ရထားလုံးရောက်လာမှုသည် ရွာသားများ၏အာရုံကို ချက်ချင်းဖမ်းစားသွား၏။ လယ်ကွင်းထဲတွင် အလုပ်လုပ်နေကြသူများ ရထားလုံးထံသို့မော့ကြည့်လိုက်ကြသည်။ အချို့မှာ ဤမျှမြင့်ပြီး လှပသည့် မြင်းဖြူကြီးကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်၍ ရှောင်ဟေးကို စိုက်ကြည့်နေကြသည်။ ယခုဆိုလျှင် လူတိုင်းမြင်းဈေးကွက်အကြောင်း သိနေကြပြီ မဟုတ်ပါလော။ ရွာသားတစ်ယောက်မှ အံ့သြတကြီးရေရွတ်လိုက်သည်။
"ဒီမြင်းက တေးတစ်သောင်းထက်မက တန်လောက်တယ်"
ချန်ချင်းရှန်းရထားလုံးမောင်းသူကို မှတ်မိသွားသည်။ သေချာကြည့်လိုက်သောအခါ သူပြုံးလိုက်မိ၏။
‘အဲဒါ သူ့တူမခင်ပွန်းရှန်းမင် မဟုတ်ပါလား။ အဲ့ရထားလုံးကသူ့ဟာလား’
မကြာသေးမီက သူ့မိသားစုကံခေနေပြီး ဟော်ကျောက်ရွာ၏လှောင်ပြောင်စရာ ဖြစ်နေခဲ့သည်။ မကြာခဏ လှောင်ပြောင် အထင်သေးခံရခြင်းကြောင့် သူ့စိတ်အခြေအနေမှာ သိပ်မကောင်းလှပေ။ ချန်ချင်းရှန်းခေါင်းကိုမော့၍ အလွန်တရာဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ရွာလမ်းမထံသို့ လျှောက်သွားလိုက်သည်။ ယနေ့တစ်ရွာလုံးရှေ့တွင် မျက်နှာပန်းလှအောင်လုပ်ပြမည်ဟု သူဆုံးဖြတ်ထား၏။ သူလျှောက်သွားရင်း လှမ်းမေးလိုက်သည်။
"ရှန်းမင် မင်းတို့ဘယ်သွားမလို့လဲ"
အခြားရွာသားများမှ ချန်ချင်းရှန်း ရထားလုံးမောင်းသူကို နှုတ်ဆက်နေသည်အားမြင်၍ သူ၏အသိလားဟု တွေးလိုက်ကြသည်။
‘တကယ်ပဲ သူတို့လိုဆင်းရဲတဲ့ လယ်သမား ချန်ချင်းရှန်းမှာ ဒီလို အဆက်အသွယ်တွေ ရှိနေတာလား’
သူတို့ထဲရှိ တစ်ယောက်မှပြောလိုက်သည်။
"ငါ့အထင်တော့ သူလည်းသူ့သားလိုပဲရူးသွားပြီထင်တယ်၊ သူ့ကိုဘယ်သူကများ ဂရုစိုက်နေလို့လဲ"
ဟော်ကျောက်ရွာမှ ရွာသားများအားလုံး ချန်ချင်းရှန်းနှင့် ထိုရထားလုံးကို စူးစမ်းသည့်အကြည့်များဖြင့်ကြည့်နေကြသည်။ ရုတ်တရက် ရထားလုံးရပ်သွား၏။ ရှန်းမင်မှာ ချန်ချင်းရှန်းကို တစ်ခါသာမြင်ဖူးသော်ငြား ချန်ချင်းရှန်းမှာ ကျိုးထောင်ဟွား၏ဦးလေးဆိုသည်အား သေချာမှတ်မိနေသည်။ ရထားလုံးပေါ်မှ သူဆင်းပြီး ချန်ချင်းရှန်းကို နှုတ်ဆက်လိုက်သည်။
