မရဏကမ္ဘာတွင် အရာအားလုံးက ငွေကြေးပေါ်၌သာ မူတည်သည်။ တစ္ဆေတမန်တော်များသာမက မရဏကမ္ဘာတွင် နေထိုင်ကြသော နတ်ဆိုးများနှင့် ဝိညာဉ်များအားလုံးမှာလည်း ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ရန်ငွေလို၏။ သူတို့၏သားစဉ်မြေးဆက်များက သူတို့ကို မမေ့မလျော့ဘဲ တစ္ဆေပွဲတော်ကာလတွင် ငွေစက္ကူများစွာကို မီးရှို့ပူဇော်ပေးလျှင် ထိုဝိညာဉ်များမှာ အလွန်ကံကောင်းကြသူများ ဖြစ်သည်။ အမည်းရောင်နှင့် အဖြူရောင်ဝူချန်တို့ပင်လျှင် ထိုကဲ့သို့ ပူဇော်ခံရသူများကို အားကျနေရရှာ၏။ သူတို့နှစ်ယောက် မရဏကမ္ဘာတွင် စကားပြောနေစဉ်မှာပင် ရုတ်တရက် ခန္ဓာကိုယ်များ ယိမ်းထိုးသွားပြီး တစ်စုံတစ်ယောက်၏ဆင့်ခေါ်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သတိပြန်ဝင်လာချိန်တွင်မူ သူတို့နှစ်ယောက်လုံး လူ့ပြည်သို့ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့သေချာကြည့်လိုက်သောအခါ ရှေ့တွင်လူနှစ်ယောက်နှင့် နတ်ဆိုးအချို့ကို တွေ့လိုက်ရ၏။ နတ်ဆိုးအချို့မှာ လူအသွင်ပြောင်းထားပြီး အချို့မှာမူ တစ်ဝက်တစ်ပျက်အသွင်အပြင်နှင့် ဖြစ်သည်။ သို့သော် ထိုသူများထဲမှ အမျိုးသားတစ်ဦးတွင်မူ အလွန်ပြင်းထန်လှသောအငြိုးအတေးစွမ်းအင်များရှိနေပြီး သူတို့အတွက် ရင်းနှီးနေသလိုလိုနှင့် ကြောက်စရာကောင်းသော ခံစားချက်မျိုးကို ပေးစွမ်းနေ၏။
"မင်းတို့ ငါတို့ကိုဒီကိုဆင့်ခေါ်လိုက်တာလား"
အဖြူရောင်ဝူချန် မေးလိုက်သည်။ ကျိုးထောင်ဟွား သူမရှေ့ရှိတစ္ဆေတမန်တော်နှစ်ပါးကို အကဲခတ်လိုက်သည်။ အမည်းရောင်ဝူချန်မှာ အမျိုးသားဖြစ်ပြီး မျက်နှာမှာ မီးသွေးခဲကဲ့သို့မည်းနက်ကာ အသားအရေ ကြမ်းတမ်းသည်။ မျက်မှောင်ကြုတ်ထားသော ရက်စက်သည့် သူ့မျက်ဝန်းများမှာ လူတစ်ယောက်၏နှလုံးသားထဲထိ ထိုးဖောက်မြင်နိုင်ပြီး ကျောချမ်းစရာကောင်းလှသည်။ သူ့ခန္ဓာကိုယ်မှာ တုတ်ခိုင်ပြီး အရပ်ပု၏။ ဝတ်ရုံနက်ကိုဝတ်ဆင်ထားပြီး အောက်ခြေထူဖိနပ်နက်ကို စီးထားကာ သူ၏လေးထောင့်ဦးထုပ်နက်ပေါ်တွင် "လောကကြီး ငြိမ်းချမ်းပါစေ" ဟု ရေးထိုးထားသည်။
