"ဘုန်း"
သွေးနတ်ဆိုး မြေကြီးပေါ်သို့လဲကျသွားပြီး ၎င်း၏ခဲကာစသွေးများသည် မြေဆီလွှာထဲသို့ စိမ့်ဝင်သွားကာ ကျောက်စိမ်းခါးပတ်အပိုင်းအစတစ်ခုသာ ကျန်ရစ်ခဲ့သည်။ ရှန်းမင်မှာ သွေးနတ်ဆိုး၏ သေခါနီးလှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့ပြီး တစ်ခဏအတွင်းမှာပင် တစ်ခုခုကို သူနားလည်သွားသကဲ့သို့ ဖြစ်သွား၏။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အငြိုးအတေးစွမ်းအင်များသည် ယခုအချိန်တွင် ပြန်လည်ရုပ်သိမ်း၍မရနိုင်တော့သကဲ့သို့ဖြစ်နေလေပြီ။ ရှန်းမင် ကျိုးထောင်ဟွားလက်ကို အမြန်ဆွဲကိုင်လိုက်သည်။
သူမျှော်လင့်ထားသလိုပင် ကျိုးထောင်ဟွားအား ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် အငြိုးအတေးစွမ်းအင်များမှာ ချက်ချင်းဆုတ်ခွာသွား၏။ သွေးနတ်ဆိုးသေဆုံးသွားသဖြင့် ဟေးနျိုရွာမှ ရွာသားများမှာ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချနိုင်သွားကြသည်။ ရွာသားတစ်ယောက်မှာ ကြောက်လန့်တကြားဖြင့် သူ့ရင်ဘတ်ကို ပုတ်လိုက်၏။
"အရမ်း ကြောက်စရာကောင်းတာပဲ၊ ခုနက ကျုပ်အသံထွက်ပြီးတောင်အသက်မရှူရဲဘူး"
"ဘယ်သူလုပ်ရဲမှာလဲ၊ ကံကောင်းလို့ အဲဒီနတ်ဆိုးသေသွားတာ"
ဒေါ်လေးပိုင်မှာ မြေကြီးထက်လဲကျနေသော လျိုမာကျစ်အားမြင်သောအခါ အလွန်တရာကြောက်လန့်သွားရသည်။ သူ့မျက်နှာမှာ ပြာနှမ်းနေဆဲပင်။ သူမဒူးထောက်ချ၍ ငိုကြွေးလိုက်မိတော့သည်။
"လျိုမာကျစ် သတိထားပါဦး၊ ရှင်က ရက်စက်လိုက်တာ၊ ကျွန်မကို ဘယ်လိုလုပ် တစ်ယောက်တည်းထားခဲ့ရက်တာလဲ၊ ကျွန်မက အသက် ၃၀ကျော်ပဲရှိသေးတာကို မုဆိုးမဖြစ်ရတော့မှာလား"
အခြားသူများသည်လည်း ဒေါ်လေးပိုင်ကို စာနာသနားဟန်ဖြင့်ကြည့်နေကြသည်။
"ဒေါ်လေးပိုင်ရယ် ဦးလေးကနတ်ဆိုးပူးခံလိုက်ရတာ၊ ကံတရားကိုသာ လက်ခံလိုက်ပါတော့"
ကျန်းချိုက်ရှ ရှေ့သို့တိုးသွားပြီးကြည့်လိုက်ရာ လျိုမာကျစ်ထံတွင် အသက်ရှူသံသဲ့သဲ့လေးရှိနေသေးကြောင်း သိလိုက်ရသည်။ သူမလက်ချောင်းကို သူ့နှာခေါင်းအောက်ထားကြည့်လိုက်ရာ ထင်သည့်အတိုင်း သူအသက်ရှင်နေဆဲပင်။ ကျန်းချိုက်ရှ စိတ်လှုပ်ရှားဟန်ဖြင့် အော်ဟစ်လိုက်သည်။
"ဒေါ်လေး ဦးလေးကအသက်ရှင်နေသေးတယ်"
