အဆင့် ၁၈၂ သစ်တောလူသား အရိပ်သူခိုး ဖီရီယာ သေဆုံးသွားပါပြီ။
"ကိုအီဟန်"
ယူးအီဟန်က သူကိုင်ထားသော သန့်စင်သည့် ကျောက်မျက်ကို ထွင်းထုနေခြင်းမှ ရပ်တန့်လိုက်သောအခါ ဘေးမှနေ၍ သန့်စင်သော စွမ်းအားဖြင့် ကူညီပေးနေသည့် နာယူနာက သူ့ကို လှမ်းခေါ်လိုက်သည်။ ယူးအီဟန်က သွားကိုတင်းတင်းကြိတ်ထားသည်ကို မြင်လိုက်ရသဖြင့် သူမ၏ မျက်နှာထားမှာလည်း တင်းမာသွားသည်။
"ဘာဖြစ်လို့လဲ ထိခိုက်မိလို့လား သမီး ကုပေးရမလား"
"ကျွန်တော် အဆင်ပြေပါတယ် ဒါပေမဲ့ ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေဆီမှာ ပြဿနာကြီးတစ်ခုခု ဖြစ်သွားပုံရတယ်"
သူ တတ်နိုင်သမျှ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သေချာသည်ကတော့ တစ်ချိန်တည်းမှာပင် သူ၏ ခေါင်းထဲ၌ တွက်ချက်မှုများလည်း ပြုလုပ်နေသည်။
ကျစ် သေသွားတဲ့သူကို ပြန်ရှင်လာအောင် လုပ်ပေးလို့ မရဘူး။
သေဆုံးသွားသူမှာ သူ၏ လက်အောက်ရှိ သစ်တောလူသား ၄ ဦးထဲမှ သူခိုး အလုပ်အကိုင်ရှိသော သစ်တောလူသား ဖီရီယာ ဖြစ်သည်။ သူမက သူ့အပေါ် အသစ္စာအရှိဆုံးဖြစ်ပြီး သူ အမိန့်ပေးလိုက်လျှင် တစ်ချက်လေးမျှပင် တုံ့ဆိုင်းမနေဘဲ လုပ်ဆောင်တတ်သူ ဖြစ်သည်။ လက်ရှိအချိန်တွင်တော့ သူမသည် အခြား သစ်တောလူသားများနှင့်အတူ စတုတ္ထအကြိမ်မြောက် ကပ်ဘေးကြီးကို ရင်ဆိုင်ခုခံနေရမည် ဖြစ်သည်။
သူမ အပါအဝင် သစ်တောလူသားများက ကမ္ဘာအသီးသီးသို့ ပြန့်ကျဲသွားကြသော ကမ္ဘာမြေသားများထက် အများကြီး ပိုမိုသန်မာကြရုံသာမက အဲရစ်ရှား၊ ဖလီးမီးရ်နှင့် အခြားသော သံပုရာလူသားများကပါ သူတို့ကို ကူညီရန် သွားရောက်ထားကြသဖြင့် သူတို့ဘာသာသူတို့ ထားခဲ့လျှင်ပင် ပြဿနာကြီးကြီးမားမား ဖြစ်လာမည် မဟုတ်ဟု သူ ထင်မှတ်ထားခဲ့သည်။
သို့သော် ဖီရီယာ သေဆုံးသွားသည်အထိ ဖြစ်သွားပြီဆိုလျှင်တော့ ကိစ္စက သိပ်မရိုးရှင်းတော့ပေ။
ဒါမှမဟုတ် သူမဆီမှာ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခု ဖြစ်သွားတာလား။
ဘာဖြစ်လို့ သူမ မသေခင်မှာ ဆက်သွယ်ရေးကိရိယာကို အသုံးမပြုခဲ့ရတာလဲ။ အဲ့ဒီလိုလုပ်တာက အဓိပ္ပာယ်မရှိဘူးလို့ သူမ ထင်နေလို့လား။ ဘယ်သူကများ ဖီရီယာကို အန္တရာယ်ပြုနိုင်တာလဲ။
ပွက်ပွက်ဆူနေသော သံသယများ၊ စိုးရိမ်ပူပန်မှုများနှင့် ဒေါသများကြောင့် သူ၏ ခန္ဓာကိုယ်မှာ တုန်ရီနေသည်။ နှစ်ပေါင်းများစွာ အတူအလုပ်လုပ်လာခဲ့သော သူ၏ လက်အောက်ငယ်သား သေဆုံးသွားပြီဖြစ်ရာ သူက တည်ငြိမ်နေဆဲဆိုလျှင် ထိုအရာက ပို၍ထူးဆန်းနေလိမ့်မည်။ ထို့အပြင် သူမက သူ၏ မျက်စိအောက်မှ ကွယ်ဝေးရာနေရာတွင် အကြောင်းရင်းမသိရဘဲ သေဆုံးသွားခဲ့ခြင်းဖြစ်ရာ သူ ယခုလို မွန်းကြပ်နေရသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
