စောင့်ကြည့်နေတာကိုး။ နာယူနာက နောက်တစ်ကြိမ် မေးခွန်းထုတ်လိုက်သည်။
"သူက သမီးကို ကာကွယ်ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား"
"နင့်ကို မဟုတ်ဘူး သန့်စင်တဲ့နယ်မြေကို ပြောတာ"
"ကိုအီဟန်က ကုတင်ပေါ်မှာ ဘယ်လိုနေလဲ"
"သူက သိပ်ကြောက်စရာကောင်းသွားပြီး အရမ်းကို တက်ကြွနေတာ ပြီးတော့ အဲ့ဒီသာယာမှုက ပြောပြလို့တောင် မရ... အို"
လီအယ်ရာက သူမ၏ ပါးစပ်ကို အမြန်ပိတ်လိုက်သော်လည်း နာယူနာက သူမ လိုအပ်သော အချက်အလက်များကို ရရှိသွားခဲ့လေပြီ။ သူမက သက်ပြင်းချရင်း တီးတိုးရေရွတ်လိုက်သည်။
"အဲ့ဒါဆို အစ်မတို့နှစ်ယောက်က အဲ့ဒီလိုတွေတောင် ဖြစ်သွားကြပြီပေါ့ သမီး ကမ္ဘာမြေကနေ နှင်ထုတ်ခံရတုန်းက တစ်နည်းနည်းနဲ့တော့ ဒီလိုဖြစ်လာမယ်လို့ ထင်သားပဲ"
"နင်က တွေးတာ တော်တော်မြန်တာပဲ"
အရိပ်အမြွက်လေးတွေနဲ့တင် အမှန်တရားကို ချက်ချင်း အတည်ပြုနိုင်စွမ်းရှိသော နာယူနာ၏ စွမ်းရည်ကြောင့် လီအယ်ရာမှာ အံ့သြမှင်သက်သွားပြီး နေရာတွင်ပင် အရုပ်ကြိုးပြတ် လဲကျသွားသည်။ ထို့နောက် အဲ့ဒီအချိန်တုန်းက အကြောင်းကို ပြန်တွေးမိသွားပြီး နာယူနာကို လှမ်းအော်လိုက်သည်။
"အဲ့ဒါဆို နင်က အဲ့ဒါကို သိနေရက်နဲ့တောင် သူ့ရဲ့ ပထမဆုံး အနမ်းကို ယူသွားတာပေါ့လေ"
"အစ်မတို့ နှစ်ယောက်တည်းပဲ ကျန်နေခဲ့တာလေ ပြီးတော့ တစ်ယောက်ကို တစ်ယောက်လည်း သဘောကျနေတာဆိုတော့ သဘာဝကျကျပဲ ရှေ့ဆက်တိုးသွားကြမှာပေါ့ အဲ့ဒီလို ဖြစ်လာမှာကို သမီး တကယ် မလိုချင်ခဲ့ဘူး ပြီးတော့ သမီး သူ့ကို တံဆိပ်တောင် ရိုက်ထားခဲ့သေးတာကို ဟူး သမီးသာ ကမ္ဘာမြေကနေ နှင်ထုတ်မခံရရင် သမီး ဦးဆောင်နိုင်ခဲ့မှာ"
"န နင်"
နာယူနာကို ဖြူစင်ရိုးသားသော ကလေးမလေးဟု ထင်မှတ်ထားသော သူမ၏ အမြင်ကို ပြောင်းလဲပစ်ရန် လီအယ်ရာ ဆုံးဖြတ်လိုက်သည်။ ဒီကောင်မလေးက နတ်ဆိုးမလေးပဲ။ အမြီးများ ပါမလားဆိုပြီး စောင်ကိုတောင် လှန်ကြည့်ချင်စိတ် ပေါ်လာသည်။
"ငါက အခု အဆင့်နိမ့်သူ ဖြစ်နေပြီနော် နင် သတ္တိရှိရင် ငါ နင့်ကို ရိုက်လို့ရတယ်"
"ဟင့် သူများက ကိုယ့်ရဲ့ အချစ်ဦးကို အလုခံလိုက်ရတာကို အခု အဲ့ဒီအချစ်ဦးကို လုသွားတဲ့ မိန်းမက သူများကို ခြိမ်းခြောက်နေသေးတယ် ဝမ်းနည်းလွန်းလို့ တကယ် ငိုချင်လာပြီ"
