ထိုအချိန်တွင် မုဆိုးမဖန်း၏စိတ်လှုပ်ရှားမှုများ နောက်ဆုံးတွင်တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။ ငိုသံများရပ်တန့်သွားသော်လည်း သူမမျက်ဝန်းများတွင်မူ နာကျည်းချက်များ ပြည့်နှက်နေဆဲပင်။ သူမ ကျိုးထောင်ဟွားကို တင်းတင်းကြပ်ကြပ်ဖက်ထားရင်း ငိုရှိုက်ကာမေးရှာသည်။
"ထောင်ဟွား ငါ့ကိုပြောပါဦး၊ ငါကကိုယ်ချစ်တဲ့သူကိုရှာပြီး လက်ထပ်မယ်၊ ပြီးတော့ သူနဲ့ပဲတစ်သက်လုံးအတူနေမယ်ဆိုတဲ့ ဆန္ဒကသိပ်ကိုလွန်ကဲနေလို့လား"
ကျိုးထောင်ဟွား သူမကိုနှစ်သိမ့်ပေးလိုက်သည်။
"မလွန်ပါဘူး၊ ဒါပေမဲ့ အရာအားလုံးက ရေစက်အပေါ်မှာပဲ မူတည်တာ၊ တချို့လူတွေက ဆုံတွေ့ဖို့ကံပါပေမဲ့ လက်တွဲဖို့ကံမပါဘူး၊ အစ်မနဲ့ အဲဒီလူလိုမျိုးပေါ့"
ကျိုးထောင်ဟွား သူမကျောကိုခပ်ဖွဖွ ပုတ်ပေးရင်း ဆိုသည်။
"အစ်မဖန်း ဝမ်းမနည်းပါနဲ့တော့၊ ဒီလိုလူမျိုးကြောင့် ကျန်းမာရေးထိခိုက်ရတာ မတန်ပါဘူး"
ဖန်းချိုင်လင်းမှာ ကျိုးထောင်ဟွားကို ယုံကြည်သူဖြစ်သဖြင့် ထိုစကားများကို ကြားရသောအခါ သူမအမှားကို နားလည်သွားသော်လည်း ရင်ထဲတွင်မူ အနည်းငယ် နာကျင်နေဆဲဖြစ်သည်။ ကျိုးထောင်ဟွား ဖန်းချိုင်လင်းကို လွှတ်ပေးလိုက်စဉ်မှာပင် မုဆိုးမဖန်း၏ အင်္ကျီလက်ပေါ်၌ ယင်စွမ်းအင်အချို့ ကပ်ပါနေသည်ကို ရုတ်တရက်သတိပြုမိသွားသည်။ သူမ မုဆိုးမဖန်းကို ထပ်မံစစ်ဆေးကြည့်ရာ သူမ၏ယန်စွမ်းအင်မှာ ထိခိုက်မှုမရှိသည်ကိုတွေ့ရသဖြင့် လမ်းတွင် တစ်စုံတစ်ခုနှင့် မတော်တဆ ထိတွေ့မိခဲ့ခြင်းသာဖြစ်လိမ့်မည်ဟု ယူဆလိုက်သည်။ နောက်ဆုံး ကျိုးထောင်ဟွား လိုအပ်သော ပစ္စည်းအားလုံးကို စုဆောင်းမိသွားပြီဖြစ်သည်။ သူမအိမ်ပြန်ရောက်သောအခါ ဖူးစာကြိုးနီ၊ မရဏတမန်တော်၏သံကြိုးစများနှင့် မုဆိုးမဖန်း၏ မျက်ရည်များကို အသုံးပြုကာ မှော်ပစ္စည်းကို သွန်းလုပ်ခဲ့၏။
နောက်တစ်နေ့တွင် သူမမှာ ထိုနတ်ဆိုးဖော်မှန်ကိုရွာတံခါးဝ၌ တပ်ဆင်လိုက်လေသည်။ သာမန်လူတစ်ယောက် ဖြတ်သန်းသွားလျှင် ထိုမှန်ထဲ၌ သူတို့၏ ဝိညာဉ်သုံးဆင့်နှင့် ဝိညာဉ်စွမ်းအား ခုနစ်ခုကိုမြင်တွေ့ရမည်ဖြစ်ပြီး နတ်ဆိုးဆိုလျှင် ပုံစံမူကြမ်းပေါ်လာလိမ့်မည်။ အကယ်၍ နတ်ဆိုးပူးကပ်ခံထားရသူဆိုလျှင်မူ ဝိညာဉ်နှစ်ခုထပ်နေသည်ကိုမြင်တွေ့ရမည်ဖြစ်သည်။ ရွာလူကြီးမှာ တံခါးဝရှိ နတ်ဆိုးဖော်မှန်ကိုမော့ကြည့်ရင်း ကျေနပ်စွာပြောလိုက်သည်။