သို့သော် ခန္ဓာကိုယ်ကို ဗီဇ၏ ထိန်းချုပ်မှုအောက်သို့ လွှတ်ပေးလိုက်ခြင်းက အမြဲတမ်း အဆိုးရွားဆုံး ရလဒ်များကိုသာ ခေါ်ဆောင်လာတတ်ကြောင်းကိုလည်း သူ သိရှိထားသည်။ ဖီရီယာကို ဆုံးရှုံးလိုက်ရသော်လည်း သူ ကာကွယ်ပေးရမည့် အခြားသူများ ရှိနေသေးသည် မဟုတ်ပါလား။
အခုချိန်မှာ သူ အေးစက်တည်ငြိမ်နေဖို့ လိုအပ်တယ်။ သူ့ရဲ့ နှလုံးသားကို အေးစက်နေတဲ့ ဓားသွားတစ်ခုလို ထက်မြက်အောင် သွေးပြီး သူသွားရမယ့် နေရာဆီကို ထိုးစိုက်လိုက်ရမယ်။
"ဟူး"
သူက တည်ငြိမ်စွာ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး လက်နက်ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။ သန့်စင်သည့်နယ်မြေ ဖန်တီးခြင်းလုပ်ငန်း မပြီးသေးသည်မှာ နှမြောစရာကောင်းသော်လည်း ဟိုရောက်မှ ဆက်လုပ်လျှင်လည်း အဆင်ပြေပါသည်။ ဘရီယာတွင် ရှိနေစဉ်အတွင်း နဂါးတပ်မတော်အတွက် ချပ်ဝတ်တန်ဆာများကို အပြီးသတ်နိုင်ခဲ့သည်မှာ ကံကောင်းခြင်းတစ်ခုပင်။
နာယူနာက သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ နောက်ဆုံးတွင် ယူးအီဟန်က သူအလုပ်လုပ်နေသော အရာများကို သိမ်းဆည်းလိုက်ပြီး သူမကို စကားဆိုလိုက်သည်။
"ကျွန်တော်တို့ ဒါရူးကို သွားရမယ် ထင်တယ်"
"ဟုတ် သမီး လိုက်ခဲ့မယ်"
"ဒါရူးလို့ ပြောလိုက်တာလား"
"သားတို့ ဒါရူးကို သွားကြမှာလား ဖေဖေ"
ဥယျာဉ်ထဲတွင် ယူးမီးရ်နှင့် ကစားနေသော လီအယ်ရာကလည်း သူ၏ စကားကို ကြားသောအခါ ရောက်လာသည်။ သူက ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
"ဒါရူးမှာရှိတဲ့ ဖီရီယာ သေသွားပြီ ဒီတစ်ခေါက်တော့ တပ်မတော်ရဲ့ အင်အားကို လိုအပ်လိမ့်မယ် ထင်တယ်"
"အင်း ကလေးတွေက အဆင်သင့် ဖြစ်နေပြီ"
"ဟုတ်ပြီ သိပ်ကောင်းတာပေါ့"
ပထမဆုံးအနေဖြင့် ကျန်ရှိနေသော သစ်တောလူသားများနှင့် သံပုရာလူသားများ၏ ဘေးကင်းလုံခြုံမှုကို အရင်သေချာစေရမည်ဖြစ်ပြီး ဖီရီယာ သေဆုံးမှုနှင့် ပတ်သက်နေသော မည်သူ့ကိုမဆို မည်သည့်အရာကိုမဆို ပြာကျသွားသည်အထိ လောင်ကျွမ်းပစ်မည်။
ဒဏ္ဍာရီအဆင့် ချပ်ဝတ်တန်ဆာများ တပ်ဆင်ထားသော ဖီရီယာပင် သေဆုံးသွားခဲ့ပြီဖြစ်ရာ ဒါရူး ကမ္ဘာသည် အလွန်အမင်း ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်နိုင်ခြေများသော်လည်း ယူးအီဟန်ကတော့ ဤကိစ္စက မည်သို့ပင် ဖြစ်နေပါစေ နောက်ဆုတ်ရန် အစီအစဉ် မရှိပေ။
ဒီလောက်ဆိုရင် ခင်ဗျားတို့က မေးကောင်းမေးလိမ့်မယ်။ အေးစက်တည်ငြိမ်တာနဲ့ စိတ်လှုပ်ရှားပြင်းပြတာ ဘာကွာလဲပေါ့။ ဒါပေမဲ့ ယူးအီဟန်ကတော့ တကယ်ကို အေးစက်တည်ငြိမ်နေခဲ့တာပါ။ သူက အရာအားလုံးကို အေးစက်တည်ငြိမ်စွာနဲ့ပဲ သုတ်သင်ရှင်းလင်းပစ်တော့မှာပါ။
