ကျိုးထောင်ဟွား သူမအမေဘက်မှအမျိုးများ၏ နှုတ်ဆက်ပို့ဆောင်မှုဖြင့် ပြန်လည်ထွက်ခွာလာခဲ့သည်။ သူမ၏အမြဲတစေကပ်စေးနဲလှသော အဖွားဖြစ်သူပင် ပိုလျှံနေသောဖရဲသီးများနှင့် ကျောက်ဖရုံသီးများကို အတင်းအဓမ္မ ထည့်ပေးလိုက်သေး၏။ သူမငြင်း၍ပင် မရခဲ့ပေ။ သူတို့မှာရထားလုံးထဲသို့ ထိုအသီးများကို အတင်းထိုးထည့်ပေးခဲ့ကြသည်။ ချန်မိသားစုမှ ဤမျှထိရက်ရောသည်ကို ကျိုးထောင်ဟွား တစ်သက်နှင့်တစ်ကိုယ် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သို့သော်လည်း ထိုအရာများမှာ သူမအတွက်အရေးမကြီးလှပေ။ နတ်ဆိုးဖော်မှန်၏အပိုင်းအစ သူမလက်ထဲရောက်ရှိလာပြီဖြစ်၍ ကျိုးထောင်ဟွားအတွက် ကျေနပ်စရာပင်။ သူတို့အိမ်ပြန်ရောက်ချိန်တွင် နေဝင်ရီတရောအချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ ညစာစားပြီးနောက် ရှန်းမင်သည် ကျိုးထောင်ဟွားကို ကိုယ်လက်သန့်စင်ရန် ကူညီပေးခဲ့သော်လည်း သူမပုံစံမှာအိပ်ရာဝင်မည့်ပုံ မပေါ်သေးသည်ကို သတိထားမိသွားသည်။ ရှန်းမင် စကားလှမ်းပြောလိုက်၏။
"ဇနီးလေး"
သူမအဝတ်အစားများကို သေသေချာချာ ဝတ်ဆင်ထားပြီး အိပ်စက်ရန် အစီအစဉ်မရှိသည့်အတိုင်းပင်။ ထိုအခါမှ ကျိုးထောင်ဟွား သူမရှန်းမင်ကိုမပြောရသေးသည်ကို သတိရသွားပြီးရှင်းပြလိုက်သည်။
"ဒီညနတ်ဆိုးဖော်မှန်ရဲ့ အမြုတေကို ပြန်လည်သွန်းလုပ်ရမယ်၊ မြို့စောင့်နတ်နန်းကအုတ်ကြွပ်ပြားကို ပိုးဖလံနတ်ဆိုးသွားယူနေတယ်"
ထိုစဉ်မှာပင် ပိုးဖလံနတ်ဆိုးသည် မြို့စောင့်နတ်နန်း၏ခေါင်မိုးမှ အုတ်ကြွပ်ပြားတစ်ချပ်ကို သယ်ဆောင်ကာပျံသန်းရောက်ရှိလာသည်။ ပိုးဖလံနတ်ဆိုးမှာတောင်ပံများကို အသာခေါက်သိမ်းလိုက်ပြီး သေသေသပ်သပ်ဆင်းသက်လိုက်၏။ ထို့နောက် အုတ်ကြွပ်ပြားကိုကျိုးထောင်ဟွားထံ ကမ်းပေးရင်းပြောလိုက်သည်။
"သခင်မ ကျွန်မအုတ်ကြွပ်ပြားအသစ်တစ်ချပ်နဲ့ ပြန်လဲပေးခဲ့ပါတယ်"
ကျိုးထောင်ဟွား အနောက်ဘက်ခန်းသို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင် ဟေးနျိုရွာမှ သူမစုဆောင်းလာခဲ့သော ယင်ယန်ရေတွင်းမှ ပြဒါးများ၊ ဟော်ကျောက်ရွာမှရရှိလာသော နတ်ဆိုးဖော်မှန်အပိုင်းအစများနှင့် မြို့စောင့်နတ်မင်းကျောင်းမှ အုတ်ကြွပ်ပြားအမှုန့်များရှိနေသည်။ သန်းခေါင်ယံအချိန်တွင် ကျိုးထောင်ဟွား ထိုပစ္စည်းသုံးမျိုးကို အမွှေးတိုင်ထွန်းသည့် အိုးထဲသို့ ချက်ချင်းထည့်လိုက်၏။ နာရီဝက်ခန့် ကြာပြီးနောက် အမွှေးတိုင်အိုးအတွင်းမှ လောင်ကျွမ်းမှုများရပ်တန့်သွားခဲ့သည်။ ပိုးဖလံနတ်ဆိုးမှာ ပျံတက်သွားပြီး အမွှေးတိုင်အိုးထဲသို့ ငုံ့ကြည့်လိုက်၏။ အိုးထဲတွင်ရှိနေသော ဝိုင်းစက်ပြီး အရောင်ပြန်နေသည့် အရာဝတ္ထုကိုကြည့်ကာ သူမအလွန်တရာဝမ်းသာသွားရသည်။
