ခရုနတ်ဆိုး၏မျက်လုံးများမှာ မိန်းမောတွေဝေစေနိုင်သော စွမ်းအားရှိပြီး ရန်သူကို အာရုံချောက်ခြားမှုထဲသို့ ချက်ချင်း ပိတ်လှောင်ထားနိုင်သည်။ သို့သော် သူ့အင်အားမှာ အငြိုးကြီးဝိညာဉ်တစ်ခုကို တစ်ယောက်ချင်း ရင်ဆိုင်ရန်အတွက်မူ အနည်းငယ် လိုအပ်နေသေးသည်။ ထိုအခါ မိခင်မှိုနတ်ဆိုးက ဘေးမှကူညီပေးသည်။ သူမသည် ပတ်ဝန်းကျင်ရှိ တိမ်တိုက်နှင့်မြူထုများကို ထိန်းချုပ်ပြီး မှိုမျှင်တန်းများကို အသုံးပြုကာ ခရုနတ်ဆိုး၏ အာရုံချောက်ခြားမှုထဲတွင် ပိတ်မိနေသော ဝိညာဉ်ကို လုံးဝရုန်းမထွက်နိုင်အောင် ဖမ်းချုပ်လိုက်သည်။
အခြားသော ပိုးဖလံနတ်ဆိုးများမှာမူ နှစ်ကောင်တစ်တွဲ၊ သုံးကောင်တစ်တွဲ သို့မဟုတ် ငါးကောင် ခြောက်ကောင် စုဖွဲ့ကာ တိုက်ခိုက်ကြသည်။ အချို့မှာ ဖားနတ်ဆိုးနှင့် ပူးပေါင်းကာ ဝိညာဉ်တစ်ကောင်တည်းကို ဝိုင်းဝန်းတိုက်ခိုက်ကြသည်။ ပိုးဖလံနတ်ဆိုးများမှာ ကောင်းကင်ယံသို့ပျံတက်ကာ ဆက်တိုက် တိုက်ခိုက်နေကြပြီး၊ အချို့မှာ ရုတ်တရက် ပိုးမွှားပုံစံပြောင်းလဲကာ နတ်ဆိုးများ၏မျက်လုံးနှင့် ပါးစပ်များထဲသို့ တိုက်ရိုက်ခုန်ဝင်သွားကြသည်။ အငြိုးကြီးဝိညာဉ်များစွာမှာ နာကျင်လွန်းသဖြင့် မျက်နှာများ ရှုံ့မဲ့သွားကာ မခံမရပ်နိုင်သော ဝေဒနာကို ခံစားနေကြရသည်။ ဖားနတ်ဆိုးများမှာမူ တစ်ချက်ကန်လိုက်ရုံဖြင့် လူတစ်ကိုယ်စာထိုးဖောက်သွားနိုင်ပြီး အငြိုးကြီးဝိညာဉ်များ၏နံရိုးများကိုပါ တိုက်ရိုက်ကန်ထုတ်ပစ်လိုက်ကြသည်။ ယွီဖေးမှာ သစ်ပင်အောက်တွင် ရပ်နေရင်း သူလွှတ်လိုက်သော အငြိုးကြီးဝိညာဉ်များ တစ်ကောင်ပြီးတစ်ကောင် ပျောက်ကွယ်သွားသည်ကိုကြည့်၍ မျက်နှာပေါ်ရှိ ရူးသွပ်သောအပြုံးမှာ တဖြည်းဖြည်း အေးခဲသွားတော့၏။
"ဒါ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
‘ဒါတွေက နတ်ဆိုးအဆင့်ပဲမဟုတ်ဘူး’
သူတို့မှာ အလွန်အစွမ်းထက်ပြီး အရေအတွက်မှာလည်း စိတ်ကူးမယဉ်နိုင်အောင် များပြားလှသည်။ သူ့လက်ထဲရှိ အနက်ရောင်အလံတိုလေးကိုပင် သံသယဖြင့် သူငုံ့ကြည့်မိသည်။
"ဆရာက မှားပေးလိုက်တာလား"
‘ဒီအငြိုးကြီးဝိညာဉ်တွေက ကြောက်စရာ ကောင်းလောက်အောင်သန်မာပြီး ကျိုးကျားရွာကို ချက်ချင်းအမြစ်ပြတ်အောင် သတ်ပစ်ရမှာ မဟုတ်ဘူးလား’
