အထဲဝင်လိုက်သည်နှင့် ကျိုးရှင်းဟွာတစ်ယောက် ချက်ချင်းပင်ဝိုင်းစက်နေသော အမွှေးတိုင်အိုးကြီးတစ်ခုကို မြင်လိုက်ရသည်။ တောင်ဘက်နံရံကိုမှီထားပြီး တစ်ဖက်တစ်ချက်စီတွင် အံဆွဲငယ်လေးများစွာပါဝင်သော ဗီရိုတန်းများရှိနေ၏။ အံဆွဲတစ်ခုစီတွင် နံပါတ်များတပ်ထားပြီး လူငယ်လူရွယ်များစွာက မိမိတို့နံပါတ်များကိုရှာဖွေကာ သက်ဆိုင်ရာအံဆွဲများကိုဆွဲဖွင့်ပြီး ဗေဒင်စာရွက်များကို ထုတ်ယူနေကြသည်။ ရုတ်တရက် ကျိုးထောင်ဟွား ရင်းနှီးနေသောပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ ကျိုးရှင်းဟွာမှာနံပါတ် ကိုးဆယ့်ငါးအံဆွဲကိုဖွင့်၍ သက်ဆိုင်ရာ ဗေဒင်စာရွက်ကို ထုတ်ယူနေခြင်းပင်။ ကျိုးရှင်းဟွာဖတ်လိုက်သည်။
"နံပါတ်ကိုးဆယ့်ငါး စာရွက်၊ 'အလယ်အလတ်'၊ သေချာစီစဉ်ကြိုးစားမည်ဆိုလျှင် မကြာမီအောင်မြင်မှုရလိမ့်မည်"
သူမ အနည်းငယ်ကြောင်အမ်းအမ်းဖြစ်သွားသည်။
‘ဒါသူမရဲ့ မင်္ဂလာပွဲမကြာခင်ရောက်လာတော့မယ်လို့ ပြောနေတာလား’
ကျိုးရှင်းဟွာ ခေါင်းမော့ကြည့်လိုက်ရာ လူအုပ်ထဲတွင်ရပ်နေသော ကျိုးထောင်ဟွားနှင့် သူမခင်ပွန်းတို့ကိုမြင်လိုက်ရသည်။ သူမဗေဒင်စာရွက်ကိုကိုင်ထားရင်း သူတို့ထံသို့ ဝမ်းသာအားရလျှောက်သွားလိုက်၏။
"ညီမထောင်ဟွားနဲ့ အစ်ကိုတို့က ဒီကိုဘာလာလုပ်ကြတာလဲ"
ကျိုးရှင်းဟွာ သူတို့နှစ်ယောက်ထံနားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။
‘အိမ်ထောင်သည်တွေကရော လရောင်အောက်ကအဘိုးအိုရဲ့ ကောင်းချီးပေးမှုကို လိုအပ်သေးလို့လား’
ကျိုးထောင်ဟွား ပြန်ဖြေ၏။
"အိမ်မှာအရမ်းပျင်းနေလို့ အပြင်ထွက် လမ်းလျှောက်လာတာ၊ အစ်မရောဘာဗေဒင်စာရွက်ရလိုက်လဲ"
ကျိုးရှင်းဟွာ သူမရထားသည့်စာရွက်ပါ အဓိပ္ပာယ်ကို နားမလည်နိုင်ဖြစ်နေသဖြင့် ကျိုးထောင်ဟွားထံသို့ ကမ်းပေးလိုက်သည်။
"ညီမထောင်ဟွားက ဒီပညာရပ်တွေနားလည်တယ်ဆိုတော့ ဒါဘာအဓိပ္ပာယ်လဲဆိုတာ ကူပြီးရှင်းပြပေးလို့ရမလား၊ 'သေချာစီစဉ်ပြီးကြိုးစားမည်ဆိုလျှင် မကြာမီ အောင်မြင်မှုရလိမ့်မည်' တဲ့"
"'သေချာစီစဉ်ကြိုးစားမည်' ဆိုတာက ဆက်တိုက်ကြိုးစားအားထုတ်ရမယ်လို့ ဆိုလိုတာ၊ အချစ်ရေးမှာဆိုရင်တော့ အစ်မသဘောကျနေတဲ့သူနဲ့ ပတ်သက်ပြီး အချိန်နဲ့ ခွန်အားတွေ အမြဲစိုက်ထုတ်ပြီး သံယောဇဉ် ပိုခိုင်မာလာအောင် အခွင့်အရေးတွေ ဖန်တီးပေးရမယ်လို့ အဓိပ္ပာယ်ရတယ်၊ 'မကြာမီ အောင်မြင်မှုရမည်' ဆိုတာကတော့ အစ်မကမကြာခင် အောင်မြင်လိမ့်မယ်၊ အစ်မရဲ့ချစ်သူနဲ့ ပျော်ရွှင်ရတဲ့ဇာတ်သိမ်းတစ်ခုကို ရောက်ဖို့အချိန်သိပ်မကြာတော့ဘူးလို့ ဆိုလိုတာပဲ"