"ဦးလေး အလုပ်လုပ်နေတာလား"
အခြားရွာသားများ အံ့သြသွားကြပြီး အချို့ဆိုလျှင် အံ့သြတကြီးရေရွတ်လိုက်ကြသည်။
"ချန်ချင်းရှန်းက သူ့ကိုတကယ်သိနေတာလား၊ ဒီလူကဘယ်သူလဲ၊ သူဝတ်ထားတဲ့ အဝတ်အစားတွေက ငါတို့မိသားစုတစ်နှစ်စာ ကုန်ကျစရိတ်လောက်တန်တယ်"
"သူက မြို့ပေါ်ကအရေးကြီးပုဂ္ဂိုလ် တစ်ယောက်ယောက်များလား"
"ချန်ချင်းရှန်းက တကယ်အာဏာရှိတာပဲ"
ချန်ချင်းရှန်း တီးတိုးပြောသံများနှင့် မနာလိုနေသော မှတ်ချက်များကို နားထောင်ရင်း ကျေနပ်နေသည်။
‘ဒီရက်ပိုင်းတွေအတွင်း သူခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေ အားလုံးအဆုံးသတ်သွားပြီလေ’
ချန်ချင်းရှန်း ရှန်းမင်ကို နွေးထွေးစွာပင်ပြန်ဖြေလိုက်သည်။ သူ၏မကြုံစဖူး တက်ကြွမှုကြောင့် ရှန်းမင်ပင် အနည်းငယ် နေရခက်သွား၏။ အရင်တစ်ခေါက် သူနှင့်ထောင်ဟွားတို့ လက်ထပ်စဉ်၌ ချန်မိသားစုမှာ သူ့ကိုသိပ်သဘောမကျဘဲ ခပ်တန်းတန်းသာဆက်ဆံခဲ့သည်ကို သူမှတ်မိနေသေးသည်။ ချန်ချင်းရှန်း၏အသံကိုကြား၍ ကျိုးထောင်ဟွား ရထားလုံးလိုက်ကာကို မတင်လိုက်သောကြောင့် ရှန်းမင် သူမကိုဆင်းရန် လှမ်းကူညီပေးလိုက်သည်။
"မင်္ဂလာပါ ဦးလေး"
ချန်ချင်းရှန်း သူမ၏အနည်းငယ်စူထွက်နေသော ဗိုက်ကိုသတိထားမိသွားပြီး မေးလိုက်သည်။
"သမီး ကိုယ်ဝန်ရှိနေတာလား"
ကျိုးထောင်ဟွား ခေါင်းညိတ်လိုက်၏။
"လေးလကျော်ပါပြီ"
ကိုယ်ဝန်မှာ ယခုဆိုလျှင်တည်ငြိမ်နေပြီ ဖြစ်သည်။ ယင်းအားကြား၍ ချန်ချင်းရှန်းမှာ ရှန်းမင်ကို ချက်ချင်းမှာကြားလိုက်သည်။
"ရှန်းမင် ထောင်ဟွားမှာ ကိုယ်ဝန်ရှိနေပြီဆိုတော့ ရထားလုံးကိုဖြည်းဖြည်းမောင်းရမယ်နော်၊ ထောင်ဟွားနဲ့ ကလေးက အရေးအကြီးဆုံးပဲ ကြားလား၊ ထောင်ဟွား ရထားလုံးထဲမှာနေရခက်ရင် ဦးလေးကို သေချာပြောရမယ်နော်၊ ဒါက သမီးရဲ့ပထမဆုံး ကိုယ်ဝန်ဆိုတော့ အရမ်းအရေးကြီးတယ်၊ ပထမဆုံး ကိုယ်ဝန်မှာ ကိုယ့်ကိုကိုယ်ဂရုစိုက်တာက ကျန်းမာရေးအတွက် အရမ်းအရေးပါတယ်၊ အဲဒါက ဒုတိယနဲ့ တတိယ ကိုယ်ဝန်တွေအတွက် အများကြီးပိုလွယ်ကူသွားစေလိမ့်မယ်"
