"အား"
ဒေါ်လေးပိုင် ကြောက်လန့်တကြားအော်ဟစ်လိုက်ပြီး နောက်သို့တရစပ် ဆုတ်သွား၏။ အခြားသူများလည်း ကြောက်လန့်သွားကြပြီး အလုအယက် ထွက်ပြေးရင်း ဆဲဆိုနေကြသည်။
"ကျစ် လျိုမာကျစ်က ဘယ်လိုလုပ်ဒီလောက်ကြောက်စရာကောင်းနေရတာလဲ၊ သူဘာလုပ်နေတာလဲ"
"မဟုတ်ဘူး၊ အဲဒါလျိုမာကျစ်မဟုတ်လောက်ဘူး၊ လျိုမာကျစ်က ခုနကပဲမီးထဲမှာ လောင်သေသွားတာမလား"
သူတို့အဝေးသို့ ရောက်သွားပြီးမှသာ ဒေါ်လေးပိုင်နှင့် ကျန်းချိုက်ရှတို့ နောက်သို့လှည့်ကြည့်ရဲသည်။ လျိုမာကျစ်ခန္ဓာကိုယ်ထဲမှ သရဲတစ္ဆေနှင့်တူသော အနီရောင်သတ္တဝါတစ်ကောင် တွားသွားထွက်လာသည်ကို သူတို့မြင်လိုက်ရ၏။ လျိုမာကျစ် မြေကြီးပေါ်တွင် မလှုပ်မယှက်လဲကျနေပြီး သူ့မျက်နှာမှာ သေနေသူတစ်ယောက်ကဲ့သို့ ပြာနှမ်းနေသည်။ ထိုအနီရောင်အရာကြီးမှာ ခဲစပြုနေသောသွေးများကဲ့သို့ ထူးဆန်းနေသော်လည်း ၎င်းမျက်နှာမှာ အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းလွန်းလှသဖြင့် မည်သူမှ ဒုတိယအကြိမ်ထပ်မကြည့်ရဲကြပေ။
'သူ့မျက်နှာက အရေခွံဆုတ်ခံထားရတဲ့ ပုံစံမျိုးလား’
ကျိုးထောင်ဟွား သွေးနတ်ဆိုး၏အေးစက်စက်အပြုံးကို မြင်လိုက်ရပြီး လျိုမာကျစ်ထံ၌ တစ်ခုခု မှားယွင်းနေပြီကို သိလိုက်သည်။ သွေးနတ်ဆိုးမှာ လျိုမာကျစ်ခန္ဓာကိုယ်ထဲတွင် ပြီးပြည့်စုံစွာ ပုန်းအောင်းနေခဲ့သော်လည်း သာမန်ရွာသားတစ်ယောက်မှ ရေတွင်းဘောင်ပေါ်တွင် သွေးတစ်စက်ချပေးရန် အဘယ်ကြောင့် တောင်းဆိုရမည်နည်း။ သွေးစက်ချပေးခြင်းမှာ သွေးသစ္စာဆိုခြင်း (သို့မဟုတ်) သွေးမှတစ်ဆင့် ကာယကံရှင်၏မွေးသက္ကရာဇ်နှင့် အချိန်ကိုရယူခြင်းဖြစ်သည်။ နှစ်ခုစလုံးမှာ ရွှမ်မင်ဂမ္ဘီရပညာရပ်ဂိုဏ်းသားများ အသုံးပြုသော နည်းစနစ်များဖြစ်၏။ ထိုအချိန်၌ သူသည်မိမိကိုယ်ကိုအပြည့်အဝ ဖော်ပြမိလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ကျိုးထောင်ဟွားမှာ သူမကိုယ်စားသွေးထုတ်ပေးရန် စက္ကူရုပ်လေးတစ်ခုကို တိတ်တဆိတ် အစားထိုးအသုံးပြုခဲ့ခြင်းပင်။ သွေးနတ်ဆိုး၏မှောင်မည်းနေသော မျက်လုံးများမှာ ကျိုးထောင်ဟွားကို တိုက်ရိုက်စိုက်ကြည့်နေ၏။