ဒေါ်လေးပိုင်သည်လည်း သူမလက်ချောင်းကို သူ့နှာခေါင်းအောက်ထားကြည့်လိုက်ပြီး သူအသက်ရှင်နေသေးကြောင်း အတည်ပြုပြီးနောက် ခေတ္တမျှ ဝမ်းသာသွားသော်လည်း ချက်ချင်းပင် ညည်းတွားလိုက်သည်။
"သူ အသက်ရှင်နေပေမဲ့ သေနေတဲ့လူလိုပဲ ငါခံစားရတယ်၊ ချိုက်ရှ သူကအသက်ရှင်နေတဲ့ လူသေတစ်ယောက်နဲ့မတူဘူးလား"
တစ်ခါတလေ အသက်ရှင်နေရသည်မှာ သေခြင်းထက်ပိုဆိုးပေသည်။
‘သေသွားရင် ခေါင်းတလားထဲမှာမြှုပ်လိုက်ရုံပဲဆိုပေမဲ့ အသက်ရှင်နေလျက်နဲ့ လူသေတစ်ယောက်လိုသာဖြစ်နေရင် ဘာမှလည်းမကူညီနိုင်ဘဲ သူမကပဲသူ့ကို ပြုစုစောင့်ရှောက်ရမှာမလား။ ဒီလိုမျိုးနဲ့ သူမ ဘယ်လိုလုပ်အသက်ဆက်ရှင်ရမှာလဲ’
ကျန်းချိုက်ရှ သူမကိုကျိုးထောင်ဟွားရှိရာသို့ ဆွဲခေါ်သွားပြီး လက်ညှိုးထိုးပြလိုက်သည်။
"ဒေါ်လေး သူမက နတ်ဆိုးနှင်တဲ့ဆရာသခင်ပဲ၊ သူမဘေးက အကောင်တွေကို ကြည့်လိုက်၊ ဦးချိုရှည်တွေ ခရုခွံတွေ မှိုတွေနဲ့ သူတို့အားလုံးက နတ်ဆိုးတွေချည်းနော်၊ သူမကအရမ်းစွမ်းတယ်၊ ဦးလေးကို ကြည့်ပေးဖို့ သူမဆီသာအကူအညီတောင်းလိုက်ရင် ဦးလေးသက်သာသွားမှာပဲ"
ကျန်းချိုက်ရှ တိုက်တွန်းလိုက်သည်။ မည်သို့ပင်ဆိုစေ သူတို့သည်သွေးသားရင်းချာများဖြစ်ကြပြီး သူမဦးလေး အသက်ရှင်ခွင့်ရရန် သူမမျှော်လင့်နေသည်။ ကျိုးထောင်ဟွား၏စွမ်းရည်များကို သူမကိုယ်တိုင်မြင်တွေ့ခဲ့ရသဖြင့် ကျိုးထောင်ဟွားသည် သူမဦးလေးကို သေချာပေါက်ကယ်တင်နိုင်မည်ဟု ယုံကြည်နေ၏။ ထိုစကားကိုကြားသောအခါ ဒေါ်လေးပိုင်လူအုပ်ကြီးကြား တိုးဝှေ့ကာ ကျိုးထောင်ဟွားထံသို့ အလျင်အမြန်ပြေးသွားလိုက်သည်။
"ကျိုးထောင်ဟွား ငါ့ယောက်ျားကိုမြန်မြန် သွားကြည့်ပေးစမ်း၊ သူ့ကို သွားကယ်လိုက်"
ဒေါ်လေးပိုင်၏အမိန့်ပေးသည့်လေသံကြောင့် ကျိုးထောင်ဟွား မျက်မှောင်ကြုတ်သွားသည်။
ကျိုးထောင်ဟွား : "ကျွန်မ, မအားဘူး"
ဒေါ်လေးပိုင်ဆဲဆိုလိုက်၏။
"နင်က ဘာတွေများအဲဒီလောက် အလုပ်များနေတာလဲ၊ လူ့အသက်တစ်ချောင်းက အရေးကြီးနေတာနော်၊ အချိန်ဆွဲနေလို့ရမလား"
"ဒေါ်လေး"
ကျန်းချိုက်ရှ အလျင်အမြန်ဝင်ဟန့်တားလိုက်သည်။
"သူများကိုအကူအညီတောင်းတာ ဘယ်လိုလုပ် အဲဒီလိုလေသံမျိုးနဲ့ပြောရတာလဲ"
ကျန်းချိုက်ရှ ဒေါ်လေးပိုင် ကိုယ်စား အလျင်အမြန် တောင်းပန်လိုက်သည်။
"မိန်းကလေးကျိုး ကျေးဇူးပြုပြီးလုပ်စရာရှိတာသာ အရင်လုပ်ပါ၊ ကျွန်မတို့မလောပါဘူး"
"ငါ....."
