စစ်ပွဲအပြီး ရှင်းလင်းရေးလုပ်ငန်းများနှင့် စည်းလုံးသွားသော အင်ပါယာသစ်အတွက် အုတ်မြစ်ချရန် အတိအကျ တစ်ပတ်တိတိ အချိန်ယူခဲ့ရသည်။ ပျံသန်းနိုင်သော ရဲတိုက်သည် ဘရီယာတွင် တစ်ပတ်တာ နေထိုင်ပြီးနောက် ကမ္ဘာမြေသို့ ပြန်လည်ထွက်ခွာတော့မည် ဖြစ်သည်။
"အခုကစပြီး သူတော်စင်မလေးကို လိုအပ်တဲ့သူတွေ ပိုများလာတော့မှာကို"
"အာ ဘာလို့ ထွက်သွားရတာလဲ ကောင်းကင်ဘုံကို ပြန်သွားတော့မလို့လား"
လိုင်တနာ၏ ယုံကြည်သူများအားလုံးသည် နာယူနာအား နတ်ဘုရားမ၏ ကိုယ်ပွားတော်ဖြစ်ကြောင်း တစ်စက္ကန့်လေးမျှပင် သံသယမဝင်ခဲ့ကြသလို သူမကိုလည်း မထွက်သွားစေချင်ကြပေ။ သို့သော် နာယူနာက နူးညံ့သောအပြုံးလေးဖြင့် သူတို့အားလုံးကို ငြင်းဆန်လိုက်သည်။
"ကျွန်မလို လှပတဲ့ မိန်းကလေးတစ်ယောက်က ဒီကမ္ဘာမှာ အကြာကြီး ဆက်နေမယ်ဆိုရင် ကိုယ်ချင်းစာတရား ကင်းမဲ့တဲ့ ဝက်ပုလွေတွေ ထပ်ပေါ်လာပြီး ကျွန်မကို ပစ်မှတ်ထားလာလိမ့်မယ် အဲ့ဒါကြောင့် ကျွန်မ ထွက်သွားတော့မယ်"
"နင့်ရဲ့ နှုတ်ဆက်စကားကလည်း ဘယ်လိုလုပ် အဲ့ဒီလောက်တောင် မာနကြီးနေရတာလဲ"
အရာအားလုံးက ကောင်းမွန်စွာ ပြီးဆုံးသွားခဲ့သော်လည်း ဤဖြစ်စဉ်အတွင်း လူပေါင်းမရေမတွက်နိုင်အောင် သေဆုံးခဲ့ရသည်။ ဤကမ္ဘာတွင် သူမသာ မရှိခဲ့လျှင် ကိစ္စရပ်များက ဤမျှလောက်အထိ ကြီးမားလာမည်မဟုတ်ကြောင်း နာယူနာ တွေးလိုက်မိသည်။ ဖျက်ဆီးခြင်းနတ်ဆိုးတပ်မတော်က ဤကမ္ဘာသို့ လက်လှမ်းလာရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ သူမကို ရယူရန်ပင် မဟုတ်ပါလား။
"သာသနာပိုင်ရှင်မ သမီးကို သွားခွင့်ပြုပါတော့နော် သမီး ကိုအီဟန်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေပါ့မယ်"
"အထင်လွဲစရာဖြစ်စေမယ့် စကားတွေ သုံးနေတာကို ရပ်လိုက်ပါတော့လား"
"ယူနာ"
စည်းလုံးသွားသော အင်ပါယာသစ် ပေါ်ထွက်လာခြင်းလား စစ်ပွဲကြီး အဆုံးသတ်သွားခြင်းလား။ သမိုင်းသစ်၏ အောက်ခြေတွင်တော့ တစ်နိုင်ငံလုံး အနှံ့ ပြန့်ကျဲနေသော ပြည်သူများ၏ အလောင်းများစွာ ရှိနေသည်။
