ဝုန်းးး!
ကြယ်တာရာများ တိုက်မိကြသကဲ့သို့ ထူးဆန်းသော မြင်ကွင်းတစ်ခုသည် အချိန်မြစ်ထဲတွင် ပေါက်ကွဲထွက်ပေါ်လာသည်။
"ပျက်သုဉ်းစေ!”
ပီယွီ့ကောင်းကင်အရှင်၏ နှုတ်ခမ်းဖျားမှ စကားနှစ်လုံး ထွက်ပေါ်လာပြီးနောက်၊ သူမ၏ လက်ကို မြောက်ကာ အချိန်မြစ်ထဲသို့ ဖြည်းညင်းစွာ ဖိချလိုက်သည်နှင့် …
တစ်လောကလုံးကို ထင်ဟပ်နေသော မိုးမခပင်ကြီးမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး ၊ ပြင်းထန်သော ပရမ်းပတာစွမ်းအားများကို ဆောင်ကျဉ်းကာ ခေတ်ကာလ အဆက်ဆက်ကို မွှေနှောက်ဖျက်ဆီးပစ်လေသည်။
ဤကဲ့သို့သော ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအားများရှေ့မှောက်တွင် ၊ အမတဧကရာဇ်မင်း နှစ်ပါးမှာ တောင့်ခံ့နိုင်စွမ်း မရှိတော့ချေ။
‘ဘုန်း'ခနဲ့ ထွက်ပေါ်လာသော ကျယ်လောင်သံနှင့်အတူ ၊ အချိန်မြစ်ထက်တွင် ကြီးမားသော လှိုင်းလုံးကြီးများ ထကြွလာပြီး အမတဧကရာဇ်မင်း နှစ်ပါးမှာ ကြိုးပျက်သွားသော စွန်ကဲ့သို့ နောက်သို့ လွင့်ထွက်သွားကာ မဟာလမ်းစဉ် အာကာသ၏ အလွှာများသည် တစ်ခုပြီးတစ်ခု ရိုက်ချိုးခံလိုက်ရသည်။
ကွဲအက်သံ….
သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲရာများ ဖြစ်ပေါ်လာပြီး ၊ ဒဏ်ရာအပြင်းအထန် ရကာ အချိန်မရွေး ပြိုလဲတော့မည့်အလား ဖြစ်နေသည်။
အမတဧကရာဇ်မင်းများ အဖြစ် ၊ သူတို့၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်မှာ အလွန်ခိုင်ခံ့သန်မာပြီး အမတနယ်မြေ၏ အထွတ်အထိပ်တွင် ရှိကာ ၊ ကိုယ်ပွားတစ်ခု ဖြစ်လျှင်ပင် ဒဏ်ရာအပြင်းအထန် ရရန် မဖြစ်နိုင်ချေ။
သို့သော် ယခု ပီယွီ့ကောင်းကင်အရှင်၏ တိုက်ခိုက်မှုအောက်တွင် ၊ သူတို့၏ ခန္ဓာကိုယ်များသည် တခဏချင်း ကြေမွတော့မည့် အခြေအနေသို့ ရောက်ရှိခဲ့ရချေပြီ။
သို့သော် ကြောက်ရွံ့မှုထက် သူတို့၏ စိတ်ထဲတွင် ဒေါသများက ပို၍ ပြင်းထန်နေသည်။
"ကောင်းလှချည်လား ကွေးယွမ်အမတဂိုဏ်း! ပီယွီ့ကောင်းကင်အရှင်!"
ထျန်းချန် အမတ ဧကရာဇ်မင်းက ဒေါသတကြီးဖြင့် ထပ်မံ အော်ဟစ်လိုက်သည်။
"ဒီလို ပဋိပက္ခလေး တစ်ခုအတွက်နဲ့ စီနီယာက ကျုပ်တို့အပေါ် ဒီလောက်အထိ ရက်စက်ရသလား”
"အမတနယ်မြေရဲ့ ဟောကိန်းအရ ဒီခေတ်ကာလမှာ အမှောင်ထုက ပြန်လည် နိုးထလာတော့မယ်၊ ဒုတိယအကြိမ်မြောက် အဆုံးမဲ့ကပ်ဘေးကြီး ကျရောက်လာတော့မယ်..."