ဒေါ်လေးပိုင် တစ်ခုခုထပ်ပြောချင်သေးသော်လည်း ကျန်းချိုက်ရှမှ သူမပါးစပ်ကို ပိတ်လိုက်သည်။ ထို့နောက် သူမ သတိပေးလိုက်၏။
"ဒေါ်လေး သူများကိုအကူအညီ တောင်းရလိမ့်မယ်လို့ ဒေါ်လေးမထင်ခဲ့ဘူးမလား၊ အခု ဦးလေးပိုင်ပြန်ကောင်းမကောင်းဆိုတာက မိန်းကလေးကျိုးအပေါ်မှာပဲ လုံးလုံး မူတည်နေတာ၊ တကယ်လို့ ဒေါ်လေးကသာ သူမကိုစော်ကားလိုက်လို့ ဦးလေးသေသွားရင် ဒေါ်လေးပဲငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်သွားပြီး ညီမလေးရဲ့အိမ်ထောင်ရေးကိုလည်း ဒေါ်လေး တစ်ယောက်တည်းစိုးရိမ်ပေးနေရတော့မှာနော် သေချာစဉ်းစားပြီးပြီလား”
ဒေါ်လေးပိုင် ချက်ချင်းပင်ကြောက်လန့်သွားပြီး အသံထပ်မထွက်ရဲတော့ပေ။ သူမကျိုးထောင်ဟွားကို တိတ်တဆိတ်သာရပ်စောင့်နေလိုက်သည်။ ကျိုးထောင်ဟွား အသံနတ်ဆိုးထံ စိုးရိမ်တကြီးကြည့်လိုက်၏။ အသံနတ်ဆိုးမှာ ယခုအချိန်တွင် အလွန်တရာအားနည်းနေသည်။ သူမသည် သွေးနတ်ဆိုး၏ခန္ဓာကိုယ်မှ ကျောက်စိမ်းခါးပတ်အပိုင်းအစကို ကောက်ယူလိုက်ကာ ၎င်းတွင်သွေးနတ်ဆိုး၏ကျင့်ကြံမှုများ ပါဝင်နေ၏။
ကျိုးထောင်ဟွား : "အသံနတ်ဆိုး ဒါကိုစားလိုက်"
ကျိုးထောင်ဟွား ကျောက်စိမ်းခါးပတ် အပိုင်းအစကို အသံနတ်ဆိုးပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ၎င်းသည် ကျင့်ကြံခြင်းအမြုတေမဟုတ်သော်လည်း ထိုကျောက်စိမ်းခါးပတ်အပိုင်းအစတွင် သွေးနတ်ဆိုး၏နှစ် ၁,၈၀၀စာကျင့်ကြံမှုများပါဝင်နေ၏။ အသံနတ်ဆိုးမှ ထိုအရာကို ပါးစပ်ထဲသို့ ထည့်လိုက်သည်နှင့်တစ်ပြိုင်နက် မည်းနက်နေသောသူ့အသားအရေမှာ ချက်ချင်းပြောင်းလဲသွားပြီး အားနည်းနေသော သူ့ခန္ဓာကိုယ်သည်လည်း အသွင်ပြောင်းသွားသည်။ သူသည် အလွန်တရာအားနည်းနေခဲ့သဖြင့် ကျိုးထောင်ဟွားနှင့် အခြားသူများမှ သူ့ကိုတွဲကူထားရသော်လည်း ယခုတွင်မူ သူကိုယ်တိုင် မတ်တတ်ရပ်နိုင်နေပြီပင်။ ဗလာကျင်းနေသော သူ့ကိုယ်အပေါ်ပိုင်းခန္ဓာကိုယ်ပေါ်တွင် နားလည်ရခက်သောမှော်စာလုံးကြီးများပေါ်လာပြီး နောက်ဆုံးတွင် သူ့ကိုယ်လုံးတစ်ခုလုံးအား ဖုံးလွှမ်းသွား၏။