အဖြူရောင်ဝူချန်မှာမူ အမျိုးသမီးဖြစ်ပြီး မျက်နှာမှာ နှင်းကဲ့သို့ဖြူဖျော့ကာ မည်သည့်သွေးရောင်မှမရှိသော်လည်း ပါးပြင်ပေါ်တွင် ထူးဆန်းသောနီမြန်းမှုရှိကာ နှုတ်ခမ်းများမှာ ဟင်္သာပြဒါးကဲ့သို့နီရဲနေသည်။ သူမသာ ခြောက်ခြားဖွယ်ရာပြုံးလိုက်လျှင် ရှည်လျားသောလျှာနီကြီး ထွက်ကျလာပြီး ဝိညာဉ်ကိုနှိုက်ယူတော့မည့်အတိုင်းပင်။ သူမသည် ဝါးလုံးကဲ့သို့ ရှည်လျားသွယ်လျပြီး လေတိုက်လျှင်ပင် လွင့်သွားမည့်ပုံစံရှိကာ သူမ၏ဦးထုပ်ဖြူပေါ်တွင် "တစ်သက်တာ ကြွယ်ဝချမ်းသာပါစေ" ဟုရေးထိုးထားသည်။
ကျိုးထောင်ဟွား သူတို့လက်ထဲတွင်ကိုင်ထားသော ဝိညာဉ်နှုတ်မြင်းမြီးတံနှင့် သံကြိုးအထူကြီးကို လှမ်းကြည့်လိုက်သည်။ ထိုသံကြိုးများမှာ နေရောင်အောက်တွင် အေးစက်စက်ဖြင့်တလက်လက် တောက်ပနေသည်။ ကျိုးထောင်ဟွားမျက်ဝန်းထဲတွင် ကျေနပ်သည့် အပြုံးတစ်ခုပေါ်လာသည်။
‘ဒါက သူမလိုချင်နေတဲ့အရာပဲ’
ထို့နောက် ကျိုးထောင်ဟွားပြောလိုက်သည်။
"မှန်ပါတယ် အရှင်တို့၊ အရှင်တို့ကိုဖိတ်ခေါ်ရတာက ကိစ္စတစ်ခုဆွေးနွေးချင်လို့ပါ"
ဝူချန်နှစ်ယောက်စလုံး မျက်မှောင်ကြုတ်သွားကြသည်။
‘ သူတို့က တစ္ဆေတမန်တော်တွေလေ။ သူတို့အလုပ်က ဝိညာဉ်သိမ်းဖို့ပဲကို။ ဒီမိန်းကလေးက ဘာကိစ္စဆွေးနွေးမှာလဲ။ သူတို့သေချင်နေကြတာလား။ တကယ်လို့ သေချင်ရင်တောင် "သေခြင်းရှင်ခြင်းစာအုပ်"ထဲမှာ မပါတဲ့သူတွေရဲ့ ဝိညာဉ်ကို သူတို့မသိမ်းရဲပေ’
အမည်းရောင်ဝူချန် ပြတ်သားစွာပင်ပြောလိုက်သည်။
"ငါတို့ကိုဆင့်ခေါ်နိုင်တယ်ဆိုကတည်းက မင်းမှာ အရည်အချင်းရှိလို့ပဲ၊ တကယ်လို့ မင်းသာမင်းမိသားစုဆီ ငွေပို့ချင်တာဆိုရင် သူတို့သင်္ချိုင်းမှာမီးရှို့လိုက်၊ သူတို့ရပါလိမ့်မယ်"
ကျိုးထောင်ဟွား ခေါင်းခါပြလိုက်ပြီး လေးစားစွာ ပြောလိုက်သည်။
"ကျွန်မလိုချင်တာက အရှင်ကိုင်ထားတဲ့ သံကြိုးရဲ့အပိုင်းအစလေး တစ်ခုပါ"
ဤသည်ကိုကြားလိုက်ရချိန်တွင် အမည်းရောင်ဝူချန်၏မျက်နှာမှာ အလွန်အမင်း ဒေါသထွက်သွားပြီး အချိန်မရွေးသံကြိုးနှင့်ရိုက်ကာ ဤရဲတင်းလှသော မိန်းကလေး၏ဝိညာဉ်ကို အစိတ်စိတ်အမွှာမွှာဖြစ်သွားအောင် လုပ်တော့မည့်ပုံပင်။ ထိုစဉ်မှာပင် ကျိုးထောင်ဟွား သူမ၏ချန်းခွန်းအိတ်ထဲမှ လူတစ်ရပ်ခန့်မြင့်သော အမွှေးတိုင်ကြီးနှစ်တိုင်ကိုထုတ်ယူလိုက်သည်။ ထိုအမွှေးတိုင်များမှာ ကိုးထပ်မျှစီရီထားပြီး အလွန်ထူးခြားလှ၏။ အမွှေးတိုင်တစ်တိုင်မှာ သာမန်အမွှေးတိုင် အမြောက်အမြားနှင့် ညီမျှသဖြင့် ဝူချန်နှစ်ယောက်စလုံး တံတွေးပင်မျိုချလိုက်မိကြသည်။ သူတို့ တစ္ဆေတမန်တော်လုပ်သက်တစ်လျှောက် ဤမျှများပြားသော အမွှေးတိုင်ပူဇော်မှုကို တစ်ခါမှမရရှိဖူးပေ။ အဖြူရောင် ဝူချန်မှစိတ်လှုပ်ရှားနေသော အသံဖြင့် ဦးစွာမေးလိုက်သည်။