ရှင်းပြပြီးနောက် ကျိုးထောင်ဟွားမေးလိုက်သည်။
"မကြာသေးခင်က အစ်မသဘောကျနေတဲ့သူရှိနေပြီလား၊ အဲဒါဆိုရင် ဒီဗေဒင်စာရွက်က အစ်မချစ်သူအပေါ်မှာ ယုံကြည်မှုရှိပြီး ဆက်ဆံရေးအတွက် စိတ်ရောကိုယ်ပါရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိမယ်၊ ပြီးတော့ သူ့ကိုချဉ်းကပ်ဖို့နဲ့ စိတ်လှုပ်ရှားသွားအောင် နည်းလမ်းမျိုးစုံသုံးမယ်ဆိုရင် တစ်နေ့မှာ သေချာပေါက်အောင်မြင်လိမ့်မယ်လို့ ပြောနေတာပဲ"
"မရှိပါဘူး"
ကျိုးရှင်းဟွာမှာ ကျိုးထောင်ဟွားအကြည့်ကို ရှောင်ဖယ်လိုက်သည်။ ကျိုးထောင်ဟွား လက်ထဲမှဗေဒင်စာရွက်ကို သူမပြန်လုယူလိုက်ပြီး ပြောလိုက်၏။
"ညီမထောင်ဟွား အစ်မကမြို့ထဲမှာ ပစ္စည်းတချို့ သွားဝယ်စရာရှိသေးလို့ သွားလိုက်ပါဦးမယ်"
ထွက်သွားချိန်တွင် သူမခြေလှမ်းများမှာ အနည်းငယ် အလျင်စလိုဖြစ်နေသည်။ ငြင်းဆန်နေချိန်တွင် သူမဘယ်ဘက်နားရွက်လေးနီရဲနေခဲ့သည်ကိုတော့ သူမကိုယ်တိုင် မသိလိုက်ချေ။ ကျိုးထောင်ဟွားက ရှန်းမင်ထံမော့ကြည့်လိုက်သည်။
‘သူမမှာ သဘောကျနေတဲ့သူရှိနေတယ်ဆိုတာ အရမ်းသိသာနေတာမဟုတ်ဘူးလား’
ရှန်းမင် စကားမပြောသော်လည်း သူ့မျက်ဝန်းများက ကျိုးထောင်ဟွားအမြင်ကို ထောက်ခံနေသည်။ ထိုစဉ်မှာပင် ကျိုးရှန်းအန်း အပြင်မှဝင်လာ၏။ ထျန်းရှန်းယွမ်တာအိုကျောင်း၏တံခါးခုံမှာ နှစ်ဆယ်စင်တီမီတာခန့် မြင့်သည်။ ကျိုးရှင်းဟွာ အလောတကြီးထွက်သွားပြီး ခေါင်းငုံ့လျှောက်လာသဖြင့် တံခါးခုံကိုသတိမထားမိဘဲ ခလုတ်တိုက်မိသွား၏။
"အာ"
ချက်ချင်းပင် ကျိုးရှင်းဟွာသတိဝင်လာသည်။ ကျောက်လှေကားထစ်များပေါ်သို့ ပြုတ်ကျတော့မည်ကို သိလိုက်သဖြင့် ဘေးနားရှိ တစ်ခုခုကိုအသည်းအသန် လှမ်းဆွဲလိုက်ရာ တကယ်ပင် တစ်ခုခုကို ဆွဲမိသွားသည်။ ကျိုးရှန်းအန်းမှာ လူအုပ်နှင့်အတူ ဘုရားကျောင်းထဲသို့ ဝင်လာစဉ် ရုတ်တရက် အနောက်သို့ဆွဲခံလိုက်ရ၏။ သူ လှည့်ကြည့်လိုက်သောအခါ ရင်းနှီးနေသောမျက်နှာတစ်ခုကို မြင်လိုက်ရသည်။ ကျိုးရှင်းဟွာကို သူဆွဲထူလိုက်ပြီး မတ်တပ်ရပ်နိုင်အောင် ကူညီပေးပြီးနောက် သူမလန့်နေသေးသည်ကိုမြင်သဖြင့် မေးလိုက်၏။
"ကျိုးရှင်းဟွာ အဆင်ပြေရဲ့လား"
