"သွား သွား တခြားနေရာမှာသွားဆော့ချေ"
ချန်ချင်းရှန်း ချန်နျိုနျိုကိုစိတ်မရှည်ဟန်ဖြင့် တွန်းဖယ်လိုက်သည်။ မကြာသေးမီက ဤကလေးကြောင့်ပင် ရွာတစ်ရွာလုံးရှေ့၌ သူမျက်နှာပျက်ခဲ့ရသည်မဟုတ်လား။ ချန်နျိုနျိုမှာ ညစ်ပတ်ပေရေနေပြီး သူ့အဝတ်အစား၊ မျက်နှာနှင့် ဆံပင်များတွင် ရွှံ့များပေကျံနေသည်။ အသက် ၁၀နှစ်အရွယ်ဆိုသော်လည်း သုံးနှစ်သားလေးကဲ့သို့ ဆော့ကစားနေသည်မှာမဖြစ်သင့်ပေ။ ချန်မိသားစုတွင် ဤအရွယ်ယောက်ျားလေးမှာ သူတစ်ယောက်တည်းရှိနေခြင်းသာ မဟုတ်လျှင် ကျိုးထောင်ဟွား သူ့ကိုမှတ်မိလိမ့်မည်ပင်မဟုတ်ချေ။ သူမ သံသယဖြစ်စွာဖြင့် မေးလိုက်သည်။
"ဦးလေး သူက နျိုနျိုလား"
ချန်ချင်းရှန်း ၁၀နှစ်တိုင်တိုင်ကျွေးမွေးစောင့်ရှောက်လာခဲ့သည့် သားဖြစ်သူကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်ရင်း သက်ပြင်းချလိုက်သည်။
"အရင်တစ်လလောက်က သူရုတ်တရက်ကြီး စိတ်ကျန်းမာရေးဖောက်ပြန်သွားပြီး တစ်နေကုန်ပေါက်ကရတွေ လျှောက်ပြောနေတော့တာပဲ၊ ဘာပြောပြော နားမဝင်တော့လို့ အရူးတစ်ယောက်လို အိမ်မှာပဲ တင်ကျွေးထားရတော့တယ်၊ ဟူး အသက်ကြီးလာရင် သူ့ကိုအားကိုးဖို့ဆိုတာ မျှော်လင့်ချက်မရှိတော့ပါဘူးကွယ်"
ကျိုးထောင်ဟွား မျက်မှောင်ကြုတ်သွားသည်။ ဤကလေးသည် မွေးရာပါဉာဏ်ရည်မမှီသည်မဟုတ်ဘဲ အဘယ်ကြောင့် အသက် ၁၀နှစ်အရွယ်ရောက်မှ ရုတ်တရက် စိတ်ဖောက်ပြန်သွားရသနည်း။ ကျိုးထောင်ဟွား မေးလိုက်သည်။
"ဦးလေး သမားတော်ဆီရောပြကြည့်ပြီးပြီလား"
"ပြပြီးပြီပေါ့ မြို့ပေါ်ရော နယ်သမားတော်တွေဆီပါပြပြီးပြီ၊ ဘာမှမထူးခြားဘူး၊ အားလုံးက မကုနိုင်ဘူးလို့ပဲပြောကြတယ်"
ချန်ချင်းရှန်း ပြောလိုက်သည်။
ချန်နျိုနျို ချန်ချင်းရှန်းကိုစကားပြောနေသော်လည်း အဖက်မလုပ်ခံရဘဲ နှင်ထုတ်ခံလိုက်ရပေသိ စိတ်မဆိုးခဲ့ပေ။ သူ့ခေါင်းကိုလှည့်ကြည့်လိုက်ရာ ခရုနတ်ဆိုးနှင့် မှိုနတ်ဆိုးတို့ကိုမြင်သွားပြီး ထိုနှစ်ယောက်မှာ အလွန်တရာထူးဆန်းနေသည်ဟု သူထင်သွားသည်။
"မင်းတို့က ဘယ်သူတွေလဲ"