"အခုဆိုရင်တော့ ငါတို့ရွာထဲကို မကောင်းတဲ့နတ်ဆိုးတွေ ခိုးဝင်လာမှာကိုစိုးရိမ်စရာမလိုတော့ဘူးပေါ့"
အရင်အကြိမ်၌ ဆန်နတ်ဆိုးဟယ်မိသားစု၏ဆန်အိတ်ထဲတွင် ခိုးလိုက်လာပြီး ကျိုးထောင်ဟွားကို သတ်ရန် ကြိုးစားခဲ့သည်ကို ပြန်တွေးမိတိုင်း သူ ကျောချမ်းနေမိဆဲ ဖြစ်သည်။ ကျိုးထောင်ဟွား ခေါင်းညိတ်ထောက်ခံလိုက်သော်လည်း လျှို့ဝှက်အန္တရာယ်တစ်ခု ကျန်ရှိနေသေးသည်။ သူမသည် အင်္ကျီလက်ထဲမှ ချန်ခွန်းအိတ်ကိုထုတ်ကြည့်လိုက်၏။ အိတ်ထဲရှိ နတ်ဘုရားတံဆိပ်ခတ်နှိပ်မှုကို သူမ, မဖယ်ရှားရသေးသော်လည်း ရက်အတော်ကြာသည်ထိ တစ်ဖက်လူပေါ်မလာသေးချေ။ ထိုစဉ်မှာပင် ကောင်းကင်ယံ၌ မှောင်မည်းနေသော တိမ်တိုက်များ ရုတ်တရက်လွင့်ပျံလာပြီး ကျိုးကျားရွာအပေါ်တွင် ထူထပ်သောတိမ်မည်းကြီးများ ဖုံးလွှမ်းသွားသည်။ ထိုတိမ်တိုက်များသည် မျက်စိပါသည့်အလား ကျိုးကျားရွာ၏ ကောင်းကင်ယံသို့သာ တည့်တည့်ဦးတည်လာခြင်း ဖြစ်သည်။ တိမ်မည်းများနှင့်အတူ ပြင်းထန်သောလေပြင်းများလည်း တိုက်ခတ်လာသည်။ ဆောင်းရာသီ၏ လေပြင်းမှာ အလွန်တရာအေးစက်လှရုံသာမက မျက်စိပင်ဖွင့်မရလောက်အောင် ပြင်းထန်လှ၏။ ရွာလူကြီး ကျိန်ဆဲလိုက်သည်။
"ခုနတင် ကောင်းကင်က သာယာနေတာပါ၊ ဘာလို့ ရုတ်တရက်ကြီးပြောင်းလဲသွားတာလဲ၊ မိုးရွာတော့မှာလား"
ထိုအချိန်တွင် ရွာသားအချို့မှာရွာပြင်ထွက်ရန်ပြင်ဆင်နေသဖြင့် ကျိုးထောင်ဟွား အမြန်တားလိုက်သည်။
"အခု အပြင်မထွက်ပါနဲ့ဦး၊ သတိထားကြပါ"
ထို့နောက် ကျိုးထောင်ဟွား ရွာအစောင့်များကို တံခါးပိတ်ခိုင်းလိုက်ပြီး အခြေအနေကိုကြည့်ရန် ရွာတံတိုင်းပေါ်သို့ တက်လိုက်သည်။ အခြားရွာသားများလည်း မည်သည့်အရာများဖြစ်နေသည်ကို သိလိုသဖြင့် ကျိုးထောင်ဟွားနောက်သို့ လိုက်လာကြသည်။ ကျိုးထောင်ဟွား ပတ်ဝန်းကျင်ကို လိုက်လံရှာဖွေနေစဉ်မှာပင် သူမဘေးရှိ ရှန်းမင်မှနေရာတစ်ခုကို ရုတ်တရက်ညွှန်ပြလိုက်သည်။
"ထောင်ဟွား ဟိုကိုကြည့်လိုက်၊ လူတစ်ယောက်ရှိနေတယ်"
ရှန်းမင် ညွှန်ပြသည့်ဘက်သို့ ကျိုးထောင်ဟွားကြည့်လိုက်ရာ သစ်ပင်ကြီးနှစ်ပင်ကြားတွင်ရပ်နေသော အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။ သူသည် အရပ်ရှည်ပြီး ကိုယ်ဟန်တည်ကြည်ကာ အပြာရင့်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင်လည်း ကျောက်စိမ်းဆွဲပြားဝိုင်းဝိုင်းလေးတစ်ခုချိတ်ဆွဲထား၏။ ပုံမှန်အားဖြင့် တည်ငြိမ်သောအသွင်ရှိသော်လည်း ယခုမူ သူ့မျက်နှာထက်တွင် ရူးသွပ်လုနီးပါးဖြစ်နေသော အမူအရာတစ်ခုပေါ်လွင်နေသည်။ ကျိုးထောင်ဟွား သူ့လက်ထဲတွင် လွင့်ပျံနေသော အနက်ရောင်အလံတိုလေးကိုစိုက်ကြည့်လိုက်၏။