အချိန်ကြာလာသည်နှင့်အမျှ အငြိုးကြီးဝိညာဉ်များ တစ်စထက်တစ်စ သေဆုံးကုန်ကြပြီး ကျိုးကျားရွာအပေါ်ရှိ ထူထပ်သော တိမ်မည်းများ တဖြည်းဖြည်း ကွယ်ပျောက်ကာ နေရောင်ခြည်ပြန်လည် ထွက်ပေါ်လာသည်။ ထိုနေရောင်ခြည်သည် ဖြူဖျော့နေသော သူ့မျက်နှာပေါ်သို့လည်း ရှင်းလင်းစွာကျရောက်လာခဲ့သည်။ ယွီဖေးမှာ မယုံနိုင်အောင် ဖြစ်နေရသည်။ ကျိုးကျားရွာမှာ သာမန်ရွာတစ်ရွာမဟုတ်တော့ချေ။ ၎င်းမှာ ကောင်းကင်ဘုံကိုပင်ဆန့်ကျင်နေသည့်အလားပင်။ အငြိုးကြီးဝိညာဉ်များ သေဆုံးသွားသည်နှင့်အမျှ ရွာသားများ ခံစားနေရသောဝေဒနာများလည်း ပျောက်ကွယ်သွားပြီး လူတိုင်း အခြေအနေကိုကြည့်ရန် တံတိုင်းပေါ်သို့ တိုးဝှေ့တက်လာကြသည်။ နောက်ဆုံးတွင် ယွီဖေးမှာဆက်လက်အောင့်အည်းမထားနိုင်တော့ပေ။ သစ်ပင်အောက်မှ သူထွက်လာခဲ့ပြီး ခြောက်ပေနီးပါးရှည်သော ဓားရှည်ကြီးတစ်လက်ကို ထုတ်ယူလိုက်သည်။ ထိုဓား၏ ပစ္စည်းမှာ ရွှေလည်းမဟုတ် ကျောက်စိမ်းလည်းမဟုတ်ဘဲ နက်မှောင်သော အရောင်အသွေးကို ခပ်မှိန်မှိန်ပြသနေသည်။ ဓားသွားကို ထူးဆန်းသော ပုံစံခြောက်မျိုးဖြင့် ပိုင်းခြားထားပြီး ပုံစံတစ်ခုချင်းစီတွင် သီးခြားတောက်ပမှုနှင့် အရှိန်အဝါများရှိနေသည်။
ဓားရိုးမှာလည်း ထူးခြားလှကာ ရှားပါးသားရဲအရိုးဖြင့်ပြုလုပ်ထားသဖြင့် နွေးထွေးသော်လည်း မာကျောသော အထိအတွေ့ရှိပြီး မျက်နှာပြင်ပေါ်တွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် မှော်စာလုံးများထွင်းထုထားသည်။ ဓားရိုး၏အဆုံးတွင် အနက်ရောင်ပိုးဖဲကြိုးတစ်စချည်နှောင်ထားပြီး ၎င်းတွင် မတူညီသောအရောင်ရှိသည့် ကျောက်မျက်ခြောက်လုံးကို စီခြယ်ထားသည်။ ၎င်းတို့မှာ ဓားသွားပေါ်ရှိ မျဉ်းခြောက်ကြောင်းနှင့် သက်ဆိုင်နေခြင်းပင်။ ရှန်းမင် ထိုဓားကိုမြင်လိုက်ရချိန်တွင် မျက်မှောင်ကျုံ့သွားသည်။
‘လောကခြောက်ဘုံဓားလား ’
ယွီဖေးထွက်လာသည်နှင့် ရွာသားများမှာ သူသည် သူတို့ရွာကို ဒုက္ခပေးနေသည့် တရားခံမှန်း သိလိုက်ကြသည်။
"ဒိုင်း"