"ဒါရူး ရှင် ပြန်လာခဲ့တဲ့ ကမ္ဘာက သိပ်သန်မာတာပဲနော်"
"ဖိအား အရမ်းများနေတယ်ဆိုရင် ကိုကန်ဟာဂျင် မလိုက်ဘဲ နေခဲ့လို့ ရပါတယ်"
"မဟုတ်ဘူး ကျွန်တော် အလုပ်ကို ကျွန်တော် လုပ်ရမှာပေါ့ ယူနာကို ကာကွယ်ပေးရမယ်လေ"
"အဲ့ဒါ တကယ် စိတ်ချရတာပဲလား"
သူက နဂါးတပ်မတော်ကို မေးရန်မလိုတော့ဘဲ ယူးမီးရ်၏ စကားတစ်ခွန်းဖြင့်ပင် လုံလောက်ပေလိမ့်မည်။
"သားတို့လည်း တိုက်မှာပဲ"
"သားတို့ တိုက်မယ်"
"ဟုတ်ပြီ"
ထိုစကားတစ်ခွန်းဖြင့်ပင် ကလေးများက သဘောတူလက်ခံလိုက်ကြပြီး သူတို့၏ ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ကာ တိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။ သူတို့၏ သက်တမ်းမှာ လုံးဝ မရှည်လျားသေးသော်လည်း ၉၉ ရာခိုင်နှုန်းမှာ တိုက်ပွဲများနှင့် စစ်ပွဲများတွင်သာ ကုန်ဆုံးခဲ့ရသည်။ သူတို့၏ အလုပ်များသော လှုပ်ရှားမှုများက အလွန်ကျွမ်းကျင်သော စစ်သားများကိုပင် အမှတ်ရစေသည်။
"သူရဲကောင်း သားတို့ ပြင်ဆင်လို့ ပြီးပါပြီ"
"ဗိုလ်ကြီး ထွက်ခွာဖို့ အဆင်သင့်ပါပဲ"
ယူးအီဟန်က နောက်ဆုံးအနေဖြင့် လီအယ်ရာကို ကြည့်လိုက်သည်။ သွေးဆောင်ဖြားယောင်းခြင်း၏ အမွေးအတောင်များ ဂါဝန်ကို ဝတ်ဆင်ထားသော သူမသည် လက်တစ်ဖက်တွင် ပန်းရောင်ဖျော့ဖျော့ အလင်းတန်းများ ဖြာထွက်နေသော ဖြောင့်စင်းသည့် လှံတစ်လက်ကို ကိုင်ဆောင်ထားရာ သူမ၏ ဖြောင့်မတ်သော ခံစားချက်များကို ကိုယ်စားပြုနေသကဲ့သို့ပင်။
"အဆင်သင့်ဖြစ်ပြီလား"
"အင်း"
လီအယ်ရာက သူ၏ စိတ်ထဲတွင် ဘာတွေတွေးနေသည်ကို သိနေသည့်အလား တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။
"သူတို့အားလုံးကို ရှင်းလင်းပစ်ကြတာပေါ့"
ယူးအီဟန်က အာကာသကူးပြောင်းခြင်း စွမ်းရည်ကို အသက်သွင်းလိုက်သည်။ ကမ္ဘာမြေမှ ဘရီယာသို့ ဘရီယာမှ ကမ္ဘာမြေသို့ ကူးပြောင်းလာခဲ့သကဲ့သို့ပင် ပျံသန်းနိုင်သော ရဲတိုက်က အတိုင်းအတာများကို သဘာဝကျကျ ဖြတ်သန်းသွားလာသည်။
"အာ့"
ဒါမှမဟုတ် မဟုတ်ဘူး။
"အား နောက်ပြန်ကန်အား နောက်ပြန်ကန်အားက အရမ်းနာကျင်တာပဲ"
"နင်က အဆောက်အအုံကြီး ဖြစ်နေရက်နဲ့ ဘာလို့ နာကျင်ရတာလဲ"
"အင်ဂျင်ပဲဖြစ်ဖြစ် အကာအကွယ်အတားအဆီးပဲဖြစ်ဖြစ် နေရာတိုင်းမှာ ဆွဲဆန့်ခံနေရတယ်"
မစ်စတစ်၏ အော်ဟစ်သံများက သူတို့၏ ခံစားချက်များကို ကိုယ်စားပြုနေသည်။ ယူးအီဟန်သည် သူ၏ မှတ်တမ်း စွမ်းရည်ဖြင့် အပြည့်အဝ နားလည်ထားသော ဒါရူး ကမ္ဘာသို့ အာကာသကူးပြောင်းရန် သေချာပေါက် ကြိုးစားခဲ့သော်လည်း နောက်ပြန်ကန်အားက အလွန်ကြီးမားလွန်းနေသည်။
