အကယ်၍ အင်အားစုတစ်ခုခုက အလွန်အမင်း အင်အားကြီးမားလာပါက သို့မဟုတ် အလွန်အမင်း ထင်ပေါ်ကျော်ကြားလာပါက ၊ သူတို့သည် အခြားသော ခေတ်ဟောင်း လူ့ဘီလူးကြီးများ သို့မဟုတ် အခြားသော အင်အားစုများနှင့် ပူးပေါင်းကာ နည်းမျိုးစုံသုံး၍ ထိုအင်အားစုကို ဟန့်တားနှိပ်ကွပ်ကြပေလိမ့်မည်။
ပို၍ ရွံရှာဖို့ကောင်းသည်မှာ၊ ၎င်းတို့သည် တစ်ဖက်လူအား လောကကြီးမှ ခက်ခက်ခဲခဲ ထိန်းသိမ်းထားရသော ငြိမ်းချမ်းရေးနှင့် စည်းလုံးမှုကို ဖျက်ဆီးပစ်သည့် ဒေဝလောက၏ ပြစ်မှုကျူးလွန်သူများအဖြစ် စွပ်စွဲချောက်ချခြင်းပင်။
"ဒါပေမဲ့ အဲ့တော့ ဘာဖြစ်လဲ”
တုံထျန်း အဝေးဘိုးဘေး၏ လေသံသည် တည်ငြိမ်နေဆဲပင် ဖြစ်သည်။
"အကယ်၍ လောကကြီးက သူတို့ တားမြစ်အင်အားစု သုံးခုရဲ့ တည်ရှိမှုကို ခွင့်မပြုနိုင်ဘူးဆိုရင်၊ ဒါဆို ဒီလောကကြီးဟာလည်း ဆက်ပြီး တည်ရှိနေဖို့ မလိုအပ်တော့ဘူး”
ထိုစကားကို ကြားလိုက်ရသော ပီယွီ့ကောင်းကင်အရှင်မှာ ဆွံ့အနေမိသည်။
ဤမျှ အသက်ကြီးနေပြီဖြစ်သော်လည်း ပြောလိုက်သည့် စကားများမှာ အတိုင်းအဆမရှိ မောက်မာလွန်းသည်။
သို့သော် သူမအနေဖြင့် ထိုစကားနှင့်ပတ်သတ်၍ ဘာမှ ပြန်မပြောနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ ပြောသည်မှာ အမှန်တရားပင် ဖြစ်သည်။
ဤတားမြစ်အင်အားစုကြီး သုံးဖွဲ့သည် ဒေဝလောကတစ်ခုလုံးကို ရင်ဆိုင်နိုင်မည်ဟု မဆိုနိုင်သော်လည်း ၊ သို့သော်လည်း စကြဝဠာတစ်ခုလုံးကို ဖျက်ဆီးပြီး ပြန်လည်တည်ဆောက်ရန်မှာ လုံးဝ ဖြစ်နိုင်သည်။
ထို့ကြောင့်သာလျှင် အရိပ်ထဲတွင် ပုန်းကွယ်နေသော ထိုလူများသည် လှည့်ကွက်များကိုသာ သုံးရဲပြီး ၊ တားမြစ်အင်အားစု သုံးဖွဲ့နှင့် မျက်နှာပျက်အောင် မပြုလုပ်ရဲခြင်း ဖြစ်သည်။
"ဒါပေမဲ့ အခုက ဒေဝလောက ပြန်လည်စတင်ရာခေတ် ဆိုတော့ … အမတနယ်မြေရဲ့ ပါရမီရှင်တွေဟာလည်း အပြင်မှာ သွားလာနေကြပြီ”
ပီယွီ့ကောင်းကင်အရှင်က တစ်ဖန် ပြန်ပြောလိုက်သည်။
"ရှင်တို့က အင်အားစုကြီး နှစ်ခုအပေါ် အမတစစ်ပွဲ ဆင်နွှဲလိုက်ရင်၊ အဲဒီအင်အားစု နှစ်ခုက ရူးသွပ်သွားပြီး စူးချန်ကဲကို ဘာမှဂရုမစိုက်ဘဲ တိုက်ခိုက်လာမှာကို မကြောက်ဘူးလား…. ဒါမှမဟုတ် စူးချန်ကဲကို ခဏလောက် ကွေးယွမ်အမတဂိုဏ်းဆီ ပြန်ခေါ်ထားပြီး အပြင်မထွက်ခိုင်းဘဲ နေမှာလား “