တစ်ချိန်လုံး ပြုံးနေခဲ့သော်လည်း နာယူနာက ဝမ်းနည်းမှုကို မသိခြင်းတော့ မဟုတ်ပေ။ သူမက အခြားသူများ၏ စိတ်ကို အလွန်ကောင်းစွာ ဖတ်နိုင်လွန်းသဖြင့် လက်ရှိအချိန်တွင် အယ်လ်ဖော့စ်၌ ဆက်နေရန် မခံမရပ်နိုင်အောင် ဖြစ်နေသည်။ ယူးအီဟန်သာ သူမနှင့်အတူ မရှိခဲ့လျှင် သူမသည် လွန်ခဲ့သော အချိန်များစွာကတည်းက လဲကျသွားခဲ့မည်မှာ သေချာသည်။
သာသနာပိုင်ကလည်း သူမကို ဆက်နေရန် ဆွဲဆောင်နိုင်မည် မဟုတ်ကြောင်း သိနေသည်။
"နောက်မှ အလည်လာဦးမယ် မဟုတ်လား"
"ဒါပေါ့"
သာသနာပိုင်နှင့် နာယူနာတို့က တစ်ဦးကိုတစ်ဦး ဖက်ကာ ပါးချင်းကပ်လျက် အနမ်းပေးလိုက်ကြသည်။ ထိုအချိန်တွင် နာယူနာက တစ်ခုခုကို သတိရသွားသည့်အလား သူမ၏ ခေါင်းပေါ်ရှိ သရဖူကို ချွတ်ကာ သာသနာပိုင်ထံသို့ ကမ်းပေးလိုက်သည်။
"ဒါကို ပြန်ပေးခဲ့မယ် သာသနာပိုင်ရှင်မ သမီးက ဒါကို ပိုင်ဆိုင်ဖို့ အရည်အချင်း မပြည့်မီပါဘူး ပြီးတော့ ဒီသရဖူက သန့်စင်တဲ့နယ်မြေ အတွင်းမှာပဲ အသုံးဝင်တာလေ"
"မဟုတ်တာကွယ် ငါက သရဖူရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်မသုံးနိုင်ပါဘူး သမီးပဲ ယူသွားပါ ဒီသရဖူက သမီးအတွက်ပါ"
"ဒါပေမဲ့ သမီးက ဒါကို ယူသွားဖို့ဆိုတာ"
"တကယ်လို့ လက်တွေ့ကျကျ အသုံးချနိုင်ဖို့ဆိုရင်ပေါ့"
သာသနာပိုင်နှင့် နာယူနာတို့ သရဖူကို အပြန်အလှန် ပေးနေကြစဉ် ယူးအီဟန်က တောက်ပသော အပြုံးတစ်ခုဖြင့် ကြားဖြတ်ဝင်ရောက်လာသည်။
"သန့်စင်တဲ့နယ်မြေထဲက အမြင့်ဆုံးအဆင့် သန့်စင်တဲ့ ကျောက်မျက်တချို့ ယူသွားလို့ရမလား တကယ်တော့ မရဘူး ကျွန်တော် ယူသွားမှာပဲ ဒီစစ်ပွဲကို ကျွန်တော် နိုင်အောင် တိုက်ပေးခဲ့တာဆိုတော့ အဲ့ဒီလောက်တော့ ပေးသင့်ပါတယ်"
"ဝါး"
"အတင်းအကျပ် လုပ်နေတဲ့ အီဟန်ကလည်း သိပ်ကြည့်ကောင်းတာပဲ"
နာယူနာက အံ့သြနေပြီး လီအယ်ရာက အချစ်စိတ်များဖြင့် ငေးမောနေချိန်တွင် သာသနာပိုင်ကမူ ယူးအီဟန်၏ ရည်ရွယ်ချက်ကို နားမလည်နိုင်စွာဖြင့် ခေါင်းလေးစောင်းကာ ကြည့်လိုက်သည်။
"အင်း မင်းတောင်းဆိုသမျှကို ငါတို့က လက်ခံရုံပဲ ရှိတာပေါ့ ဒါပေမဲ့ မင်းက သန့်စင်တဲ့ ကျောက်မျက်တွေကို မကောင်းတဲ့ ရည်ရွယ်ချက်တွေအတွက် သုံးမယ်ဆိုရင် ငါတို့ရဲ့ နတ်ဘုရားမကို ညစ်ညမ်းစေမှာမို့လို့ အဲ့ဒီလိုဆိုရင်တော့ ငါ လက်မခံနိုင်ဘူး သန့်စင်တဲ့ ကျောက်မျက်တွေကို ဘာအတွက်လိုချင်တာလဲဆိုတာ မေးလို့ရမလား"