"သခင်မ အောင်မြင်သွားပြီ"
ပိုးဖလံနတ်ဆိုးမှာ အမွှေးတိုင်အိုး၏အောက်ခြေသို့ ဆင်းကာ ထိုအရာကို ယူဆောင်ခဲ့သည်။ သူမအပြင်သို့ဆင်းသက်လိုက်ပြီး ကျိုးထောင်ဟွားရှေ့၌ မှန်အမြုတေကိုကိုင်လျက် ရပ်နေသည်။ မှန်အမြုတေသည် သက်ရှိတစ်ခုကဲ့သို့ပင် ထူးဆန်းသောအလင်းတန်းများ ဖြာထွက်နေ၏။ ၎င်း၏အနားသတ်များတွင် မူလနတ်ဆိုးဖော်မှန်၏သံကြေးတက်နေသောအရာများ ကျန်ရှိနေသေးပြီး ကျိုးပဲ့နေသော အစိတ်အပိုင်းများကိုမူ ယင်ယန်တွင်းမှပြဒါးများဖြင့် အစားထိုး ပြုပြင်ထားသည်။ မှန်မှငြိမ်သက်နေချိန်တွင် တစ်ဝက်တစ်ပျက်ခဲနေသည့် ပြဒါးအရောအနှောကဲ့သို့သော အသွင်အပြင်ရှိနေပြီး အလယ်ဗဟိုတွင် "ကောင်းမြတ်ခြင်းနှင့် ယုတ်မာခြင်းကို ခွဲခြားကြည့်မြင်ခြင်း" ဟူသော ရှေးဟောင်းစာလုံးလေးလုံးကို ခပ်ရေးရေး မြင်တွေ့နေရ၏။
ကျိုးထောင်ဟွား မှန်ကိုအသာအယာထိတွေ့လိုက်သည်နှင့် မှန်ပေါ်တွင် မှော်စာလုံးများစွာ ရွေ့လျားသွားပြီး အနားသတ်တစ်လျှောက် ကြယ်တာရာများ လင်းထိန်လာသည်။ မိန်းမောနေစဉ်အတွင်း ကျိုးထောင်ဟွား ဝိညာဉ်တစ်ခုကို မြင်လိုက်ရသကဲ့သို့ပင်။ ထိုဝိညာဉ်မှာ အင်္ကျီအဖြူရောင်ကို ဝတ်ဆင်ထားပြီး ရှည်လျားသော ဆံပင်အနက်ရောင်နှင့် နေရောင်အောက်တွင် တလက်လက် တောက်ပနေသည့် နားကပ်များကို ဆင်မြန်းထားသည်။ ကျိုးထောင်ဟွား သူမကိုယ်သူမ ချက်ချင်းမှတ်မိသွား၏။
‘ ဒါ၂၁ ရာစုကသူမပဲ’
နတ်ဆိုးဖော်မှန်မှ အမှန်တရားကို ဖော်ထုတ်ပြလိုက်ခြင်းပင်။ နတ်ဆိုးဖော်မှန်၏စွမ်းဆောင်ရည်ကို သူမအံ့သြနေစဉ်မှာပင် ပြန်ကြည့်လိုက်သည့်အခါ အရာအားလုံး ပျောက်ကွယ်သွားခဲ့သည်။ ယခင်မှအရာအားလုံးမှာ သူမ၏စိတ်ကူးယဉ်မှုသာဖြစ်လေသလားဟု ထင်မှတ်ရသည်။ မှန်ထဲတွင်မူ သူမခေါင်းနှင့်ပုခုံးပေါ်ရှိ ဝိညာဉ်မီးအိမ်များ လင်းထိန်နေ၏။ ၎င်းမှာ အကျဉ်းသား၏မီးသုံးဆင့်ပုံရိပ်ပင်ဖြစ်သည်။
"အစ်ကိုရှန်းမင် နတ်ဆိုးဖော်မှန်အမြုတေကို လုပ်လို့ ပြီးသွားပြီ၊ အစွမ်းကတကယ်ကို ကောင်းတာပဲ၊ အစ်ကိုလည်း စမ်းကြည့်ပါဦး"