ကျိုးထောင်ဟွား ချန်ချင်းရှန်းမှ လူကြီးသူမတစ်ယောက်ကဲ့သို့ပြုမူပြီး ရှန်းမင်ကို တတွတ်တွတ်ပြောနေသည်အား ကြည့်နေလိုက်သည်။ သူမမှတ်မိသလောက် ချန်မိသားစုမှာကျိုးမိသားစုထံမှ အကျိုးအမြတ်များမရတော့ချိန်မှစ၍ ကျိုးမိသားစုအပေါ် အလွန်တရာအေးစက်သွားခဲ့သည်။ အကျိုးအမြတ် တစ်ခုခုမရှိလျှင် သူတို့မှာစကားတစ်ခွန်းပင် မပြောကြချေ။ ကျိုးထောင်ဟွား နားမလည်နိုင်ဖြစ်သွားရသည်။
‘ဒီနေ့ သူမဦးလေးရူးသွားပြီလား’
ထိုစဉ် ဟော်ကျောက်ရွာမှရွာသားနှစ်ယောက်ရောက်လာပြီး မေးလိုက်သည်။
"ချင်းရှန်း ဒီနှစ်ယောက်ကဘယ်သူတွေလဲကွ"
ချန်ချင်းရှန်း ရွာသားတစ်ယောက် လာမေးမည့်အချိန်ကိုစောင့်ရင်း ရှန်းမင်နှင့် ကျိုးထောင်ဟွားတို့ကို စကားအရှည်ကြီး လျှောက်ပြောနေခဲ့ခြင်းဖြစ်သည်။ ယခု သူလိုချင်သည့် အခွင့်အရေးရလေပြီ။ သူ ထိုနှစ်ယောက်ထံ ပေါ့ပေါ့ပါးပါးပင်ပြန်ဖြေလိုက်သည်။
"ငါ့တူမနဲ့ သူမရဲ့ခင်ပွန်းလေ"
‘ဆွေမျိုးတွေလား’
‘ချန်ချင်းရှန်းမှာ တကယ်ပဲ ဒီလောက်ချမ်းသာတဲ့ ဆွေမျိုးတွေရှိနေတာလား’
အခြားရွာသားတစ်ယောက်မှ မေးခွန်းထုတ်လိုက်သည်။
"မင်းရဲ့တူမအရင်းတော့ မဟုတ်ဘူးမလား"
လူကြားထဲ၌အမေးခံရသော်လည်း ချန်ချင်းရှန်း စိတ်မဆိုးပေ။ သူတို့မနာလိုဖြစ်နေသည်ကို သူသိသည်။ သူ အေးအေးဆေးဆေးသာ ရှင်းပြလိုက်သည်။
"ဘယ်ကသာ ငါ့ညီမအရင်းဟုန်ယန်ရဲ့ သမီးလေ"
အခြားရွာသားများ အံ့သြသွားကြပြီး နားလည်သွားသော မျက်နှာထားများ ဖြစ်သွားကြသည်။
‘ချန်ဟုန်ယန်က ကျိုးကျားရွာကို အိမ်ထောင်ကျသွားခဲ့တာကိုး’
အရင်နှစ်ကစပြီး ကျိုးကျားရွာမှာ တဖြည်းဖြည်း ပိုချမ်းသာလာခဲ့သည်။ ပတ်ဝန်းကျင်ရှိ အချမ်းသာဆုံးရွာကိုပြပါဆိုလျှင် ကျိုးကျားရွာသည် ထိပ်ဆုံးမှရှိနေမည်မှာ သေချာ၏။ အိမ်တိုင်းကိုအုတ်နှင့်ဆောက်ထားပြီး နွားလှည်းပိုင်ဆိုင်သည့်ရွာဟူ၍ ကျိုးကျားရွာမှလွဲအခြားရွာမရှိသလောက်ပင်။ ယခုဆိုလျှင် ကျိုးကျားရွာမှာ မြို့ရိုးဆောက်ရန် တေးနှစ်သောင်းကျော်သုံးထားသေးသည်။
‘ရွာလို့သာခေါ်ပေမယ့် မြို့ပေါ်ကလူတွေထက် ဘယ်နည်းနဲ့မှမဆင်းရဲဘူး’