ကျန်းလျိုမှာ အသံနတ်ဆိုး၏လွတ်နေသော ခြေကျင်းဝတ်များတွင်လည်း ထိုစာလုံးများရှိနေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သူမ ခန့်မှန်းလိုက်၏။
"အသံနတ်ဆိုးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒီမှော်စာလုံးတွေဖုံးလွှမ်းသွားမှာများလား"
မှိုနတ်ဆိုး မနာလိုဟန်ဖြင့်ပြောလိုက်သည်။
"အသံနတ်ဆိုးက အခုကျင့်ကြံမှု အဆင့်တက်နေတာ သေချာတယ်၊ ဒီနက်နဲတဲ့ မှော်စာလုံးတွေက လုံးဝသာမန်မဟုတ်ဘူး"
အသံနတ်ဆိုးမှာ ခန္ဓာကိုယ်အတွင်း၌ သွေးနတ်ဆိုး၏နှစ် ၁,၈၀၀စာ ယင်စွမ်းအင်များ ရုတ်တရက်ရရှိလာသဖြင့် လန်းဆန်းတက်ကြွလာသလို ခံစားလိုက်ရသည်။ အကယ်၍ သူသာသွေးနတ်ဆိုး၏ တိုက်ခိုက်မှုကို ထပ်မံခံရမည်ဆိုပါက ယခင်ကကဲ့သို့အခြေအနေမျိုး ဖြစ်တော့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ၌သူ့တွင် ဖျက်ဆီး၍မရသောခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားပြီဖြစ်သောကြောင့်ပင်။ ထို့ပြင် သူ့ကိုသာ ထပ်မံတိုက်ခိုက်လာပါက အသံလှိုင်းဖြင့် အလိုလိုပြန်လည်တိုက်ခိုက်မည့်စနစ်ကိုပါ အသက်သွင်းလိုက်မည်ပင်။ တိုက်ခိုက်မှုပြင်းထန်လေလေ ပြန်လည်ကန်ထွက်လာမည့် အသံလှိုင်းများ ပိုမိုအစွမ်းထက်လေလေပင်။
အသံနတ်ဆိုး၏ကြွက်သားများမှာ ထပ်မံဖောင်းကြွလာပြီး နောက်ဆုံးတွင် နှစ်မီတာမြင့်သော ကြွက်သားအပြည့်နှင့် မုတ်ဆိတ်မွှေးထူထူဖြင့် လူကြီးတစ်ယောက်အဖြစ်သို့ ပြန်လည်ကျုံ့ဝင်သွားသည်။ သူ့ဦးချိုများပျောက်ကွယ်သွားပြီး ပထမတစ်ချက်ကြည့်လိုက်ရုံဖြင့် အတော်လေးကြမ်းတမ်းသော လူတစ်ယောက်အသွင်ရှိနေ၏။ အတိုချုပ်ပြောရလျှင် သူသည်ယခင်ကထက် လူနှင့်ပိုတူလာသည်။ ကျန်းလျိုမှာ သူ့ဗိုက်အားဆိတ်ကြည့်လိုက်၏။ သူမမှာတော့သူ့ကို အရင်ကအတိုင်း သဘောကျနေဆဲပင်။ သူမဂုဏ်ပြုစကားပြောလိုက်သည်။