နာယူနာ၏ မျက်ဝန်းများတွင် တကယ်ပင် မျက်ရည်များ ဝဲတက်လာသည်ကို မြင်လိုက်ရသောအခါ လီအယ်ရာ ငြိမ်ကျသွားသည်။ သို့သော် လီအယ်ရာက သူမကို ငဲ့ညှာနေကြောင်း နာယူနာ သိလိုက်သဖြင့် မျက်ရည်များကို သုတ်ကာ ရယ်မောလိုက်သည်။
"ရပါတယ် ကိုအီဟန်နဲ့ သမီးက ချစ်သူတွေမှ မဟုတ်တာ"
"ဒါပေမဲ့"
"ပြီးတော့ ဂိုးသမား ရှိနေလို့ ဂိုးမဝင်ဘူးဆိုတာမှ မရှိတာ"
"ဟဲ့"
လီအယ်ရာက သူမ၏ လှံကို တကယ်ထုတ်ရန် ပြင်လိုက်သောအခါ နာယူနာက အားရပါးရ ရယ်မောလိုက်သည်။
"နောက်တာပါ သမီးကလည်း သမီးကို မုန်းတဲ့သူတွေကို သဘောမကျပါဘူး တကယ်တော့ အဲ့ဒါက သမီးရဲ့ မာနကိုလည်း ထိခိုက်စေတယ်လေ ဒါကြောင့် အခုလောလောဆယ်တော့ သမီး ငြိမ်ငြိမ်လေးပဲ နေပါ့မယ်"
"ဘာလို့ နင်က အရာအားလုံးအတွက် အခွင့်အရေး ချန်ထားရတာလဲ"
"အခုကစပြီး သမီး လုပ်စရာလေး ရှိလို့ အစ်မ ခဏလောက် အပြင်ထွက်ပေးပါလား အစ်မနဲ့ ကိုအီဟန်တို့ ပြတ်သွားအောင် လိုင်တနာ နတ်ဘုရားမဆီ ဆုတောင်းမလို့"
"ကောင်းပြီ နင့်ကို ဒီနေရာမှာပဲ အခုချက်ချင်း သတ်ပစ်မယ်"
"မင်းတို့က သိပ်တည့်ကြတာပဲ"
ရန်ဖြစ်နေသော သူတို့နှစ်ဦးကို ကြည့်ကာ မစ်စတစ်က နှာခေါင်းရှုံ့လိုက်သည်။ သွေးထွက်သံယို မြင်ကွင်းမျိုး မြင်ရမည်ဟု သူမ ထင်ထားခဲ့သော်လည်း သူမ မျှော်လင့်ထားသည်ထက် အတော်လေး လျော့နည်းနေသည်ကိုး။
"ငါတို့က ဘယ်တော့မှ ပြတ်မှာမဟုတ်လို့ အိပ်မက်မက်မနေနဲ့"
"အင်း အစ်မက အဲ့ဒီလို ပြောကောင်းပြောနိုင်ပေမဲ့ ကိုအီဟန်ကတော့ မသိဘူးနော် သမီးက အစ်မထက် အများကြီး ပိုငယ်ပြီး ပိုလှတယ်လေ"
"နင်တော့ သေပြီသာမှတ်"
ကစားသဘောဖြင့် နောက်ပြောင်နေကြသော လီအယ်ရာနှင့် နာယူနာတို့၏ စိတ်ကိုသာ သူမ ဖတ်နိုင်မည်ဆိုလျှင် ထိုမျှလောက်အထိ တွေးနေမည် မဟုတ်သော်လည်း ကံမကောင်းစွာဖြင့် မစ်စတစ်က ထိုမျှလောက် ရင့်ကျက်မှု မရှိသေးပေ။
ထိုအချိန်လောက်တွင် ယူးအီဟန် ရောက်ရှိလာသည်။
"အိုး နာယူနာ နိုးနေပြီလား"
"ပြန်လာပြီလား"
"ကိုအီဟန်"
ယူးအီဟန် အခန်းထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသောအခါ နာယူနာ တစ်ယောက် နောက်တစ်ကြိမ် ငေးမောသွားပြန်သည်။
"ပင်ပန်းတာတွေ ပြေပျောက်သွားပုံရတယ် အလှအပ နတ်ဘုရားမရဲ့ ကောင်းချီးက တကယ်ပဲ အစွမ်းထက်တာကိုး"
"ဟုတ် ထင်တာပဲ"