ယွီဖေးကိုမြင်လိုက်ရသည်နှင့် တစ်စုံတစ်ယောက်မှာ လက်လုပ်မီးလှံဖြင့် လှမ်းပစ်လိုက်သည်။ မုဆိုးမဖန်း ယွီဖေးမျက်နှာကိုမြင်လိုက်ရချိန်တွင် သူမမျက်ဝန်းများ တုန်လှုပ်သွားရ၏။ သူမအားစွန့်ပစ်သွားခဲ့သော ထိုအမျိုးသားမှာ သူမတို့ရွာတံခါးဝတွင် ပေါ်လာလိမ့်မည်ဟု အိပ်မက်ပင်မမက်ခဲ့ဖူးချေ။ ထို့ပြင် သူသည်အငြိုးကြီးဝိညာဉ်ရာပေါင်းများစွာကို ဦးဆောင်ပြီး သူမတို့ရွာကို ဖျက်ဆီးရန်ကြိုးစားနေသည် မဟုတ်ပါလား။ ဖန်းချိုင်လင်းမှာ ထိတ်လန့်သလို ဒေါသလည်း ထွက်နေမိသည်။ သို့သော် မီးလှံသံကိုကြားလိုက်ရချိန်တွင် သူမ မသိစိတ်ဖြင့် ယွီဖေးကိုအော်ဟစ် သတိပေးလိုက်မိ၏။
"သတိထား"
ယွီဖေး ချက်ချင်းမော့ကြည့်လိုက်ရာ သူ့ထံသို့ ပျံသန်းလာသော စကျင်ကျောက်စေ့ကို မြင်လိုက်ရသဖြင့် လောကခြောက်ဘုံဓားကိုမြှောက်ကာ အမြန်ကာကွယ်လိုက်သည်။ စကျင်ကျောက်စေ့မှာဓားသွားနှင့် ထိမှန်ပြီးလွင့်ထွက်သွားခဲ့သည်။ မီးလှံပစ်လိုက်သူမှာ ကျိုးကွမ်းမင် ဖြစ်သည်။ ဖန်းချိုင်လင်းထံ သူမကျေမနပ်ကြည့်ကာ အော်ပြောလိုက်၏။
"မုဆိုးမဖန်း မင်းကဘာလို့ သူ့ကို သတိပေးလိုက်တာလဲ၊ မင်းသာသတိမပေးရင် သူအခုမီးလှံမှန်နေလောက်ပြီ"
ဖန်းချိုင်လင်း သူမအမှားလုပ်မိမှန်းသိသဖြင့် ကျိုးကွမ်းမင်၏အကြည့်ကို ရင်မဆိုင်ရဲတော့ပေ။ ကျိုးကွမ်းမင်မှာ ရွာလူကြီး၏သားကြီးဖြစ်သဖြင့် သူ့ထံမှ အရှိန်အဝါတစ်မျိုးကို သူမအမြဲခံစားနေရသည်။ ရွာတံတိုင်းအောက်တွင်မူ အသက်ဘေးမှ သီသီလေးလွတ်မြောက်သွားသော ယွီဖေးသည် ထိုအသံကို ချက်ချင်းမှတ်မိသွားသည်။ သူ မော့ကြည့်လိုက်ရာ တံတိုင်းပေါ်တွင်ရပ်နေသော ဖန်းချိုင်လင်းအားမြင်လိုက်ရသည်။ သူတို့ဤနေရာတွင် ပြန်ဆုံကြလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့ပေ။ ကျိုးထောင်ဟွား တစ်စုံတစ်ခုကို ချက်ချင်းရိပ်မိသွားသည်။ သူတို့နှစ်ဦးသည် သေချာပေါက်သိကျွမ်းကြသူများ ဖြစ်ရမည်။ သူမ မုဆိုးမဖန်းအနားသို့ လျှောက်သွားပြီး တိုးတိုးလေးမေးလိုက်သည်။
"အစ်မဖန်း အစ်မပြောတဲ့လူကသူလား"
ဖန်းချိုင်လင်း သူမထံမော့ကြည့်လာသည်။ မျက်ဝန်းအစုံတွင် မျက်ရည်များ ပြည့်လျှံနေပြီး အံ့သြမှုနှင့် ဝမ်းနည်းမှုတို့ ရောပြွမ်းနေ၏။ သူမကျိုးထောင်ဟွားကို ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ် သူပဲ"