သူ့အသံကိုကြားလိုက်ရမှ ကျိုးရှင်းဟွာတစ်ယောက် လွင့်ထွက်သွားသောဝိညာဉ် ပြန်ဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအခါမှ သူမလှမ်းဆွဲလိုက်မိသည်မှာ ကျိုးရှန်းအန်းဖြစ်နေမှန်း သတိထားမိသွား၏။ သူမမျက်နှာလေး နီမြန်းသွားပြီး တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ဟန်ဆောင်ကာ ပြောလိုက်သည်။
"ငါ အဆင်ပြေပါတယ်"
သူမထွက်သွားရန် ပြင်လိုက်သော်လည်း ကျိုးရှန်းအန်း သူမလက်မောင်းကိုကိုင်ထားဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ ကျိုးရှင်းဟွာ သူမလက်မောင်းကို ငုံ့ကြည့်လိုက်ကာမှ သူမလက်ကိုလွှတ်ပေးလာ၏။ ကျိုးရှင်းဟွာပြေးထွက်သွားပြီးနောက်တွင်ပင်လျှင် ခရမ်းချဉ်သီးကဲ့သို့ နီရဲနေသည့် သူမပါးပြင်လေးများကို ကျိုးရှန်းအန်းစိတ်ထဲတွင် မြင်ယောင်နေဆဲဖြစ်သည်။
"အထဲဝင်မှာလား မဝင်ဘူးလား၊ လမ်းလာမပိတ်နေနဲ့လေ"
အနောက်မှလူတစ်ယောက်က သတိပေးလိုက်သည်။ ထိုအခါမှ ကျိုးရှန်းအန်း သတိဝင်လာပြီး သူတို့အတွက်လမ်းဖယ်ပေးလိုက်သည်။ ကျိုးရှင်းဟွာ ထျန်းရှန်းယွမ်တာအိုကျောင်း၏ခန်းမဆောင်ကြီးထဲသို့ဝင်သွားလိုက်ရာ အတွင်း၌ ကူရှင်များစွာချထားပြီး လူအများအပြားမှာ ထိုကူရှင်များပေါ်တွင် ဒူးထောက်၍ လရောင်အောက်မှ အဘိုးအို၏ စောင့်ရှောက်မှုကိုရရန် ဆုတောင်းနေကြ၏။ ခန်းမဆောင်ကြီး၏အရှေ့ဆုံးတွင် ဖူးစာရေးနတ်ရုပ်တုတစ်ခုရှိပြီး သူ့မျက်နှာမှာ ကြင်နာသနားတတ်သော အသွင်ရှိသည်။ ကျောက်ရုပ်တုရှေ့တွင် စားပွဲရှည်လေးတစ်ခုရှိပြီး ပန်းသီးနှင့် အခြားသစ်သီးဝလံပူဇော်ပစ္စည်းများ တင်ထား၏။
ခန်းမဆောင်ကြီး၏ဘယ်နှင့်ညာတွင် ဘေးခန်းမနှစ်ခုရှိ၍ ဘယ်ဘက်တွင် စာအုပ်များရှိကာ ညာဘက်တွင်မူ ဗေဒင်မဲတံများစွာရှိသည်။ လူအများအပြားသည် သူတို့အနာဂတ် အိမ်ထောင်ရေးကို ဟောကိန်းထုတ်ရန် မဲနှိုက်နေကြ၏။ ကျိုးထောင်ဟွားနှင့် ရှန်းမင်မှလွဲ၍ ကျန်လူအများစုမှာ မိမိတို့၏ကိုယ်ပိုင် မျှော်လင့်ချက်များဖြင့် လာရောက်ကြခြင်းဖြစ်သည်။ လရောင်အောက်မှ အဘိုးအိုသည် ကြိုးနီကိုကိုင်ဆောင်ကာ ရုပ်တုအတွင်း၌ထိုင်နေသည်။ ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့နှစ်ယောက်သည် အခြားသူများနှင့်မတူဘဲ မလှုပ်မယှက်ရပ်နေသည်ကို သူသတိထားမိသွား၏။
ထို့ပြင် သူတို့နှစ်ယောက်လုံး၏ လက်ကောက်ဝတ်များတွင် ကြိုးနီများ ရစ်ပတ်ထားသည်။ ထိုစဉ်မှာပင် လရောင်အောက်မှအဘိုးအိုသည် ရုတ်တရက် ကျိုးထောင်ဟွားမှ သူ့ကိုလက်ယပ်ခေါ်နေသည်အားမြင်လိုက်ရ၏။ တခဏမျှ သူအမြင်မှားသည်ဟု ထင်လိုက်မိသည်။
