ဝုန်းးးး!
ထိုအခိုက်အတန့်မှာပင် ၊ အာကာသဟင်းလင်းပြင်သည် မှန်ကဲ့သို့ ကြေမွသွားသည်။
တောက်ပသော အမတအလင်းများက ထိုနယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ၊ လောကကြီးတစ်ခုလုံး ဖြူဖွေးသွားပြီး အခြား မည်သည့်အရောင်ကိုမျှ မမြင်ရတော့ချေ။
ဤကမ္ဘာလောကကြီးသည် အထက်အောက် ပြောင်းကာ အကန့်အသတ်မရှိသော ငွေရောင်ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားပုံရပြီး ၊ ကျယ်လောင်သော ကွဲကြေသံများက မိုးနှင့်မြေကြား ပဲ့တင်ထပ်လျက် ရှိသည်။
အောက်က ကျင့်ကြံသူများသည် နိယာမ အကာအကွယ်အတွင်း ရှိနေသော်လည်း၊ ဤကဲ့သို့ အဆုံးစွန်သော အဖျက်စွမ်းအားရှေ့တွင် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်မိသည်။
စိတ်ဆန္ဒအားနည်းသူ အချို့မှာ အကာအကွယ်၏ အပြင်ဘက်တွင် ပေါက်ကွဲထွက်ပေါ်လာသော ကြောက်ခမန်းလိလိ စွမ်းအားများကြောင့် သွေးအန်ကာ သတိလစ် မေ့မြောသွားကြသည်။
ဤစွမ်းအားသည် သူတို့၏ သိရှိနားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။
လူသားတို့၏ မျက်လုံးထဲတွင် ထာဝရ မပျက်စီးနိုင်သော စစ်မှန်အမတ များပင်လျှင် ဤမျှ ကြီးမားသော စွမ်းအားများကို ရင်ဆိုင်ရာ၌ ပုရွက်ဆိတ်ငယ်များကဲ့သို့ အရေးမပါခဲ့ချေ။
ပီယွီ့ကောင်းကင်အရှင်မှ ထုတ်ဖော်လိုက်သော စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းသော်လည်း၊ သို့သော် ထျန်းချန် အမတ ဧကရာဇ်မင်း နှင့် ချန်ယွမ် အမတဧကရာဇ်မင်းတို့သည်လည်း ဤမျှဖြင့် အရှုံးပေးမည် မဟုတ်။
ဝုန်းးး!
အမတအလင်းများ ပေါက်ကွဲထွက်လာပြီး ၊ အမတဧကရာဇ်မင်း နှစ်ပါး၏ ဘေးပတ်ပတ်လည်တွင် အချိန်အလင်းတန်းများ ပေါ်ထွက်လာခဲ့သည်။
အဆိုပါစွမ်းအားများ၏အောက်တွင် ၊ မူလကတည်းက တသိမ့်သိမ့် တုန်ခါနေသော ဟင်းလင်းပြင်မှာ လုံးဝ ပုံပျက်သွားပြီး ဖရိုဖရဲ ဖြစ်လို့လာသည်။
"စီနီယာ ဒါ ဘာကို ဆိုလိုတာလဲ"
လှုပ်ရှားရိုက်ခတ်နေသော အမတအလင်းလှိုင်းတံပိုးများကြားမှ ထျန်းချန် အမတ ဧကရာဇ်မင်း၏ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။
"ကျွန်တော်တို့က ချန်ကဲ ဆက်ခံသူ ကို မတော်တဆ ပြစ်မှားမိရုံလေးနဲ့ ဒီလောက်အထိ အမြစ်ပြတ် သုတ်သင်ဖို့ လိုလို့လား"
သို့သော် ပီယွီ့ကောင်းကင်အရှင်သည် လုံးဝ လျစ်လျူရှုထားသည်။ သူမသည် ဟင်းလင်းပြင်ကို စုတ်ဖြဲကာ မဟာလမ်းစဉ် အာကာသ ကို ကြားခံအဖြစ် အသုံးပြု၍ အစစ်အမှန် မရှိသော အချိန်မြစ် ထဲသို့ ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော အမတဧကရာဇ်မင်း နှစ်ပါး၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
အမတနယ်မြေ၏ အတုမရှိသော အမတဧကရာဇ်မင်းများ ဖြစ်သည်နှင့်အလျောက် ၊ သူတို့သည် အချိန်မြစ်ကို ထိန်းချုပ်နိုင်ကြပြီး အချိန်ရေစီးကြောင်းကို ဆန့်ကျင်ကာ သွားလာနိုင်ကြသည်။
သူတို့၏ မူလဝိညာဉ်သည် မရေမတွက်နိုင်သော ကမ္ဘာများနှင့် နေရာများကို ဖြတ်ကျော်ကာ မိမိတို့၏ ခြေရာလက်ရာများကို ထားရှိခဲ့ကြပြီး ဖြစ်သည်။