ဒီလောက်အထိ စကားပြောနေတာတောင် ဘာလို့များ သဘောမပေါက်သေးတာလဲဟု မေးလိုက်သည့်အလား ယူးအီဟန်က ပြန်ဖြေလိုက်သည်။
"ပျံသန်းနိုင်တဲ့ ရဲတိုက်ပေါ်မှာ သန့်စင်တဲ့နယ်မြေ တစ်ခု ဖန်တီးမလို့လေ အဲ့ဒီလိုဆိုရင် နာယူနာလည်း အဲ့ဒီသရဖူရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်သုံးလို့ ရသွားပြီပေါ့"
"သန့်စင်တဲ့နယ်မြေ ဟုတ်လား"
"ဟုတ်ပါတယ်"
ပြန်တွေးကြည့်တော့ ယူးအီဟန်သည် ဤနယ်မြေတွင် ဘုရားကျောင်းသစ်ကို တည်ဆောက်ပေးခဲ့သူပင်။ သာသနာပိုင်က အကြောင်းအရာများစွာကို ပြန်လည်ချေပချင်သော်လည်း မပြောရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သာသနာစောင့် သူရဲကောင်းများနှင့် ဘုန်းတော်ကြီးများကို အမြင့်ဆုံးအဆင့် သန့်စင်သော ကျောက်မျက်များအားလုံးထဲမှ တစ်ခုသာ ချန်ထားခဲ့ပြီး ကျန်သည်များကို သူ့အား ပေးအပ်ရန် အမိန့်ပေးလိုက်သည်။
"ဝါး အားလုံးပေါင်း ၁၇ ကီလိုဂရမ်လောက်ရှိတဲ့ သန့်စင်တဲ့ ကျောက်မျက်တွေ သာသနာပိုင်ရှင်မ တကယ်ပဲ အဆင်ပြေရဲ့လားဟင်"
"အဆင်ပြေပါတယ်ကွယ် အခုလောလောဆယ်တော့ ဒါတွေကို ငါတို့ လိုအပ်မှာမှ မဟုတ်တာ ပြီးတော့ ငါတို့ထက် သူက ဒီကျောက်မျက်တွေကို ပိုလိုအပ်နေပုံရတယ်လေ"
ယူးအီဟန် လုပ်ဆောင်ပေးခဲ့သမျှ အရာအားလုံးနှင့် နှိုင်းယှဉ်လျှင် ၎င်းက အလွန်နည်းပါးလွန်းသော်လည်း ဤသည်မှာ ဘုရားကျောင်းအနေဖြင့် အတတ်နိုင်ဆုံး ပေးစွမ်းနိုင်ခြင်း ဖြစ်သည်။ သာသနာပိုင်က ပမာဏနည်းပါးသဖြင့် ယူးအီဟန် ဒေါသထွက်သွားမည်ကို စိုးရိမ်နေသော်လည်း ယူးအီဟန်ကတော့ လက်ခံရယူပြီးနောက် ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဒီလောက်ဆို လုံလောက်လောက်ပါတယ်"
"ဘယ်လိုလုပ်ပြီး သန့်စင်တဲ့နယ်မြေကို အာ ဘာမှမဟုတ်ပါဘူး"
သာသနာပိုင်က သူမ၏ မေးခွန်းကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်လိုက်သည်။ ယူးအီဟန်က သူမကို ပြုံးပြရုံသာ ပြုံးပြလိုက်သည်။ ၎င်းက သူမကို အလွန်ပင်ပန်းသွားစေသော ခန့်ညားလှသည့် အပြုံးတစ်ခုပင် ဖြစ်သည်။
"သူတော်စင်မလေး"
"သူတော်စင်မလေး ပျော်ရွှင်ပါစေ"
"အာ သူတော်စင်မလေးက သူရှိသင့်တဲ့နေရာကို နောက်ဆုံးတော့ ပြန်သွားပြီပေါ့ နတ်ဘုရားတစ်ပါးရဲ့ ထီးနန်းကို ဆက်ခံတော့မှာ သေချာတယ်"