ချန်နျိုနျို နတ်ဆိုးနှစ်ကောင်ကိုစိုက်ကြည့်ရင်း ခေါင်းကိုကုတ်ကာ သင့်တော်သည့် စကားလုံး စဉ်းစားမရဖြစ်နေသည်။ ရုတ်တရက် ထောင့်နားရှိ ကြက်ခြံထံသို့ သူလှည့်ပြေးသွား၏။ ကလေး၏လုပ်ရပ်ကို မည်သူမှဂရုမစိုက်မိကြချေ။ ကျိုးထောင်ဟွား ချန်ချင်းရှန်းနောက်မှ ဧည့်ခန်းထဲသို့လိုက်ဝင်သွားရာ အဖွားဖြစ်သူမှာ အိမ်မကြီးထဲမှထွက်လာနေပြီပင်။ အဖွားမှာ ကျိုးထောင်ဟွားတစ်ယောက် အဘယ်ကြောင့် ရောက်လာသည်အားသိချင်နေသည်။ ချန်ဟုန်ယန်ဆိုသည်မှာ သွန်ပစ်လိုက်သည့်ရေကဲ့သို့ပင်။ မိသားစုအတွက် မည်သည့်အကျိုးအမြတ်မှမယူဆောင်ပေးနိုင်သကဲ့သို့ လုံးဝ အားကိုး၍မရချေ။ ယခုဆိုလျှင် ကျိုးကျားရွာတစ်ရွာလုံး ချမ်းသာနေကြသော်လည်း ဟော်ကျောက်ရွာမှ ချန်မိသားစုမှာမူ ဆင်းရဲမြဲဆင်းရဲနေပြီး မည်သည့် အကျိုးအမြတ်မှမရကြချေ။
‘ဒီကောင်မလေး ဒီကိုဘာလာလုပ်တာလဲ’
ချန်ချင်းရှန်း ကျိုးထောင်ဟွားနှင့် ရှန်းမင် ထို့နောက် နတ်ဆိုးငါးကောင်ကိုပါဝင်ထိုင်ရန် နွေးထွေးစွာဖိတ်ခေါ်လိုက်သည်။ ဧည့်ခန်းလေးမှာ ချက်ချင်းဆိုသလို လူများနှင့် ပြည့်ကျပ်သွားသည်။ ယခင်က တင်းမာနေသည့် အဖွား၏မျက်နှာမှာ ကျိုးထောင်ဟွား စားပွဲပေါ်တင်လိုက်သည့် ငန်းဥတစ်တောင်းကိုမြင်လိုက်ရချိန်တွင်မူ ချက်ချင်းဝင်းလက်သွားသည်။ သူမ ကျိုးထောင်ဟွားထံသို့ခြေလှမ်းနှစ်လှမ်းလောက်တိုးသွားပြီး ပြောလိုက်၏။
"ထောင်ဟွား ဒီကလေးမလေးတော့လေ၊ လာမယ်ဆိုလည်း လာပေါ့၊ ဒါတွေက ဘာလုပ်ဖို့ ယူလာရတာလဲ၊ ချင်းရှန်း မြန်မြန် အဲဒါတွေကို မီးဖိုချောင်ထဲယူသွားပြီး ထောင်ဟွား ထိုင်ဖို့နေရာလုပ်ပေးလိုက်ဦး"
အဖွားမှာ ကျိုးထောင်ဟွားစိတ်ပြောင်းသွားမည်ကို စိုးရိမ်သည့်အတွက် ချန်ချင်းရှန်းအား ပစ္စည်းများအမြန်သိမ်းခိုင်းလိုက်ခြင်းဖြစ်သည်။ ကျိုးထောင်ဟွားမှာမူ ထိုငန်းဥတောင်းကို လုံးဝဂရုမစိုက်ပေ။ သူတို့က သူမ၏လက်ဆောင်များကို လက်ခံလိုက်ပြီဖြစ်၍ သူမကိစ္စများ ချောချောမွေ့မွေ့ ဖြစ်သွားတော့မည် မဟုတ်ပါလား။ ထိုအချိန်မှာပင် ညစ်ပတ်ပေရေနေသည့် ချန်နျိုနျိုပြေးဝင်လာသည်။ သူ့ကိုမြင်သည်နှင့် အဖွားမှာ ခေါင်းကိုက်သွားပြီး အော်လိုက်သည်။
"နျိုနျို ထွက်သွားစမ်း"
သူကိုင်ထားသည့် ကြေးမုံကွဲကြီးမှာ ကြက်ချေးများ ပေပွနေသည့်အတွက် ကြည့်ရသည်မှာ ရွံစရာကောင်းလှသည်။ ဤကြေးမုံကွဲကို သူမည်သည့်နေရာမှ ကောက်ရလာမှန်း မသိသော်လည်း သူကတော့ အဖိုးတန်ပစ္စည်းတစ်ခုကဲ့သို့ အမြတ်တနိုး သိမ်းထားခြင်းဖြစ်သည်။ သူမ ထိုအရာကိုလွှင့်ပစ်ရန်ကြိုးစားစဉ် သူသည် လုံးဝလက်မခံဘဲ အဆက်မပြတ် ငိုယိုနေခဲ့၏။ နောက်ဆုံးသူမ ထိုမှန်အား ကြက်ခြံထဲသို့ ပစ်ထည့်လိုက်မှသာ သူ ငြိမ်ကျသွားတော့သည်။ ချန်နျိုနျို ကြေးမုံကိုကိုင်ထားရင်း ခရုနတ်ဆိုးထံသို့ လျှောက်သွားကာ သူ့အဖွားကို စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။
