ဓားသွားမှ လင်းရှောင်ယွဲ့ကိုထိမှန်တော့မည့်ဆဲဆဲမှာပင် သူမကိုယ်သူမနှစ်ပိုင်းပြတ်တော့မည်ဟု နိမိတ်ဆိုးကို ခံစားလိုက်ရသည်။ ထိုခဏမှာပင် အသံနတ်ဆိုးရောက်ရှိလာပြီး သူမကိုယ်စား ဓားချက်ကို ဝင်ခံလိုက်သည်။ ယုံကြည်မှုအပြည့်ဖြင့် သူသည်သူမထံပြုံးပြလိုက်၏။
"ငါ အဆင်ပြေပါတယ်၊ ငါ့မှာအခု မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ်ရှိနေပြီလေ၊ ဒီဓားက ငါ့ကိုမနာကျင်စေရ....."
သူ့စကားမဆုံးသေးခင်မှာပင် မျက်နှာထက်၌ နာကျင်မှုအရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် သူ့ပုခုံးမှသွေးများစီးကျလာပြီး လောကခြောက်ဘုံဓားချက်အောက်တွင် အရိုးများပင်ပေါ်ထွက်လာတော့၏။ အသံနတ်ဆိုးမှာ မိမိပုခုံးပေါ်မှမြင်ကွင်းကို မယုံနိုင်ဟန်ဖြင့်စိုက်ကြည့်နေမိသည်။
"ဒါ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သူသည်ပြီးပြည့်စုံသော လူသားအသွင်ကို ကူးပြောင်းထားပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလား။ မည်သည့်လက်နက်က သူ့ကို နာကျင်အောင် လုပ်နိုင်သေးသနည်း။ တစ်ချိန်တည်းမှာပင် အသံနတ်ဆိုး၏ ခန္ဓာကိုယ်တိုက်ခိုက်ခံရသည်နှင့်အမျှ ယွီဖေးသည်လည်း အသံနတ်ဆိုး၏ အလိုအလျောက် အသံလှိုင်းတန်ပြန်မှုကို ခံစားလိုက်ရသည်။ ဤအခိုက်အတန့်တွင် အသံနတ်ဆိုးပို၍နာကျင်လေလေ ယွီဖေး ခံစားရသောတန်ပြန်အသံလှိုင်းမှာ ပို၍ပြင်းထန်လေလေပင်။ ယွီဖေး၏ နားထင်မှသွေးကြောများမှာ နာကျင်မှုကြောင့် ဖောင်းတက်နေသော်လည်း သူသည် လောကခြောက်ဘုံဓားကိုလက်မှ လွှတ်မပေးပေ။ ယနေ့တွင် သူသည်အငြိုးကြီးဝိညာဉ် ရာပေါင်းများစွာအတွက် တရားခံနတ်ဆိုးများကိုသတ်ရုံသာမက ကျိုးကျားရွာတစ်ရွာလုံးကိုပါ သတ်ဖြတ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ဒေါသအဟုန်ဖြင့် ယွီဖေးမှာ အသံနတ်ဆိုး၏ခန္ဓာကိုယ်ကို ဆက်လက်ပိုင်းဖြတ်ရန် အားထုတ်စဉ်မှာပင် တစ်စုံတစ်ယောက်မှ သူ့ဓားရိုးကိုလှမ်းဖမ်းလိုက်၏။ ယွီဖေး မော့ကြည့်လိုက်ရာ မည်သည့်အချိန်က ရောက်လာမှန်းမသိသော လူတစ်ယောက်ကို သူ့ရှေ့တွင်မြင်လိုက်ရသည်။ ယွီဖေးသည် လောကခြောက်ဘုံဓားရိုးကို