"ကိစ္စမရှိဘူး ၊ ဒီအင်အားစု နှစ်ခုကို အမြစ်ဖျက်ဖို့က အချိန်အများကြီး ပေးစရာမလိုဘူး”
တုံထျန်း အဝေးဘိုးဘေးက ပြုံးလျက် ပြန်ပြောလိုက်သည်။
"ပြီးတော့ ပီယွီ့... မင်းက စူးချန်ကဲကို စောင့်ရှောက်ပေးနေတာပဲ၊ ချန်ကဲအတွက် ဘာအန္တရာယ်မှ ရှိလာမှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်”
"ကဲ... ကျန်တဲ့ ကိစ္စတွေကိုတော့ မင်းကိုပဲ အပ်ခဲ့လိုက်ပြီ၊ ငါ အခု ဂိုဏ်းကို ပြန်ပြီး နောက်ဆက်တွဲ ကိစ္စတွေကို ပြင်ဆင်လိုက်ဦးမယ်”
ပီယွီ့ကောင်းကင်အရှင်မှာ ပြန်ပြောရန်ပင် အခွင့်အရေး မရလိုက်ချေ။ တုံထျန်း အဝေးဘိုးဘေးသည် အလင်းမိုးများအဖြစ် ပြောင်းလဲကာ အချိန်မြစ်အတွင်း၌ ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့လေသည်။
အကယ်၍ အမတအလင်းများအောက်မှ ပီယွီ့ကောင်းကင်အရှင်၏ မျက်နှာကို မြင်နိုင်မည်ဆိုပါက၊ သူမ၏ မှုန်ကုတ်နေသော မျက်နှာကိုသာ မြင်ရပေလိမ့်မည်။
အခက်ခဲဆုံး အလုပ်ကို သူမ၏ ပခုံးပေါ်သို့ ပုံချသွားခြင်းပင် မဟုတ်လော။
အစောပိုင်းက တုံထျန်း အဝေးဘိုးဘေး ပြောခဲ့သည်မှာ သူမအနေဖြင့် ဤအမတဧကရာဇ် ဓမ္မကိုယ်ပွား နှစ်ခုကို သတ်ပေးရန်သာ ဖြစ်ပြီး၊ ကျန်သည့်ကိစ္စများကို ကွေးယွမ်အမတဂိုဏ်းမှ အကုန်တာဝန်ယူမည်ဟု ဆိုခဲ့သည်။
သို့သော် ယခုတွင်မူ သူမကိုယ်တိုင်လည်း ဤပွဲထဲသို့ ပါဝင်ပတ်သက်သွားခဲ့ပြီ မဟုတ်လော။
"ရှင် ပြောတာကို ယုံတဲ့သူက အရူးပဲ!"
" ယုတ်မာတဲ့ အဘိုးကြီး... တကယ်ကို လူလည်ကျလွန်းတယ် “
ပီယွီ့ကောင်းကင်အရှင်သည် တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက်၊ သူမ၏ ပုံရိပ်မှာလည်း အလင်းမိုးများအဖြစ် ပျောက်ကွယ်သွားလေတော့သည်။
သူတို့ နှစ်ဦး ပျောက်ကွယ်သွားပြီးနောက် ၊
ထိုနေရာသို့ နတ်အလင်းတန်းများစွာ ကျရောက်လာပြီး အချိန်မြစ် တစ်ခုလုံး တသိမ့်သိမ့် တုန်ခါလျက်ရှိကာ ၊ အဆုံးတွင် အားကောင်းလှသော မှုန်ဝါးဝါး ပုံရိပ်များစွာ ထွက်ပေါ်လာခဲ့သည်။
" ဘုရားရေ … ဒီနေရာမှာ ကျန်ခဲ့တဲ့ အရှိန်အဝါက တကယ်ကို ကြောက်စရာကောင်းလိုက်တာ... ဒါက သာမန် အမတဧကရာဇ်မင်းတွေ ချန်ထားနိုင်တဲ့ နိယာမဆိုင်ရာ တာအိုစည်းချက်မျိုး မဟုတ်ဘူး..."