"အဖွား ကြည့်ပါဦး၊ လောကကြီးထဲမှာ နတ်ဆိုးတွေရှိတယ်လို့ သားပြောသားပဲ၊ တချို့ကလူတွေမဟုတ်ဘူး ခရုတွေ"
ချန်နျိုနျို သူ့ရှာဖွေတွေ့ရှိမှုကို အဖွားဖြစ်သူလာကြည့်မည်အား မစောင့်နိုင်အောင် ဖြစ်နေသော်လည်း အဖွားမှာမူ မျက်မှောင်ကြုတ်ထားပြီး သူနှင့်စကားမပြောချင်ပေ။
"နင်ပြောပြနေစရာ လိုသေးလို့လား၊ သူက လူမှမဟုတ်တာ၊ ငါမျက်ကန်းမဟုတ်ဘူး၊ သူ့ကျောကခရုခွံကို ငါမြင်နေရတာပဲ"
အဖွားဖြစ်သူမှ ပြောလိုက်သည်။ ကျိုးထောင်ဟွား ကြေးမုံကွဲကိုလှမ်းကြည့်လိုက်၏။ မှန်ထဲတွင်ပေါ်နေသည့် ခရုနတ်ဆိုးမှာ လူပုံစံမဟုတ်ဘဲ ခရုပုံစံ အပြည့်အဝဖြစ်နေ၏။ ယင်းမှာ နတ်ဆိုးဖော်မှန်၏အပိုင်းအစဖြစ်ပြီး သူမရှာနေသည့်အရာပင်။
"နျိုနျို မင်းရဲ့ဒီပစ္စည်းလေးက တကယ်ကိုအံ့သြစရာပဲ၊ အစ်မကိုခဏလောက် ပြလို့ရမလား"
ကျိုးထောင်ဟွားမေးလိုက်ရာ အဖွားဖြစ်သူမှ ဝင်ပြောသည်။
"ထောင်ဟွား ဒီမှန်က ကြက်ချေးတွေပေနေလို့ အရမ်းညစ်ပတ်နေတာ၊ သမီး လက်တွေ ညစ်ပတ်သွားပါဦးမယ်"
ချန်နျိုနျိုမှာ နောက်ဆုံးတွင် သူ့ကို အသိအမှတ်ပြုသည့်သူ တစ်ယောက်ကို တွေ့သွားသည့်အတွက် ဝမ်းသာအားရနှင့် မှန်ကိုအမြန် ကမ်းပေးလိုက်သည်။ ထိုအချိန်တွင် ချန်ချင်းရှန်းဝင်လာပြီး တောင်းကို ရှန်းမင်ထံသို့ပြန်ပေးလိုက်သည်။ ကျိုးထောင်ဟွားကို သူသတိပေးလိုက်၏။
"ထောင်ဟွား သူ့ကိုသိပ်ဂရုမစိုက်နဲ့၊ သူက ဒီမှန်ကို အရမ်းအမြတ်တနိုးထားတာ၊ ငါတို့သာ သူ့ကိုသေချာမစောင့်ကြည့်ထားရင် ဒီည သူအဲဒီမှန်ကြီးကိုင်ပြီးကြက်ခြံထဲ သွားအိပ်လိမ့်မယ်"
ကျိုးထောင်ဟွား အနည်းငယ် မျက်မှောင်ကြုတ်သွားရသည်။ ချန်နျိုနျိုမှာ နတ်ဆိုးဖော်မှန်အပိုင်းအစများကို ဤမျှသဘောကျနေလျှင် သူမထိုအရာအား ယူသွားရန်မှာ လွယ်မည်မဟုတ်ပေ။ ကျိုးထောင်ဟွား မေးလိုက်သည်။
"ဦးလေး အရင်တစ်လလောက်က နျိုနျို ရုတ်တရက်ကြီး စိတ်ဖောက်ပြန်သွားပြီး ပေါက်ကရတွေ စပြောတယ်ဆို"