‘ဒါက 'ဝိညာဉ်ရာပေါင်းများစွာကို စေခိုင်းနိုင်တဲ့ အလံတော်' မဟုတ်လား’
ထိုအလံသည် အငြိုးကြီးသောဝိညာဉ်ရာပေါင်းများစွာကို သိုလှောင်ထားနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ကျိုးထောင်ဟွား ထိုသို့တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် ရွာတံတိုင်းပေါ်တွင် ထိတ်လန့်တကြား အော်ဟစ်သံများထွက်ပေါ်လာတော့သည်။ ရွာသားများသည် စပ်စုလိုစိတ်ဖြင့် လိုက်လာကြခြင်းဖြစ်သော်လည်း မထင်မှတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော အငြိုးကြီးဝိညာဉ်များကို ကိုယ်တိုင်မြင်တွေ့လိုက်ရခြင်းပင်။ ကောင်းကင်တွင် တိမ်မည်းများဖုံးလွှမ်းနေရုံသာမက ရွာတံတိုင်းအပြင်ဘက်တွင်လည်း မင်ရည်ကဲ့သို့ထူထပ်လှသော မြူထုကြီးများ လည်ပတ်နေသည်။ ထိုမြူထုထဲ၌ပင် အငြိုးကြီးဝိညာဉ်ရာပေါင်းများစွာ၏ကြောက်မက်ဖွယ်ပုံရိပ်များကို မြင်တွေ့နေရပြီ ဖြစ်သည်။
ထိုဝိညာဉ်များမှာ ပုံစံအမျိုးမျိုးဖြစ်နေကြသော်လည်း အားလုံးထံမှအေးစက်လှသော အငြိုးအတေးစွမ်းအင်များထွက်ပေါ်နေသည်။ အချို့မှာ သူတို့လည်ပင်းများ ထူးဆန်းသောပုံစံဖြင့် လိမ်တွန့်နေပြီး ဦးခေါင်းများမှာ ဘေးသို့စောင်းကျနေသည်။ သူတို့၏ဟောင်းလောင်းပေါက်ဖြစ်နေသော မျက်တွင်းများထဲမှ သွေးမျက်ရည်မည်းများစီးကျနေပြီး မြေပြင်ပေါ်သို့ အေးစက်စက်အသံများနှင့်အတူ တစက်စက် ကျနေလေသည်။ ဝိညာဉ်အချို့မှာမူ ခန္ဓာကိုယ်တစ်ခုလုံးအပေါက်များဖြင့်ပြည့်နှက်နေပြီး ကျိုးပဲ့နေသော ခြေလက်များတွင် ပုပ်နေသည့်အသားစများ တွဲလောင်းကျနေသည်။ ခြေလှမ်းတိုင်းတွင် အသားပုပ်ဖတ်များ မြေပေါ်သို့ ပြုတ်ကျကျန်ရစ်ခဲ့ပြီး သူတို့သွားရာလမ်းတစ်လျှောက်တွင်လည်း အလွန်နံစော်သော အနံ့ဆိုးများ ထွက်ပေါ်နေသည်။