အမတဧကရာဇ်မင်း တစ်ပါးကို အလုံးစုံ ပျက်စီးသွားစေလိုပါက ၊ အချိန်မြစ်တစ်လျှောက် လိုက်လံ ရှာဖွေပြီး ခေတ်ကာလ အားလုံးရှိ ၎င်းတို့၏ တည်ရှိမှုများကို ဖျက်ဆီးပစ်ရမည်။ထို့နောက်မှသာ အချိန်နှင့် အာကာသကို ပြန်လည် တည်ဆောက်မည် ဖြစ်သည်။
ပီယွီ့ကောင်းကင်အရှင်သည် အချိန်မြစ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်ကို ကြည့်လျှင်ဖြင့် ၊ သူမသည် အချိန်မြစ်တစ်လျှောက် လိုက်လံရှာဖွေကာ အမတဧကရာဇ်မင်း နှစ်ပါး၏ စစ်မှန်သော ကိုယ်ခန္ဓာများကို ဆွဲထုတ်လျက် ချေမှုန်းပစ်ရန် ကြံစည်နေသည်ကို သိနိုင်သည်။
ဤမျှ ကြီးမားသော အန္တရာယ်ကြောင့် အမတဧကရာဇ်မင်း နှစ်ပါးမှာ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။
သူတို့၏ မှော်အတတ်များကို အလျင်အမြန် အသက်သွင်းကာ အချိန်မြစ်ထဲသို့ လိုက်ပါဝင်ရောက်သွားကြသည်။ သေကြေပျက်စီးရမည် တန်ဖိုးကိုပင် ထည့်မတွက်ဘဲ ၊ သူတို့သည် ပီယွီ့ကောင်းကင်အရှင်နှင့် ပြင်းထန်စွာ တိုက်ခိုက်ကြပေတော့သည်။
ဝုန်းးးးးး!
အချိန်မြစ်သည် ထိပ်တန်း စွမ်းအားရှင်များ၏ သက်ရောက်မှုအောက်တွင် ၊ ကြောက်မက်ဖွယ် ကောင်းသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေခဲ့ကာ ခေတ်ကာလ ပုံရိပ်များစွာ ပါဝင်နေသည့် အချိန်အစအနများသည် ပြင်းထန်စွာ လွင့်စင် ပေါက်ကွဲကုန်သည်။
ဤနေရာသို့ ရောက်ရှိလာသည်မှာ အမတဧကရာဇ်မင်းများ၏ ဓမ္မကိုယ်ပွားများသာ ဖြစ်သော်လည်း ၊ သူတို့သည် အမတဧကရာဇ်အဆင့်ရှိ နိယာမများကို ထိန်းချုပ်နိုင်စွမ်းရှိပြီး ထို့အပြင် အမတဧကရာဇ် လက်နက်များ၏ အကူအညီကြောင့် ထုတ်လွှတ်လိုက်သော စွမ်းအားများသည် အဆုံးစွန်သော တန်ခိုးအရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့သည်။
...........
သို့သော် သူတို့ ရင်ဆိုင်နေရသည်မှာ တစ်ချိန်က အမတဧကရာဇ် အဆင့်ထက် ကျော်လွန်ခဲ့ဖူးသော ပီယွီ့ကောင်းကင်အရှင် ဖြစ်သည်။ သူတို့ နှစ်ဦး ပူးပေါင်းကာ အစွမ်းကုန် ကြိုးစားသော်လည်း ၊ မနည်း တောင့်ခံနိုင်ရုံသာ ရှိပြီး တန်ပြန် တိုက်စစ်ဆင်ရန် အခွင့်အရေး မရှိခဲ့ပေ။
ဘုန်း ဘုန်း !
သူတို့ သုံးဦးသည် အချိန်မြစ်ထက်တွင် မရပ်မနား တိုက်ခိုက်နေကြပြီး၊ ၎င်းတို့၏ လှုပ်ရှားမှုတိုင်းက ပြင်းထန်သော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည်။
အချိန်နှင့် အာကာသ အပိုင်းအစများသည် လေထဲတွင် ဝဲပျံလျက် ၊ နိယာမတရားများသည် ပြင်းထန်စွာ ရိုက်ခတ်လို့နေလေ၏။
အမတနယ်မြေရှိ အခြားသော အမတဧကရာဇ်မင်း အများအပြားသည် ဤကြောက်မက်ဖွယ်ရာ စွမ်းအားကို သတိထားမိခဲ့ကြသည်။
အမတသခင်တရားစီရင်ရေးရုံးတော်၌ ကျင့်ကြံအားထုတ်နေသော ထျန်းယွီ့အမတဧကရာဇ်မင်း သည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
စကြဝဠာကဲ့သို့ နက်ရှိုင်းသော သူ၏ မျက်ဝန်းများသည် မိုင်ပေါင်း ကုဋေချီသော ဟင်းလင်းပြင်ကို ထိုးဖောက်ကာ အချိန်မြစ်ထက်သို့ ကျရောက်သွားပြီး အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည် ။
"အမ် .. ဒါ ဘယ်လိုဖြစ်တာလဲ...”