ချန်ယွမ် အမတဧကရာဇ်မင်းကလည်း ဟိန်းဟောက်လိုက်သည်။
"စီနီယာနဲ့ ကွေးယွမ်အမတဂိုဏ်းက တကယ်ပဲ ကျုပ်တို့နဲ့ စစ်ပွဲ ဆင်နွှဲပြီး အမတနယ်မြေရဲ့ အပြစ်သားတွေ ဖြစ်ချင်တာလား"
တစ်ချိန်တည်းမှာပင် သူတို့ နှစ်ဦး၏ စိတ်ထဲ၌လည်း မယုံကြည်နိုင်ဖြစ်လို့နေသည်။
စူးချန်ကဲ၏ အစောင့်အရှောက်မှာ သူတို့ကဲ့သို့ အမတဧကရာဇ်မင်း တစ်ပါး ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် ယခုတွင်မူ တစ်ချိန်က အမတဧကရာဇ် အဆင့်ထက် ကျော်လွန်ခဲ့သော ပီယွီ့ကောင်းကင်အရှင် ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားရှင်မှာ ပီယွီ့ကောင်းကင်အရှင် ဖြစ်ကြောင်း ကြိုသိခဲ့လျှင်ဖြင့် သူတို့ နှစ်ယောက်လုံး ဤနေရာသို့ လုံးဝ လာရောက်မည် မဟုတ် ။
ထို့အပြင် မူလက သူတို့အနေဖြင့် မည်မျှပင် ကြိုးစားပါစေ ၊ မိမိတို့ ဂိုဏ်းမှ အမတဘုရင် အစောင့်အရှောက်များနှင့် အဆက်အသွယ် မရနိုင်ခဲ့သည့် အကြောင်းရင်းကို ယခုမှသာ နားလည်သွားခဲ့သည်။
ပီယွီ့ကောင်းကင်အရှင်မှ သတ်ဖြတ်ပစ်လိုက်သည်မှာ သေချာသည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသာလျှင် သူတို့ မသိအောင် ထိုကိစ္စကို လုပ်ဆောင်နိုင်ပေလိမ့်မည်။
သို့သော် သူတို့ စိတ်ထဲတွင် မေးခွန်းတစ်ချို့ ရှိနေသေးသည်။ ပီယွီ့ကောင်းကင်အရှင်သည် အဘယ်ကြောင့် သူတို့ဂိုဏ်းမှ အမတဘုရင်များကို သတ်ဖြတ်ခဲ့ရသနည်း။
ထို့အပြင် သူမ ပေါ်ထွက်လာလာချင်း ၊ သူတို့ကို အဘယ်ကြောင့် သတ်ဖြတ်ရန် ကြိုးစားနေသနည်း။
သူတို့ နှစ်ဦးနှင့် သူမကြားတွင် မည်သည့် ရန်ငြိုးမှ မရှိခဲ့ဖူးပေ။ အကယ်၍ စူးချန်ကဲ အတွက်နှင့် သူတို့နှင့်သာမက သူတို့နောက်ကွယ်မှ အင်အားစုများနှင့်ပါ အမတစစ်ပွဲ ဆင်နွှဲရန် ကြိုးစားခြင်းမှာ အတော်လေး ချဲ့ကားလွန်းသည်ဟု ဆိုရပေတော့မည်။
……
၎င်းတို့နှစ်ဦး၏ စကားများကို ကြားသော်လည်း ပီယွီ့ကောင်းကင်အရှင် မှာ အနည်းငယ်မျှပင် တုန်လှုပ်သွားခဲ့ခြင်း မရှိပေ။
နတ်အလင်းတန်းများ၏ ဖုံးလွှမ်းမှုအောက်တွင် သူမ၏ ရုပ်သွင်နှင့် အမူအရာကို မြင်ရန် ခဲယဉ်းလှသော်လည်း၊ သူမ၏ နှုတ်မှ မည်သည့် ခံစားချက်မျှ မပါသော အေးစက်သည့် အသံတစ်ခုသာ ထွက်ပေါ်လာခဲ့သည် ။
"ဟမ်... ငါ့အပေါ်ကို ပုပ်ခတ်တဲ့ စကားတွေ လာမပြောနဲ့”
"ငါက မင်းတို့နှစ်ယောက်လိုမျိုး ကိုယ့်အဆင့်အတန်းကို အသုံးချပြီး ကိုယ့်ထက်ငယ်တဲ့သူကို နှိပ်စက်ရလောက်အောင် အရှက်မရှိတဲ့သူ မဟုတ်ဘူး”
"ငါ ဘာလို့ မင်းတို့ကို တိုက်ခိုက်ရသလဲဆိုတာ... မင်းတို့ စိတ်ထဲမှာလည်း အဖြေရှိပြီးသားလို့ ငါထင်တယ်”
ပီယွီ့ကောင်းကင်အရှင်၏ စကားများသည် သူတို့၏ စိတ်နှလုံးသားထဲသို့ ကျဆင်းလာသော နတ်တောင်ကြီးတစ်ခုကဲ့သို့ ၊ စိတ်ဝိညာဉ်သည်ပင် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားသည်။
တစ်ဖက်လူရဲ့ စကားက ဘာကို ဆိုလိုတာလဲ?