" ကျွတ် ကျွတ် … ထျန်းချန် အမတ ဧကရာဇ်မင်း နဲ့ ချန်ယွမ် အမတဧကရာဇ်မင်း တို့က ဘယ်လောက်တောင် ထွက်ပြေးစရာ လမ်းမရှိတော့လို့ သူတို့ရဲ့ ဓမ္မကိုယ်ပွားကိုတောင် ဖောက်ခွဲပစ်လိုက်ရတာလဲ!"
"သူတို့တွေ ဘာများလုပ်ခဲ့မိလို့ ကွေးယွမ်အမတဂိုဏ်းနဲ့ ပီယွီ့ကောင်းကင်အရှင်ကို ဒီလောက်အထိ ဒေါသထွက်အောင် လုပ်မိတာလဲ မသိဘူး..."
"ဟူး... ဒေဝလောက ပြန်လည်စတင်ရာခေတ်က အခုမှ စတင်တာ … မျိုးဆက်သစ် ပါရမီရှင်တွေဟာလည်း အခုမှ အမတနယ်မြေမှာ ခြေဆန့်တုန်း ရှိသေးတယ် … ဒီကိစ္စကြောင့် စစ်ပွဲကြီး ဖြစ်လာရင်တော့ ဒါ တကယ်ကို မသင့်တော်ဘူး!"
လူတစ်ယောက်က ရုတ်တရက် ပြောဆိုလိုက်သည် ။
"ဒါဆိုရင် အမတသခင် တရားစီရင်ရေးရုံးတော် နဲ့ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ က လူတွေကို ဒီကိစ္စမှာဝင်ပါခိုင်းရင်ရော ….သူတို့က ငါတို့ အမတနယ်မြေရဲ့ အုပ်စိုးရှင်တွေလို့ ကိုယ့်ကိုယ်ကိုယ် ကြေညာထားကြတာ မဟုတ်လား”
"ဟွန့်! အဲဒီလူတွေကလည်း အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးတဲ့သူကို ကြောက်တဲ့သူတွေပဲ… သူတို့က ကွေးယွမ်အမတဂိုဏ်းနဲ့ မျက်နှာပျက်အောင် လုပ်ရဲပါ့မလား”
"ဒါပေမဲ့ ဒီကိစ္စကြောင့် မျိုးဆက်သစ် ပါရမီရှင်တွေရဲ့ ဖြတ်သန်းသွားလာခွင့်ကို ထိခိုက်မယ်ဆိုရင်တော့ ဒါက ငါတို့အားလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်တာပဲ!"
ထိုစကားသံအဆုံးတွင် ၊ ဤနေရာသို့ ရောက်ရှိလာကြသော ပုံရိပ်များမှာ အချိန်အတော်ကြာ နှုတ်ဆိတ်နေကြသည်။
သူတို့သည် အမတဧကရာဇ်များ ဖြစ်ကြသော်လည်း ၊ သို့သော် ဤကိစ္စမှာ သူတို့ ဝင်စွက်ဖက်လို့ ရနိုင်သည့် အရာ မဟုတ်ပေ။
တစ်ဖက်မှာ အမတနယ်မြေ၏ တားမြစ်အင်အားစု ကိုးခုထဲမှ တစ်ခု ဖြစ်သည်။ အခြားတစ်ဖက်မှာလည်း အမတနယ်မြေ၏ သာလွန်အင်အားစုကြီး (၁၈) ခုအနက်မှ နှစ်ခု ဖြစ်သည်။
အကယ်၍ စစ်ပွဲသာ အမှန်တကယ် ဖြစ်လာပါက ၊ ၎င်း၏ ကြီးမားမှုမှာ ယခင်က ဖြစ်ပွားခဲ့သော တားမြစ်အင်အားစု သုံးခု နှင့် တားမြစ်ကုန်းပြင်မြင့်တို့ကြားက စစ်ပွဲကြီးနှင့် သိပ်ကွာမည် မဟုတ်ပေ။
...........