‘သူကနတ်ဘုရားတစ်ပါးလေ။ သူ့ကို ဘယ်သူကမြင်နိုင်မှာလဲ၊ သူက တာအိုဘုန်းကြီးတွေ ထိန်းချုပ်ထားတဲ့ တစ္ဆေသရဲမှမဟုတ်တာ’
လရောင်အောက်မှအဘိုးအို သံသယဝင်နေစဉ်မှာပင် ကျိုးထောင်ဟွားသူ့ကို ခေါင်းညိတ်ပြလိုက်သည်အားမြင်လိုက်ရသည်။ လရောင်အောက်မှအဘိုးအို မလှုပ်သေးသည်ကိုမြင်၍ ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့ ရှေ့သို့တိုးသွားကြ၏။ သူမကိုယ်ကိုရှေ့သို့ကိုင်းညွတ်ကာ စားပွဲပေါ်မှ ကျော်၍ သူ့လက်ကိုလှမ်းဆွဲလိုက်သည်။ ထိုခဏတွင် လရောင်အောက်မှအဘိုးအိုမှာ တစ်ဖက်လူ သူ့ကိုမြင်နိုင်သည်အား အသေအချာသိလိုက်ရ၏။ ထို့ပြင် သူမဘေးမှအမျိုးသားကပါ သူ့ကိုမြင်နေရသည်။ သူတို့နှစ်ယောက်သည် ကျောက်ရုပ်တုထဲမှ သူ့ကိုဆွဲထုတ်ကာ ဘယ်ဘက်ခန်းမဆောင်၏ ထောင့်တစ်နေရာသို့ခေါ်သွားကြသည်။ ကျိုးထောင်ဟွား လိုရင်းကိုသာတိုက်ရိုက်ပြောလိုက်၏။
"ဖူးစာရေးနတ်ရဲ့ ကြိုးနီသုံးပေလောက် ပေးပါ"
လရောင်အောက်မှအဘိုးအို တုံ့ဆိုင်းသွားသည်။
"ဒါက ဒါက မဖြစ်ဘူးလေ၊ ဒါက ဖူးစာရေးနတ်ရဲ့ သီးသန့်အခွင့်အရေးပဲ၊ ငါပဲသုံးလို့ရတာ၊ မင်းတို့ကိုပေါက်ကရလုပ်ဖို့ ပေးလို့မဖြစ်ဘူး"
သူ့အသံမှာ အနည်းငယ်တုန်ယင်နေပြီး သူ့ရင်ထဲသို့ အကြောက်တရားအချို့ ဝင်ရောက်လာသည်။ ကျိုးထောင်ဟွားတွင် စွမ်းအင်အချို့ရှိနေပြီး ရှန်းမင်တွင်လည်း စွမ်းအားများရှိနေသည်ကို သူ ခံစားမိသည်။ သူတို့သာဝိုင်းတိုက်လျှင် သူနိုင်မည်မဟုတ်ဟု စိုးရိမ်မိ၏။ သို့သော်လည်း ကြိုးနီကိုတော့ သူပေးမည်မဟုတ်ပေ။ လရောင်အောက်မှ အဘိုးအိုမှာ ခေါင်းမာစွာဖြင့်ပြောလိုက်သည်။
"ကြိုးနီကိုသုံးပြီး ပေါက်ကရလျှောက်ချည်ဖို့တော့ မစဉ်းစားနဲ့"
ကျိုးထောင်ဟွား ကူကယ်ရာမဲ့စွာဖြင့် ရှင်းပြလိုက်ရသည်။
"ကြိုးချည်ဖို့ မဟုတ်ပါဘူး၊ နတ်ဆိုးတွေနဲ့ မိစ္ဆာတွေကို ရှာဖွေဖော်ထုတ်နိုင်တဲ့ မှော်ကိရိယာတစ်ခုသွန်းလုပ်ဖို့ လိုအပ်နေလို့ပါ"
ထိုစကားကိုကြားလိုက်ရာ လရောင်အောက်မှအဘိုးအို မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။
"ဒါဆို မင်းတို့ကမရဏတမန်တော်ရဲ့ သံကြိုးအပိုင်းအစတွေကိုလည်း ရှာရဦးမှာပေါ့"
လရောင်အောက်မှအဘိုးအို၏ ကြိုးနီမှာ ယန်စွမ်းအင်ကိုကိုယ်စားပြုပြီး၊ ဝူချန်သံကြိုးအပိုင်းအစများသည် ယင်စွမ်းအင်ကို ကိုယ်စားပြုသည်။ ယင်နှင့် ယန်သည် မျှတနေရမည်ဖြစ်ပြီး တစ်ခုမှ လိုအပ်နေ၍မရပေ။ ကျိုးထောင်ဟွား ခေါင်းညိတ်လိုက်ပြီး ဆိုသည်။