သူတို့ စိတ်ထဲမှာ အဖြေရှိပြီးသား ဟုတ်လား?
သူတို့နှစ်ဦး၏ စိတ်ထဲတွင် ရှိနေသည့် တစ်ခုတည်းသော စိုးရိမ်ကြောက်ရွံ့မှုမှာ သူတို့သည် အမတနယ်မြေ ကောင်းကင်လမ်းစဉ်၏ လျှို့ဝှက်လက်ပါးစေများ ဖြစ်နေသည့် အချက်မှလွဲ၍ အခြား မရှိချေ။
သို့သော် ဤလျို့ဝှက်ချက်သည် သူတို့နှစ်ယောက်အတွက် တားမြစ်ချက်တစ်ခု ဖြစ်ပြီး ၊ ဂိုဏ်းအတွင်းရှိ အဆင့်မြင့် အကြီးအကဲများမှလွဲ၍ သူတို့၏ ကိုယ်ပိုင်တပည့်များပင် ဤအကြောင်းကို မသိကြချေ။
ပီယွီ့ကောင်းကင်အရှင်သည် အမှန်ပင် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း ၊ သို့သော် သူမသည် အပြင်လူတစ်ဦးသာ ဖြစ်ရာ ဤလျှို့ဝှက်ချက်ကို သိရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။
"စီနီယာ... ဒါက တစ်ခုခု အထင်လွဲနေသလိုပဲ..."
ချန်ယွမ် အမတဧကရာဇ်မင်း၏ စကား မဆုံးသေးမီမှာပင်၊ ပီယွီ့ကောင်းကင်အရှင်က ဖြတ်ပြောလိုက်သည် ။
"မင်းတို့ရဲ့ ရှင်းပြချက်တွေကို နားထောင်ဖို့ ငါ့မှာ အချိန်မရှိဘူး”
"နောက်မှ ကွေးယွမ်အမတဂိုဏ်းက မင်းတို့ကို အေးအေးလူလူ သေခွင့်ပေးလိမ့်မယ် “
ပီယွီ့ကောင်းကင်အရှင်သည် မည်သည့်ခံစားချက်မှ မပါဘဲ စကားလုံး တစ်လုံးချင်းစီ ထုတ်ပြောလိုက်ပြီး ၊ မျက်စိတမှိတ်အတွင်းမှာပင် အမတဧကရာဇ်မင်း နှစ်ပါးနှင့် အင်အားစုကြီး နှစ်ခု၏ ကံကြမ္မာကို ချမှတ်ခဲ့သည်။
ထို့နောက် ပီယွီ့ကောင်းကင်အရှင်သည် သူမ၏ လက်ကို မြှောက်ကာ ရှေ့က ဟင်းလင်းပြင်ကို အသာလေး တို့ထိလိုက်သည်။
ဝီ!
နတ်အလင်းလှိုင်းများ ပျံ့နှံ့ရိုက်ခတ်သွားပြီး၊ ထိုစွမ်းအား၏ သက်ရောက်မှုအောက်တွင် အချိန်မြစ်တစ်ခုလုံးသည် တစ်ဖန် ပြန်၍ ရူးသွပ်စွာ ဟောက်သံပြုလို့လာသည်။
မရေမတွက်နိုင်သော နတ်အလင်းများ ဆန်တက်လာကာ ၊ အဆုံးတွင် ပီယွီ့ကောင်းကင်အရှင်၏ ဦးခေါင်းထက်၌ ရွှေခရမ်းရောင် ရှိသော ဝဲဂယက်တစ်ခုအဖြစ် ပေါင်းစပ်သွားသည်။
ယင်းအတွင်းမှ ရွှေခရမ်းရောင် ရောင်ဝါမျှင်များ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။
၎င်းတို့သည် တဖြည်းဖြည်း ပျံ့နှံ့သွားသည်နှင့်အမျှ ၊ အချိန်မြစ်အတွင်းရှိ ထောင်ပေါင်းများစွာသော အချိန်နှင့် အာကာသ အပိုင်းအစများသည် အညံ့ခံသည့်အလား သိသိသာသာ မှေးမှိန်သွားခဲ့သည်။
ဤလျို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်အငွေ့အသက်များကို အနီးကပ် ခံစားလိုက်ရသည်နှင့် ၊ အမတဧကရာဇ်မင်း နှစ်ပါးစလုံး ချက်ချင်းဆိုသလို မျက်နှာများ ဖြူဖျော့သွားကြသည်။
"ဒါက... ရှေးဦးခရမ်းချီလား..."
***