"မင်း တကယ်ပဲသိသွားတာလား၊ ဘယ်လိုလုပ် သိသွားတာလဲ၊ ငါ မင်းလက်ကနေ သွေးတွေ ကျလာတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်၊ ခုနကတင် မင်းမီးလောင်သေသွားသင့်တာ"
သွေးနတ်ဆိုးမှာ ကျိုးထောင်ဟွားထံ ဒေါသတကြီးစိုက်ကြည့်နေပြီး ၎င်း၏မျက်လုံးများတွင် အံ့အားသင့်မှုများဖြင့်ပြည့်နှက်နေသည်။ ထိုစဥ်ကျိုးထောင်ဟွားမှာ အဝါရောင်စက္ကူဖြင့်ညှပ်ထားသော စက္ကူရုပ်လေးတစ်ခုကို သူမအင်္ကျီလက်စထဲမှ ထုတ်ယူပြလိုက်၏။ သွေးနတ်ဆိုး၏မျက်ဝန်းအိမ်များ ကျုံ့ဝင်သွားသည်။
‘အဲ့တော့ ဒီလိုပေါ့၊ သူမကလည်း စက္ကူရုပ်ကိုသုံးခဲ့တာပဲ။ သူမက သူ့မျက်စိအောက်မှာတင် သွေးသစ္စာပြုဖို့အတွက် အစားထိုးစက္ကူရုပ်ကို အသုံးပြုနိုင်ခဲ့တာပဲ’
သူမသွေးကိုရယူပြီး သူမအားသတ်ရန် ကျရှုံးခဲ့ရုံသာမက သူကိုယ်တိုင်လည်း ဘူးပေါ်သကဲ့သို့ ပေါ်သွားခဲ့လေပြီ။
‘ဒီမိန်းမက တကယ်ကြောက်စရာကောင်းတာပဲ’
ထိုသို့သာအစွမ်းမထက်ပါက ဆန်နတ်ဆိုးလည်း သူမလက်ချက်ဖြင့်သေသွားမည် မဟုတ်ချေ။ သွေးနတ်ဆိုးမှ ခြေဆောင့်လိုက်ရာ ကျိုးထောင်ဟွားနှင့် အခြားသူများ၏ခြေထောက်အောက်မှ ပျစ်ချွဲနေသော သွေးများစိမ့်ထွက်လာ၏။ ဒေါ်လေးပိုင်၊ ကျန်းချိုက်ရှနှင့် အခြားသူများ ကြောက်လန့်တကြားနောက်သို့ ဆုတ်သွားကြပြီး ထိုသွေးများကိုမထိရဲကြပေ။ ရွာသားတစ်ယောက်မှ မေးလိုက်သည်။
"ဒေါ်လေးပိုင် ခင်ဗျားရဲ့ယောက်ျား မာကျစ် ဘာဖြစ်သွားတာလဲ၊ ဘယ်လိုလုပ် သူ့ဆီမှာ ဒီအရာကြီးရှိနေရတာလဲ"
ဒေါ်လေးပိုင်လည်း ထိုနည်းတူဇဝေဇဝါ ဖြစ်နေသည်။
"ဒီမနက်ထိ သူအကောင်းကြီးရှိနေသေးတာ"
သွေးနတ်ဆိုးမှာ ကျိုးထောင်ဟွားကိုစိုက်ကြည့်နေပြီး ၎င်း၏အကြည့်များမှာ သူမကို ဝါးမျိုပစ်တော့မည့်အလားပင်။ သွေးနတ်ဆိုး ပြောလိုက်သည်။
"အရင်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ဒီအချိန်ကစပြီး မင်းရဲ့အသက်ကို ချမ်းသာပေးမယ်လို့မထင်နဲ့”