သူ တကယ်ကို ခန့်ညားလာတာပဲ။ သူ့ကို သိပ်လွမ်းဆွတ်နေခဲ့လို့ သူမရဲ့ အမြင်အာရုံတွေများ ဝေဝါးနေတာလား ဒါမှမဟုတ် ယူးအီဟန်က တကယ်ပဲ ပိုခန့်ညားလာတာလားတော့ မသိဘူး ဒါပေမဲ့ သူ အခုချိန်မှာ တကယ်ကို ခန့်ညားနေတာပဲ။
"နာယူနာ ဘာဖြစ်လို့လဲ"
"အိ"
ယူးအီဟန်၏ မျက်နှာသွင်ပြင်ကို အသိလွတ်စွာ ငေးကြည့်နေသော နာယူနာကို လီအယ်ရာက တံတောင်ဖြင့် တွတ်လိုက်သောအခါမှသာ သူမ သတိပြန်ဝင်လာသည်။
"ဟင့် သူ့ကို ကြည့်တာတောင် အကြည့်မခံဘူးလား"
"အီဟန်ရဲ့ မျက်နှာ ပွန်းပဲ့သွားလိမ့်မယ်"
"မင်းနဲ့ မင်းရဲ့ ပေါက်ကရတွေ"
ယူးအီဟန်က အနားသို့ ချဉ်းကပ်လာပြီး လီအယ်ရာ၏ နဖူးကို ခပ်ဖွဖွ လှမ်းခေါက်လိုက်သည်။ ထိုအချိန်တွင် ယူးအီဟန်က သူ၏ အခြားလက်တစ်ဖက်ဖြင့် တစ်စုံတစ်ခုကို ဆွဲခေါ်လာကြောင်း နာယူနာ သတိထားမိသွားသည်။
"ကိုအီဟန် လက်ထဲက ဘာကြီးလဲ"
"အိုး လီ ကတ်ထရီယာနာ ဧကရာဇ်လေ"
ယူးအီဟန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေရင်း သူ၏ လက်မောင်းကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ၎င်း၏ ရင်ဘတ်တွင် ဧရာမ ဓားကြီးတစ်လက် စိုက်ဝင်နေပြီး ခြေထောက်နှစ်ဖက်စလုံး ကြေမွနေသည်။ ဆံပင်များနှင့် ဦးရေပြားများအားလုံး ဆွဲခွာခံထားရပြီး နှုတ်ခမ်းများမှ သွေးများ ယိုစီးနေသဖြင့် မှတ်မိရန် အတော်လေး ခက်ခဲနေသော်လည်း ၎င်း၏ ဗိုက်ရွှဲရွှဲကြီးကို ကြည့်ခြင်းအားဖြင့် ဧကရာဇ် ဖြစ်ကြောင်း သေချာပါသည်။
နေပါဦး။
"ဧ ဧကရာဇ်"
"ဟုတ်တယ်"
"..."
ရုတ်တရက် ရရှိလိုက်သော လက်ဆောင်ကြောင့် နာယူနာမှာ အပြောရခက်အောင် ဆွံ့အသွားသော်လည်း ယူးအီဟန်ကမူ ဘာမှမဟုတ်သလိုပင် ဆက်ပြောသည်။
"ကျွန်တော် သူ့ကို မသတ်ရသေးဘူး သေဆုံးသွားတဲ့ ပြည်သူတွေရဲ့ ဝိညာဉ်တွေကို နှစ်သိမ့်ပေးဖို့ နောက်ထပ် ယဇ်ကောင်တစ်ကောင် လိုအပ်တယ်လေ"
အယ်လ်ဖော့စ်မှ ပြည်သူများသည် အင်ပါယာနှင့် တိုက်ခိုက်နေစဉ်အတွင်း မရေမတွက်နိုင်သော မဟာမိတ်များကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ အရပ်သား အများစု ဆင်းရဲဒုက္ခ ရောက်ခဲ့ရပြီး များစွာသော လူများ သေဆုံးခဲ့ရသည်။ စစ်ပွဲက ဤသို့ အဆုံးသတ်သွားလျှင်ပင် သူတို့သည် ပြည်သူများ၏ နာကြည်းမှုများကို ဖြေဖျောက်ပေးနိုင်မည် မဟုတ်ပေ။ သူတို့၏ နာကြည်းမှုများကို ဖြေဖျောက်ပေးရန် ဧကရာဇ်၏ သွေးလောက်ဆိုလျှင် လုံလောက်ပေလိမ့်မည်။