"အိုး လေးလိုက်တာ ငါ့ရင်သားတွေ ပိုကြီးလာပြန်ပြီလား မသိဘူး"
"ဒီမာနာစွမ်းအင် သိပ်သည်းဆက ဘာဖြစ်နေတာလဲ"
အတော်လေး သာမန်ဖြစ်သော နာယူနာနှင့် ကန်ဟာဂျင်တို့က မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်ကြသည်။ သူတို့က ဤကဲ့သို့ ခံစားချက်မျိုးကို ယခင်က ခံစားခဲ့ဖူးကြောင်း မှတ်မိနေသော်လည်း ဘယ်အချိန် ဘယ်နေရာတွင် ဆိုသည်ကိုတော့ မသိကြပေ။
"လေက သိပ်အရသာရှိတာပဲ"
"ဝါး သား ခန္ဓာကိုယ်ကြီးက အရမ်းပေါ့ပါးနေတယ်"
တစ်ချိန်တည်းမှာပင် မွေးကတည်းက မျိုးဆက်သစ်များ ဖြစ်လာခဲ့ကြသော နဂါးတပ်မတော်က ပျော်ရွှင်စွာဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြသည်။ ပတ်ဝန်းကျင် အခြေအနေအပေါ် မူတည်ကာ ပိုမိုသန်မာလာစေသည့် မွေးရာပါ စွမ်းရည်များကြောင့်ပင် ဖြစ်မည် ပတ်ဝန်းကျင်ရှိ မာနာစွမ်းအင်များကို စုပ်ယူရင်း သူတို့ဘာသာသူတို့ ပိုမိုသန်မာလာနေကြသည်။
"အီဟန် ငါတို့ ဒါရူးကို တကယ်ရောက်လာတာလား"
ယူးအီဟန်ပင် တစ်စက္ကန့်မျှ တောင့်တင်းသွားချိန်တွင် သဘာဝအကျဆုံး ပြုမူနေသော တစ်ဦးတည်းသောသူ ဖြစ်သည့် လီအယ်ရာက သူ့ကို မေးလိုက်သည်။
"ဒါက အဆင့်မြင့် ကမ္ဘာတစ်ခုပဲ"
"အဲ့ဒီလို ဖြစ်နေတာကိုး"
"ဟုတ်တယ်"
"ကျစ်"
ယူးအီဟန်က စုပ်သပ်လိုက်သည်။ နောက်ဆုံးတွင်တော့ အခြေအနေတွေ ဘယ်လိုဖြစ်နေပြီဆိုတာကို သူ သဘောပေါက်သွားလေပြီ။
"အိုး ဒါက အဆင့်မြင့် ကမ္ဘာတစ်ခုကိုး ရင်းနှီးနေသလို ခံစားရတယ်လို့ ငါထင်သားပဲ"
"အ အဆင့်မြင့် ကမ္ဘာ ဟုတ်လား အဲ့ဒါဆိုရင် အဆင့်မြင့်မြတ်သူ အဖွဲ့အစည်းတွေထဲက အဖွဲ့ဝင်တွေ ဒီမှာ ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား"
ဒီကနေနည်းနည်း ဟိုကနေနည်းနည်း ကောက်သင်းကောက်ပြီး မှန်ကန်တဲ့ ကောက်ချက်တစ်ခုကို ချနိုင်သွားတာပဲပေါ့။ ယူးအီဟန်က ကန်ဟာဂျင်၏ စကားကို တစ်ချက်လေးမျှပင် မတုံ့ဆိုင်းဘဲ ထောက်ခံလိုက်သည်။
"အဖွဲ့အစည်းတစ်ခုခုမှာ ပါဝင်နေတဲ့ အဆင့်မြင့်မြတ်သူတွေတောင် ဒီမှာဆိုရင် သူတို့ရဲ့ စွမ်းအားတွေကို အကန့်အသတ်မရှိ သုံးလို့ရတယ်လေ ဒါပေမဲ့ ဒီကမ္ဘာက ဘယ်လိုလုပ်ပြီး အဆင့်မြင့် ကမ္ဘာအဖြစ်ကို တက်လှမ်းသွားလဲ ဆိုတာကိုတော့ ကျွန်တော် နားမလည်သေးဘူး"
"အဲ့ဒါဆို ကျွန်တော်တို့က ကံမကောင်းလို့ သူတို့ထဲက တစ်ယောက်ယောက်နဲ့များ ဆုံပြီး သူတို့က ကျွန်တော်တို့ကို သတ်ဖို့ ကြိုးစားလာရင် ဘယ်လိုလုပ်မလဲ"
"အဲ့ဒါဆိုလည်း သေချာပေါက် သူတို့က ကျွန်တော့်အတွက် ကောင်းမွန်တဲ့ အတွေ့အကြုံ အရင်းအမြစ်တွေ ဖြစ်သွားမှာပေါ့"
"အာ ဟုတ်ကဲ့ပါ"