"ဒီအမွှေးတိုင်တွေက ငါတို့အတွက်လား"
ကျိုးထောင်ဟွား ခေါင်းညိတ်ပြလိုက်ပြီး ဂုန်နီအိတ်နှစ်အိတ်ကို ထပ်ထုတ်လိုက်သည်။ ထိုအိတ်များ၏ပုံစံကိုမြင်သည်နှင့် ဝူချန်နှစ်ယောက်မှာ ရင်ခုန်သွားကြသည်။
"အရှင်တို့ ဒါတွေကလည်း အရှင်တို့အတွက်ပါပဲ"
ထိုအချိန်တွင် အမည်းရောင်ဝူချန်၏ မျက်နှာပေးမှာ သိသိသာသာပြောင်းလဲသွားသည်။ သူရှေ့သို့တိုး၍ အိတ်များကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ငွေတုံးများ မဟုတ်ဘဲ ရွှေတုံးများဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ချက်ချင်းပင် အမည်းရောင်ဝူချန်အတွက် ကျိုးထောင်ဟွားမှာ အလွန်ချစ်ဖွယ်ကောင်းသော မိန်းကလေး ဖြစ်သွားတော့သည်။
‘ ဒီမိန်းကလေးက တကယ်ကိုနားလည်တတ်တာပဲ’
ကျိုးထောင်ဟွား မည်သည်ကိုမှပြောစရာ မလိုတော့ဘဲ အဖြူရောင်ဝူချန်လက်ထဲမှတုတ်ကိုယူကာ သံကြိုးမှသံမှုန့်အချို့ကို တိုက်စားပြီး ခြစ်ယူပေးလိုက်သည်။ သံကြိုးချင်း ပွတ်တိုက်သံများထွက်ပေါ်လာပြီးနောက် သံမှုန့်များစွာကျိုးထောင်ဟွား လက်ထဲသို့ရောက်ရှိလာခဲ့၏။ သေချာပေါက်ပင် ငွေရှိလျှင် နတ်ဘုရားကိုပင် ခိုင်း၍ရသည်မဟုတ်ပါလား။
"မိန်းကလေး ဒါဆိုလုံလောက်ပြီလား"
အမည်းရောင်ဝူချန်မှ ကြင်နာစွာမေးလိုက်သည်။ ကျိုးထောင်ဟွား ကျေးဇူးတင်စကားပြောလိုက်ပြီးနောက် ထိုသံမှုန့်များကို သိမ်းဆည်းလိုက်သည်။ ကျိုးထောင်ဟွားတို့ထွက်သွားပြီးနောက် ဝူချန်နှစ်ယောက်မှာ ချက်ချင်းမပြန်သေးဘဲ အမွှေးတိုင်များကိုထွန်းညှိကာ ထိုမီးခိုးများကိုရှူရှိုက်ရင်း အရသာခံနေကြသည်။ ရွှေတုံးအိတ်များကိုလည်း မီးရှို့လိုက်ရာ မကြာမီသူတို့လက်ထဲသို့ အစစ်အမှန်ရွှေတုံးအိတ်ကြီးနှစ်အိတ် ရောက်ရှိလာတော့သည်။ သူတို့အလွန်ဝမ်းသာသွားကြပြီး မပြန်ချင်တော့လောက်အောင်ပင်။ ဤရွှေများနှင့်ဆိုလျှင် မရဏကမ္ဘာရှိသူတို့ဘဝမှာ အလွန်တရာသက်တောင့်သက်သာရှိတော့ပေမည်။ ရုတ်တရက် အမည်းရောင်ဝူချန်က တစ်ခုခုကိုသတိရသွားပြီးမေးလိုက်သည်။
"ဟိုလူ့ကို ဘာလို့ဒီလောက်ရင်းနှီးနေရတာလဲ"
အဖြူရောင်ဝူချန်မှာမူ ဂရုမစိုက်စွာဖြင့် ပြန်ဖြေလိုက်သည်။