"ဒါကြောင့် နာယူနာနဲ့ သာသနာပိုင်ဆိုတဲ့ တစ်ယောက်က ဒီကောင့်ကို ကြိုက်သလို လုပ်လို့ရပြီ"
ယူးအီဟန်က ပေါ့ပေါ့ပါးပါး ပြောနေသည်ကို မြင်လိုက်ရသဖြင့် နာယူနာ တစ်ယောက် နောက်တစ်ကြိမ် ဆွံ့အသွားပြန်သည်။ ကမ္ဘာတစ်ဝက်ကို အုပ်စိုးနေသော ဧကရာဇ်တစ်ပါးကို ဘာမှမဟုတ်သည့်အရာတစ်ခုလို ဆက်ဆံနေခြင်းက သူသည် အရာရာတိုင်းကို အဆင့်နိမ့်သူများ၏ အမြင်ထက် ကျော်လွန်ကာ မြင်တွေ့နေကြောင်း သူမကို ခံစားရစေသည်။
သို့သော်လည်း နာယူနာက ထိုအရာကိုပင် မိုက်သည်ဟု တွေးလိုက်မိသည်။ အင်း သူမရဲ့ အမြင်အာရုံတွေ တော်တော်လေး ဝေဝါးနေပုံရပါတယ်။
"ဧကရာဇ်က ဒီမှာဆိုရင် အင်ပါယာစစ်တပ်ကရော"
"သူတို့ကို ရှင်းလင်းပြီးပြီ"
ယူးအီဟန်က ပြန်ဖြေလိုက်သည်။ ရှင်းလင်းပြီးပြီ ဆိုသည့်စကား၏ အဓိပ္ပာယ်ကို ကြောက်ရွံ့သဖြင့် နာယူနာက အသေးစိတ်ကို ဆက်မမေးရဲတော့ပေ။ သေချာတာပေါ့ ယူးအီဟန်က အင်အား တစ်သန်းရှိတဲ့ တပ်မတော်ကြီးကို သုတ်သင်ရှင်းလင်းပစ်တာတော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား။ ဒါပေမဲ့ သူ့ရဲ့ လွှမ်းမိုးနိုင်တဲ့ အသွင်အပြင်ကို ပြန်တွေးကြည့်မယ်ဆိုရင်။
ထိုအချိန်တွင် ယူးအီဟန်က သူမ မျှော်လင့်မထားသော စကားတစ်ခွန်းကို ပြောလိုက်သည်။
"ကျွန်တော် သူတို့အားလုံးကို ကြိုးတုပ်ထားတယ် နောက်မှ သွားကြည့်လိုက်"
"ဘာ"
ယူးအီဟန်က နာယူနာ၊ လီအယ်ရာတို့နှင့်အတူ အိမ်တော်ထဲမှ ထွက်လာခဲ့သည်။ မြေပြင်ကို မြင်ရသော ပျံသန်းနိုင်သော ရဲတိုက်၏ အစွန်းတစ်နေရာတွင်တော့ အင်ပါယာစစ်တပ်မှ စစ်သားသန်းချီ ကြိုးတုပ်ခံထားရပြီး တန်းစီနေသည်ကို နာယူနာ တကယ်ပင် မြင်တွေ့လိုက်ရသည်။ သူတို့ကို စောင့်ကြည့်နေသူမှာ သေချာပေါက် နဂါးအသွင် ပြောင်းထားသော ယူးမီးရ်ပင် ဖြစ်သည်။
"ဝါး"
"ဒါက ဘရီယာမှာ သမိုင်းဝင် အခိုက်အတန့်တစ်ခု ဖြစ်လာတော့မယ်"
လူတစ်ယောက်တည်းက အခြားလူသန်းချီကို သူ့ရှေ့မှာ ဒူးထောက်ခိုင်းနိုင်သလား။ အဖြေကတော့ ရပါတယ် ဆိုတာပါပဲ။