"အသံနတ်ဆိုး နင့်ရဲ့အခု အရွယ်အစားနဲ့ဆိုရင် ရထားလုံးစီးလို့ရပြီ"
နှစ်မီတာဆိုသည်မှာ အတော်လေးအရပ်ရှည်နေသေးသော်လည်း ယခင်ကထက် များစွာပိုပုသွားလေပြီပင်။ အသံနတ်ဆိုး ရယ်မောလိုက်သည်။
"ရပါတယ် ငါကနင့်အတွက် ရထားလုံးမောင်းပေးမယ်၊ နင်ကအတွင်းမှာပဲထိုင်ပေါ့"
‘ဘာပဲဖြစ်ဖြစ် သူကလုံးဝကြံ့ခိုင်နေပြီပဲလေ’
ကျိုးထောင်ဟွား သူအဆင်ပြေသွားသည်ကို မြင်သောအခါ နောက်ဆုံးတွင်ပြုံးလိုက်သည်။ သူမ၏ယခင်က တင်းမာနေသောမျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာလေ၏။ ထိုမြင်ကွင်းကိုမြင်ပါမှ ဒေါ်လေးပိုင်လည်း စကားပြောရဲသွားတော့သည်။
"မိန်းကလေးကျိုး ကျွန်မယောက်ျားကို ကြည့်ပေးပါဦး၊ မင်းမှာစွမ်းရည်ရှိပါတယ်၊ သူ့ကို ကယ်ပေးပါ"
ကျိုးထောင်ဟွား မလှမ်းမကမ်းရှိ မြေကြီးပေါ်တွင် လဲကျနေသော လျိုမာကျစ်ထံလှည့်ကြည့်လိုက်သည်။
"သူက နှစ်ပေါင်း ၁,၈၀၀ကျင့်ကြံထားတဲ့ သွေးနတ်ဆိုးရဲ့ ပူးကပ်တာကို ခံလိုက်ရပြီး သူ့ရဲ့ယန်စွမ်းအင်တွေက လုံးဝနီးပါးကုန်ခမ်းသွားပြီ၊ ကံကောင်းလို့ သူ့ဘိုးဘွားတွေက ကာကွယ်ပေးထားပြီး သူတို့စုဆောင်းခဲ့တဲ့ ကုသိုလ်တွေကြောင့်သာ သူ့မှာယန်စွမ်းအင်နည်းနည်းကျန်နေသေးတာ၊ အဲဒီလိုမဟုတ်ဘဲ တခြားတစ်ယောက်ယောက်သာ နှစ် ၁,၈၀၀ကျင့်ကြံထားတဲ့ သွေးနတ်ဆိုးရဲ့ ပူးကပ်တာကိုခံရရင် စောစောကတည်းကသေနေလောက်ပြီ၊ ဒီမှာ အသက်ရှူဖို့တောင် အခွင့်အရေးရမှာ မဟုတ်ဘူး"
ကျိုးထောင်ဟွား စကားပြောပြီးနောက် ဒေါ်လေးပိုင်၏ခြေထောက်များ ခွေယိုင်သွားရသည်။ ကျန်းချိုက်ရှနှင့် အခြားသူများသည် ကြောက်လန့်တကြားပါးစပ်ကိုအုပ်လိုက်မိကြ၏။ အချို့ရွာသားများသည် ဤကိုယ်ဝန်ဆောင်အမျိုးသမီးပြောသည်မှာ မှန်ကန်လိမ့်မည်ဟု မည်သည့်အချိန်ကမှ ထင်မထားခဲ့ကြပေသိ လျိုမာကျစ်၏အဘိုးဖြစ်သူမှာ ရွာတွင်လူသိများသော လူကောင်းတစ်ဦးဖြစ်ကြောင်း အမှတ်ရသွားကြသည်။
