ထိုအခိုက်အတန့်တွင်၊ ကောင်းကင်နှင့် မြေကြီးသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး အချိန်နှင့် အာကာသသည်ပင် ရပ်တန့်သွားဟန်ရသည်။ အပ်ကျသံပင် ကြားရလောက်အောင် တစ်လောကလုံး တိတ်ဆိတ်သွားသည်။
စက္ကန့်အနည်းငယ် ရပ်တန့်သွားပြီးနောက်၊
“အမ်!”
"ငါ... ငါပဲ အကြည့်မှားသွားလား...”
"အမတဧကရာဇ်အဆင့် ရှိတဲ့ စွမ်းအားရှင် နှစ်ပါးက... ချန်ကဲ ဆက်ခံသူ ကို တောင်းပန်နေသတဲ့လား”
အသက်ပြင်းပြင်း ရှုရှိုက်သံများက ဆက်တိုက်ဆိုသလို ပျံ့လွင့်လာလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း မျက်လုံးများ ပြူးကျယ်ကာ ပါးစပ်များမှာ ကြက်ဥတစ်လုံး ငုံထားနိုင်လောက်အောင်အထိ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုကြောင့် မျက်နှာအမူအရာများပင် ပုံပျက်ပန်းပျက် ဖြစ်လို့နေသည်။
သူတို့၏ လောကအမြင်သည် ဤအခိုက်အတန့်တွင် အပြီးတိုင် ပြိုလဲသွားပုံရသည်။
သူတို့၏ တုံ့ပြန်မှုမှာ ချဲ့ကားလွန်းခြင်း မဟုတ်ဘဲ ဤဖြစ်ရပ်ကိုယ်တိုင်က အလွန်အမင်း ထူးခြားလွန်းနေခြင်းကြောင့်သာ ဖြစ်သည်။
အမတဧကရာဇ်မင်း ဆိုသည်မှာ အမတနယ်မြေ၏ ထိပ်ဆုံးနေရာတွင် ရပ်တည်နေသူများ ဖြစ်သည်။
သတ္တဝါအပေါင်းကို ငုံ့ကြည့်ကာ အချိန်မြစ်အတွင်း မပျောက်မပျက်နိုင်သော ဖြစ်တည်မှုများ ဖြစ်သည်။စိတ်အာရုံတစ်ခုတည်းဖြင့် ကုဋေပေါင်းများစွာသော ကမ္ဘာများကို ဖျက်ဆီးပစ်နိုင်သူများ ဖြစ်သည့်အပြင် ဤပုဂ္ဂိုလ်နှစ်ဦးမှာ အမတနယ်မြေရှိ သာလွန်အင်အားစု(၁၈)ခုအနက်မှ အရှင်သခင်များ ဖြစ်ကြပြီး ၊ အမတဧကရာဇ်များထဲတွင်ပင် ထူးချွန်ထက်မြက်သူများ ဖြစ်ကြသည်။
ယခုတွင်မူ ၊ လူအများရှေ့တွင် စစ်မှန်အမတနယ်ပယ်အဆင့်သာ ရှိသေးသော လူငယ်ကျင့်ကြံသူတစ်ဦးကို လူသိရှင်ကြား တောင်းပန်နေကြရုံသာမက၊ ခွင့်လွှတ်ပေးရန်နှင့် သက်ညှာခွင့်ပေးရန် အောက်ကျနောက်ကျ တောင်းဆိုနေသည်။
ဤသည်မှာ တစ်ခါဖူးမျှ မကြားဖူး၊ မမြင်ဖူးသော ကိစ္စသာပင်။
ဤမြင်ကွင်းသည် အမတနယ်မြေ၏ သမိုင်းစာမျက်နှာတွင် ကမ္ပည်းတင်ရမည် ဖြစ်ပြီး ၊ လူပေါင်းများစွာ၏ မှတ်တမ်းတင်ခြင်းကို ခံရပေလိမ့်မည်။
..........