ယူးအီဟန်က သူ၏ ကိုယ်ပျောက်ခြင်း စွမ်းရည်ကို ဖျက်သိမ်းကာ အင်ပါယာစစ်တပ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး ဧကရာဇ်ကို ရှာဖွေကာ သတိလစ်သွားသည်အထိ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ ထိုလုပ်ငန်းစဉ် တစ်ခုလုံးတွင် မည်သူကမျှ ယူးအီဟန်ကို မထိခိုက်နိုင်ခဲ့သလို မည်သူကမျှလည်း ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိခဲ့ပေ။
အင်ပါယာ၏ အင်အားအားလုံးကို ပေါင်းစပ်လိုက်လျှင်ပင် အရေးအကြီးဆုံးသော တည်ရှိမှုကို မကာကွယ်နိုင်ခဲ့ပေ။ ထိုသို့ဖြင့် အင်ပါယာက ယူးအီဟန်ကို ရှုံးနိမ့်သွားခဲ့လေသည်။
"အဲ့ဒီနောက်မှာတော့ သူတို့ မသေချင်ရင် ကျွန်တော်ပြောတဲ့အတိုင်း လုပ်လို့ ပြောလိုက်တယ် အခုတော့ ဒီမှာ ရောက်နေပြီပေါ့"
"ဧကရာဇ်က အဖမ်းခံရပြီး တပ်မတော်ကလည်း အကြောက်လွန်နေပြီဆိုတော့ စစ်ပွဲက ပြီးသွားပြီပေါ့"
"မှန်တာပေါ့"
ယူးအီဟန်က ဘာမှမဖြစ်ခဲ့သကဲ့သို့ သူမကို ထောက်ခံလိုက်သည်။ တိုက်ကြီး၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် စစ်ပွဲကြီးကို သူတစ်ယောက်တည်း အဆုံးသတ်ပေးခဲ့သော်လည်း သူ၏ အသံမှာ အမြဲတမ်းလိုပင် ငြိမ်းချမ်းနေသည်။ အင်း တကယ်တော့ သူ့အတွက် အဲ့ဒါက သိပ်ခက်ခဲတာမှ မဟုတ်တာ။
"ဖူး ဖူး"
အရာအားလုံးက အဓိပ္ပာယ်မရှိဘူးဟု တွေးမိကာ နာယူနာက ရယ်မောလိုက်သည်။ မြေပြင်ပေါ်က လူတွေက ဒါကိုမြင်ရင် ဘယ်လိုခံစားရမလဲ။ သာသနာပိုင်နဲ့ ကိုဟာဂျင်တို့ အခုအချိန်မှာ ဘယ်လိုမျက်နှာထားတွေ ဖြစ်နေမလဲ။ အဲ့ဒါကို တွေးကြည့်လိုက်ရင်တင် သိပ်ရယ်စရာကောင်းနေတယ်။ နာယူနာ ထိုသို့ဖြစ်နေသည်ကို မြင်သောအခါ ယူးအီဟန်က နားမလည်နိုင်စွာဖြင့် နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်သည်။
"နာယူနာအတွက် ကျွန်တော် လုပ်ပေးစရာ တစ်ခုခုများ ရှိသေးလား"
"အများကြီး ရှိတယ် ဒါပေမဲ့ အခုလောလောဆယ်တော့ ဒီလောက်နဲ့ပဲ သည်းခံလိုက်ပါ့မယ်"
"အများကြီး ရှိတယ်"
ယူးအီဟန် ထိတ်လန့်သွားသည်ကို မြင်သောအခါ နာယူနာ ထပ်မံရယ်မောလိုက်သည်။ လက်ရှိအချိန်တွင် လီအယ်ရာက သူမကို စူးရဲစွာ စိုက်ကြည့်နေသည်ကိုပင် သူမက သဘောကျနေသည်။
သူမ၏ လက်ရှိခံစားချက်များအားလုံးဖြင့် ယူးအီဟန်ကို အနမ်းတွေ ပေးပစ်လိုက်ချင်သော်လည်း လီအယ်ရာ ရှိနေသဖြင့် မဖြစ်နိုင်သောကြောင့် ကံမကောင်းစွာဖြင့် လက်လျှော့လိုက်ရသည်။ သူမကို အချိန်မရွေး တားဆီးရန် ပြင်ဆင်နေသော လီအယ်ရာ၏ လက်မောင်းကြွက်သားများ တုန်ခါနေသည်ကိုပင် သူမ မြင်နေရသည်။