"ငါတို့ကို ထာဝရ ကြီးပွားတိုးတက်မှုနဲ့ ဂုဏ်ကျက်သရေတွေ ချီးမြှင့်ပေးသနားတော်မူပါ"
အယ်လ်ဖော့စ် အင်ပါယာသစ်မှ ပြည်သူများ ကြည့်ရှုနေစဉ်အတွင်း ယူးအီဟန်သည် ယူးမီးရ်၊ လီအယ်ရာ၊ နာယူနာ၊ ကန်ဟာဂျင်တို့နှင့်အတူ ပျံသန်းနိုင်သော ရဲတိုက်ပေါ်သို့ တက်ရောက်သွားလေသည်။
လိုင်တနာ၏ ယုံကြည်သူများက နာယူနာသည် တကယ်ပင် နတ်ဘုရားတစ်ပါးအဖြစ်သို့ ပြောင်းလဲသွားတော့မည့်အလား ပြုမူနေကြသည်။ သူမမှလွဲ၍ ကျန်လေးဦးမှာ အစောင့်အရှောက် ကောင်းကင်တမန်များကဲ့သို့ ဆက်ဆံခံနေရသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ကန်ဟာဂျင်က ခါးသက်သက် အပြုံးတစ်ခု ပြုံးလိုက်သည်။
"ကျွန်တော်လည်း သူနဲ့အတူတူ ဘရီယာမှာ အချိန်တွေ ကုန်ဆုံးခဲ့ရတာပဲ ဒါပေမဲ့ ဒီမြင်ကွင်းကို ကြည့်ရတာ ကျွန်တော်မရှိလည်း ဘာမှပြောင်းလဲသွားမယ့်ပုံ မပေါ်ဘူး"
"နောင်တရနေရင် ဒီမှာပဲ နေခဲ့မလား တကယ်တော့ ကိုကန်ဟာဂျင်က ဒီမှာရှိနေလည်း သိပ်တော့ အထောက်အကူ ဖြစ်လာမှာ မဟုတ်ဘူးလေ"
"ကိုယူးအီဟန် ခင်ဗျား နည်းနည်းလောက် ပွင့်လင်းလွန်းနေတယ်လို့ မထင်ဘူးလား"
တတိယအဆင့်များထဲတွင် အတော်လေး ထူးချွန်သူတစ်ဦးအဖြစ် သူ့ကိုယ်သူ သတ်မှတ်ထားသော ကန်ဟာဂျင်က အသံကျယ်ကျယ်ဖြင့် ပြန်လည်ချေပလိုက်သော်လည်း ယူးအီဟန်အတွက်မူ တိုက်ခိုက်ရေးအင်အား ဆိုသည်မှာ စတုတ္ထအဆင့် ရန်သူများကို အလွယ်တကူ ရင်ဆိုင်နိုင်သူကိုသာ ဆိုလိုခြင်းဖြစ်သည်။
ကံမကောင်းစွာဖြင့် ယူးအီဟန်၏ စံနှုန်းများအရ ကန်ဟာဂျင်မှာ မွေးရာပါ ပါရမီ၊ စွမ်းရည်ကျွမ်းကျင်မှုနှင့် အဆင့်များပင် လိုအပ်နေသေးသည်။ သိပ်ရက်စက်ရာကျမည်စိုးသဖြင့် ယူးအီဟန်က အသံထွက်၍ မပြောခဲ့သော်လည်း နာယူနာက နောက်ဆုံးအချီကို ဝင်ရောက်တိုက်ခိုက်ပေးလိုက်သည်။
"ဒါပေမဲ့ ကိုဟာဂျင်က သမီးကို ကာကွယ်ပေးဖို့ အခုချိန်ထိ အစွမ်းကုန် ကြိုးစားပေးခဲ့တာပဲ သူ တကယ်တမ်း သိပ်အများကြီး မလုပ်ပေးနိုင်ခဲ့ဘူး ဆိုရင်တောင်မှပေါ့"
"ညီမလေးက ပိုဆိုးတယ်"
ကန်ဟာဂျင်က နာယူနာကို လှမ်းအော်လိုက်ပြီး ငါသာ သူ့လောက် သန်မာခဲ့ရင် နာယူနာနဲ့ ငါ့ရဲ့ ပတ်သက်မှုက ဘယ်လိုဖြစ်နေမလဲ ဟု တစ်ခဏမျှ တွေးလိုက်သော်လည်း ထိုသို့တွေးနေခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း သဘောပေါက်သွားသဖြင့် ရယ်မောလိုက်သည်။