ချန်ချင်းရှန်း ခေါင်းညိတ်လိုက်ပြီး ဤအကြောင်းကိုပြောလိုက်သည်နှင့် သူ့ရင်ထဲ၌ ဒေါသများပြည့်တက်လာသည်။ သူ့သမီးအကြီးဆုံးမှာ အိမ်ထောင်ကျသွားပြီပင်။ ဤသားဖြစ်သူမှာလည်း အသက် ၁၀နှစ်အရွယ်နှင့် ရူးသွားလေပြီ။ နောင်အနာဂတ်တွင် သူမည်သို့ဆက်လုပ်ရမည်နည်း။ ယခုချိန်မှစပြီး သူသည်သူ့ဒုတိယအစ်ကို၏သားဖြစ်သည့် သူ့တူကိုသာ အားကိုးရတော့မည်ပင်။ တူဆိုသည်မှာလည်း မိမိသားအရင်းမဟုတ်၍ လုံးဝမယုံကြည်နိုင်ချေ။ ကျိုးထောင်ဟွား မေးလိုက်သည်။
"အဲဒီနေ့က သူဒီကြေးမုံကွဲကိုရော အိမ်ပြန်သယ်လာခဲ့တာလား"
ကျိုးထောင်ဟွား၏မေးခွန်းကိုကြား၍ ချန်ချင်းရှန်း တခဏမျှစဉ်းစားလိုက်ပြီး ဟုတ်လောက်သည်ဟု ထင်သွားသည်။ ကျိုးထောင်ဟွားမှာ တာအိုပညာရှင်တစ်ယောက်ဆိုသည်ကို သိထားသောကြောင့် သူမမေးခွန်းထဲတွင် တစ်ခုခုထူးခြားနေသည်ဆိုသည်ကို ချန်ချင်းရှန်း ချက်ချင်းရိပ်မိသွားသည်။ ချန်ချင်းရှန်း ပြောလိုက်၏။
"ထောင်ဟွား နျိုနျို အခုလိုဖြစ်နေတာက ဒီမှန်ကွဲနဲ့ သက်ဆိုင်နေတယ်လို့ သမီး ဆိုလိုချင်တာလား"
ထိုသို့ပြောပြီးသည်နှင့် မှန်ကိုရိုက်ခွဲရန် ပြင်လိုက်သည်။
"ဦးလေး ဒီမှန်ကို ခွဲပစ်လို့မရဘူး၊ နျိုနျိုကို ထိခိုက်သွားလိမ့်မယ်၊ ဒါက သူအရမ်း အမြတ်တနိုးထားတဲ့ပစ္စည်းလေ"
ကျိုးထောင်ဟွား ပြောလိုက်သည်နှင့် ချန်ချင်းရှန်း ချက်ချင်းရပ်တန့်သွားသည်။ သူ သက်ပြင်းချကာမေးလိုက်၏။
"ဒါဆို ငါတို့ဘာလုပ်ရမလဲ၊ အဲဒါကိုခွဲပစ်လို့လည်းမရဘူးဆိုတော့ သူပြန်ကောင်းလာပါ့မလား"
ကျိုးထောင်ဟွား ခေါင်းညိတ်ကာပြောလိုက်သည်။
"နျိုနျိုက ငယ်သေးတယ်၊ သူကမမြင်သင့်တာ တစ်ခုခုကို ရုတ်တရက်မြင်လိုက်ရလို့လန့်သွားပြီး သူ့ဝိညာဉ်တစ်ခုက ခန္ဓာကိုယ်ထဲကနေ ထွက်သွားတာ၊ အဲဒါကြောင့် သူအခုလိုဖြစ်နေတာ"
အဖွားနှင့် ဦးလေးမှာ ပြိုင်တူမေးလိုက်ကြသည်။
"နျိုနျိုကို ပြန်ကောင်းအောင်လုပ်လို့ရမယ့် နည်းလမ်းရှိလား"
ကျိုးထောင်ဟွား ပြောလိုက်သည်။
"ရတာပေါ့ ဒါပေမယ့် နျိုနျိုပြန်ကောင်းလာတဲ့အခါ ဒီမှန်ကို သမီးယူသွားရလိမ့်မယ်၊ မဟုတ်ရင် သူနောက်တစ်ကြိမ် ထပ်လန့်သွားနိုင်တယ်"
သူတို့နှစ်ယောက် အကြိမ်ကြိမ်ပြောလာကြသည်။
"ဟုတ်တယ် သမီးယူသွားသင့်တာပေါ့၊ သမီးက ဒီပညာတွေနားလည်တာပဲ၊ သမီး ပြန်ယူသွားလည်း ကိစ္စမရှိပါဘူး"