"အချောင်နှိုက်မလို့လား" (နာယူနာ)
"ပါးစပ်ပိတ်ထား" (လီအယ်ရာ)
"ဟင်" (ယူးအီဟန်)
"လူသားတွေက တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ"
သူတို့နှစ်ဦးကြား ဖြစ်ပျက်သွားသော စကားဝိုင်းကို မသိသော ယူးအီဟန် တစ်ယောက်တည်းသာ ခေါင်းလေးစောင်းကာ ကျန်ရစ်နေခဲ့သည်။ ဘာတွေဖြစ်သွားလဲဆိုတာကို သဘောပေါက်သွားတဲ့ အိုရိုချီ တစ်ယောက်တည်းသာ သူ့ရဲ့ အထင်အမြင်ကို စာကြောင်းတိုလေး တစ်ကြောင်း ချန်ထားရစ်ခဲ့တယ်။
ထိုသို့ဖြင့် ဘရီယာ ကမ္ဘာတစ်ခုလုံး ပါဝင်ပတ်သက်နေသော စစ်ပွဲကြီး ပြီးဆုံးသွားခဲ့လေပြီ။ ဤစစ်ပွဲကို စတင်ခဲ့သော လီ ကတ်ထရီယာနာ နိုင်ငံ အနိုင်ရရှိသွားခြင်း မဟုတ်သလို အလှအပ နတ်ဘုရားမ လိုင်တနာ၏ ကာကွယ်မှုအောက်တွင် ရပ်တည်နေသော အယ်လ်ဖော့စ် နိုင်ငံ အနိုင်ရရှိသွားခြင်းလည်း မဟုတ်ဘဲ အမျိုးသမီးတစ်ဦးတည်းကို ကယ်တင်ရန် ကြားဖြတ်ဝင်ရောက်လာသော အထီးကျန်သမား တစ်ဦး၏ အောင်ပွဲဖြင့် အဆုံးသတ်သွားခဲ့ခြင်း ဖြစ်သည်။
ဧကရာဇ် အပါအဝင် အင်ပါယာ၏ ထိပ်ပိုင်းခေါင်းဆောင်များ အားလုံး ကွပ်မျက်ခံလိုက်ရသည်။ စစ်ပွဲဖြစ်ပွားရသည်အထိ နာယူနာကို ပိုင်ဆိုင်လိုခဲ့သော ဧကရာဇ်သည် သူမ၏ အရိပ်ကိုပင် မနင်းနိုင်ဘဲ သေဆုံးသွားခဲ့လေပြီ။
သန့်စင်သည့်နယ်မြေတွင် နာယူနာက အံ့ဖွယ်အရာတစ်ခုကို ပြသပြီးနောက် ပေါ်ထွက်လာသော ပျံသန်းနိုင်သော ရဲတိုက်နှင့် ယူးအီဟန်တို့ကို ဘုရားကျောင်း၏ ယုံကြည်သူများက လိုင်တနာ၏ စွမ်းအား သို့မဟုတ် ကိုယ်ပွားတော် သို့မဟုတ် အခြားသော သက်ဆိုင်ရာ အရာတစ်ခုခုအဖြစ် အသိအမှတ်ပြုလိုက်ကြသည်။ ရှုံးနိမ့်သွားသော အင်ပါယာစစ်တပ်အတွက်လည်း ချွင်းချက်မရှိခဲ့ဘဲ ယခုအခါ တိုက်ကြီးတစ်ခုလုံး သူမ၏ နာမည်အောက်တွင် စည်းလုံးသွားခဲ့လေပြီ။
လီ ကတ်ထရီယာနာ နိုင်ငံက ဒီအတိုင်းပင် ပြိုလဲသွားခဲ့သည်။ ယူးအီဟန်နှင့် ပျံသန်းနိုင်သော ရဲတိုက်၏ လုပ်ဆောင်ချက်များကြောင့် အင်ပါယာ၏ အဓိက အင်အားစုများကို ရှင်းလင်းဖယ်ရှားနိုင်ခဲ့သဖြင့် အယ်လ်ဖော့စ် အတွက် လီ ကတ်ထရီယာနာ ကို သိမ်းပိုက်ရန် သိပ်မခက်ခဲခဲ့ပေ။
ပြဿနာကတော့ စည်းလုံးသွားသော အင်ပါယာ၏ ထီးနန်းကို ဘယ်သူယူမလဲ ဆိုတာပါပဲ။