စူးချန်ကဲ သည် တည်ငြိမ်အေးဆေးသော အမူအရာကို ဆက်လက်ထိန်းထားဆဲဖြစ်သော်လည်း သူ၏ နှုတ်ခမ်းထောင့်တွင်မူ ထူးခြားသော အပြုံးတစ်ခု ရှိနေခဲ့သည်။
"ဟားးဟားး... စီနီယာနှစ်ဦးက ခုလို လက်ဆောင်မျိုး ပေးလာတာ ချန်ကဲအတွက် တကယ်ကို အံ့ဩစရာပဲ”
"ဒါပေမဲ့ ဒီကိုးကွေ့အမတ ဖီးနစ်မြက်ကတော့ မလိုအပ်ဘူး “
စူးချန်ကဲက အပြုံးမပျက် ဆက်ပြောလေသည်။
"ကျုပ်က အမတနယ်မြေကို အခုမှ ရောက်လာတာဆိုပေမယ့် ကျုပ်မိသားစုရဲ့ ဘိုးဘေး တွေက ဒါမျိုးတွေ အများကြီး ပေးထားပြီးသားဆိုတော့ ဒီလို အရာမျိုးတွေက ကျုပ်မျက်လုံးထဲ မဝင်ဘူး”
ထိုစကားသံအဆုံးတွင် အလွန်အမင်း အံ့ဩနေကြသော လူအုပ်ကြီးမှာ တစ်ဖန် ထပ်မံ၍ ဆွံ့အသွားကြပြန်သည်။
ကိုးကွေ့အမတ ဖီးနစ်မြက် ဆိုသည်မှာ အဘယ်နည်း။
၎င်းမှာ အမတနယ်မြေ၏ ထိပ်တန်း နတ်မြက်ပင် ဖြစ်သည်။
အမတဘုရင် နယ်ပယ်အဆင့်ရှိ စွမ်းအားရှင်များအတွက် ကောင်းကင်နှင့် မြေကြီး၏ မဟာလမ်းစဉ်ကို နားလည်သဘောပေါက်စေရန် များစွာ အထောက်အကူပြုနိုင်သော အရာ ဖြစ်သည်။
သို့သော် စူးချန်ကဲသည် သူ၏ ဘိုးဘေးများက သူ့ကို အများကြီး ပေးထားသဖြင့် မျက်စိထဲပင် မဝင်ကြောင်း ပြောနေလေ၏။
ဒီလောက်ထိ လူသားမဆန်တဲ့ စကားတွေကို နားထောင်ကြည့်စမ်း !
သူသည် ကြွယ်ဝချမ်းသာမှန်း သိကြသော်လည်း ဤမျှအထိ ချမ်းသာလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။
အမတနယ်မြေရဲ့ ထိပ်တန်းနတ်မြက်ပင်ကိုတောင် သူက ဂရုမစိုက်ဘူးတဲ့လား !
မူလက အပြုံးမျက်နှာဖြင့် ရှိနေသော ထျန်းချန် အမတ ဧကရာဇ်မင်း ၏ ဟန်ဆောင်အပြုံးမှာလည်း မျက်နှာပေါ်တွင်ပင် တောင့်ခဲသွားသည်။
သူ ဘယ်လိုလုပ်ပြီး ဒီအချက်ကို မေ့သွားပါလိမ့်.....
တစ်ဖက်လူသည် တားမြစ်အင်အားစုကြီး သုံးဖွဲ့၏ တစ်ဦးတည်းသော ဆက်ခံသူဖြစ်ပြီး ၊ သူ လိုချင်သည့် မည်သည့် နတ်ဆေးဖက်ဝင် အပင်မဆို ရနိုင်သည် မဟုတ်လော။
ဤအမတ ဖီးနစ်မြက်သည် အခြားသူများအတွက် အလွန်တန်ဖိုးကြီးနိုင်သော်လည်း ၊ စူးချန်ကဲ၏ မျက်လုံးထဲတွင်မူ သာမန်မြက်ပင်တစ်ပင်သာ ဖြစ်ပေလိမ့်မည်။
ထျန်းချန် အမတဧကရာဇ်မင်း တစ်ယောက် ကြောင်အသွားစဉ် ၊
စူးချန်ကဲ၏ အကြည့်သည် ချန်ယွမ် အမတဧကရာဇ်မင်း ထံသို့ လှည့်သွားပြန်သည်။
ဘာကြောင့်မှန်းမသိနိုင်သော်လည်း ၊ ထိုအကြည့်အောက်တွင် ချန်ယွမ် အမတဧကရာဇ်မင်း၏ စိတ်ဝိညာဉ်မှာ အနည်းငယ် တုန်လှုပ်သွားသည်။ သူ့ဘက်ကနေ စကားမပြောရသေးမီမှာပင် စူးချန်ကဲက အပြုံးမပျက် ထပ်ပြောလိုက်သည် ။
" ခင်ဗျားရဲ့ အမတဓားကိုလည်း မလိုအပ်ဘူး...ကျုပ်က ကျုပ်ရဲ့ ကိုယ်ပိုင်ဓားကိုပဲ သုံးရတာ ကျင့်သားရနေပြီ”
"ပြီးတော့ ကျုပ်ရဲ့ မိခင်မှာလည်း အမတလက်နက် သိုလှောင်ရုံတစ်ခု ရှိတယ်၊ အဲဒီထဲမှာ အမတနယ်မြေရဲ့ ထိပ်တန်းလက်နက်တွေ အများကြီးရှိတယ် ..ကျုပ် လက်နက်လဲချင်တယ်ဆိုရင် ကျုပ်မိခင်ဆီမှာပဲ တောင်းလို့ရတာမို့ စီနီယာရဲ့ စေတနာကို ငြင်းပယ်ပါရစေ”