၎င်း၏လက်ချောင်းထိပ်များကြားတွင် သွေးတစ်စက် ဝဲပျံနေသည်။ သူ့လက်အား ဝှေ့ယမ်းလိုက်သည်နှင့်အမျှ သိပ်သည်းလှသော သွေးစက်မိုးများ ကျိုးထောင်ဟွားထံသို့ လွင့်စင်လာလေ၏။ သွေးစက်တစ်ခုစီမှ ထွက်ပေါ်နေသော ယင်စွမ်းအင်များသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြင်းထန်လှသည်။ ၎င်းသည် ကျိုးထောင်ဟွား သူမဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရသမျှထဲတွင် အပြင်းထန်ဆုံးယင်စွမ်းအင်ပင်။ ထိုနတ်ဆိုးမှာ လူ့လောကတွင် အချိန်ကြာမြင့်စွာကျက်စားနေသော သာမန် နတ်ဆိုးတစ်ကောင်နှင့်မတူပေ။ ယင်းအစား ၎င်းသည် တစ်ချိန်ကငရဲပြည်တွင် နေထိုင်ခဲ့ပြီး ထိုနေရာမှ ထုတ်ယူခံခဲ့ရသော ကလဲ့စားချေလိုသည့် နတ်ဆိုးတစ်ကောင်နှင့်သာ တူနေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မိခင်မှိုနတ်ဆိုးသည် သူမအားကာကွယ်ရန် မှိုမျှင်တစ်ပင်ကိုအလျင်အမြန်ထုတ်လွှတ်လိုက်သော်လည်း အလွယ်တကူပင် ထိုးဖောက်ခံလိုက်ရ၏။ မိခင်မှိုနတ်ဆိုး စိုးရိမ်တကြီး နောက်သို့လှည့်ကြည့်လိုက်သော်လည်း ထင်မှတ်မထားပါဘဲ ကျိုးထောင်ဟွားမှ ကောက်ညှင်းဆန်ရေစိမ်ထားသော မိုးကာအင်္ကျီတစ်ထည်ကို ရုတ်တရက်ပစ်ထုတ်လိုက်သည်အားတွေ့လိုက်ရသည်။ သွေးစက်များအားလုံးမှာ ရေငွေ့များဖြင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် အနီရောင်မီးခိုးငွေ့များအဖြစ် အငွေ့ပျံသွား၏။
မိခင်မှိုနတ်ဆိုး စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ကျိုးထောင်ဟွားလည်း သူမကြိုတင်ပြင်ဆင်ထားခဲ့သည့်အတွက် ဝမ်းသာသွားရ၏။ ကောက်ညှင်းဆန်ရေသည် ယင်စွမ်းအင်များကို အလွယ်တကူဖယ်ရှားနိုင်စွမ်းရှိသည်။
"ဒါက လှည့်ကွက်လေးတစ်ခုပဲ"
သွေးနတ်ဆိုးစကားပြော၍ဆုံးသည်နှင့် တစ်ပြိုင်နက် မြေကြီးသည် သွေးပင်လယ်ကြီးတစ်ခုအဖြစ် ချက်ချင်းပြိုကျသွားသည်။ သူသည်အရိုးပလ္လင်ပေါ်တွင်ထိုင်ကာ ကျိုးထောင်ဟွားနှင့် သူမအဖော်များကို ကြိတ်ချေသတ်ပစ်တော့မည့်အလား လှိမ့်တက်လာနေသော သွေးလှိုင်းတံပိုးများကို တိတ်တဆိတ်စောင့်ကြည့်နေ၏။ သွေးလှိုင်းများအတွင်း၌ သွေးများဖြင့်ဖွဲ့စည်းထားသော မရေမတွက်နိုင်သည့် ချုံချွန်းဓားမြှောင်များ ပုန်းကွယ်နေသည်။ ကျိုးထောင်ဟွား လျင်မြန်စွာလက်သင်္ကေတများပြုလုပ်၍ သွေးလှိုင်းများနှင့် ချုံချွန်းဓားမြှောင်များကိုတားဆီးရန် လေထဲတွင်ဝိညာဉ်စွမ်းအင်အကာအကွယ်တစ်ခုကို ဖန်တီးလိုက်၏။ ကျိုးထောင်ဟွားမှာ မကြာသေးမီကစ၍ သူမ၏နေ့စဉ်ဝိညာဉ်စွမ်းအင်ဖြည့်တင်းမှုသည် ကန့်သတ်ချက်များရှိနေခဲ့ရာ သွေးနတ်ဆိုးနှင့်ရင်ဆိုင်ရန် လုံလောက်မည် မလုံလောက်မည်အားမသေချာတော့၍ စိုးရိမ်သွားရသည်။
