တစ်ချိန်တည်းမှာပင် လူအများ၏ စိတ်ထဲ၌ သံသယတစ်ခု ပေါက်ဖွားလာခဲ့သည်။
စူးချန်ကဲ၏ လုပ်ရပ်မှာ အမတဧကရာဇ်မင်း နှစ်ပါး၏ တောင်းပန်မှုကို ငြင်းပယ်လိုက်ခြင်းပင်။
တစ်နည်းအားဖြင့် ဆိုရသော် ၊ ၎င်းသည် တစ်ဖက်လူ နှင့် လုံးဝ ဆက်ဆံရေး ဖြတ်တောက်ပြီး ဤကိစ္စကို အဆုံးအထိ ဖြေရှင်းတော့မည်ဟု ဆိုလိုခြင်းပင် မဟုတ်လော။
သို့သော်လည်း အမတဧကရာဇ် အဆင့်ရှိ စွမ်းအားရှင် နှစ်ပါးသည် ဤနေရာတွင် ရှိနေပါလျက်နှင့် သူတို့၏ ဂိုဏ်းဝင်ပါရမီရှင်များအားလုံး ဤနေရာတွင် အသတ်ခံရမည်ကို သေချာပေါက် လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
ထျန်းချန် အမတ ဧကရာဇ်မင်းနှင့် ချန်ယွမ် အမတဧကရာဇ်မင်းတို့သည်လည်း ဤအချက်ကို ခန့်မှန်းထားပြီး ဖြစ်ကာ ၊ မျက်နှာအမူအရာများသည် တစ်ဖန် ပျက်ယွင်းသွားပြန်သည်။
အမှန်အားဖြင့် သူတို့သည် ဤနေရာသို့ လာရောက်ရသည့် အကြောင်းရင်းမှာ မိမိတို့ဂိုဏ်းမှ ပါရမီရှင်များအတွက်သာ မက ၊ အခြား အရေးကြီးသော ကိစ္စတစ်ခုလည်း ရှိသေးသည်။
ဤသည်မှာ အမတနယ်မြေ ကောင်းကင်လမ်းစဉ်၏ ညွှန်ကြားချက်အရ အာ့ရှင်းကို ပြန်လည် ခေါ်ဆောင်သွားရန်နှင့် အမြစ်ပြတ် ချေမှုန်းရန်ပင် ဖြစ်သည်။
အစောပိုင်းက သူတို့သည် မိမိတို့၏ ပါရမီရှင်များထံမှ အသံလွှင့်ပေးပို့မှုကို လက်ခံရရှိခဲ့သည်။
ကောင်းကင်လမ်းစဉ်မှ ရှာဖွေနေသည့် ထူးခြားသော သံမဏိစက်ရုပ် အားရှင်းမှာ စူးချန်ကဲ၏ လက်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း နှင့် သူတို့ ဂိုဏ်းနှစ်ခု၏ ပါရမီရှင်များမှာလည်း ဤအကြောင်းကြောင့်ပင် စူးချန်ကဲနှင့် ပဋိပက္ခ ဖြစ်ခဲ့ကြောင်း သိလိုက်ရသည်။
အကယ်၍ သူတို့သာ အားရှင်းကို အောင်မြင်စွာ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါက ၊ ကောင်းကင်လမ်းစဉ်မှ အလွန်ရက်ရောသော ကောင်းချီးမင်္ဂလာများကို ချီးမြင့်မည်ဟု ကတိပေးထားသည်။
ဤသည်မှာ သူတို့အတွက် အလွန်ကြီးမားသော အခွင့်အရေး ပင် ဖြစ်သည်။
သို့သော် စူးချန်ကဲသည် သူတို့ ထင်ထားသည်ထက် ပို၍ ခက်ထန်နေသည်။
ပရိယာယ်သုံး၍ အားရှင်းကို တောင်းယူရန်ပင် မဆိုနှင့် ၊ ယခုအချိန်တွင် သူတို့ဂိုဏ်းမှ ပါရမီရှင်များကိုပင် ကယ်တင်နိုင်ပါ့မလား ဆိုသည်မှာ မသေချာတော့ချေ။
အမတဧကရာဇ် နှစ်ပါးမှာ လျှို့ဝှက်စွာ ပြန်လည်တိုင်ပင်ပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကို ထပ်မံ ချမှတ်လိုက်ကြသည်။
ဤကိစ္စမှာ ရှုပ်ထွေးနေပြီ ဖြစ်သော်လည်း မိမိတို့၏ အကျိုးစီးပွားနှင့် ဂိုဏ်း၏ အကျိုးစီးပွားအတွက် ၎င်းကို မဖြစ်မနေ ပြီးမြောက်အောင် လုပ်ဆောင်ရမည်သာ ဖြစ်သည်။
သို့သော် သူတို့ စကားမပြောရသေးမီမှာပင် ၊
စူးချန်ကဲက ပြုံး၍ ပြောလိုက်သည် ။