ဤစကားများ ထွက်လာသည်နှင့် ၊
ချန်ယွမ် အမတဧကရာဇ်မင်းခမျာ သွေးအန်မတတ် ခံစားလိုက်ရသည်။
စူးချန်ကဲ၏ မိခင်မှာ သံသရာစက်ဝန်း အမတမင်းဆက် ၏ မင်းသမီးကြီး ဖြစ်ကြောင်း မည်သူ မသိဘဲ နေမည်နည်း။
တစ်နိုင်ငံလုံး၏ အချစ်တော်ဖြစ်သော ယွင်ရွှမ်းရုံ ကို အမတနယ်မြေ၏ အချမ်းသာဆုံး အမျိုးသမီးဟု ခေါ်လျှင်ပင် မမှားပေ။
သူမ၏ သားဖြစ်သူ စူးချန်ကဲအနေဖြင့် အမတလက်နက်များ ရှားပါးမည်မဟုတ်ပေ။
အမှန်အားဖြင့် သူတို့သည် ဤအချက်ကို ထည့်သွင်းစဉ်းစားခဲ့ကြသော်လည်း ၊ သို့သော်လည်း ဤနည်းဖြင့် "အရှုံးပေး" ကြောင်း ပြသကာ ကိစ္စကို ပြေလည်စေရန် ကြိုးစားခဲ့ခြင်းသာ ဖြစ်သည်။
သို့သော် စူးချန်ကဲ ဤသကောင့်သားသည် သူတို့ကို ငြင်းပယ်လိုက်ရုံသာမက သူ၏ နောက်ခံအင်အားကိုပါ ပြောင်ပြောင်တင်းတင်း ကြွားလုံးထုတ်သွားလေ၏။
အမတဧကရာဇ်များ ဖြစ်ကြသော်လည်း စူးချန်ကဲ၏ လူမဆန်အောင် ချမ်းသာလွန်းလှသည့် စကားများကို ကြားပြီးနောက် ၊ သူတို့၏ တာအိုနှလုံးသားသည်ပင် မတည်မငြိမ် ဖြစ်ခဲ့ရသည်။
လူလူချင်း အတူတူ ကွာခြားချက်သည် အမှန်တကယ်ကို ကြီးမားလွန်းပေသည်။
ထိုစကားကို ကြားလိုက်ရသော အခြားတပည့်များမှာလည်း လုံးဝ ရူးသွပ်ကုန်ကြသည်။
“ ဒုက္ခပဲ ! ငါ ဘယ်လိုလုပ်ပြီး ဒါကို မေ့သွားရတာလဲ… ချန်ကဲ ဆက်ခံသူက တားမြစ်အင်အားစု သုံးဖွဲ့ရဲ့ ဆက်ခံသူပဲ …ဘာမဆို အကုန်ရနိုင်တယ် … ဒီအင်အားစုကြီး နှစ်ဖွဲ့က ပေးတဲ့ အမှိုက်တွေကို သူက ဘယ်လိုလုပ် မျက်စိကျမှာလဲ “
"ချန်ကဲ ဆက်ခံသူလို့ ခေါ်နေတုန်းလား…သဘောထား သေးသိမ်လိုက်တာ! သူက အရင်က ပျောက်ဆုံးသွားခဲ့တဲ့ ငါ့ရဲ့ သခင်လေးပဲ!"
"သခင်လေး ချန်ကဲ! သခင်လေးရဲ့ အိမ်တော်မှာ ကျောက်ခြင်္သေ့ရုပ် မလိုဘူးလား…ကျွန်တော်မျိုး အဲဒီမှာ ထိုင်စောင့်ပေးလို့ ရပါတယ်!"
"မယုံနိုင်စရာ နောက်ခံ၊ သန်မာလွန်းတဲ့ ခွန်အား ၊ အသေလှတဲ့ တာအိုအဖော်... ပြီးတော့ ဒီလို လူမဆန်တဲ့ လူနေမှုဘဝ... ငါ အခုမှ သိတော့တယ်၊ ငါက ဒီမဟာလမ်းစဉ်ပေါ်မှာ လူအရေအတွက် လာဖြည့်ပေးရုံ သက်သက်ပဲ!"
"........."
ကျင့်ကြံသူ အများအပြား၏ စိတ်ခံစားချက်များမှာ ရှုပ်ထွေးနေကြသည်။
မူလက ထျန်းချန်လမ်းစဉ်ဂိုဏ်း နှင့် ဖုန်းယွင်လှံခန်းမ တို့၏ ကိစ္စကို ဘေးမှနေ၍ အေးဆေးကြည့်နေကြခြင်း ဖြစ်သော်လည်း၊ ယခုမူ သူတို့၏ စိတ်နှလုံးသားကိုပင် ထိခိုက်လာခဲ့ချေပြီ။
သူတို့က ဒီတိုင်း အေးအေးဆေးဆေး ကြည့်ချင်ရုံလေးပါ…ဘယ်လိုလုပ်ပြီး ကိုယ်တွေတောင် စိတ်ဓာတ်ကျသလို ဖြစ်လာတာလဲ ?
အမတဧကရာဇ် နှစ်ပါး မနာလို ဖြစ်မဖြစ်တော့ မသိဘူး .... ကိုယ်တွေကတော့ ချဉ်လိုက်တာဟယ် !
***