"နှစ်တိုင်းမရဏကမ္ဘာကို ဝင်ထွက်နေတဲ့ ဝိညာဉ်တွေ ဘယ်လောက်တောင်များလဲ၊ သူ့ဘိုးဘေးတွေနဲ့ ရုပ်ဆင်တာဖြစ်မှာပေါ့"
ထို့ကြောင့် အမည်းရောင်ဝူချန်လည်း ဆက်မတွေးတော့ပေ။ ကျိုးထောင်ဟွား လရောင်အောက်ကအဘိုးအို၏ ကြိုးနီနှင့် ဝူချန်သံကြိုး အပိုင်းအစများကိုရရှိပြီးနောက် ရှန်းမင်ကို ပြောလိုက်သည်။
"ရွာကိုပြန်ရောက်ရင် ကွမ်းကန်းရှုတို့အိမ်ကိုသွားရအောင် မုဆိုးမဖန်းကိုရှာဖို့လိုတယ်"
ဤပစ္စည်းနှစ်ခုတည်းနှင့် မလုံလောက်သေးဘဲ မုဆိုးမ၏မျက်ရည်နှင့်ပါစိမ်ရဦးမည်ပင်။ ရှန်းမင်မှာ မုဆိုးမဖန်းကို သဘောမကျသော်လည်း သူမမှာ နောက်ပိုင်းတွင် အေးဆေးသွားသဖြင့် မည်သည်ကိုမှမပြောတော့ပေ။ သူတို့ ရွာထိပ်သို့ရောက်ချိန်တွင် မုဆိုးမဖန်း မျက်ရည်သုတ်နေသည်ကို တွေ့လိုက်ရသည်။ ရှန်းမင် ရထားလုံးကိုရပ်လိုက်ပြီး ပြောလိုက်၏။
"ထောင်ဟွား ရှေ့မှာမုဆိုးမဖန်းငိုနေတယ်"
‘ငိုနေတာလား’
ယင်းစကားအားကြားသည်နှင့် ကျိုးထောင်ဟွား စိတ်ဝင်တစားဖြစ်သွားပြီး မျက်ရည်များကိုခံယူရန် ကြွေပုလင်းလေးကိုအမြန်ထုတ်လိုက်သည်။ လင်ရှောင်ယွဲ့နှင့် အခြားနတ်ဆိုးများမှာ မည်သည့်အရာများဖြစ်နေသည်ကို မသိဘဲ ကြောင်ကြည့်နေကြသည်။ မုဆိုးမဖန်းမှာ ဝမ်းနည်းနေရသည့်ကြားထဲ ကျိုးထောင်ဟွားမှ သူမမျက်ရည်ကိုလာခံနေသဖြင့် ပို၍ပင်ရင်နာသွားရသည်။
‘သူမဘဝက ဘာလို့ဒီလောက်ခါးသီးရတာလဲ’
အိမ်ထောင်ကျပြီး မကြာခင်ခင်ပွန်းဆုံးသွားပြီး သူမမုဆိုးမဖြစ်နေသည်မှာ သုံးနှစ်ရှိပြီပင်။ မကြာသေးခင်ကမှ မြို့ပြင်ရှိ အမျိုးသားတစ်ယောက်နှင့်ဆုံပြီး သူသည် ရက်ရောလွန်းသဖြင့် သူမ စိတ်ဝင်စားခဲ့မိသည်။ သို့သော် သူမမှ အတည်တကျပေါင်းချင်သည်ဟုပြောလိုက်ချိန်တွင်မူ ထိုသူသည်ရက်ရက်စက်စက်ပင်ငြင်းဆိုခဲ့သည်။
’သူက သူမကိုမထိုက်တန်ဘူးတဲ့’
သူမမှာ အသက် ၁၈နှစ်သာရှိသေးပြီး ကိုယ်လုံးကိုယ်ပေါက်သည်လည်း လှပဆဲပင်။ ဟောင်းနွမ်းနေသော အဝတ်အစားများကို ဝတ်ထားလျှင်ပင် သူမ၏ဆွဲဆောင်မှုမှာ ပျောက်ကွယ်မသွားပေ။ သူမ စိတ်ရင်းနှင့်ချစ်မိကာမှ တစ်ဖက်လူမှာ ကစားရုံသက်သက်ဆိုသည်ကို သိလိုက်ရသဖြင့် ရင်ကွဲမတတ်ငိုကြွေးနေမိတော့သည်။ ထို့ကြောင့် ကျိုးထောင်ဟွားမှာ မျက်ရည်အနည်းငယ်သာလိုချင်သော်လည်း မထင်မှတ်ပါဘဲ ပုလင်းတစ်ဝက်နီးပါးရရှိသွားတော့သည်။
***