ကျိုးထောင်ဟွားပြောရင်း ရှန်းမင်ထံသို့ ခပ်ကြွကြွလေးလျှောက်သွားလိုက်သည်။ ရှန်းမင်၏လက်မောင်းကို သူမဆွဲကိုင်ကာ မှန်အမြုတေရှိရာသို့ လျှောက်သွားလိုက်၏။ ယခင်ကဆိုလျှင် ကျိုးထောင်ဟွားမှာ သူ့ကိုဆွဲခေါ်နေစရာမလိုပေ။ သူမစကားတစ်ခွန်း ပြောလိုက်ရုံဖြင့် ရှန်းမင်မှာ ချက်ချင်းရောက်လာစမြဲ ဖြစ်သည်။ သို့သော် ယနေ့တွင်မူ ရှန်းမင်မှာ သွားရန်မဝံ့မရဲဖြစ်နေ၏။
"ဇနီးလေး တော်တော်နောက်ကျနေပြီလေ၊ မင်းသွန်းလုပ်ထားတဲ့ နတ်ဆိုးဖော်မှန်က သေချာပေါက်ကောင်းမှာပါ၊ ကိုယ်မင်းကို ယုံတာမလို့ အခန်းထဲပြန်ပြီးအိပ်ကြရအောင်နော်"
ရှန်းမင် ကျိုးထောင်ဟွားလက်ကို ဆွဲကိုင်ကာ အရှေ့ဘက်ခန်းဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။ ကျိုးထောင်ဟွားမှာ ရှန်းမင် မှန်ကိုမကြည့်ချင်၍ဟုသာ ထင်မှတ်လိုက်ပြီး သူမကိုယ်တိုင်လည်း အိပ်ချင်နေပြီဖြစ်သည်။ တံခါးမပိတ်မီတွင် ရှန်းမင်မှာ အမွှေးတိုင်အိုးကိုမှီထားသည့် နတ်ဆိုးဖော်မှန် အမြုတေကို စိုက်ကြည့်နေမိပြီး သူ့အကြည့်များမှာခွာနိုင်ပုံမရပေ။ နောက်တစ်နေ့မနက်တွင် ရှန်းမင်မနက်စာချက်ရန် ထလာခဲ့သည်။ ဧည့်ခန်းကိုသူဖြတ်သွားစဉ် အနောက်ဘက်ခန်းကို လှမ်းကြည့်လိုက်ပြီး ချက်ချင်းရပ်တန့်သွား၏။
သူ အနောက်ဘက်အခန်းတံခါးကို အသာဖွင့်လိုက်သည်။ နတ်ဆိုးဖော်မှန်၏အမြုတေမှာ အမွှေးတိုင်အိုးဘေးနားတွင် တိတ်တဆိတ်ရှိနေဆဲပင်။ ရှန်းမင် နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ရင်း သူ့ရင်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်လေသည်။ အခန်းထဲသို့မဝင်မီ သူ နောက်သို့လှည့်ကြည့်ကာ ကျိုးထောင်ဟွားနိုးမလာသေးသည်ကို သေချာစေရန် စစ်ဆေးပြီးမှသာ အတွင်းသို့ဝင်လိုက်၏။ ယနေ့ သူသည်အပြာရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မှန်ထဲတွင် သူ့ကိုယ်သူရှင်းလင်းစွာ မြင်တွေ့နေရသည်။ ထောင်ဟွားပြောခဲ့သလိုပင် သာမန်လူဆိုလျှင် မှန်ထဲ၌ဦးခေါင်းပေါ်၌ တစ်ခု၊ ပုခုံးနှစ်ဖက်ပေါ်၌ တစ်ခုစီဖြင့် ဝိညာဉ်မီးလျှံ သုံးခုကို မြင်တွေ့ရမည်ပင်။ ရှန်းမင် မှန်ထဲရှိသူ့ကိုယ်သူကြည့်ရင်း မျက်ဝန်းထဲတွင် အပြုံးတစ်ခုပေါ်လာကာ တွေးလိုက်မိသည်။
"ငါ အတွေးလွန်နေတာပဲဖြစ်ရမယ်"