"သမီး မလိုချင်ပါဘူး"
"အခုချိန်မှာ ဒီကမ္ဘာပေါ်မှာ ဒီသရဖူကို ဆောင်းဖို့ သမီးတစ်ယောက်တည်းသာ ထိုက်တန်တာပါ ယူနာ"
"ဒါပေမဲ့ သမီးက အခု ကိုအီဟန်နဲ့အတူ ကမ္ဘာမြေကို ပြန်တော့မှာလေ"
"ကမ္ဘာကြီးရဲ့ အရှင်သခင် ဖြစ်လာမယ့် အခွင့်အရေးကိုတောင် လက်လွှတ်ခံပြီးတော့လား"
"ဟုတ်"
သာသနာပိုင် အပါအဝင် အယ်လ်ဖော့စ်၏ အဓိက ခေါင်းဆောင်များက သန့်စင်သည့်နယ်မြေတွင် အံ့ဖွယ်အရာကို ဖန်တီးခဲ့ပြီး ယူးအီဟန်ကို ဤနေရာသို့ ခေါ်ယူခဲ့သော နာယူနာ တစ်ဦးတည်းသာ ဧကရာဇ် ဖြစ်ရန် ထိုက်တန်ကြောင်း ဆုံးဖြတ်ခဲ့ကြသော်လည်း နာယူနာကတော့ ဘရီယာတွင် ထပ်နေရန် အစီအစဉ် မရှိတော့ပေ။
"ဒီနေရာက သမီးကို မလိုအပ်တော့ပေမဲ့ ကိုအီဟန်ကတော့ သမီးကို လိုအပ်တယ်လေ"
"မဟုတ်ဘူး အီဟန်ကလည်း နင့်ကို မလိုအပ်ဘူး"
"ဖူဖူ သူကတော့ အဲ့ဒီလို တွေးမယ်မထင်ဘူးနော်"
နာယူနာ ပြောသည်မှာ အမှန်ပင်ဖြစ်သည်။ ယူးအီဟန်က ထိုအချက်ကို မငြင်းဆန်နိုင်ပေ။
နာယူနာ၏ ကောင်းချီးမှာ အလွန်ပင် အစွမ်းထက်မြက်သည်။ အဆင့်နိမ့်သူ တစ်ဦး၏ အကန့်အသတ်များကို ကျော်လွန်နေပြီဖြစ်သော ယူးအီဟန်ကို ပိုမိုသန်မာလာစေနိုင်သည့် တစ်ဦးတည်းသော သူမှာ နာယူနာပင် ဖြစ်သည်။ အနာဂတ်တွင် မည်သူနှင့် တိုက်ခိုက်ရမည်ကို မသိသေးသော ယူးအီဟန် အနေဖြင့် သူမသာ ဧကရာဇ်အဖြစ် ကျန်ရစ်ခဲ့ရန် ဆုံးဖြတ်ခဲ့ပါက သူ့နောက်သို့ လိုက်ခဲ့ရန် တောင်းပန်ရမည်မှာ အမှန်ပင်ဖြစ်သည်။
"အီဟန် ရှင်က"
"ဒါပေမဲ့ ကျွန်တော် သူ့ကို မလိမ်နိုင်ဘူးလေ"
ယူးအီဟန်က လီအယ်ရာနှင့် သူ၏ နက်ရှိုင်းသော ပတ်သက်မှုကို နာယူနာအား ပြောပြပြီးဖြစ်သည်။ နာယူနာက ထိုအချက်ကို မအံ့သြဘဲ လက်ခံခဲ့သော်လည်း ထိုကိစ္စက ယူးအီဟန်၏ စိတ်ထဲတွင် စွဲထင်နေသဖြင့် သူ့နောက်သို့ လိုက်ခဲ့ရန် သူမအား မတောင်းဆိုရက်ခဲ့ပေ။ သို့သော် သူ ဘာမှမလုပ်ရသေးခင်မှာပင် သူ့နောက်သို့ လိုက်ပါမည့် သူမ၏ ဆန္ဒကို ထုတ်ဖော်ပြောဆိုလာသည်ကို မြင်ရသောအခါ ယူးအီဟန်မှာ ကျေးဇူးတင်ရုံသာ တတ်နိုင်ပေသည်။
"ဒါပေမဲ့ ငါတို့ ဘယ်လိုလုပ်ရမလဲ ဒီကမ္ဘာပေါ်မှာ လိုင်တနာ နတ်ဘုရားမကို ကိုယ်စားပြုနိုင်မယ့်သူ သမီးကလွဲပြီး ဘယ်သူရှိဦးမှာလဲ"
သာသနာပိုင်က သက်ပြင်းချရင်း ပြောလိုက်သည်။ နာယူနာက နှုတ်ခမ်းလေးစူကာ ပြန်ဖြေလိုက်သည်။