တင်းတင်းဆုပ်ကိုင်ကာ ထိုသူကိုနှိမ်နင်းရန် သူ့ကျင့်စဉ်စွမ်းအားများကို ထုတ်ဖော်လိုက်သည်။ နတ်ဆိုးများကို သူခက်ခက်ခဲခဲရင်ဆိုင်နေရသော်လည်း သာမန်လူတစ်ယောက်ကိုတော့ အလွယ်တကူကိုင်တွယ်နိုင်မည်ဟု တွေးထားခြင်းဖြစ်သည်။ သို့သော် မထင်မှတ်ဘဲ သူမတတ်နိုင်ခဲ့ချေ။ သူထုတ်ဖော်လိုက်သော ကျင့်စဉ်စွမ်းအားများမှာ ထိုသူ၏ဖိနှိပ်ခြင်းကိုခံလိုက်ရသည်။ ထို့ပြင် သူ၏လောကခြောက်ဘုံဓားမှာလည်း လက်ထဲမှလုယူခြင်းခံလိုက်ရ၏။
ယွီဖေး ဓားကိုပြန်လုရန် အသည်းအသန် ရပ်လိုက်သော်လည်း တစ်ဖက်လူထံမှ ရုတ်တရက်ပြင်းထန်သော အငြိုးအတေးစွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ သူ တုပ်တုပ်မျှ မလှုပ်နိုင်တော့ချေ။ သူသည် ထိုသူမှ လောကခြောက်ဘုံဓားကိုယူသွားသည်အား မတတ်သာဘဲကြည့်နေရတော့သည်။ သာမန်လူတစ်ယောက်မှ ဤမျှပြင်းထန်သော အငြိုးအတေးစွမ်းအင်အား ထုတ်လွှတ်နိုင်သည်ကို ယွီဖေးလုံးဝ မယုံကြည်နိုင်ပေ။ နတ်ဆိုးနှစ်ကောင်၏ နှိပ်စက်မှုကိုခံထားရသဖြင့် သူအမြင်မှားနေခြင်းသာဖြစ်ရမည်ဟု တွေးလိုက်သည်။ နာကျင်မှုကိုတောင့်ခံကာ ဓားကို ပြန်လုရန်ကြိုးစားစဉ်မှာပင် တစ်ဖက်လူမှ သူ့ကိုလက်သီးဖြင့် တစ်ချက်ထိုးလိုက်ရာ သူသည် အဝေးသို့လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ခွေကျသွားတော့၏။ ယွီဖေး မျက်မှောင်ကြုတ်သွားရသည်။ တစ်ဖက်လူမှာ သာမန်လူသားခွန်အားကိုသာ သုံးသွားခြင်းဖြစ်သည်။ သေချာပေါက် သူထင်ထားသည့်အတိုင်းပင်။ သူ စိတ်ထဲမှကြုံးဝါးနေမိသည်။
"ဒီနတ်ဆိုးတွေရဲ့နှိပ်စက်မှုကိုသာ မခံရရင် ငါအခုလို အခြေအနေမျိုးရောက်မှာမဟုတ်ဘူး"
"ဒိုင်း"
ထိုစဉ် မီးလှံပစ်သံတစ်ချက်ထွက်ပေါ်လာပြီး စကျင်ကျောက်စေ့မှာ သူ့မျက်နှာဘေးနားသို့ တည့်တည့်ကျရောက်လာသည်။ ယွီဖေးထိတ်လန့်တကြား မော့ကြည့်လိုက်ရာ တံတိုင်းပေါ်တွင် သူ့ကိုမီးလှံဖြင့် ချိန်ရွယ်နေသော ဖန်းချိုင်လင်းကို မြင်လိုက်ရ၏။ စကျင်ကျောက်စေ့သာအနည်းငယ် လွဲသွားပါက သူ့ဦးခေါင်းကို မှန်သွားပေလိမ့်မည်။ ဖန်းချိုင်လင်းမှာ မီးလှံကိုကိုင်ထားဆဲဖြစ်ပြီး ပြောင်းဝမှာ သူ့ထံသို့ဦးတည်နေသည်။ ယွီဖေး ကြောက်လန့်သွား၏။ ဖန်းချိုင်လင်းလည်း မီးလှံပစ်တတ်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့သလို သူ့ကိုပစ်ရဲလိမ့်မည်ကိုတော့ ပို၍ပင်မထင်ထားခဲ့ပေ။ သူမသည် သူအလိုရှိသလို ကစားပြီးမှ အဝတ်စုတ်ကဲ့သို့ပစ်ပယ်ထားနိုင်သော မိန်းမမျိုးမဟုတ်တော့ချေ။