"အဆင့်မြင့်မြတ်သူတွေက အတွေ့အကြုံ အများကြီး ပေးတယ်လေ ခင်ဗျားက တစ်ယောက်မှ မသတ်ဖူးဘူးဆိုရင် ဘာမှဝင်မပြောနဲ့"
"အဲ့ဒါကြောင့် ပါးစပ်လေး ပိတ်ထားပေးပါနော်"
အခြား အဆင့်နိမ့်သူများနှင့် မတူညီသော ရှုထောင့်မှ ကိစ္စရပ်များကို အကဲဖြတ်တတ်သော ယူးအီဟန် သူ့ရှေ့တွင် ရှိနေသဖြင့် သူ၏ အကြောက်တရားနှင့် စိုးရိမ်ပူပန်မှုများအားလုံး အချည်းနှီးဖြစ်ကြောင်း ကန်ဟာဂျင် ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ယူးအီဟန်၏ အနားသို့ ကပ်လာသော နာယူနာက ဤနေရာသည် အဆင့်မြင့် ကမ္ဘာတစ်ခုဖြစ်ကြောင်း သိလိုက်ရသော်လည်း အပြုံးမပျက် ရှိနေသေးသည်။ ယူးအီဟန်၏ ဘေးတွင်ရှိနေခြင်းက မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ အလုံခြုံဆုံးဖြစ်ကြောင်း သူမ သေချာနေပုံရသည်။ အနည်းဆုံးတော့ လက်ရှိအချိန်တွင် သူမက ကန်ဟာဂျင်ထက် ပိုမိုထက်မြက်သော ကောက်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူ ဒီကမ္ဘာကို ရောက်လာခဲ့စဉ်က ဒါရူးသည် တတိယအကြိမ်မြောက် ကပ်ဘေးကြီး အဆင့်တွင်သာ ရှိသေးသည်ကို ယူးအီဟန် ပြန်တွေးလိုက်မိသည်။ သေချာသည်ကတော့ လူတိုင်း ကမ္ဘာမြေမှ နှင်ထုတ်မခံရမီက ဤကမ္ဘာသည် စတုတ္ထအကြိမ်မြောက် ကပ်ဘေးကြီးနှင့် ရင်ဆိုင်ခဲ့ရကြောင်း သူ ကြားသိခဲ့ရသော်လည်း အဆင့်မြင့် ကမ္ဘာတစ်ခု ဖြစ်လာရန်အတွက် နောက်ထပ် ကပ်ဘေးကြီး တစ်ခု လိုအပ်သေးသည်လေ။ သူ့မေးခွန်းများကို ဖြေရှင်းပေးနိုင်သည့် တစ်ဦးတည်းသောသူမှာ တစ်ချိန်က ကောင်းကင်ဘုံတပ်မတော်၏ အဓိက ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သော လီအယ်ရာပင် ဖြစ်သည်။
"လီအယ်ရာ အဆင့်မြင့် ကမ္ဘာတစ်ခုဖြစ်လာဖို့က ဒီလောက်တောင် လွယ်ကူနေတာလား ကမ္ဘာမြေတောင် အဆင့်မြင့် ကမ္ဘာ မဖြစ်သေးတာကို"
"လွယ်ကူလို့တော့ မဟုတ်ဘူး ဒါရူးကလည်း ကမ္ဘာမြေလိုပဲ ထူးခြားနေလို့ ဖြစ်နိုင်တယ် တတိယအကြိမ်မြောက် ကပ်ဘေးကြီးမှာပဲ ရှိသေးတဲ့ ဒါရူးမှာ စတုတ္ထအဆင့် နဂါးတွေ အများကြီး ရှိနေတာက ဖျက်ဆီးခြင်းနတ်ဆိုးတပ်မတော်ကြောင့် သက်သက်ပဲလို့ ရှင်မထင်ဘူး မဟုတ်လား လက်ရှိ ကမ္ဘာမြေပေါ်မှာ သွေးနှာရူး နတ်ဆိုးကြီးတွေ နေရာတိုင်းမှာ ရှိနေတာနဲ့ ဆင်တူတယ်လို့ ရှင် တွေးလို့ရပါတယ် ဒီကမ္ဘာနှစ်ခုက ထူးခြားနေလို့ပါ"
"အဲ့ဒါက မှန်ပေမဲ့"
"ပြီးတော့ ဒါရူးက နေဝင်ချိန်ဥယျာဉ် ဝင်ရောက်စွက်ဖက်ထားတဲ့ ကမ္ဘာတစ်ခုလည်း ဖြစ်တယ် မဟုတ်လား ဟူး သဲလွန်စတွေ အများကြီး ရှိနေတာတောင် ငါက ဒါကို မတွေးမိခဲ့ဘူး"