"သာသနာပိုင်ရှင်မ လုပ်လို့ရတာပဲ"
"ငါက အသက်အများကြီး ကြီးနေပြီလေ"
"အရင်တစ်ခေါက်ကတောင် ငယ်ရွယ်သွားသေးတာပဲ"
"အဲ့ဒါက အခုချိန်ထိ ငါစုဆောင်းထားတဲ့ မာနာစွမ်းအင်တွေ အကုန်ထုတ်သုံးလိုက်လို့ ခဏတာ ဖြစ်သွားတာလေ အဲ့ဒီပုံစံအတိုင်း ဆက်ထိန်းထားဖို့ဆိုရင် ငါက"
တစ်ချိန်လုံး နားထောင်နေသော ယူးအီဟန်က သိုလှောင်ရုံအတွင်း သိမ်းဆည်းထားသော မှော်ကျောက်တုံး တောင်ကြီးထဲမှ စတုတ္ထအဆင့် မှော်ကျောက်တုံး အချို့ကို ထုတ်ယူလိုက်ပြီး နေရာတွင်ပင် အဆင်တန်ဆာ ၅ ခုခန့် ဖန်တီးကာ သူမကို ပေးလိုက်သည်။
"ဒါတွေက ထီးနန်းဆက်ခံခြင်းအတွက် ကျွန်တော့်ရဲ့ ဂုဏ်ပြုလက်ဆောင်တွေပါ"
"ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ဒါက ဟင်"
၎င်းက မာနာစွမ်းအင်များကို ထောက်ပံ့ပေးရုံသာမက သူမ၏ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားနိုင်စွမ်းကိုပါ အမြဲတမ်း ပြန်လည်ကောင်းမွန်စေနိုင်သော အဖိုးတန် ရတနာတစ်ခုဖြစ်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ၎င်းကို ဝတ်ဆင်ထားရုံဖြင့် သူမ၏ သက်တမ်းကို မြှင့်တင်ပေးနိုင်ခြင်း ဖြစ်သည်။
"ငါ့ရဲ့ ခန္ဓာကိုယ်ဆဲလ်တွေက မိနစ်နဲ့အမျှ ပြန်လည်ကောင်းမွန်လာသလိုပဲ"
"မှန်ပါတယ် ခင်ဗျားရဲ့ အဆင့်က တော်တော်မြင့်နေပြီဆိုတော့ အနာဂတ်မှာ အဆင့်နည်းနည်း ထပ်တက်ရင်တောင် ပိုပြီး ငယ်ရွယ်လာဦးမှာပါ ခင်ဗျား နောက်ထပ် နှစ်ရာပေါင်းများစွာ အသက်ရှင်နိုင်လောက်မယ် ထင်တယ် အဲ့ဒီအချိန်တောအတွင်းမှာ အဆင့်မြင့်မြတ်သူ တစ်ပါးဖြစ်လာဖို့ စိန်ခေါ်ကြည့်ပါလား"
အဆင်တန်ဆာမှ လျှံကျလာသော မာနာစွမ်းအင်များကို သန့်စင်သော စွမ်းအားအဖြစ် ပြောင်းလဲကာ အသက်နှစ်ဆယ်ကျော်အရွယ် အသွင်အပြင်ကို ပြန်လည်ရရှိသွားသော သာသနာပိုင်က ယူးအီဟန်ကို သာမန်မဟုတ်သူ တစ်ဦးကို ကြည့်သကဲ့သို့ ကြည့်နေသော်လည်း ယူးအီဟန်ကမူ ထိုသို့သော အရာမျိုးကို အသားကျနေပြီဖြစ်ရာ ဘာမှမခံစားရပေ။
နာယူနာက ကျေနပ်စွာ ပြုံးလိုက်ပြီး လီအယ်ရာကလည်း ဤသည်မှာ အထူးအဆန်းမဟုတ်သကဲ့သို့ ခါးသက်သက် အပြုံးလေးတစ်ခု ပြုံးလိုက်သည်။
ထိုသို့ဖြင့် စည်းလုံးသွားသော အင်ပါယာ၏ ပထမဆုံး ဧကရာဇ်မ ပေါ်ထွက်လာခဲ့လေတော့သည်။
အပိုင်း ( ၂၂၆ ) ပြီးဆုံး။
***