"ဒီကိစ္စအတွက် ကျုပ်မှာ ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိပြီးသားပါ… စီနီယာ နှစ်ဦးကို အခက်တွေ့အောင် မလုပ်တော့ဘူး “
ဤစကားများ ထွက်လာသည်နှင့် ၊
အင်အားစုကြီးများ၏ ထိပ်တိုက်တွေ့ဆုံမှုကို မျှော်လင့်နေကြသည့် ပါရမီရှင် အချို့မှာ စိတ်ပျက်သွားကြသည်။
ဤကိစ္စနှင့်ပတ်သတ်၍ ၊ ကြီးမားသော စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလိမ့်မည်ဟု သူတို့ မျှော်လင့်ထားခဲ့ကြသည်။
သို့သော် စူးချန်ကဲသည် ဤမျှ အောက်ကျနောက်ကျ တောင်းပန်နေသော အမတဧကရာဇ်မင်း နှစ်ပါး၏ မျက်နှာကို ထောက်ထားကာ ဤကိစ္စကို ဤနေရာမှာတင် အဆုံးသတ်လိမ့်မည်ဟု ထင်မြင်လိုက်ကြသည်။
အင်အားစု နှစ်ဖွဲ့၏ အရှင်သခင်များမှာလည်း ခဏတာ ကြောင်အသွားပြီးနောက် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြသည်။
တစ်ဖက်လူသည် အစောပိုင်းက စကားဖြင့်သာ အနိုင်ယူခဲ့ခြင်း ဖြစ်ပြီး၊ အရေးကြီးသော အခိုက်အတန့်တွင် ဤကိစ္စနှင့် ပတ်သတ်၍ ကြီးကြီးမားမား မဖြစ်စေလိုပုံရသည်။
"ဟားး ချန်ကဲ ဆက်ခံသူက တကယ်ကို..."
ပြုံးရွှင်နေသော ထျန်းချန် အမတ ဧကရာဇ်မင်း၏ စကား မဆုံးသေးမီမှာပင် ၊
စူးချန်ကဲ၏ အပြုံးသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ၊ သူ့ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအားများကို အသက်သွင်းကာ ခြေတစ်ချက် ဆောင့်ချလိုက်သည်။
ဝုန်းးးးး!
သွေးအန်သံ!
အမတအလင်းများ ပေါက်ကွဲထွက်ကာ ၊ သွေးမြူများ နေရာအနှံ့ လွင့်စင်သွားသည်။
စူးချန်ကဲ၏ ခြေဖဝါးအောက်တွင် နင်းချခံထားရပြီး ဒဏ်ရာအပြင်းအထန် ရနေသော ရှောင်ဝူရှန်းမှာ ခုခံနိုင်စွမ်း ကင်းမဲ့စွာဖြင့် အော်ဟစ်ချိန်ပင် မရလိုက်ဘဲ မျက်စိတမှိတ်အတွင်းမှာပင် ၊ အသားစများ ကြေမွကာ ဝိညာဉ်ပင် ပျက်စီးလွင့်စဉ်သွားခဲ့လေသည်။
ဤမြင်ကွင်းသည် လောကတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
စူးချန်ကဲသည် ထျန်းချန် အမတ ဧကရာဇ်မင်း၏ ရှေ့မှောက်တွင်ပင် ၊ ရှောင်ဝူရှန်းကို မည်သည့် သတိပေးချက်မျှ မရှိဘဲ ဤမျှ ပြတ်ပြတ်သားသား သတ်ပစ်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
"တောင်းပန်ပါတယ်၊ စီနီယာ နှစ်ဦးရဲ့ တောင်းပန်မှုကို ကျုပ် လက်မခံနိုင်ဘူး”
"ဒီကောင်တွေက ကျုပ်နဲ့ ရန်ဘက်ဖြစ်ဖို့ ရွေးချယ်ပြီး ကျုပ်ကို သတ်ချင်ခဲ့တာဆိုတော့ သူတို့ သေကိုသေရမယ်”
စူးချန်ကဲသည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး တည်ငြိမ်စွာဖြင့် ရပ်နေသည်။ သူ၏ ဝတ်ရုံဖြူပေါ်တွင် စွန်းပေနေသော သွေးစက်များက သူ၏ ပုံရိပ်ကို ပို၍ ခန့်ညားထည်ဝါစေကာ သူ၏ လေသံမှာလည်း အေးစက်နေသည်။
"စီနီယာ နှစ်ဦး မပြောနဲ့ ၊ ကောင်းကင်ဘုံက ဧကရာဇ်မင်း ကြွလာရင်တောင် သူတို့ ဒီမှာ သေကိုသေရမယ်!"