သူပြန်ထွက်သွားမည်အပြု မှန်ထဲရှိမှော်စာလုံးများ ရုတ်တရက် လှုပ်ရှားလာပြီး မှန်အနားသတ်ရှိ ကြယ်တာရာများမှာ တစ်ခုပြီးတစ်ခု လင်းထိန်လာသည်။ မှန်ထဲတွင်ပေါ်လာသောပုံရိပ်မှာ အိမ်မက်ထဲတွင် သူမြင်မက်ခဲ့ရသည့်အတိုင်းပင်။ သူသည် နူးညံ့လှပသောတိမ်တိုက်ပန်းနွယ်များနှင့် ဆန်းကြယ်သောမှော်စာလုံးများ ပန်းထိုးထားသည့် ဝတ်ရုံနက်ကိုဝတ်ဆင်ထားသည်။ ထိုဝတ်ရုံမှာ မိုးကြိုးမုန်တိုင်းများကြားတွင် ပေါ်လိုက်၊ ပျောက်လိုက်ဖြစ်နေပြီး လေထဲတွင်တဖျတ်ဖျတ်လွင့်ပျံနေ၏။ သူ့ခါးတွင် အပြာရောင် ကျောက်မျက်များစီခြယ်ထားသည့် ခါးပတ်နက်ကိုပတ်ထားပြီး၊ ဦးခေါင်းတွင်လည်း အပြာရောင်ကျောက်မျက်များနှင့် ရွှေရောင်ပန်းနွယ်များပါသော သရဖူနက်ကိုဆင်မြန်းထားသည်။ သူသည် ယင်နှင့်ယန်၏နယ်နိမိတ်ကြားတွင်ရပ်နေပြီး သူ့နောက်ကွယ်ရှိ ယင်စွမ်းအင်များမှာ ညသန်းခေါင်ယံကဲ့သို့ ထူထပ်လွန်းလှ၏။ ရှန်းမင် မှန်ထဲရှိ မိမိကိုယ်ကိုကြည့်ကာ သူငယ်အိမ်များကျုံ့သွားတော့သည်။
‘သေချာပေါက် ဒါကအိမ်မက်မဟုတ်ဘူး၊ တကယ် ဖြစ်ပျက်နေတာပဲ’
"ထောင်ဟွား မနက်စာစားဖို့ထတော့လေ"
ရှန်းမင်၏ခေါ်သံကြောင့် ကျိုးထောင်ဟွား မျက်လုံးများကိုအသာဖွင့်လိုက်သည်။ သူမ၏တောက်ပသော မျက်ဝန်းနက်များမှာ ရှန်းမင်ကိုစိုက်ကြည့်နေပြီး ရုတ်တရက်လက်လှမ်းကာ သူ့လက်မောင်းကိုဆွဲလိုက်ရင်း နှုတ်ခမ်းကို ခပ်ဖွဖွနမ်းလိုက်၏။ ကျိုးထောင်ဟွား၏ ကျင့်ကြံခြင်းစွမ်းအင်များ အနည်းငယ် တိုးပွားလာပြီး ရှန်းမင်လည်း သူ့ခန္ဓာကိုယ် ချက်ချင်းတည်ငြိမ်သွားသည်ဟု ခံစားလိုက်ရသည်။ မကြာသေးမီက ကျိုးထောင်ဟွားခန္ဓာကိုယ်သည် စွမ်းအင်များကို ပြန်လည်မဖြည့်တင်းနိုင်ဘဲဖြစ်နေသဖြင့် အနမ်းမှာတစ်ကြိမ် နှစ်ကြိမ်နှင့်ပင် လုံလောက်မှုမရှိပေ။ ကျိုးထောင်ဟွား အိပ်ရာမှထကာ အဝတ်အစားလဲရင်းမေးလိုက်သည်။
"ဒီနေ့ ကျွန်မတို့ထျန်းရှန်းယွမ် တာအိုကျောင်းကိုသွားပြီး လရောင်အောက်ကအဘိုးအိုရဲ့ ကြိုးနီကိုသွားယူကြမယ်၊ အစ်ကိုရှန်းမင် မနေ့ကအစ်ကို သွေးနတ်ဆိုးကိုနှိမ်နင်းလိုက်တာလေ၊ အစ်ကို့ခန္ဓာကိုယ်ပေါ်က အငြိုးအတေး စွမ်းအင်တွေကို ဘယ်လိုလုပ်ရုတ်တရက် ထိန်းချုပ်နိုင်သွားတာလဲ"
ကျိုးထောင်ဟွားပြောရင်း ရှန်းမင်၏ခန္ဓာကိုယ်ပေါ်ရှိ အငြိုးအတေးစွမ်းအင်များကို လှမ်းကြည့်လိုက်သည်။ မနေ့ကအသုံးပြုခဲ့သော်လည်း လျော့နည်းမသွားဘဲ သူတို့ပထမဆုံးစတွေ့စဉ်ကကဲ့သို့ပင် လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအင်များရှိနေဆဲပင်။ ရှန်းမင်မှာ ကျိုးထောင်ဟွား၏မေးခွန်းကြောင့် သူမ တစ်ခုခုကိုသိသွားပြီဟုထင်ကာ လန့်သွားသည်။ မထင်မှတ်ဘဲ သူမဆက်ပြောလာ၏။