ဒီအရွယ်ရောက်နေတာတောင် သူက ယှဉ်ပြိုင်ချင်စိတ်ကို လက်မလွှတ်နိုင်သေးဘူးလား။ အဲ့ဒါမှ မဟုတ်ရင် နာယူနာအပေါ်မှာ အချည်းနှီးဖြစ်မယ့် ခံစားချက်တချို့ ရှိနေသေးတာလား။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုယ်သူတော့ အတော်လေး ရွံရှာသွားမိသည်။
သို့သော် နာယူနာကမူ ပျံသန်းနိုင်သော ရဲတိုက် အမြင့်သို့ တက်သွားသည်နှင့်အမျှ အပြင်ဘက်ရှိ မြင်ကွင်းများကိုသာ စိတ်ဝင်တစား ငေးကြည့်နေသည်။ ဘေးဘက်တွင် နဂါးတပ်မတော်ကို ထိန်းကျောင်းနေသော ယူးအီဟန်က သူမကို ငြိမ်ကျသွားစေရန် စကားဆိုလိုက်သည်။
"အာကာသကူးပြောင်းခြင်း စွမ်းရည် သက်ဝင်နေပြီ ခဏလေး စောင့်ပါ မကြာခင် ကမ္ဘာမြေကို ရောက်တော့မယ်"
"ကမ္ဘာမြေကို ရောက်ရင် ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ နေပါဦး ကမ္ဘာမြေမှာ ဘာတွေဖြစ်နေပြီလဲ"
"အခုလောက်ဆိုရင် ကမ္ဘာမြေပေါ်မှာ သွေးနှာရူး နတ်ဆိုးကြီးတွေ ပေါ်လာပြီး အသက်ရှင်သန်ဖို့ ရုန်းကန်နေရလောက်ပြီ ပထမဆုံးအနေနဲ့ ပျံသန်းနိုင်တဲ့ ရဲတိုက်က သူတို့အားလုံးကို အသာလေး နင်းခြေနေတုန်း နောက်ထပ် သွားရမယ့် ကမ္ဘာကို ရှာကြမယ် အဆင်ပြေမယ်ဆိုရင် အဲ့ဒီအချိန်မှာ သန့်စင်တဲ့နယ်မြေကိုပါ တစ်ခါတည်း တည်ဆောက်ချင်တယ်"
"..."
အခြားကမ္ဘာများမှ လူသားများ အသက်ရှင်သန်ရန် ရုန်းကန်ရခြင်း၏ အဓိက အကြောင်းရင်းဖြစ်သော နတ်ဆိုးများ၏ ခြိမ်းခြောက်မှုကို ကမ္ဘာမြေပေါ်တွင်မူ အတွေ့အကြုံ ရယူရန် အရင်းအမြစ်တစ်ခုအဖြစ်သာ သတ်မှတ်ထားခြင်း ခံနေရသည်။ ထို့အပြင် ဤနတ်ဆိုးများအားလုံးမှာ အဆင့် ၂၅၀ အထက်ရှိသော ကြောက်မက်ဖွယ် သတ္တဝါကြီးများ ဖြစ်ကြသည်။
"အဲ့ဒီနတ်ဆိုးတွေထဲက တစ်ကောင်တည်းဆိုရင်တောင် သန့်စင်တဲ့နယ်မြေကို ကြီးမားတဲ့ အန္တရာယ်ထဲ ကျရောက်သွားစေနိုင်တာကို"
"ကမ္ဘာမြေက နတ်ဆိုးတွေနဲ့ ယှဉ်ရင် သူတို့က အားနည်းပါတယ် ပထမအချက်က ကမ္ဘာမြေက နတ်ဆိုးတွေက စိတ်ပိုင်းဆိုင်ရာကိုပါ တိုက်ခိုက်နိုင်တယ်လေ"
"စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေက ရှင်တစ်ယောက်တည်း အပေါ်မှာပဲ အကျုံးဝင်တာလေ"