ထင်သည့်အတိုင်းပင် ကျိုးထောင်ဟွားမှ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းမချနိုင်မီမှာပင် သူမဂရုတစိုက်တည်ဆောက်ထားသော ဝိညာဉ်စွမ်းအင် အကာအကွယ်သည် ခွပ်ကနဲမြည်သံနှင့်အတူ ကွဲကြေသွား၏။ ကျိုးထောင်ဟွား၏မျက်နှာအမူအရာ လုံးဝပြောင်းလဲသွားသည်။ လင်းရှောင်ယွဲ့မှာ ၎င်းကို တားဆီးရန် သူမ၏သုံးကျန့်ခန့်ရှည်လျားသော အနီရောင်ပိုးဖဲကြိုးကို လျင်မြန်စွာ ထုတ်လွှတ်လိုက်၏။
(T-N/ လင်းရှောင်ယွဲ့ရဲ့ လက်နက်ပိုးဖဲကြိုးက ရှေ့အပိုင်းတွေမှာ အမျိုးမျိုးပြောင်းနေပေမယ့် တစ်ကယ်က သုံးကျန့်ရှည်ပါတယ်တဲ့။ အခုကစပြီး သုံးကျန့်ပဲသုံးပါမယ်နော်)
သို့သော်လည်း သွေးဓားမြှောင်များမှာ ဖောက်ထွင်းဝင်ရောက်လာနိုင်ဆဲ ဖြစ်သည်။ အသံနတ်ဆိုးသည် သူတို့ကို ကာကွယ်ရန် ဧရာမခန္ဓာကိုယ်ကြီးအား အလျင်အမြန်အသုံးပြုလိုက်၏။
"သခင်မကျိုး ဒီကနေမြန်မြန်ထွက်သွားပါတော့"
ကြွက်သားအပြည့်ရှိသော အသံနတ်ဆိုးမှာ သူ့ကျောကိုထိုးဖောက်ဝင်ရောက်လာသော မရေမတွက်နိုင်သည့် သွေးဓားမြှောင်များ၏ နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း တစ်လက်မပင်မလှုပ်ရှားဘဲ ကျိုးထောင်ဟွားနှင့် အခြားသူများကို သူ့ခန္ဓာကိုယ်ဖြင့်ဆက်လက် ကာကွယ်ပေးနေသည်။ ကျိုးထောင်ဟွားမှာ ရင်ကွဲမတတ်ခံစားလိုက်ရ၏။
'အသံနတ်ဆိုး’
သူ၏ပုံသဏ္ဌာန်မှာ သိသိသာသာ မည်းနက်လာပြီး သူ၏လူအသွင်သဏ္ဌာန်မှာ မကြာမီပြိုကျကာ သံတုတ်တစ်ချောင်းအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားတော့မည်ဖြစ်သည်။ ကျိုးထောင်ဟွား တိုက်တွန်းလိုက်၏။
"ဖယ်လိုက်တော့"