မကြာသေးမီကမှ မြို့ထဲတွင် သူမဆုံတွေ့ခဲ့ရသော မြို့ပြင်မှလူစိမ်းတစ်ယောက်ပင်။ သူသည်လူပျိုဖြစ်ပြီး သူမထက် အသက်အနည်းငယ်ပိုကြီးကာ ရက်ရောပြီး သဘောကောင်းသူဖြစ်သည်။ သူမသည် စောင့်မျှော်နေခဲ့ရသည့် နွေဦးကာလလေးရောက်လာပြီဟု ထင်မှတ်ခဲ့သော်လည်း မထင်မှတ်ဘဲ သုံးရက်သာ ကြာပြီးနောက် သူသည်သူမကိုစွန့်ပစ်သွားခဲ့၏။ ချင်းရွှေမြို့မှ မကြာခင်ထွက်သွားတော့မည်ဖြစ်ပြီး မည်သည့်အချိန်တွင်မှပြန်လာမှာမဟုတ်ဘူးဟုပင် သူပြောခဲ့သေးသည်။
‘ဒါပေမဲ့ အခုတော့ သူကငါတို့ကျိုးကျားရွာတံခါးဝကို တကယ်ရောက်နေတာပဲ။ သူမက သူ့ကိုနောင်ရေးအတွက် အားကိုးရမယ့်သူလို့ သတ်မှတ်ခဲ့ပေမဲ့ သူကတော့ သူမကိုအပျော်အပါးသက်သက်လိုပဲ သဘောထားခဲ့တာလား’
မနေ့က မုဆိုးမဖန်း၏အင်္ကျီလက်ပေါ်တွင် အဘယ်ကြောင့်မကောင်းသည့် အငွေ့အသက်များ မြင်ခဲ့ရသည်ကို ကျိုးထောင်ဟွား ယခုမှနားလည်သွားတော့သည်။ ယင်းမှာတိုက်ဆိုင်မှုမဟုတ်ဘဲ ထိုလူ့ထံမှကူးစက်လာခြင်းသာဖြစ်ရမည်။ ကျိုးထောင်ဟွား အောက်ရှိယွီဖေးကိုငုံ့ကြည့်လိုက်ရာ သူ့ခါးတွင်ချိတ်ဆွဲထားသော အနည်းငယ်ဟောင်းနွမ်းနေသည့် အမွှေးနံ့သာအိတ်လေးကို သတိထားမိသွားသည်။ တခြားသူဆိုလျှင် ဈေးပေါသောအိတ်လေးဟုထင်ကောင်းထင်နိုင်သော်လည်း ကျိုးထောင်ဟွားမှာတော့ ထန်ရှန်းဟွေ့ထံတွင်လည်း အလားတူတစ်ခုမြင်ဖူးထားပြီးသားပင်။
‘ဒါဆိုရင် ဒီလူကထန်ရှန်းဟွေ့ရဲ့ ချန်းခွန်းအိတ်ထဲမှာရှိတဲ့ နတ်ဘုရားအသိစိတ် တံဆိပ်ခတ်နှိပ်မှုကိုခြေရာခံပြီး လိုက်လာတဲ့သူပေါ့။ အရင်က ဆန်နတ်ဆိုးနဲ့ သွေးနတ်ဆိုးတွေကလည်း သူ့လက်ချက်တွေပဲ ဖြစ်ရမယ်’
ကျိုးကွမ်းမင်၏လှုံ့ဆော်မှုကြောင့် ရွာသားများအားလုံး လက်လုပ်မီးလှံများကိုယူရန် အိမ်သို့ အပြေးအလွှားပြန်ကြတော့သည်။
‘လူတိုင်းမှာရှိနေမှတော့ ဘာလို့အသုံးမချဘဲနေမလဲ’
ရွာတံတိုင်းအောက်ရှိ ယွီဖေးမှာမူ ယခုအကြိမ်တွင် ပို၍သတိကြီးကြီးထားနေသည်။ သူ၏လောကခြောက်ဘုံဓားအားဝှေ့ယမ်းကာ ကျိုးကျားရွာ၏ အကာအကွယ်အတားအဆီးကို အရှိန်ဖြင့် ခုတ်ချလိုက်၏။
"ဒုန်း"
ထိုအသံနှင့်အတူ အနီရောင်ပိုးဖဲကြိုးတစ်စ သူ့ထံသို့ပျံသန်းလာပြီး ဓားသွားကိုခုခံတားဆီးလိုက်သည်။ လင်းရှောင်ယွဲ့ သူမ တားဆီးနိုင်လိုက်ပြီဟု ထင်လိုက်သော်လည်း မထင်မှတ်ဘဲ သူမ၏ပိုးဖဲကြိုးမှာ ယွီဖေး၏ဓားချက်အောက်တွင် နှစ်ပိုင်းပြတ်သွားတော့သည်။ ပြတ်သွားသော ပိုးဖဲကြိုးအပိုင်းအစနှစ်ခုမှာ လေထဲတွင်လွင့်စင်သွားကြ၏။ လင်းရှောင်ယွဲ့ ထိတ်လန့်သွားသည်။