ယူးအီဟန်ကို ဘာပြန်ပြောရမှန်းမသိဘဲ နာယူနာ အကျပ်ရိုက်နေစဉ်မှာပင် အာကာသကူးပြောင်းခြင်း စွမ်းရည် အပြည့်အဝ သက်ဝင်သွားလေပြီ။ ယူးအီဟန်က အချက်ပြလိုက်သောအခါ နာယူနာနှင့် ကန်ဟာဂျင်တို့က တစ်ခုခု ပြောင်းလဲသွားသလားဟု ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း ဘာမှမတွေ့ရပေ။ လီအယ်ရာက သူတို့ကို ကြည့်ကာ ရယ်မောလိုက်သည်။
"နင်တို့က အီဟန်ရဲ့ စကားကို တကယ်မယုံဘူးပဲ"
"ဟင့် အစ်မက အာကာသကူးပြောင်းခြင်း စွမ်းရည်အကြောင်း ဘာမှမပြောပြခဲ့ဘဲနဲ့ အင်"
"အိ"
နာယူနာ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ယူးအီဟန်က နေရာတွင်ပင် ခုန်လိုက်သည်။ ပျံသန်းနိုင်သော ရဲတိုက်၊ လီအယ်ရာ၊ နာယူနာ၊ ကန်ဟာဂျင်နှင့် တပ်ဖွဲ့ဝင် ကလေးများ၊ ထို့အပြင် တပ်ဖွဲ့ဝင် မဟုတ်သော်လည်း စွမ်းရည်အောက်တွင် အကျုံးဝင်နေသော ကျန်ရှိသည့် ကလေးများအားလုံး မျက်လုံးများကို တစ်ချက်မှိတ်လိုက်ပြီးနောက် ပြန်ဖွင့်ကြည့်လိုက်သောအခါ။
သူတို့ ကမ္ဘာမြေပေါ်သို့ ပြန်လည်ရောက်ရှိနေလေပြီ။
"ဟင် တကယ်ကြီး ကမ္ဘာမြေပဲ"
"အို ဘုရားရေ အရာအားလုံး ပြိုကျပျက်စီးနေပေမဲ့ တကယ်ကြီး ကမ္ဘာမြေက ကိုရီးယားပဲ"
ပတ်ဝန်းကျင်ရှိ မာနာစွမ်းအင်များ ပြောင်းလဲသွားမှုနှင့် အများစု ပျက်စီးနေပြီဖြစ်သော်လည်း ယဉ်ကျေးမှု အငွေ့အသက်များက နာယူနာနှင့် ကန်ဟာဂျင်တို့ကို အပြောရခက်အောင် ဆွံ့အသွားစေသည်။ ယူးအီဟန်၏ လှုပ်ရှားမှု တစ်ချက်တည်းဖြင့် ကမ္ဘာများကို ကူးပြောင်းသွားခဲ့လေပြီ။ သူတို့၏ မျက်လုံးများဖြင့် အသေအချာ ကြည့်နေရသည့်တိုင် မယုံကြည်နိုင်အောင်ပင်။
"ဝုန်း"
"သူ သူရောက်လာပြီ သူ့ဆီမှာ လူတွေ ပိုများလာတယ်"
"သတ် သတ် သတ် သတ်ပစ်"
သူတို့အဖွဲ့က ဆူညံနေသည့်အပြင် ယူးအီဟန်ကလည်း ပျံသန်းနိုင်သော ရဲတိုက်ပေါ်တွင် ကိုယ်ပျောက်ခြင်း စွမ်းရည်ကို အသက်သွင်းရန် မကြိုးစားသဖြင့် အရပ်မျက်နှာ အသီးသီးမှ နတ်ဆိုးများ ရောက်ရှိလာကြသည်။ သေချာသည်ကတော့ ယူးအီဟန် ကမ္ဘာမြေမှ ထွက်ခွာသွားသည်မှာ တစ်ပတ်သာ ကြာသေးသဖြင့် အများအပြား စုရုံးရောက်ရှိမလာသေးသော်လည်း မြင်တွေ့နေရသမျှ နတ်ဆိုးများအားလုံးမှာ အဆင့် ၂၀၀ အထက်ရှိသော စတုတ္ထအဆင့် နတ်ဆိုးများချည်း ဖြစ်သည်။