ကံကောင်းထောက်မစွာဖြင့် ရွာတွင် အကာအကွယ်အတားအဆီးရှိနေ၍သာပင်။ သို့မဟုတ်ပါက ထိုအငြိုးကြီး ဝိညာဉ်များမှာ လူအုပ်ထဲသို့ခုန်ဝင်ကာ လူတိုင်း၏အသက်စွမ်းအင်များကို စုပ်ယူကြပေလိမ့်မည်။ ရွာသားအချို့မှာ ထိုဝိညာဉ်များကိုမြင်သည်နှင့် ကြောက်လန့်တကြား မြေပေါ်သို့လဲကျသွားကြပြီး အချို့မှာမူ မှောက်ရက်လဲကာ အော့အန်နေကြသည်။ ထိုဝိညာဉ်များ၏ ပတ်ပတ်လည်တွင် ထူထပ်လှသောမီးခိုးလုံးကြီးများကဲ့သို့ အနက်ရောင်အငြိုးအတေးစွမ်းအင်များ ဝန်းရံထားသည်။ သူတို့၏လက်သည်းများမှာ တစ်ပေခန့် ရှည်လျားပြီး ရွာ၏အကာအကွယ် အတားအဆီးကို ဖောက်ထွက်ရန် ကုတ်ခြစ်လိုက်တိုင်း စူးရှရှအသံများထွက်ပေါ်လာသည်။ ရွာလူကြီးမှာ တုန်ယင်နေသော အသံကိုထိန်းရင်းမေးလိုက်သည်။
"ထောင်ဟွား ဒါတွေက ဘာတွေလဲ"
အရင်ကလည်း ရွာထဲတွင်ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများပေါ်ဖူးပြီး ကျိုးစန်းရှီတို့ကဲ့သို့ လူမျိုးများမှာမူ ကိုယ်တိုင်ပင်ကြုံတွေ့ဖူးကြသည်။ သို့သော် ယခုရွာအပြင်ဘက်တွင်ပေါ်လာသော အရာများလောက်တော့ မည်သည့်အရာမှ မကြောက်စရာမကောင်းခဲ့ဖူးချေ။ ဝိညာဉ်များမှာ သူတို့ပါးစပ်များကို ဖြဲ၍ စူးရှလှသောငိုရှိုက်သံများကို ထုတ်ဖော်နေကြသည်။ ထိုအသံများမှာ တစ်ခုနှင့်တစ်ခု ရောယှက်ကာ မမြင်နိုင်သော အသံလှိုင်းကြီးသဖွယ် လူများ၏နားစည်နှင့် ဝိညာဉ်များကို တိုက်ခိုက်နေသဖြင့် အဆုံးမဲ့သော ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုထဲသို့ ကျရောက်နေကြရသည်။ ကျိုးထောင်ဟွား အော်ပြောလိုက်၏။
"ရွာလူကြီး တစ်ယောက်ယောက်က သမီးတို့တစ်ရွာလုံးကို အမြစ်ပြတ်အောင် သတ်ဖို့ ဒီအငြိုးကြီးဝိညာဉ်တွေကိုတမင်လွှတ်လိုက်တာ"
တံတိုင်းပေါ်ရှိ ရွာသားများသာမက ရွာထဲရှိလူများပါ ကြောက်လန့်တကြား အော်ဟစ်နေကြသည်ကို သူမသတိထားမိသည်။ ထိုဝိညာဉ်များမှာ ကျိုးကျားရွာသားအားလုံးကို တိုက်ခိုက်နိုင်စွမ်းရှိသည်။ အငြိုးကြီးဝိညာဉ်ရာပေါင်းများစွာ၏စွမ်းအားမှာ အလွန်တရာကြောက်မက်ဖွယ်ကောင်းပြီး အချိန်မီမတားဆီးနိုင်ပါက ကျိုးကျားရွာမှာ ပျက်စီးသွားပေတော့မည်။ ကျိုးထောင်ဟွား၏အမိန့်အရ သူမလက်အောက်ရှိ နတ်ဆိုးငါးကောင်မှာ အကာအကွယ် အတားအဆီးအပြင်ဘက်သို့ ချက်ချင်း ပြေးထွက်သွားကြသည်။ လင်းရှောင်ယွဲ့သည် သူမ၏ကိုယ်ပိုင်လက်နက်ဖြစ်သော သုံးကျန်းခန့်ရှည်သည့် အနီရောင်ပိုးဖဲကြိုးကိုဝေ့ယမ်းကာ ခေါင်းစောင်းနေသောဝိညာဉ်ထံသို့ တည့်တည့်ဦးတည်သွားသည်။ ပိုးဖဲကြိုးမှာ ထိုဝိညာဉ်၏ ခေါင်းကိုရစ်ပတ်လိုက်ပြီး အရှိန်ဖြင့်ဆွဲလိုက်ရာ ခေါင်းနှင့်ကိုယ်မှာ တခြားစီ ပြတ်ထွက်သွားတော့၏။