"အစ်ကို့ကိုယ်ပေါ်က မကောင်းတဲ့စွမ်းအင်တွေကို ထိန်းချုပ်နိုင်တာကောင်းပါတယ်၊ ကျင့်ကြံနှစ် ၁၈၀၀ရှိတဲ့ သွေးနတ်ဆိုးကိုတောင် အလွယ်တကူနှိမ်နင်းနိုင်တာဆိုတော့ တခြားနတ်ဆိုးတွေကိုလည်း သေချာပေါက်ကိုင်တွယ်နိုင်မှာပါ၊ ဒီရက်ပိုင်း ညီမမှာစွမ်းအင်တွေ မလုံလောက်ဘူးဖြစ်နေလို့ အစ်ကိုသာဘေးမှာရှိနေမယ်ဆိုရင် တခြားနတ်ဆိုးတွေနဲ့ တွေ့ရင်တောင် ညီမစိတ်အေးရတာပေါ့"
ထိုစဉ် ရှန်းမင်၏မျက်လုံးအိမ်များ တုန်လှုပ်သွားရသည်။ ကျိုးထောင်ဟွားကို သူဖက်ထားရင်း ပြောလိုက်၏။
"စိတ်မပူပါနဲ့ အစ်ကို မင်းကို သေချာပေါက် ကာကွယ်ပေးမှာပါ၊ မင်းကို ဘယ်တော့မှအန္တရာယ်မကျရောက်စေရဘူး"
သို့သော်လည်း သူ့ရင်ထဲမှလျှို့ဝှက်ချက်ကို ကျိုးထောင်ဟွားထံပြောပြသင့်၊ မပြောပြသင့်အား သူမဝေခွဲနိုင်ဖြစ်နေသည်။
‘တကယ်လို့ ပြောပြလိုက်ရင် သူမကသူ့ကို ပေါက်ကရတွေပြောနေတယ်လို့ ထင်မလား၊ ဒါမှမဟုတ် နတ်ဆိုးတစ်ကောင်လို ဆက်ဆံမှာလား’
အခက်အခဲများစွာကို သူကျော်ဖြတ်ပြီးမှ ထောင်ဟွားနှင့်လက်ထပ်ကာ မိသားစုတစ်စုတည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သဖြင့် သူတို့ကြားတွင် မည်သည့်ပြဿနာမှမတက်ချင်ပေ။ ကျိုးထောင်ဟွား မနက်စာစားပြီးနောက် သူတို့နှစ်ယောက် ရထားလုံးဖြင့် ထျန်းရှန်းယွမ် တာအိုကျောင်းသို့ ထွက်လာခဲ့ကြသည်။ တာအိုကျောင်းတံခါးရှေ့တွင် သုံးမီတာခန့်ကျယ်သော ဂုန်းတံတားတစ်ခုရှိ၏။ တံတားလက်ရန်းများကို အနက်ရောင်ဆေးသုတ်ထားပြီး သတို့သားနှင့် သတို့သမီးတို့ကိုင်ဆောင်သည့် မင်္ဂလာဖဲကြိုးများကဲ့သို့ပင် အနီရောင်ပိတ်စကြီးများကို တန်းစီချိတ်ဆွဲထားသည်။
ဂုန်းတံတားပေါ် လျှောက်သွားသည့်အခါ ထျန်းရှန်းယွမ် တာအိုကျောင်းတံခါး၏ ဝဲယာတွင် "ဖူးစာ" နှင့် "ရေစက်" ဟု အဓိပ္ပာယ်ရသော စာလုံးများကို ရှေးဟောင်းလက်ရေးဖြင့် ရေးထိုးထားသည်ကို မြင်တွေ့ရ၏။ တစ်ကျောင်းလုံးတွင် ပန်းရောင်လွှမ်းသော အငွေ့အသက်များ ပျံ့လွင့်နေသည်။
ရှန်းမင် ကျိုးထောင်ဟွားကို ဦးဆောင်ကာ တံတားပေါ်မှ ဖြည်းဖြည်းချင်းဆင်းလာပြီးနောက် တာအိုကျောင်း လှေကားထစ်များကို တက်လာခဲ့ကြသည်။ ကျိုးထောင်ဟွား တာအိုကျောင်းတံခါးကို ကျော်လိုက်သည်နှင့် အတွင်းဘက်မှဖြာထွက်လာသော ချစ်မေတ္တာစွမ်းအင်များကိုချက်ချင်း ခံစားလိုက်ရ၏။
***