သို့သော် ယူးအီဟန်က ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများကို တစ်ချက်ကြည့်ကာ ရယ်မောလိုက်ပြီး မစ်စတစ်ကို လှမ်းခေါ်လိုက်သည်။
"မစ်စတစ်"
"သခင် ကျွန်မအပေါ် လုပ်ခဲ့သမျှ အရာအားလုံးအတွက် သခင် ပြန်ပေးဆပ်ရမယ့် နေ့တစ်နေ့ ရောက်လာမှာပါ"
"အေးပါ အေးပါ အဲ့ဒီအချိန်ကျရင် ငါ ပြန်ပေးဆပ်ပါ့မယ် အခုတော့ သူတို့ကို သွားရှင်းလိုက်ပါဦး"
"အီး သခင့်ကို အရမ်းမုန်းတယ်"
မစ်စတစ်က ညည်းညူနေရင်းပင် မျက်လုံးတစ်ရာကို အသုံးပြုကာ ရန်သူများကို စတင်တိုက်ခိုက်တော့သည်။ ထိုအချိန်တွင် ယူးအီဟန်က စွမ်းအင်တန်းများကြောင့် ပြန့်ကျဲသွားသော နတ်ဆိုး တစ်ကောင်ချင်းစီကို သေချာကြည့်ရှုစစ်ဆေးပြီးနောက် သက်ပြင်းချလိုက်သည်။
"ဟင်း သူတို့ တကယ်ပဲ ပေါ်မလာတော့ဘူးလား"
"ရှင် အဲ့ဒါကို တွေးနေတာလား သူတို့ရဲ့ မူလအရင်းအမြစ်ကို ရှင် သတ်ပစ်လိုက်ပြီပဲ ဒါမျိုး ဘယ်လိုလုပ် ဖြစ်နိုင်တော့မှာလဲ အစကတည်းက ကမ္ဘာမြေက အဲ့ဒီလို နတ်ဆိုးမျိုးတွေကို သဘာဝအလျောက် ဖန်တီးပေးတာက ရူးသွပ်လွန်းနေတာကို"
"ဒါပေမဲ့ သူတို့ဆီက ကောင်းမွန်တဲ့ ပစ္စည်းတွေ ရတာကို"
"ရှင် အခု စိတ်ပျက်နေတာလား"
ယူးအီဟန်က အားမလိုအားမရဖြင့် နှုတ်ခမ်းကို သပ်လိုက်ပြီး လီအယ်ရာက သူ့ကို သာမန်မဟုတ်သူ တစ်ဦးကို ကြည့်သကဲ့သို့ ကြည့်နေသည်။ နာယူနာက သူတို့ ဘာအကြောင်းပြောနေသလဲဟု တွေးတောလိုက်ပြီးနောက် ပဉ္စမအဆင့် နတ်ဆိုးများအကြောင်း ဖြစ်ကြောင်း သဘောပေါက်သွားသည်။
"ကမ္ဘာမြေပေါ်မှာ အဆင့်မြင့်မြတ်သူ တစ်ပါး ပေါ်လာလို့လား"
"ရှင်းပြရတာ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပေမဲ့ အင်း ပေါ်လာတယ်"
"အဲ့ဒီလောက်တောင် ပြောပြီးမှတော့ ရှင်းပြလိုက်ပါတော့လား ဒီလောက် သမိုင်းကြောင်း တိုတောင်းတဲ့ ကမ္ဘာမြေပေါ်မှာ ဘယ်လိုလုပ်ပြီး အဆင့်မြင့်မြတ်သူ တစ်ပါး ပေါ်လာနိုင်ရတာလဲ"
သေချာသည်ကတော့ ယူးအီဟန်က မရှင်းပြခဲ့ပေ။ ကမ္ဘာမြေပေါ်ရှိ ပြီးခဲ့သော သုံးနှစ်တာကာလအကြောင်း ပြောပြရမည်ဆိုလျှင် မေ့လျော့ခံ အနှစ်တစ်ထောင်အကြောင်းကိုပါ ပြောပြရမည် ဖြစ်သည်။ အရာအားလုံးကို ပြောပြပြီးနောက် နာယူနာ၏ တုံ့ပြန်မှုကို စိုးရိမ်သဖြင့် သူ မပြောပြနိုင်ခဲ့ပေ။ ယူးအီဟန်က သူ့နည်းသူ့ဟန်ဖြင့် သူမကို ငဲ့ညှာနေခြင်း ဖြစ်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် အနာဂတ်မှာ သူတို့ ပေါ်လာတော့မှာ မဟုတ်ပါဘူး စိတ်မပူပါနဲ့"