ပိုးဖဲကြိုးထဲမှ သွေးများစီးကျလာပြီး ကြိုးကိုလျှော့လိုက်ချိန်တွင် အတွင်းရှိ ဦးခေါင်းမှာ ပြာမှုန့်အဖြစ်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသော ခေါင်းပြတ်ကိုယ်ထည်မှာလည်း လင်ရှောင်ယွဲ့၏ပိုးဖဲကြိုးအောက်တွင် လုံးဝပျောက်ကွယ်သွားခဲ့လေသည်။ ကံမကောင်းသည်မှာ သူတို့သည်လူမဟုတ်ဘဲ ဝိညာဉ်များဖြစ်နေခြင်းပင်။ သို့မဟုတ်ပါက လင်ရှောင်ယွဲ့အနေဖြင့် ထိုဝိညာဉ်
ရာပေါင်းများစွာကို တစ်ပြိုင်နက်တည်း ရာသီလာစဉ်ကိုက်ခဲသည့် ဝေဒနာမျိုး ခံစားရအောင် လုပ်နိုင်ပေလိမ့်မည်။ ကျန်းလျိုမှာမူ အပြင်သို့ထွက်မသွားဘဲ တံတိုင်းပေါ်မှနေ၍ အပြင်ဘက်ရှိဝိညာဉ်များထံသို့ ဒူးရင်းသီးများဖြင့် ဆက်တိုက် ပစ်ပေါက်နေသည်။ သာမန်ဒူးရင်းသီးဟု ထင်ရသော်လည်း ဝိညာဉ်ကိုထိမှန်သွားသည်နှင့် တပြိုင်နက်ကွဲအက်သွားကာ အတွင်းမှအသားများမှာ အလွန်ပြင်းထန်သော တိုက်စားတတ်သည့် အရည်များအဖြစ် ပြောင်းလဲသွားသည်။ ခဏချင်းအတွင်းမှာပင် အနက်ရောင်စွမ်းအင်များ ဝန်းရံထားသော ဝိညာဉ်တစ်ကောင်မှာလုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ပြာအဖြစ်ပြောင်းလဲသွားပြီး မည်သည့် အစအနမှကျန်မနေခဲ့ချေ။ ကျန်းလျို၏ အစွမ်းကိုမြင်လိုက်ရသော ရွာသားများမှာ အံ့သြလွန်း၍ မျက်လုံးအဝိုင်းသား ဖြစ်နေကြသည်။ ဤမိန်းကလေးငယ်လေး၏ဒူးရင်းသီးများမှာ ဤမျှစွမ်းလိမ့်မည်ဟု မည်သူမှမထင်ထားခဲ့ကြပေ။
အသံနတ်ဆိုးအပြင်သို့ ထွက်သွားချိန်တွင်မူ ဝိညာဉ်များ သူ့ကိုမည်သို့ပင် တိုက်ခိုက်စေကာမူ မည်သို့မှမဖြစ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့ကိုတိုက်ခိုက်သည့် ဝိညာဉ်များမှာမူ တစ်စုံတစ်ခု၏ တန်ပြန်မှုကို ခံစားလိုက်သကဲ့သို့ သူတို့နားများကို အသည်းအသန်ပိတ်ကာ နာကျင်စွာအော်ဟစ်နေကြရသည်။ ထိုစဉ် အသံနတ်ဆိုး၏နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ့ကို တစ်စုံတစ်ယောက်မှ တိုက်ခိုက်လျှင် အလိုအလျောက် အသံလှိုင်းဖြင့်တန်ပြန်တိုက်ခိုက်မှု ဖြစ်ပေါ်စေခြင်းပင်။ ရန်သူ၏တိုက်ခိုက်မှု ပြင်းထန်လေလေ၊ တန်ပြန်လာသည့် အသံလှိုင်းမှာ ပို၍ ကြောက်စရာကောင်းလေလေ ဖြစ်သည်။ တဖြည်းဖြည်းနှင့် မည်သည့်ဝိညာဉ်မှ ထိုနတ်ဆိုးနားသို့ မကပ်ရဲတော့ပေ။ ခရုနတ်ဆိုးနှင့် မှိုနတ်ဆိုးတို့မှာ စွမ်းအား အနည်းငယ်နိမ့်ပါးသော်လည်း ကံကောင်းထောက်မစွာဖြင့် သူတို့လည်းတတ်နိုင်သမျှခုခံတိုက်ခိုက်နေကြသည်။
***