စဉ်းစားကြည့်လျှင် လီအယ်ရာ ပြောသည်မှာ မှန်နေသည်။ ဒါရူး ကမ္ဘာသည် ကမ္ဘာမြေထက်ပင် စော၍ ဖျက်ဆီးခြင်းနတ်ဆိုးတပ်မတော်နှင့် နေဝင်ချိန်ဥယျာဉ်တို့ လက်လှမ်းခဲ့ကြသော ကမ္ဘာတစ်ခု ဖြစ်သည်။
အင်း ဖျက်ဆီးခြင်းနတ်ဆိုးတပ်မတော်က ဒါရူး ကမ္ဘာကို တကယ်လိုချင်ခဲ့တာတော့ မဟုတ်ဘူး ဒါပေမဲ့ အဲ့ဒီကမ္ဘာကို ဖွဲ့စည်းထားတဲ့ နဂါးတွေကို လိုချင်လို့ သစ်တောလူသားတွေကို ရှင်းလင်းပြီး နဂါးမွေးမြူရေးခြံအဖြစ် ဖန်တီးဖို့ ကြိုးစားခဲ့တာလေ နေဝင်ချိန်ဥယျာဉ်ကတော့ ဆန့်ကျင်ဘက်လမ်းကြောင်းကနေ သွားပြီး နဂါးတချို့ကို ခိုးယူကာ သစ်တောလူသားတွေကို ကာကွယ်ဖို့ ကြိုးစားခဲ့တယ်။
တစ်နည်းအားဖြင့် ပြောရလျှင် သူတို့က ထိုကမ္ဘာရှိ လူသားမျိုးနွယ်ကို ကာကွယ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ လူသားမျိုးနွယ်သာ ကမ္ဘာတစ်ခုပေါ်တွင် ရှိနေသရွေ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ရှိနေမည်ဖြစ်သည်။
"နေဝင်ချိန်ဥယျာဉ်က ဖျက်ဆီးခြင်းနတ်ဆိုးတပ်မတော်ထက် ပိုပြီး အမြော်အမြင်ရှိလို့ ဒါရူးကို လိုချင်ခဲ့ကြတာ သူတို့ခေါင်းဆောင်က အနာဂတ်ကို ကြိုမြင်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ငါကြားဖူးတယ် အဲ့ဒါ တကယ်များလား မသိဘူး"
"အဲ့ဒီအချိန်တုန်းက ငါ လှုပ်ရှားနေရင်းနဲ့ အဲ့ဒါတွေအကုန်လုံးကို တွေးနေဖို့ အချိန်မှ မရှိခဲ့တာ"
ထိုအချိန်တုန်းက အဆင့်မြင့် ကမ္ဘာတွေ ဘာတွေ သူ ဂရုမစိုက်နိုင်ခဲ့ပါ။ နဂါးတွေ ကမ္ဘာမြေကို ကျူးကျော်လာနိုင်တယ်ဆိုလို့သာ နဂါးမျိုးနွယ်အားလုံးကို သုတ်သင်ဖို့ ဒါရူးဆီ အမြန်သွားခဲ့တာ။ နဂါးတွေကို သုတ်သင်ဖို့ ရောက်သွားတော့မှ လီဆစ်ဒ်နာလို့ ခေါ်တဲ့ ထူးဆန်းတဲ့ နဂါးတစ်ကောင်ရဲ့ နှာခေါင်းကျည်ပတ် ဆွဲတာကို ခံလိုက်ရပြီး သူနဲ့အတူ နဂါးတချို့နဲ့ မဟာမိတ်ဖွဲ့လိုက်ရတယ်။
ဘယ်လိုဖြစ်ပြီး သူက သစ်တောလူသားတွေကို လက်အောက်ခံအဖြစ် လက်ခံလိုက်ပြီး သူတို့ရဲ့ ဧကရာဇ် ဖြစ်သွားရတာလဲ။ သူတို့ကို တိုက်ပွဲဝင်ဖို့ သင်ပေးခဲ့တယ် လက်ရွေးစင် တပ်ဖွဲ့တစ်ခုအဖြစ် ဖန်တီးပေးခဲ့တယ် သံပုရာလူသားတွေ ရောက်လာတော့ တိုးတက်မှုက ပိုပြီးတောင် မြန်ဆန်လာသေးတယ်။
နည်းနည်း ချဲ့ကားပြီး ပြောရရင် ဒါရူး ကမ္ဘာ အဆင့်မြင့် ကမ္ဘာအဖြစ် တက်လှမ်းသွားရတဲ့ အဓိက တရားခံက ယူးအီဟန်ပဲပေါ့။
ဒါရူးမှာ တူးဆွနေမယ့်အစား သူတို့အားလုံးကို ကမ္ဘာမြေကို ခေါ်သွားခဲ့သင့်တာ။ ဒါပေမဲ့ နောင်တရနေလို့ကော ဘာထူးမှာမို့လို့လဲ။ အဲ့ဒီအချိန်တုန်းက ယူးအီဟန်က အဆင့်မြင့် ကမ္ဘာအဖြစ် တက်လှမ်းဖို့ဆိုတဲ့ ကိစ္စကို စဉ်းစားခဲ့မှာမှ မဟုတ်တာ။
"ဒါက အထူးအဆန်းတော့ မဟုတ်ပေမဲ့ ကောင်းကင်ဘုံတပ်မတော်က တကယ်ကို အသုံးမကျတာပဲ ဒီကိစ္စနဲ့ ပတ်သက်တဲ့ တစ်ခုခုကို ငါ့ကို ပြောပြခဲ့မယ်ဆိုရင် အခြေအနေက ဒီလိုဖြစ်လာမှာ မဟုတ်ဘူး"