"အဘိုးဆီကကြိုးနီကို အရင်ယူပြီးမှ သခင်ဝူချန်ဆီ သွားရှာမှာပေါ့"
အဖြူအမည်းဝူချန်တို့သည် မရဏကမ္ဘာမှလူ့ပြည်ရှိ ဝိညာဉ်များကိုသိမ်းဆည်းရန် တာဝန်ရှိကြပြီး သူတို့ကို ယေဘုယျအားဖြင့် ဝိညာဉ်နုတ်ယူသူများဟု လူသိများသည်။ ထိုအခါမှသာ လရောင်အောက်မှအဘိုးအိုသည် ကျိုးထောင်ဟွား တောင်းဆိုသည့်အတိုင်း ကြိုးနီတစ်စကိုဖြတ်ပေးလိုက်၏။ သူသတိပေးလိုက်သည်။
"မင်းတို့ဝူချန်ရဲ့ သံကြိုးအပိုင်းအစကိုရဖို့တော့ ဒီလောက်ကံကောင်းချင်မှကောင်းမှာနော်"
ကျိုးထောင်ဟွား ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီးဆိုသည်။
"ဘာကိစ္စပဲဖြစ်ဖြစ် နည်းလမ်းဆိုတာတော့ အမြဲရှိစမြဲပဲမဟုတ်လား၊ စိတ်မပူပါနဲ့ အဘိုး၊ အဘိုးရဲ့ကြိုးနီကို အလကားသက်သက်တော့ မယူသွားပါဘူး၊ အဘိုးအတွက် အမွှေးတိုင်နဲ့ ပူဇော်ပစ္စည်းတွေကို သေချာပေါက်ပို့ပေးပါ့မယ်"
ထိုသို့ပြောပြီးနောက် ကျိုးထောင်ဟွား သုံးပေရှည်သောကြိုးနီကို သူမ၏ချန်ခွန်း အိတ်ထဲသို့ ထည့်လိုက်သည်။ ဤကဲ့သို့သော အဖိုးတန်ပစ္စည်းမျိုးသာ တခြားသူများလက်ထဲ ရောက်သွားပါက မကောင်းမှုများအတွက် အသုံးပြုခံရနိုင်ပြီး ကြိုးနီများကိုဖြစ်သလို လျှောက်ချည်ပစ်ကြလိမ့်မည်။ ကျိုးထောင်ဟွား၏ ထွက်ခွာသွားသော ကျောပြင်ကိုကြည့်ရင်း လရောင်အောက်မှအဘိုးအိုသည် သူမဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။ တစ္ဆေများရော နတ်ဘုရားများပါ အမွှေးတိုင်ပူဇော်မှုများကို အလွန်တန်ဖိုးထားကြ၏။ တစ္ဆေတမန်တော်တစ်ဦးအနေဖြင့် ဝူချန်သည် သက်တောင့်သက်သာနေထိုင်နိုင်ရန်အတွက် မရဏကမ္ဘာမှရရှိသော လစဉ်ပုံမှန်လစာအပြင် အပိုဝင်ငွေများကိုပါရှာဖွေရန် လိုအပ်သည်။ ကျိုးထောင်ဟွားနှင့် သူမအဖော်တို့ ဝတ်ဆင်ထားသော အဝတ်အစားကောင်းများကိုကြည့်ခြင်းအားဖြင့် သူတို့သည်တော်တော်လေး ချမ်းသာကြွယ်ဝပုံရ၏။
မရဏကမ္ဘာမှ အမည်းရောင်ဝူချန်: "ဟတ်ချိုး"
အဖြူရောင်ဝူချန်မှာ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
"မင်း အအေးမိနေတာလား"
သူစကားပြော၍ မဆုံးသေးခင်မှာပင် သူပါ နှာချေလိုက်သည်။
"ဟတ်ချိုး"
အမည်းရောင်ဝူချန် သက်ပြင်းချလိုက်သည်။
"ငါတော့အဘွားမုန့်ပိုဆီမှာ ဆေးသွားတောင်းရဦးမယ်၊ အဲဒါကပိုက်ဆံပေးရတာကွ"
***