‘ဒါက သူမရဲ့အသက်သွေးကြော လက်နက်လေ။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ’
ယွီဖေးလက်ထဲရှိဓားကို သူမစိုက်ကြည့်ရင်း ဤဓားကိုမည်သည့်အရာနှင့် သွန်းလုပ်ထား၍ ဤမျှစွမ်းအားကြီးနေရသနည်းဟု တွေးတောနေမိသည်။ လင်းရှောင်ယွဲ့၏ ပိုးဖဲကြိုးကိုဖြတ်တောက်နိုင်ခဲ့သည်ကိုမြင်သောအခါ ယွီဖေး ချက်ချင်းပင် မောက်မာသောအမူအရာကို ပြသလာသည်။ ယခုလေးတင် လင်းရှောင်ယွဲ့မှာ သူမ၏ပိုးဖဲကြိုးဖြင့် သူ့အငြိုးကြီးဝိညာဉ်များစွာကို သတ်ခဲ့သည် မဟုတ်ပါလား။ သူသည်သူမကို လွှတ်ပေးမည်မဟုတ်ဘဲ အသက်ဖြင့်ပြန်ပေးဆပ်ခိုင်းမည် ဖြစ်သည်။ အကြောင်းရင်းကို မသိရသော်လည်း လင်းရှောင်ယွဲ့သည် သူ့လက်ထဲမှဓားကို မြင်လိုက်ရချိန်၌ အကြောက်တရားတစ်မျိုးကို ခံစားလိုက်ရ၏။ ဓားချက်ကျရောက်တော့မည့်ဆဲဆဲတွင် ကျန်းလျိုအော်ဟစ်လိုက်သည်။
"သူရဲဘောကြောင်တဲ့ကောင် သတ္တိရှိရင် ငါ့ကိုလာခုတ်ကြည့်စမ်း"
အော်ဟစ်ရင်းဖြင့် ကျန်းလျိုမှာပေါက်ကွဲတတ်သော ဒူးရင်းသီးတစ်လုံးကို ယွီဖေးထံသို့ပစ်ပေါက်လိုက်သည်။ ယွီဖေးသည် သူမ၏ ဒူးရင်းသီးအစွမ်းကို အရင်က မြင်ဖူးထားသဖြင့် ဒူးရင်းသီးပျံလာသည်နှင့် တစ်ပြိုင်နက်ရှောင်တိမ်းရန် အနောက်သို့ အမြန်ဆုတ်လိုက်သည်။ ခွပ်ကနဲမြည်သံနှင့်အတူ ဒူးရင်းသီးမှာပေါက်ကွဲသွားပြီး အတွင်းမှအသားများမှာ မြေပြင်ပေါ်သို့ ဖိတ်စင်သွားကာ မြေကြီးကိုပင် အပေါက်ကြီးငယ်များဖြစ်သွားအောင် တိုက်စားပစ်လိုက်၏။ ကံကောင်းထောက်မစွာဖြင့် လင်းရှောင်ယွဲ့မှာ သူနှင့်သိပ်မဝေးလှသဖြင့် သူသည် လောကခြောက်ဘုံဓားကို ပြန်မြှောက်ကာ သူမကိုထပ်မံခုတ်ရန် ပြင်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ ကျန်းလျိုမှဒူးရင်းသီးနောက်တစ်လုံး ထပ်ပစ်ရန် အချိန်မမီနိုင်တော့ချေ။ သို့သော် မထင်မှတ်ဘဲ လင်ရှောင်ယွဲ့မှာ သူ့ထက်တစ်လှမ်းဦးသွား၏။ ချက်ချင်းပင် ယွီဖေးသည် ဝမ်းဗိုက်ထဲမှမခံမရပ်နိုင်အောင် အောင့်တက်လာသော ဝေဒနာကို ခံစားလိုက်ရပြီး မျက်နှာမှာသေလူကဲ့သို့ ဖြူဖျော့သွားကာ ချွေးစေးများလည်းတရဟော ကျလာတော့သည်။ သို့သော်လည်း ယွီဖေးမှာ လင်းရှောင်ယွဲ့ကိုခုတ်ရန် အားထုတ်မှုကိုလက်မလျှော့သေးချေ။
***