"ငါလည်း အဲ့ဒီလိုပဲ ထင်တယ်"
"မင်းပဲဖြစ်ဖြစ် အယ်တာပဲဖြစ်ဖြစ် စပီအယ်ရာပဲဖြစ်ဖြစ်"
"ကိုယ့်အပေါ် တကယ် သက်ရောက်မှု မရှိလာမချင်း ဘယ်သူမှ သိမှာမဟုတ်ဘူးလေ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါ ကောင်းကင်ဘုံတပ်မတော်ရဲ့ အမှားပဲ"
"အခု မင်းက သူတို့အဖွဲ့ဝင် မဟုတ်တော့လို့ အပြစ်တွေကို သူတို့ဆီ ပုံချနေတာပေါ့လေ"
ယူးအီဟန်က ရယ်မောလိုက်သည်။ လီအယ်ရာကလည်း ဤအရာမှာ ကောင်းကင်ဘုံတပ်မတော်၏ အရည်အချင်းမရှိမှုကြောင့်ဟု ထင်နေပုံရသည်။ သေချာသည်ကတော့ သူက ထိုသို့မတွေးပေ။
ဘယ်သူသိမှာလဲ ကောင်းကင်ဘုံတပ်မတော်ကလည်း အဆင့်မြင့် ကမ္ဘာတစ်ခုကို လိုချင်နေတာ တူတူပဲ ဖြစ်နေမလား။
ကောင်းကင်ဘုံတပ်မတော်ကို မယုံကြည်တော့သော ယူးအီဟန်က သဘာဝကျကျပင် ထိုသို့ တွေးမိလိုက်သည်။
အဆင့်မြင့်မြတ်သူ ဖြစ်လာသော ကမ္ဘာမှ ဒေသခံများ အန္တရာယ်ကြုံတွေ့နေရလျှင်ပင် ကောင်းကင်ဘုံတပ်မတော်က သိပ်ဂုဏ်စိုက်မည် မဟုတ်ပေ။
အာ မဟုတ်ဘူး သေချာပေါက် သူတို့ကို ကာကွယ်ပေးဖို့ ဆိုပြီး သူတို့က ရှေ့ထွက်လာကြမှာပဲ ဒါပေမဲ့ သူတို့က ဘာကို ပိုတန်ဖိုးထားမလဲ အဆင့်မြင့် ကမ္ဘာတစ်ခုလား ဒါမှမဟုတ် အဆင့်နိမ့်သူတွေလား ဆိုတဲ့ မေးခွန်းကတော့ ကျန်နေဆဲပဲ။ အစကတည်းက သူတို့က အဆင့်နိမ့်သူတွေကို ကာကွယ်ပေးမယ်ဆိုတဲ့ စကားတွေ အကုန်လုံးက အဆင့်မြင့် ကမ္ဘာတစ်ခုကို သူတို့အဖွဲ့ထဲ ချောချောမွေ့မွေ့ ဝင်လာအောင် ပြောနေတာ မဟုတ်ဘူးလား။
ယူးအီဟန်၏ အတွေးများက အနုတ်လက္ခဏာဘက်သို့ အဆုံးမရှိ ချဉ်းကပ်သွားနေစဉ် ကန်ဟာဂျင်၏ မေးခွန်းက သူ၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
"ကိုယူးအီဟန် အဲ့ဒါဆိုရင် အဆင့်မြင့်မြတ်သူတွေက အခုချိန်မှာ"
"ဒီကမ္ဘာထဲက စစ်ပွဲတစ်ခုခုမှာ ဖြစ်မှာပေါ့"
ထိုအချိန်တွင်။
"ဂရား"
"မိုက်မဲတဲ့ သားရဲတစ်ကောင်ကများ ဘယ်လိုလုပ်ရဲတာလဲ"
ပျံသန်းနိုင်သော ရဲတိုက်ရှိရာနှင့် သိပ်မဝေးလှသော နေရာမှ သာမန်လူတစ်ဦးကို မျက်လုံးကန်းသွားစေနိုင်လောက်သော အလင်းရောင်တစ်ခုနှင့် ၎င်းကို ကာကွယ်လိုက်သော ဒိုင်းတစ်ခု တစ်ပြိုင်နက်တည်း ပေါ်ထွက်လာသည်။ ဤနေရာတွင် မည်သူကမျှ သာမန်လူများ မဟုတ်ကြသဖြင့် အားလုံးက မျက်လုံးများ ပြူးကျယ်လျက် ကြည့်လိုက်ကြသည်။
အများစုက ထိုအလင်းရောင်မှာ ဘာမှန်းမသိကြသော်လည်း ယူးအီဟန် တစ်ယောက်တည်းသာ ၎င်းက အလွန်အဓိပ္ပာယ်မရှိလွန်းသဖြင့် ရယ်မောလိုက်မိသည်။
"တော်တော်လေး ရင်းနှီးနေတဲ့ မြင်ကွင်းတစ်ခုပဲ"
"ငါကတော့ အဲ့ဒီအကြောင်း ဘာမှမသိဘူးနော်"