ထို့ကြောင့် ဟော်ကျောက်ရွာမှ အခြားရွာသားများအားလုံး ချန်ချင်းရှန်းထံ မနာလိုဟန်ဖြင့်ကြည့်လိုက်ကြသည်။
‘သူ့ကိုအသက်အရွယ်ကြီးလာရင် ပြုစုမယ့်သူမရှိဘဲ ဉာဏ်ရည်မမှီတဲ့သားတစ်ယောက်ကိုပြုစုဖို့ စိုးရိမ်စရာရှိနေသေးရင်တောင် ကျိုးကျားရွာမှာ ဒီလိုဆွေမျိုးရှိနေတာဆိုတော့ ချန်ချင်းရှန်းရဲ့ အနာဂတ်က တောက်ပနေပြီလေ’
ချန်ချင်းရှန်း ရွာသားများ၏မျက်နှာအမူအရာများ လှောင်ပြောင်နေရာမှ အံ့သြသွားခြင်း၊ သနားသွားခြင်း၊ နောက်ဆုံး မနာလိုဖြစ်သွားသည်ကို စောင့်ကြည့်ရင်း အလွန်ကျေနပ်နေသည်။ ထိုအချိန်မှသာ သူ ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့ကို တကယ်ဂရုစိုက်သည့်ပုံစံဖြင့် မေးလိုက်၏။
"မင်းတို့နှစ်ယောက် ဘယ်သွားမလို့လဲ"
ကျိုးထောင်ဟွား နတ်ဆိုးဖော်မှန်၏အပိုင်းအစများမှာ ဟော်ကျောက်ရွာတွင်သာမကဘဲ ချန်မိသားစုအိမ်တွင်လည်းရှိနေသည်ကို အိမ်ကတည်းမှ တွက်ချက်ထားပြီးဖြစ်သည်။ ကျိုးမိသားစုနှင့် ချန်မိသားစုများကြားမှ တင်းမာနေသော ဆက်ဆံရေးကြောင့် ယနေ့ချန်မိသားစုမှာ သူတို့အားဖော်ဖော်ရွေရွေ ကြိုဆိုမည်မဟုတ်ဟု မူလက ထင်ထားခဲ့သည်။ အမှန်စင်စစ် သူမ နတ်ဆိုးဖော်မှန်အပိုင်းအစများကို လိုချင်သည်ဆိုပါက ချန်မိသားစုဘက်မှ တစ်ခုခုပြန်တောင်းဆိုလောက်၏။ ထို့ကြောင့် သူမငန်းဥတစ်ခြင်းကို အထူးတလည် ယူလာခဲ့သည်။ ငန်းဥများမှာဈေးကြီးပြီး အာဟာရပြည့်ဝ၍ သူမ၏ အဖွား၊ အဒေါ်နှင့် ဦးလေးတို့သဘောကျလောက်သည်။ ထိုအခါ နတ်ဆိုးဖော်မှန်၏အပိုင်းအစများအားယူရသည်မှာ ပို၍လွယ်ကူသွားမည်ဟု သူမတွေးထားခဲ့သည်။ မထင်မှတ်ဘဲ ချန်ချင်းရှန်းနှင့် တွေ့ဆုံမှုသည် အစကောင်းနေ၏။ ကျိုးထောင်ဟွား အမှန်အတိုင်းသာပြောလိုက်သည်။
"အစ်ကိုရှန်းမင်နဲ့ သမီးက ဦးလေးနဲ့ အဖွားကို လာကန်တော့တာပါ"
ချန်ချင်းရှန်း ချက်ချင်းပြုံးရွှင်သွားပြီး မျက်နှာတစ်ခုလုံး အရေးအကြောင်းများ ထင်သွားသည်ထိ ပြုံးလိုက်၏။ သူ ရုတ်တရက် အသံကိုမြှင့်ပြီးပြောလိုက်သည်။