သူ့ဘောင်းဘီခွကြားတွင် ကြောက်လန့်တကြားဖြင့် ဆီးထွက်နေသည်ကို မြင်လိုက်ရသောအခါ ဖန်းချိုင်လင်းမှာ ဤကဲ့သို့သောလူစားမျိုးကို စိတ်ဝင်စားခဲ့မိသည့် သူမအမြင်ကိုသာ နောင်တရမိတော့သည်။ ကျိုးကျားရွာမှာ လူတိုင်း မီးလှံပစ်တတ်ကြသည်ပင်။ သူသည်မီးလှံပစ်သံကိုပင် ဤမျှထိကြောက်နေခဲ့၏။
"ထွီ"
ဖန်းချိုင်လင်း သူ့ထံအသံကျယ်ကျယ်ဖြင့် တံတွေးထွေးလိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။ သူမ ရွာလူကြီးဘက်သို့လှည့်ကာ ပြောလိုက်၏။
"ရွာလူကြီး တစ်ရွာလုံးကိုဒုက္ခပေးဖို့ ကြိုးစားတဲ့ ဒီလူယုတ်မာကို ပြင်းပြင်းထန်ထန် အပြစ်ပေးရပါမယ်"
ရွာလူကြီး ပြန်ဖြေလိုက်သည်။
"သေချာပေါက်ပေါ့ သူ့ကိုအလွယ်တကူ လွှတ်ပေးမှာ မဟုတ်ပါဘူး"
လူသတ်ရန်ကြိုးစားမှုသည် တိုင်းပြည်၏ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သဖြင့် ကျိုးထောင်ဟွား ထုံးစံအတိုင်း ယွီဖေး၏ကျင့်စဉ်စွမ်းအားများကို ဦးစွာဖျက်စီးပစ်လိုက်ပြီးမှ ရွာလူကြီးနှင့် လူအချို့ကို မြို့သို့ပို့ခိုင်းလိုက်သည်။ သူမမှာ သူ၏ချန်းခွန်းအိတ်နှင့် အနက်ရောင် အလံတိုကိုလည်း သိမ်းယူလိုက်၏။ ကျိုးထောင်ဟွား ယွီဖေး၏ကျင့်စဉ်ကို ဖျက်စီးလိုက်သည့် တစ်ပြိုင်နက်တည်းမှာပင် ကောင်းကင်ယံမှ ငှက်ချေးတစ်စက်ကျလာပြီး ယွီဖေးပါးစပ်ထဲသို့တည့်တည့် ဝင်သွားတော့သည်။ ထိုစဉ်မှာပင် ယွီဖေးသည် ပါးစပ်ကိုဟကာ ကျိုးထောင်ဟွားထံမှ သူ၏ချန်းခွန်းအိတ်နှင့် အနက်ရောင်အလံတိုကို ပြန်တောင်းရန်ပြင်လိုက်သည်။ အထူးသဖြင့် ထိုအလံတိုမှာ သူ့ဆရာကိုယ်တိုင်ပေးထားခြင်းဖြစ်ပြီး ပျောက်ဆုံးသွားပါက သူ့ဆရာသည်သူ့ကို သတ်ပစ်မည်မှာ အသေအချာပင်။ သို့သော် အလွန်တိုက်ဆိုင်စွာပင် ကောင်းကင်မှကျလာသော ငှက်ချေးမှာ သူ့ပါးစပ်ထဲသို့ တည့်တည့်မတ်မတ်ဝင်သွားလေသည်။ ကျိုးထောင်ဟွား ရွာလူကြီးကို မှာကြားလိုက်၏။