အသံနတ်ဆိုးမှာ သူမနောက်သို့တစ်နှစ်ကျော်ကြာလိုက်ပါလာခဲ့သူဖြစ်ရာ လူအသွင်မှ သံတုတ်အသွင်သို့ ပြောင်းလဲသွားသည်ကို သူမ, မကြည့်ရက်နိုင်ပေ။ ထိုသံတုတ်ပုံစံပင် ပျောက်ကွယ်သွားမည်ဆိုပါလျှင် ပို၍ပင်မကြည့်ရက်နိုင်ပါချေ။ သို့သော် မကြာသေးမီက သူမကိုယ်ဝန်ကြောင့် သူမဖြည့်တင်းနိုင်သော ဝိညာဉ်စွမ်းအင်ပမာဏမှာ မလုံလောက်ခဲ့ချေ။ ထို့ပြင် လတ်တလောသူမကြုံတွေ့ခဲ့ရသည့် နတ်ဆိုးများနှင့် မကောင်းဆိုးဝါး ဝိညာဉ်များသည် မယုံနိုင်လောက်အောင် အစွမ်းထက်လှသည်။ ကျိုးထောင်ဟွား ကူကယ်ရာမဲ့နေ၏။
‘ဒီနေ့ ဒီနေရာမှာပဲ သူမသေဆုံးရတော့မှာလား’
ထိုစဉ်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု သူမဘေးမှ ရုတ်တရက်ပေါက်ကွဲထွက်လာ၏။ သူမထိတ်လန့်သွားပြီး သွေးနတ်ဆိုး၏တိုက်ခိုက်မှု နီးကပ်လာပြီဟုပင် ထင်လိုက်မိသည်။
‘ဒါပေမဲ့ သွေးနတ်ဆိုးရဲ့ယင်စွမ်းအင်တွေက ဘယ်အချိန်ကများ ဒီလောက် အစွမ်းထက်တဲ့ အငွေ့အသက်အဖြစ် ပြောင်းလဲသွားတာလဲ’
သူမလှည့်ကြည့်လိုက်သောအခါ ထိုအရာသည် ရှန်းမင်ထုတ်လွှတ်လိုက်သော အငွေ့အသက်များဖြစ်နေသည်ကို သူမ တွေ့လိုက်ရ၏။ ကျိုးထောင်ဟွား အံ့အားသင့်သွားရသည်။ သူမမျက်လုံးများ ပြူးကျယ်သွားပြီး ရှန်းမင်၏မူလရုပ်လုံးပေါ်လာခြင်းနှင့် နတ်ဆိုးများအားတိုက်ခိုက်ရန် သူ၏အငြိုးအတေးစွမ်းအင်များအား အသုံးပြုလာသည်ကိုမြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်၏။ လွှမ်းမိုးနိုင်သော အငြိုးအတေးစွမ်းအင်သည် ဧရာမစပါးအုံးမြွေမည်းကြီးတစ်ကောင်အလား သူတို့ခေါင်းပေါ်ရှိ သွေးလှိုင်းများနှင့် သွေးဓားမြှောင်များထံသို့ တည့်မတ်စွာပြေးဝင်သွားသည်။ ၎င်းဖြတ်သန်းသွားသော နေရာတိုင်းတွင် သွေးလှိုင်းများနှင့် သွေးဓားမြှောင်များသည် အနီရောင်မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွား၏။ အသံနတ်ဆိုးလည်း နောက်ဆုံးတော့ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချနိုင်သွားသည်။ အခြားနတ်ဆိုးလေးကောင်မှာ သူ့ကိုကူညီရန် အလျင်အမြန်ပြေးလာကြသည်။ သံတုတ်အသွင်သို့ သူပြန်မပြောင်းသွားသေးသော်လည်း သူသည် အလွန်တရာပင်ပန်းနွမ်းနယ်နေပြီဖြစ်ပြီး အချိန်မရွေး သေဆုံးသွားနိုင်သည့် ပုံပေါက်နေ၏။ ထိုမြင်ကွင်းကိုမြင်လိုက်ရသော် ကျန်းလျို၏မျက်လုံးများတွင် မျက်ရည်စများ ချက်ချင်းပြည့်လျှံလာပြီး ပါးပြင်ပေါ်သို့ စီးကျလာသည်။