ထိုစကားသံအဆုံးတွင် တိတ်ဆိတ်နေသော လောကကြီးမှာ တစ်ဖန် ပြန်၍ ဆူညံပွက်လောရိုက်သွားပြန်သည်။
လူတိုင်း၏ မျက်လုံးများ ပြူးကျယ်ကာ နှလုံးခုန်သံများပင် ရပ်တန့်လုမတတ် ဖြစ်ခဲ့ရသည်။
ညှိနှိုင်းမှုမှာ လုံးဝ ပျက်ပြားသွားပြီဖြစ်ကြောင်း သူတို့ သိလိုက်သည်။
ဤကိစ္စမှာ ကောင်းမွန်စွာဖြင့် အဆုံးသတ်လိမ့်မည် မဟုတ်ချေ။
.......
"စူးချန်ကဲ!!"
"မင်း... မင်း ရိုင်းလှချည်လား!!"
အမတဧကရာဇ် နှစ်ပါးမှာလည်း ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ဒေါသများသည် ရေကာတာ ကျိုးသကဲ့သို့ ပေါက်ကွဲထွက်လာလေသည်။
သူတို့သည် မိမိတို့၏ သိက္ခာကိုပင် စွန့်လွှတ်ကာ စူးချန်ကဲကို တောင်းပန်ခဲ့သော်လည်း၊ ဤသကောင့်သားသည် လုံးဝ နားမထောင်ခဲ့ပေ။
သူတို့ကို မျက်နှာပျက်စေခဲ့ရုံသာမက ကိစ္စများမှာလည်း ပြေလည်မသွားခဲ့ချေ။
စူးချန်ကဲ၏ နောက်ခံမှာ အံ့မခန်း ဖြစ်သော်လည်း ဤကဲ့သို့ အရှက်ရစေခြင်းက သူတို့ကို ထိန်းချုပ်မှုကင်းမဲ့သည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
စူးချန်ကဲကို အသေသတ်ရန် မရည်ရွယ်သော်လည်း ၊ သို့သော် တစ်ဖက်လူကို သင်ခန်းစာ ပေးရန် လိုအပ်နေပြီ ဖြစ်သည်။
သို့သော် သူတို့၏ စိတ်ထဲတွင် ထိုအတွေးများ ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၊
"ဟား... ငါ့ရဲ့ ရှေ့မှောက်မှာတောင် ဒီလို လူကြီးမဆန်တဲ့ အပြုအမူမျိုး လုပ်ရဲတာ တကယ်ကို သတ္တိကောင်းနေတာပဲ”
"ဒါဆိုရင်လည်း မင်းတို့ရဲ့ ဒီ ဓမ္မကိုယ်ပွား နှစ်ခုကို ဒီမှာတင်ပဲ ထားခဲ့လိုက်တော့”
ဝုန်းးးးးးး!
လူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေသော မိုးကြိုးသံတစ်ခုသည် ကောင်းကင်ယံထက်တွင် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
လူတိုင်းက အလိုအလျောက်ပင် အသံလားရာဘက်သို့ မော့ကြည့်လိုက်ကြသည်။
စူးချန်ကဲ၏ ဦးခေါင်းထက်ရှိ ကောင်းကင်ယံမှာ ဖရိုဖရဲ ဖြစ်သွားပြီး အမတအလင်းများက ဝေဟင်အနှံ့ ရိုက်ခတ်လှုပ်ရှားနေကာ နိယာမများမှာလည်း ရူးသွပ်စွာ စီးဆင်းနေသည်။
ထူထပ်သော တိမ်မည်းများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု၏ ဆွဲငင်မှုကြောင့် ရူးသွပ်စွာ စုဝေးလာကြပြီး ၊ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ကောင်းကင်ဘုံမျက်လုံး အဖြစ် ပြောင်းလဲသွားသည်။
နိယာမစွမ်းအား များဖြင့် ဖွဲ့စည်းထားသော ကောင်းကင်မျက်လုံးထဲမှ နဂါးငွေ့တန်းပမာ နတ်အလင်းတန်းများ ကျဆင်းလာသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ၊ ၎င်းမှာ ကောင်းကင်တွင် ကခုန်နေသော မိုးမခအကိုင်းအခက်များနှင့် တူပြီး ကောင်းကင်ယံတွင် မုန်တိုင်းများကို နှိုးဆွနိုင်စွမ်း ရှိပုံရသည်။
အမတဧကရာဇ် နှစ်ပါးထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ထိုနေရာမှ ဖြည်းညင်းစွာ ဆင်းသက်လာကာ ၊ ကမ္ဘာလောကကြီးတစ်ခုလုံးကို ပြန်လည် တည်ဆောက်တော့မည့်အလား ခံစားရစေသည်။
"ဒီအရှိန်အဝါက..."
ထိုအရှိန်အဝါကို ခံစားလိုက်ရသော အမတဧကရာဇ်မင်း နှစ်ပါး၏ မျက်နှာအမူအရာများသည် လုံးဝ ပြောင်းလဲသွားသည်။
သူတို့သည် အမတဧကရာဇ်မင်းများ ဖြစ်သည်နှင့် အလျောက် ၊ လောကတစ်ခွင်ရှိ မဟာလမ်းစဉ် အားလုံး၏ အရှိန်အဝါကို ခံစားနိုင်သည်။
သို့သော် ဤအရှိန်အဝါမှာ သူတို့ သိရှိနားလည်ထားသော အတိုင်းအတာထက် ကျော်လွန်နေသည်။
ဒါ ဘာကိုဆိုလိုတာလဲ?
သူ့ရဲ့ ကျင့်ကြံမှုက အမတဧကရာဇ် အဆင့်ထက် ကျော်လွန်နေပြီလို့ ပြောလိုက်တာပဲ မဟုတ်လား!
"စီနီယာ... စိတ်လျှော့ပါဦး!"
၎င်းတို့ နှစ်ဦးသည် ရှင်းပြရန် အလျင်အမြန် ကြိုးစားလိုက်ကြသည်။
"ကျွန်တော်တို့ လုံးဝ..."
သို့သော် ပီယွီ့ကောင်းကင်အရှင် သည် သူတို့ကို အပိုစကား ပြောခွင့်မပေးခဲ့ချေ။
တုံထျန်း အဝေးဘိုးဘေး သည် သူမကို ညှာတာမှုမရှိ ၎င်းတို့၏ ဓမ္မကိုယ်ပွားများကို တိုက်ရိုက် သတ်ပစ်ရန် ညွှန်ကြားထားပြီး ဖြစ်သည်။
ကွေးယွမ်အမတဂိုဏ်းသည် ထိုအင်အားစုကြီး နှစ်ခုမှာ အမတနယ်မြေ ကောင်းကင်လမ်းစဉ်၏ အလိုတော်အတိုင်း လုပ်ဆောင်နေသည့် လက်ပါးစေများဖြစ်ကြောင်း အထောက်အထားများ ရှာဖွေတွေ့ရှိထားပြီး ဖြစ်သည်။
ဤကိစ္စကို အခွင့်ကောင်းယူကာ အမတနယ်မြေ ကောင်းကင်လမ်းစဉ်၏ လက်ပါးစေ အင်အားစု နှစ်ခုကို အမြစ်ပြတ် သုတ်သင်ပစ်မည်။ သူတို့သည် သွေးနှင့်မီးကို အသုံးပြုကာ ကောင်းကင်လမ်းစဉ်အား ပြင်းထန်သော ထိုးနှက်မှုဖြင့် သတိပေးရန် ကြံရွယ်ထားသည်။
သူမသည် အောက်က ကျင့်ကြံသူများကို အမတစွမ်းအားဖြင့် အကာအကွယ် ပေးပြီးနောက် ၊ အမတဧကရာဇ်မင်း နှစ်ပါးကို တိုက်ရိုက် သတ်ဖြတ်ရန် ထိပ်တန်း သတ်ဖြတ်ခြင်း မှော်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။
"မိုးကောင်းကင်ကို လွှမ်းမိုးမည့် မြေအောက် ပင်လယ်!"
***