"အဘိုးရွာလူကြီး သူ့ကိုမြို့ထဲခေါ်သွားတဲ့အခါ အရင်တစ်ခါလိုပဲ ကြိုးနဲ့အကွာအဝေးတစ်ခုကနေ ဆွဲသွားကြပါ၊ သူ့ရဲ့ကံဆိုးမှုတွေ အဘိုးတို့ဆီကူးမသွားအောင်လို့လေ"
ရွာလူကြီးလည်း ကျိုးထောင်ဟွားကို စိတ်ချထားရန်ခေါင်းညိတ်ပြလိုက်သည်။ ရွာလူကြီးသည် သာမန်မျက်စိဖြင့် မကောင်းဆိုးဝါးများကိုမမြင်ရသော်လည်း ရွာမျှော်စင်ပေါ်ရှိ နတ်ဆိုးဖော်မှန်မှတစ်ဆင့် ယွီဖေးကိုကြည့်လိုက်သောအခါ သူ့ပတ်ပတ်လည်တွင် အငြိုးကြီးဝိညာဉ်များဝိုင်းနေသည်ကို မြင်လိုက်ရသဖြင့် အထိတ်တလန့်ဖြင့်ကျောချမ်းသွားရသည်။ ရွာလူကြီးမှ ယွီဖေးကိုခေါ်ဆောင်သွားရန် စီစဉ်ပြီးနောက် ကျိုးထောင်ဟွားသည် ဒဏ်ရာရသွားသောအသံနတ်ဆိုး၏ဒဏ်ရာကို ချက်ချင်းစစ်ဆေးလိုက်၏။ ဘေးတွင်ရပ်နေသော လင်းရှောင်ယွဲ့မှာမူ မျက်ရည်များဝဲကာအလွန်တရာစိုးရိမ်နေရှာသည်။ လင်းရှောင်ယွဲ့ အလောတကြီးမေးလိုက်၏။
"သခင်မကျိုး သူအဆင်ပြေရဲ့လား၊ သွေးတွေက ဘာလို့မရပ်တာလဲ"
သူမ၏ငိုမဲ့မဲ့မျက်နှာလေးကို မြင်လိုက်ရသောအခါ အသံနတ်ဆိုးသည် အကြောင်းရင်းမရှိဘဲ သူ့ပုခုံးဒဏ်ရာမှာ သိပ်မနာတော့သကဲ့သို့ ခံစားလိုက်ရသည်။ သူ ပြောလိုက်၏။
"ဒါက ဒဏ်ရာအပြင်းအထန်မဟုတ်ပါဘူး၊ ပတ်တီးစည်းလိုက်ရင်ရပါပြီ"
ထိုအခါ လင်းရှောင်ယွဲ့သည်အဝတ်စတစ်ခုကိုအမြန်ရှာပြီးစည်းပေးသော်လည်း သွေးများမှာ ဆက်လက်စိမ့်ထွက်နေဆဲပင်။ စိုးရိမ်စိတ်လွန်ကဲနေသော လင်းရှောင်ယွဲ့မှာ ထိုမြင်ကွင်းကိုကြည့်ပြီး ပို၍ထိတ်လန့်သွားကာ အသံထွက်၍ငိုချလိုက်တော့သည်။ ကျိုးထောင်ဟွားလည်း ထူးဆန်းသည်ဟု ခံစားလိုက်ရ၏။ အသံနတ်ဆိုးမှာ ဒဏ်ရာရသည်မှန်သော်လည်း အဘယ်ကြောင့် ဤမျှထိသွေးထွက်လွန်နေရသနည်း။ သူမဒဏ်ရာကျက်စေရန် မှော်စွမ်းအင်အချို့ကို ထည့်ပေးသော်လည်း ထူးခြားမှုမရှိသည်ကိုတွေ့လိုက်ရသည်။ ရုတ်တရက် ရှန်းမင်လက်ထဲရှိ လောကခြောက်ဘုံဓားကို သူမငုံ့ကြည့်လိုက်မိသည်။ ဤဓားမှာ အသံနတ်ဆိုးကို ဒဏ်ရာရစေခဲ့သော လက်နက်ပင်။ ဤဓားထဲတွင် တစ်စုံတစ်ခုရှိနေနိုင်၏။ ကျိုးထောင်ဟွား ဓားကိုကိုင်ကြည့်ရန် လက်လှမ်းလိုက်စဉ်မှာပင် ရှန်းမင်မှာ သူမကိုတားလိုက်သည်။ ကျိုးထောင်ဟွား နားမလည်နိုင်ဟန်ဖြင့် မော့ကြည့်ရာ ရှန်းမင်ရှင်းပြလိုက်၏။