ဒေါ်လေးပိုင် : "မိန်းကလေးကျိုး ကျွန်မယောင်္ကျားကို ကယ်နိုင်ပါ့မလား"
ကျိုးထောင်ဟွား မျက်လွှာအသာပင့်ကြည့်လိုက်သည်။ သူမ ဤဒေါ်လေးပိုင်ဆိုသူကို သဘောမကျပေ။
"ဆယ်တေး"
အကယ်၍ သူမကိုဒေါသမထွက်စေခဲ့သူမှာ တခြားတစ်ယောက်ယောက်သာဆိုလျှင် သူမကနှစ်တေးလောက်သာ တောင်းမည်ဖြစ်ပေသိ ဒေါ်လေးပိုင် အတွက်ကတော့ ဆယ်တေးဖြစ်ရမည်။
"ဘာရယ် အဲဒီလောက်တောင်များတာလား"
ဒေါ်လေးပိုင် အံ့အားသင့်သွားပြီး ကျိုးထောင်ဟွားအား ဆဲဆိုချင်သည့်စိတ်ကို မျိုသိပ်ထားလိုက်ရသည်။
‘ချက်ချင်းကြီးဆယ်တေး တောင်းနေတာ၊ သူမကို ဓားပြသာတိုက်လိုက်ပါတော့လား’
သို့သော်လည်း သူမမှာ ဆယ်တေးကို မနည်းစုဆောင်း၍ ကျိုးထောင်ဟွားအား သူမယောက်ျားကို ကယ်တင်ပေးရန် တောင်းဆိုလိုက်သည်။ အကယ်၍ ကျိုးထောင်ဟွားမှ လျိုမာကျစ်ကိုအသက်ပြန်ရှင်အောင်လုပ်မပေးနိုင်လျှင် ထိုဆယ်တေးကို မည်သို့ပင်ဖြစ်စေ ပြန်တောင်းယူမည်ဟု စိတ်ထဲမှတွေးထားလိုက်၏။ သို့သော်မယုံနိုင်စရာကောင်းလောက်အောင်ပင် ကျိုးထောင်ဟွားမှာ သူ့ခင်ပွန်းအား တကယ်အသက်ပြန်ရှင်အောင်လုပ်ပေးနိုင်ခဲ့သည်။ လျိုမာကျစ်တစ်ယောက် လုံးဝပုံမှန်အတိုင်း ပြန်လည်နိုးထလာပြီးနောက်တွင်တော့ ခွန်အားများပြည့်ဝနေကာ သေလုမျောပါးဖြစ်ခဲ့ရသည့် လက္ခဏာ တစ်ခုမှပင်မပြတော့ပေ။ လူတိုင်း အံ့သြတကြီးပြောလာကြသည်။
"ကျိုးထောင်ဟွားက တကယ်အံ့သြစရာကောင်းတာပဲ"
..
ချင်းရွှေမြို့ရှိ အရက်ဆိုင်တစ်ဆိုင်တွင်
ယွီဖေးမှ ရုတ်တရက် စားပွဲကိုမှောက်ချလိုက်ရာ အစားအသောက်နှင့် အရက်များ အားလုံးဖိတ်စင်ကုန်သည်။ ဆိုင်ရှင်၊ စားပွဲထိုးနှင့် ဖောက်သည်များအားလုံး သူ့ထံစိုက်ကြည့်လာကြ၏။ စားပွဲထိုးမှ သူ့ကိုရင်ဆိုင်ရန်ပြင်နေစဥ်မှာပင် ယွီဖေးတစ်ယောက် ဒေါသတကြီးအော်ဟစ်လိုက်သည်။
"တောက် နောက်တစ်ကောင်ထပ်သေပြန်ပြီ၊ သူမရဲ့ရွာတစ်ခုလုံးကို ငါရှင်းပစ်မယ်"
***