"အမတဧကရာဇ်မင်းတွေက အချိန်မြစ်ထက်မှာ တိုက်ခိုက်နေကြတာလား... ဘာကြောင့်လဲ”
သူ၏ နတ်အသိစိတ်အာရုံဖြင့် ဆက်တိုက် စစ်ဆေးကြည့်ပြီးနောက် နောက်ဆုံးတွင် အရှိန်အဝါတစ်ခုကို ဖမ်းဆုပ်နိုင်ခဲ့သည်။
သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
"ဒီအရှိန်အဝါက... ချန်ယွမ် အမတဧကရာဇ်မင်း... ထျန်းချန် အမတ ဧကရာဇ်မင်း...?"
"သူတို့ နှစ်ယောက် ပူးပေါင်းပြီး... ပီယွီ့ကောင်းကင်အရှင် ကို တိုက်ခိုက်နေကြတာလား"
တအံ့တဩဖြစ်နေသော ထျန်းယွီ့အမတဧကရာဇ်မင်း၏ မျက်လုံးများမှာ ပို၍ပင် ပြူးကျယ်သွားခဲ့သည်။
နည်းနည်းမှ ဆက်စပ်မှု မရှိသော ဤလူများသည် အဘယ်ကြောင့် ယခုလို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်ကို သူ လုံးဝမှ နားမလည်နိုင်တော့ချေ။
……
ကောင်းကင်မိစ္ဆာအမတ နယ်မြေ ။
တိ့ကျွင်း အမတ ဧကရာဇ်မင်းသည်လည်း ဤအခိုက်အတန့်တွင် မရပ်မနား လှုပ်ခတ်နေသော အချိန်မြစ်ကို စိုက်ကြည့်နေသည်။
သူ၏ ပါးစပ်မှ တိုးတိုးလေး ရေရွတ်လိုက်သည် ။
"သူတို့ သုံးယောက်က ဘယ်လိုဖြစ်ပြီး အချိန်မြစ်ထဲမှာ တိုက်နေကြတာတုန်း “
"ချောင်ကဲ ပြောတာတော့... ကွေးယွမ်အမတဂိုဏ်းက အင်အားစုကြီး နှစ်ခုက လူတွေနဲ့ နတ်ဘုရားလက်နက် အမတမျှော်စင် မှာ ပြင်းထန်တဲ့ ပဋိပက္ခ ဖြစ်ခဲ့ကြတယ် ဆိုပဲ..."
"ဒါကြောင့်ပဲ ခုလို အကြီးအကျယ် တိုက်ပွဲ ဖြစ်နေတာလား...”
ထိုသို့ ရေရွတ်ပြီးနောက်၊ သူ၏ အပြုံးသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ထူးဆန်းသော အမူအရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည် ။
"ဒါပေမဲ့ အမတနယ်မြေမှာ ဒီလို ရှုပ်ရှုပ်ထွေးထွေး ဖြစ်တာဟာလည်း ကောင်းတဲ့ကိစ္စပါပဲ”
ဤတိုက်ပွဲ၏ လှုပ်ခတ်မှုမှာ အလွန် ကြောက်စရာ ကောင်းသည်။
အစွမ်းထက်သော အမတဧကရာဇ်မင်းများသာမက အမတဘုရင်များလည်း ဤကြောက်မက်ဖွယ်ရာ လှိုင်းတံပိုးအတတ်အကျကို ခံစားခဲ့ရသည်။
သူတို့အားလုံး တုန်လှုပ်ချောက်ချားနေကြပြီး မျက်နှာများမှာ ဖြူဖျော့နေကြသည်။
ဒေဝလောက ပြန်လည်စတင်ရာခေတ်သည် ယခုလေးတင်မှ စတင်ခြင်း ဖြစ်ပြီး ၊ မျိုးဆက်သစ် ပါရမီရှင်များသည်လည်း သိပ်မကြာခင်ကမှ အမတနယ်မြေတစ်ခွင်သို့ ခြေဆန့်ရုံသာ ရှိသေး၏။
သို့သော် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီး တစ်ခု ဖြစ်လာပြီလော။
အမတနယ်မြေ၏ အခြေအနေသည် တစ်ဖန် ပြန်၍ ပြောင်းလဲတော့မည်လော။
***