သို့သော် နျိုနျိုတော့မရပေ။ ကလေးမှာ ပြန်ကောင်းလာပြီးမှ နောက်တစ်ကြိမ် ထပ်ရူးသွားမည်ဆိုလျှင် သူတို့ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ သူတို့၏ကတိကိုရပြီးနောက် ကျိုးထောင်ဟွား ဝိညာဉ်ခေါ်ဂါထာကို စိတ်အေးချမ်းသာစွာဖြင့် ရွတ်ဆိုလိုက်သည်။ တကယ်တော့ နျိုနျို၏ကျန်နေသည့်ဝိညာဉ်မှာ အဝေးသို့ မရောက်သွားပေ။ သူသည် အမှန်တကယ်သေဆုံးသွားခြင်း မဟုတ်သည့်အတွက် မရဏကမ္ဘာမှလည်း သူ့အားလက်ခံမည် မဟုတ်ချေ။ သို့ပေမဲ့ လမ်းပျောက်သွားပြီးနောက် သူ့မူလခန္ဓာကိုယ်ကိုပြန်ရှာတွေ့နိုင်သည့် စွမ်းရည်မရှိတော့ရာ ရွာပြင်တွင်သာ ရည်ရွယ်ချက်မဲ့လှည့်လည်သွားလာနေရုံကလွဲပြီး မည်သို့မှမလုပ်နိုင်တော့ပေ။
အကယ်၍ ချန်နျိုနျိုမှ ရွာထဲတွင် အမြဲတမ်းလျှောက်ပြေးနေပြီး သူဝိညာဥ်နှင့်ပြန်ဆုံခဲ့မည်ဆိုလျှင် သူ့ခန္ဓာကိုယ်ထဲသို့ပြန်ဝင်နိုင်လောက်သည်။ ကံမကောင်းစွာနှင့်ပင် ချန်မိသားစုမှာ သူ့ကိုတစ်နေကုန် အိမ်ထဲ၌သာသော့ခတ်ထားပြီး အပြင်မထွက်ခိုင်းပေ။ ထို့ကြောင့် ချန်နျိုနျို၏ဝိညာဉ်မှာ သူ့ခန္ဓာကိုယ်ထဲသို့ ပြန်မဝင်နိုင်ခြင်းဖြစ်သည်။ ကျိုးထောင်ဟွား မန္တန်ရွတ်ဖတ်ပြီးနောက်တွင် မျှော်လင့်တကြီး စောင့်ကြည့်နေကြသည့် အဖွားနှင့်ဦးလေးတို့ရှေ့မှာပင် ချန်နျိုနျိုမှာ ရုတ်တရက်လှည့်ကာခေါ်လာ၏။
"အဖွား အဖေ"
သူတို့နှစ်ယောက် ချန်နျိုနျိုကိုမယုံနိုင်ဟန်ဖြင့် မျက်လုံးပြူးပြီးကြည့်နေကြကာ ခဏတာမျှမှင်သက်သွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့်မေးလိုက်ကြသည်။
"နျိုနျို သား ပြန်မှတ်မိသွားပြီလား"
အထူးသဖြင့် ချန်ချင်းရှန်းမှာ အလွန်တရာဝမ်းသာလွန်း၍ ငိုပင်ငိုချင်လာသည်။ သူ့သားမရူးတော့ပေ။ သူ့ အနာဂတ်အတွက် မျှော်လင့်ချက်ရှိသွားပြီဖြစ်သည်။
…
မြို့ပြင်တွင် ထျန်းရှန်းယွမ်ဟုခေါ်သည့် တာအိုကျောင်းတစ်ခုရှိပြီး လူအများအပြားမှာ လရောင်အောက်မှအဘိုးအို ထံတွင် ဆုတောင်းရန်နှင့် ဗေဒင်မေးရန်သွားတတ်ကြသည်။ အထူးသဖြင့် နှစ်ကုန်ပိုင်းရောက်လာတာနှင့်အမျှ လူပျို အပျိုများ နောက်နှစ်ဆိုလျှင် အသက်တစ်နှစ်ပိုကြီးလာတော့မည်ဖြစ်သဖြင့် အားလုံးမှာမြန်မြန်ဆန်ဆန် အိမ်ထောင်ကျချင်ကြသည်။ လရောင်အောက်ရှိ အဘိုးအိုမှာမူ ပူဇော်ပွဲစင်မြင့်ပေါ်တွင်ထိုင်ရင်း အောက်မှယောက်ျား မိန်းမများကိုတစ်လှည့်၊ သူ့လက်ထဲမှကြိုးနီလေးကို တစ်လှည့်ကြည့်ကာခေါင်းခဲနေတော့၏။
***