လီအယ်ရာက နှုတ်ခမ်းလေးစူကာ ငြင်းဆိုလိုက်သည်။
ဟုတ်ပါသည်။ ယူးအီဟန် ဒုတိယအဆင့်တွင်သာ ရှိသေးစဉ် လီအယ်ရာနှင့် အနည်းငယ် ကွဲကွာနေခဲ့သော အချိန်လေးအတွင်း အယ်တာနှင့်အတူ သူ ဤနေရာသို့ လာခဲ့စဉ်က ဤကဲ့သို့သော မှော်ပညာမျိုးကို ထပ်ခါတလဲလဲ မြင်တွေ့ခဲ့ရသည်။ ဤနေရာတွင် ဖြစ်ပေါ်နေသောအရာမှာ နဂါးမှော်ပညာမှလွဲ၍ အခြားမဟုတ်ပေ။
"နဂါးတွေ"
"ဝါး ခုနက အရာက တကယ်ကြီး အဆင့်နိမ့်သူ တစ်ယောက်ဆီကလား သူက အဲ့ဒီလောက်တောင် သန်မာနေပြီလား"
မျှော်လင့်မထားဘဲ ရုတ်တရက် သူ၏ မျိုးနွယ်တူ တစ်ကောင်နှင့် ဆုံတွေ့လိုက်ရသော ယူးမီးရ်က အိပ်မက်မက်နေသည့်အလား တီးတိုးရေရွတ်လိုက်သည်။ ယူးအီဟန်က သူ၏ ခေါင်းကို ပွတ်သပ်ပေးရင်း မေးလိုက်သည်။
"သား သွားတွေ့ချင်လား"
"ဟုတ် မဟုတ်ဘူး သား ဖေဖေ ဒီမှာရှိနေဖို့ပဲ လိုတယ်"
ယူးမီးရ်က ထိုသို့ပြောရင်း ယူးအီဟန်၏ ရင်ခွင်ထဲသို့ တိုးဝင်သွားသော်လည်း ခံစားချက်များကို ထိုမျှလွယ်ကူစွာ ပြောင်းလဲပစ်၍ မရပေ။ သူကိုယ်တိုင် နဂါးတစ်ကောင် ဖြစ်နေသော်လည်း သူ့ကိုယ်သူမှလွဲ၍ အခြားနဂါးတစ်ကောင်နှင့် တစ်ခါမျှ မဆုံတွေ့ဖူးခဲ့သဖြင့် ယူးမီးရ်က သူ၏ မျိုးနွယ်တူ တစ်ကောင်နှင့် ဆုံတွေ့လိုက်ရသောအခါ ပြောပြ၍မရနိုင်သော ဆန္ဒတစ်ခုကို ခံစားနေရသည်။
"ငါတို့ သွားကြည့်ကြမလား"
"ဟင့်အင်း ရပါတယ် ဖေဖေက ပိုအရေးကြီးတာပဲ"
"ကောင်းပါပြီ"
သူက ဖီရီယာကို ဆုံးရှုံးလိုက်ရသော ယူးအီဟန်ကို ငဲ့ညှာနေခြင်း ဖြစ်သည်။ ယူးအီဟန်က ခါးသက်သက် အပြုံးတစ်ခု ပြုံးလိုက်ပြီး သူ၏ ကျောကို ပွတ်သပ်ပေးလိုက်ကာ နှစ်အနည်းငယ်အတွင်း ပဉ္စမအကြိမ်မြောက် ကပ်ဘေးကြီးနှင့် ရင်ဆိုင်ခဲ့ရပြီး အဆင့်မြင့် ကမ္ဘာတစ်ခုအဖြစ် တက်လှမ်းလာခဲ့သော ဒါရူး၏ မာနာစွမ်းအင်များကို အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီးနောက် သူ၏ လက်ကို မြှောက်လိုက်သည်။
"အားလုံးပဲ ပျံသန်းနိုင်တဲ့ ရဲတိုက်ကို သေချာကိုင်ထားကြ ချက်ချင်း သွားကြမယ်"
"သွားမယ် ဘယ်ကိုလဲ"
"ဖီရီယာ သေသွားတဲ့နေရာကို"
ထိုနေရာရှိ လူအားလုံးက ယူးအီဟန်၏ စကားကို နားမလည်ကြသဖြင့် နားမလည်နိုင်စွာဖြင့် ခေါင်းလေးစောင်းကာ ကြည့်လိုက်ကြသည်။ သို့သော် ယူးအီဟန်က လက်တွေ့ပြသလိုက်ခြင်းက ပိုမြန်မည်ဟု ဆုံးဖြတ်လိုက်ပြီး ထိုအရာ ကို အသက်သွင်းရန် လက်ချောင်းကို ဖျစ်လိုက်လေသည်။
ထိုအရာ ဆိုသည်မှာ ယူးအီဟန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သော ဒါရူး တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားသည့် မှော်အစီအရင်ပင် ဖြစ်သည်။
အပိုင်း ( ၂၂၈ ) ပြီးဆုံး။
***