"ထောင်ဟွား သမီးက တကယ်ကိုလူကြီးမိဘအပေါ်သိတတ်တဲ့ ကလေးပဲ၊ ဦးလေးမှာ သမီးလိုတူမမျိုးရှိတာ တကယ်ကို ကံကောင်းတာပဲ၊ ဟုန်ယန်ရဲ့ ကလေးတွေက တကယ်ကိုတော်ကြတာပဲ"
ရုတ်တရက် သူအသံကျယ်ကျယ်နှင့် ပြောလိုက်သည်ကို အနီးနားမှလယ်ကွင်းများ၌အလုပ်လုပ်နေကြပြီး လည်ပင်းရှည်ကြီးများဖြင့် လှမ်းကြည့်နေကြသော ရွာသားများ အားလုံးကြားသွားကြသည်။
‘ရထားလုံးက ချန်ဟုန်ယန်ရဲ့သမီး ထောင်ဟွားပိုင်တယ်ဆိုတာ လူတိုင်းသိသွားကြပြီလေ’
ကျိုးထောင်ဟွားလည်း ချန်ချင်းရှန်း၏ပုံမှန်မဟုတ်သောအပြုအမူကို ရိပ်မိလိုက်ကာ အဘယ်ကြောင့် ယနေ့ သူထိုမျှထိထူးဆန်းနေရသည်ကို ချက်ချင်းနားလည်သွားခဲ့သည်။
‘အကြောင်းရင်းက သူမရဲ့ရထားလုံးကြောင့်လား။ စဉ်းစားကြည့်ရင်လည်း ဟုတ်တာပါပဲ။ သာမန်မြင်းတစ်ကောင်က တေးတစ်သောင်းတန်ပြီး အခြားသူတွေရဲ့ အမြင်မှာ ရှောင်ဟေးကအနည်းဆုံး တေးနှစ်သောင်းတန်နေတာကိုး။ ဒါကြောင့် ချန်ချင်းရှန်းက ဟော်ကျောက်ရွာသားတွေရှေ့မှာ ကြွားလုံးထုတ်နေတာပေါ့လေ’
ကျိုးထောင်ဟွားနှုတ်ခမ်းများမှာ မည်သူမှမသိခင် မသိမသာလေးကွေးတက်သွားသည်။
‘အဲဒီလိုဆိုလျှင်လည်း ကိစ္စတွေကရှင်းရပိုလွယ်သွားတာပေါ့’
ကျိုးထောင်ဟွား သူ့စကားကိုထောက်ခံလိုက်သည်။
"သမီး ငယ်ငယ်တုန်းက ဦးလေးသမီးအပေါ် ဘယ်လောက်ကောင်းခဲ့လဲဆိုတာ အမြဲသတိရနေပါတယ်"
ထိုသည်ကိုကြား၍ ချန်ချင်းရှန်းအလွန် ဂုဏ်ယူသွားသည်။ နောက်ဆုံး သူ ရထားလုံး၏အရှေ့ဘက် ရှန်းမင်ဘေး၌ ဝင်ထိုင်လိုက်၏။ အတန်ကြာသွားပြီးနောက် ရထားလုံးသည် ချန်မိသားစုအိမ်သို့ ရောက်သွားသည်။ လယ်ကွင်းဘက်မှနေ အိမ်အပြန်လမ်းမှာ အလွန်တရာမြန်နေသည်ဟု ချန်ချင်းရှန်းပထမဆုံးအကြိမ် ခံစားလိုက်ရ၏။ ခြံတံခါးကို သူတွန်းဖွင့်ပြီး အိမ်မကြီးထဲသို့အလျင်စလို သွားလိုက်သည်။
"အမေ ထောင်ဟွားလာတယ်"
ရုတ်တရက် အသက်ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်မှာ သူ့ခြေထောက်ကိုဖက်ပြီး လမ်းပိတ်ရပ်လိုက်သည်။
"အဖေ အဘိုးကြီးတစ်ယောက်ရဲ့ မျက်လုံးတွေက ဖန်ဂေါ်လီတွေလိုဖြစ်သွားပြီး မျက်လုံးအိမ်ထဲကနေ လိမ့်ထွက်လာတာ သားခုလေးတင်မြင်လိုက်တယ်"
***