"ထောင်ဟွား ဒီဓားထဲမှာမကောင်းတဲ့ အငြိုးအတေးစွမ်းအင်တွေ အများကြီးရှိနေတယ်၊ အဲဒီစွမ်းအင်တွေက အသံနတ်ဆိုးရဲ့အရိုးခြင်ဆီထိထိုးဖောက်သွားတာ၊ အပေါ်ယံကုရုံနဲ့တော့ မထိရောက်ဘူး"
ယင်းအားကြား၍ ကျိုးထောင်ဟွား အသံနတ်ဆိုး၏ခန္ဓာကိုယ်ထဲသို့ စွမ်းအင်လွှတ်၍ စစ်ဆေးကြည့်လိုက်သည်။ ရှန်းမင်ပြောသည့်အတိုင်းပင်။ အငြိုးအတေးစွမ်းအင်များမှာ အရိုးခြင်ဆီထိရောက်နေသည်ကိုတွေ့လိုက်ရ၏။ အသံနတ်ဆိုး၏ကိုယ်ထဲမှ ထိုစွမ်းအင်များကို သူမအရင်ဖယ်ရှားပေးလိုက်ရင်း တစ်ဖက်မှာလည်း နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
"အစ်ကိုရှန်းမင် အခုဆိုရင် တခြားသူတွေရဲ့ကိုယ်ထဲက မကောင်းတဲ့စွမ်းအင်တွေကိုပါမြင်နေရပြီလား၊ အစ်ကို့ရဲ့ကိုယ်ပိုင်စွမ်းအားတွေကိုပဲ ထိန်းချုပ်နိုင်သေးတယ်လို့ ကျွန်မထင်ထားတာ"
ရှန်းမင်၏အမူအရာမှာ ခဏတာ တောင့်တင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်၊ အခုတော့တခြားသူတွေရဲ့ ကိုယ်ထဲက စွမ်းအင်တွေကိုပါမြင်နိုင်နေပြီ"
ကျိုးထောင်ဟွား တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ အကြောင်းမှာ သူမကိုယ်တိုင်ပင် ထိုစွမ်းအင်များကို အသေအချာမမြင်နိုင်ခဲ့သောကြောင့်ပင်။ သူမ ရှန်းမင်ကိုကြည့်ကာ ပြုံး၍ဆိုလိုက်သည်။
"အစ်ကိုရှန်းမင်က အခုတကယ်ကို အစွမ်းထက်နေပြီပဲ၊ အစ်ကိုရှိနေတော့ ညီမစိတ်အေးရတာပေါ့"
အသံနတ်ဆိုး၏ကိုယ်ထဲမှ မကောင်းသော စွမ်းအင်များကို ဖယ်ရှားပြီးနောက် ကျိုးထောင်ဟွား မှော်စွမ်းအင်ဖြင့် ကုသပေးလိုက်ရာ သွေးများမှာသိသိသာသာ ရပ်တန့်သွားတော့သည်။ လင်းရှောင်ယွဲ့လည်း ဝမ်းသာအားရဖြင့် ဒဏ်ရာကို ပတ်တီးသေချာစည်းပေးလိုက်၏။ ကျိုးထောင်ဟွား ပြောလိုက်သည်။
"အစ်ကိုရှန်းမင် အိမ်ပြန်ကြရအောင်၊ တိုက်ပွဲကနေရလာတဲ့ ပစ္စည်းတွေအများကြီးပဲ၊ အိမ်ရောက်ရင် ဒါတွေကိုသေချာလေ့လာရမယ်"
ကျိုးထောင်ဟွား၏တောက်ပသော အပြုံးလေးကိုကြည့်ရင်း ရှန်းမင်မှာ မြစ်ဝါမြစ်ကူးတို့ဆိပ်တွင် သူမ၏ဤမျက်နှာလေးအားမြင်ခဲ့ဖူးသည်ကို ရုတ်တရက်သတိရသွားတော့သည်။
***