ပီယွီ့ကောင်းကင်အရှင်နှင့် အမတဧကရာဇ် နှစ်ပါးတို့သည် မဟာလမ်းစဉ် အာကာသထဲသို့ ဝင်ရောက်ကာ အချိန်မြစ်ထက်တွင် တိုက်ခိုက်ခဲ့ကြသော်လည်း၊ အခြားသော ပါရမီရှင်များကို မထိခိုက်စေခဲ့ပေ။
သို့သော် ပီယွီ့ကောင်းကင်အရှင် မှ ထုတ်ဖော်လိုက်သော အရှိန်အဝါသည် လူပေါင်းများစွာကို ထိတ်လန့်ကြောက်ရွံ့စေခဲ့ပြီး မြေပြင်ပေါ်သို့ ခွေကျသွားစေကာ စကားမပြောနိုင်အောင်ပင် ဖြစ်ခဲ့ရသည်။
အဆုံးတွင်၊ သူတို့၏ သဘောထားသည် ဤမျှ ရုတ်တရက်ဆန်စွာ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။
စူးချန်ကဲ၏ နောက်ကွယ်မှ အစောင့်အရှောက်သည် အမတဧကရာဇ်မင်း နှစ်ပါးကို ပြတ်ပြတ်သားသား တိုက်ခိုက်ခဲ့သည်။
ထိုကမ္ဘာပျက်မည့် မြင်ကွင်းသည် ခဏတာမျှသာ ဖြစ်သော်လည်း၊ သို့သော်လည်း အဆိုပါထိတ်လန့်ဖွယ်ရာ မြင်ကွင်းသည် သူတို့၏နှလုံးသားထဲတွင် ဖျောက်ဖျက်၍ မရသော အရိပ်တစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်။
စိတ်ဓာတ် မကြံ့ခိုင်သော ကျင့်ကြံသူများမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုကြောင့် စကားတစ်လုံးမှပင် ပြောမထွက်တော့ပေ။
စူးချန်ကဲသည်လည်း အနည်းငယ် ကြောင်အမ်းသွားပြီးနောက်၊ သူ့စိတ်ထဲတွင် ထွက်ပေါ်လာသော ပီယွီ့ကောင်းကင်အရှင်၏ ရှင်းပြချက်ကို ကြားပြီးမှသာလျှင် သတိပြန်ကပ်လာခဲ့သည်။
"အဲ့လိုလား ...."
စူးချန်ကဲသည် တီးတိုး ရေရွတ်လိုက်သည် ။
" ဒါဆို တုံထျန်း အဝေးဘိုးဘေး က ဒါတွေ အကုန်လုံးကို ကြိုတင် တွက်ဆထားပြီးသားပေါ့....”
နတ်ဘုရားလက်နက် အမတမျှော်စင်တွင် ရှိနေစဉ်က ၊ ဤအင်အားစုကြီး နှစ်ခုသည် အမတနယ်မြေ ကောင်းကင်လမ်းစဉ်နှင့် ပတ်သက်နေနိုင်ကြောင်းကို သူ ရိပ်စားမိခဲ့သည်။
သို့သော် တုံထျန်း အဝေးဘိုးဘေးမှာ ၎င်းကို ကြိုတင် တွက်ဆထားရုံသာမက ဤအခြေအနေကို အသုံးချကာ ထောင်ချောက်များပင် ကြိုတင်စီမံထားခဲ့သေးသည်။
ဖုန်းယွင်လှံခန်းမ နှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်းတို့မှာ အပြီးတိုင် အဆုံးသတ်ခဲ့ချေပြီ။
"ဂိုဏ်း... ဂိုဏ်းချုပ်.....?"
ဤမြင်ကွင်း တစ်ခုလုံးကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသော အင်အားစုကြီး နှစ်ခုမှ ပါရမီရှင် တပည့်များသည်လည်း နေရာတွင်ပင် ကြောင်အမ်းစွာဖြင့် ရပ်နေကြသည်။
အချိန်အတော်ကြာသည်အထိ မည်သည့် လှုပ်ရှားမှုမျှ မရှိချေ။
သံသယဖြစ်စရာပင် မလိုချေ။
သူတို့၏ မျက်လုံးထဲတွင် အတုမရှိသော ဂိုဏ်းချုပ်များသည် ထိုအမည်မသိ စွမ်းအားရှင်၏ လက်အောက်တွင် အပြီးတိုင် အရေးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
တစ်နည်းအားဖြင့် ၊ သူတို့အတွက် အသက်ရှင်သန်နိုင်မည့် မျှော်လင့်ချက်မှာ လုံးဝပျက်စီးသွားခဲ့ချေပြီ။
***