"အဲ့ဒါက လီအယ်ရာ အစ်မနဲ့ ပတ်သက်နေတယ် မဟုတ်လား ဟုတ်တယ်မလား"
"မရှင်းပြဘူးလို့ ပြောထားတယ်လေ"
"ဟင့်"
နာယူနာ၏ နှုတ်ခမ်းလေးစူထားသော မျက်နှာက အတော်လေး ချစ်စရာကောင်းသည်။ ယူးအီဟန်က သူမကို စကားလမ်းကြောင်းလွှဲရန် အကြံပြုလိုက်သည်။
"အခုကစပြီး ပျံသန်းနိုင်တဲ့ ရဲတိုက်ကို သန့်စင်တဲ့နယ်မြေ အဖြစ် ဖန်တီးတော့မယ် အဲ့ဒါပြီးရင် နာယူနာလည်း ပိုပြီး ဘေးကင်းသွားမှာဖြစ်သလို ပျံသန်းနိုင်တဲ့ ရဲတိုက်ရဲ့ ကာကွယ်မှုကလည်း ပိုပြီး ပြီးပြည့်စုံသွားလိမ့်မယ် အဲ့ဒီလုပ်ငန်းစဉ်မှာ နာယူနာရဲ့ အကူအညီ လိုအပ်တာမို့ ကူညီပေးပါဦး"
"ရှင်က စကားလမ်းကြောင်း လွှဲတဲ့နေရာမှာ တကယ် အသုံးမကျတာပဲ ဒါပေမဲ့ သမီး ကူညီပေးမှာပါ အရူးကြီး တုံးအလိုက်တာ"
"ယူနာက တကယ်ကို အတွေ့အကြုံသစ်တွေ အများကြီး ရနေတာပဲ"
ထို့နောက် ယူးအီဟန်က သန့်စင်သော ကျောက်မျက်များနှင့် သူ၏ သိုလှောင်ရုံအတွင်း ကျန်ရှိနေသော အခြား အဖိုးတန် သတ္တုအချို့ကို အသုံးပြုကာ သန့်စင်သည့်နယ်မြေ ဖန်တီးခြင်း လုပ်ငန်းကို စတင်လုပ်ဆောင်တော့သည်။
ယူးမီးရ်က ဘရီယာတွင် ရှိနေသော တစ်ပတ်တာကာလအတွင်း ယူးအီဟန် ဖန်တီးပေးထားသော လက်နက်များကို အသီးသီး တပ်ဆင်ထားသည့် နဂါးတပ်မတော်ကို ဦးဆောင်ကာ ကမ္ဘာမြေပေါ်တွင် လက်တွေ့တိုက်ပွဲ အတွေ့အကြုံများကို ရယူရင်း သူတို့၏ စွမ်းရည်များကို မြှင့်တင်နေသည်။ လီအယ်ရာက အမြဲတမ်းလိုပင် ယူးအီဟန်၏ အနားတွင် ကပ်နေပြီး နာယူနာက နှုတ်ခမ်းလေးစူကာ သန့်စင်သည့်နယ်မြေ ဖန်တီးခြင်းကို ကူညီပေးနေပြီး ကန်ဟာဂျင်က သူမကို လုံခြုံရေး ယူပေးနေသည်။
ထိုအချိန်အတွင်း ဆက်သွယ်ရေးကိရိယာလေးမှာ တစ်ခါမျှ ထပ်မမြည်လာတော့ပေ။
သန့်စင်သည့်နယ်မြေ ဖန်တီးမှု ပြီးစီးလုနီးပါး ဖြစ်နေသော နေ့တစ်နေ့တွင်တော့ အုပ်စိုးခြင်း စွမ်းရည်အောက်တွင် ရှိနေသော သူ၏ လက်အောက်ငယ်သား တစ်ဦး သေဆုံးသွားကြောင်း ယူးအီဟန် သိလိုက်ရတော့သည်။
အပိုင်း ( ၂၂၇ ) ပြီးဆုံး။
***