"အသံနတ်ဆိုး နင်သေလို့မရဘူးနော် ဝါးးးး"
ကျန်းလျိုမှာ အသံနတ်ဆိုးကိုဖက်ကာ ငိုကြွေးလိုက်သည်။ ကျိုးထောင်ဟွားသည်လည်း ရင်ကွဲမတတ်ဖြစ်နေရ၏။ သို့သော် ယခုအချိန်မှာ ဝမ်းနည်းနေရမည့် အချိန်မဟုတ်ပေ။ သူတို့ထံတွင် အန္တရာယ်ရှိနေဆဲပင်။ ကျိုးထောင်ဟွား ခေါင်းလှည့်ကြည့်လိုက်ရာ သူမကိုလုံးဝ မှင်သက်သွားစေသော မြင်ကွင်းတစ်ခုအား တွေ့လိုက်ရသည်။ ရှန်းမင်မှာ တစ်ခြားလူတစ်ယောက်ကဲ့သို့ပင်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အငြိုးအတေးစွမ်းအင်များကို သူထိန်းချုပ်နိုင်နေသည်။ ယခုအချိန်တွင် သူသည်ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော ကျွမ်းကျင်သည့် တာအိုဆရာတစ်ဦးနှင့် တူနေ၏။
အငြိုးအတေးစွမ်းအင်များမှာ သွေးနတ်ဆိုး၏သွေးလှိုင်းများကို လှည်းကျင်းဖယ်ရှား၍ ရှန်းမင်၏ခြေလှမ်းများနှင့်အတူလိုက်ပါလာပြီး နောက်ဆုံးတွင် အရိုးပလ္လင်ပေါ်ရှိ သွေးနတ်ဆိုးထံသို့ တည့်တည့်မတ်မတ်ပြေးဝင်သွားသည်။ လွှမ်းမိုးနိုင်သော အငြိုးအတေးစွမ်းအင်များမှာ အလွန်တရာကြောက်မက်ဖွယ်ကောင်းလွန်းလှသဖြင့် သွေးနတ်ဆိုးပင်လျှင်မခံနိုင်တော့ပေ။ ထိုအငွေ့အသက်များသည် ၎င်း၏ခန္ဓာကိုယ်ကို တိုက်ရိုက် ဖောက်ထွင်းသွားသည်။ သွေးနတ်ဆိုးမသေဆုံးမီလေးတွင် ရှန်းမင်ကို သူစိုက်ကြည့်နေပြီး မျက်ဝန်းအိမ်များ ရုတ်တရက်ပြူးကျယ်သွားရ၏။ ရှောင်လွှဲမရသော သူ့သေဆုံးမှုကို ကြိုတင်သိမြင်နေပြီးဖြစ်သော်လည်း သူ မတ်တတ်ထရပ်လာကာ ရှန်းမင်ထံလက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။ သို့သော် စကားမပြောနိုင်မီမှာပင် အငြိုးအတေးစွမ်းအင်များမှ သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသဖြင့် တိတ်ဆိတ်သွားတော့၏။ သွေးနတ်ဆိုး မျက်လုံးများပြူးကျယ်လျက် သေဆုံးသွားလေပြီပင်။ လူ့လောကမှ နတ်ဆိုးများကိုသုတ်သင်ပေးသည့် မဟာဆရာသခင်ကြီးနှင့် တွေ့ဆုံလိုက်ရသကဲ့သို့ဖြစ်သွားသဖြင့် ၎င်းသည် ဇဝေဇဝါဖြစ်မှုနှင့် အံ့အားသင့်မှုနှစ်မျိုးစလုံးကို ခံစားသွားခဲ့ရသည်လည်းဖြစ်နိုင်၏။
***