"စူး... ချန်ကဲ ဆက်ခံသူ!"
ကျန်းယွီကျင်းသည် ကြောက်ရွံ့တုန်လှုပ်နေသော လေသံဖြင့် ပြောလိုက်သည် ။
" စောနက ဆက်ခံသူကို ပြစ်မှားခဲ့မိတာ ကျွန်တော်တို့ရဲ့ အပြစ်ပါ..ကျွန်တော်တို့ ဆက်ခံသူကို သခင်အဖြစ် အသိအမှတ်ပြုဖို့ အသင့်ပါပဲ၊ ဆက်ခံသူအတွက်ဆိုရင် ဓားတောင်ကိုလည်း ကျော်ရဲသလို ၊ မီးပင်လယ်ကိုလည်း ဖြတ်ရဲပါတယ်!"
သူသည် ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း၊ ဤအခိုက်အတန့်တွင်မူ အတော်လေး ကြောက်လန့်နေပုံရသည်။
မိမိတို့ ဂိုဏ်းချုပ်၏ အမတဧကရာဇ်အဆင့်ရှိ ဓမ္မကိုယ်ပွားသည်ပင် ထိုအမည်မသိ စွမ်းအားရှင်၏ လက်ချက်ဖြင့် မောင်းထုတ်ခံလိုက်ရသည်။
အကယ်၍ သူသာ အညံ့မခံပါက ဤနေရာတွင် သေရမည်မှာ ဧကန်မလွဲပင်။
သူသည် ထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်သည်။
အကယ်၍ ဤနေရာတွင် မသေဆုံးခဲ့ပါက ၊ သူသည် အနာဂတ်တွင် အမတဘုရင်တစ်ပါး ဖြစ်လာမည်မှာ ဧကန်မလွဲပင်။
သူ့လိုလူတစ်ယောက်က ဒေဝလောက ပြန်လည်စတင်ရာခေတ်ရဲ့ အစပိုင်းမှာတင် စောစောစီးစီး သေစရာလား...
"ချန်ကဲ ဆက်ခံသူ... ကျွန်တော်မျိုးတို့ကို တစ်ကြိမ်လောက် ခွင့်လွှတ်ပေးပါ! ကျွန်တော်မျိုးတို့ ဆက်ခံသူရဲ့ ကျွန်အဖြစ် အမှုထမ်းပါ့မယ်!"
ကျန်းယွီကျင်း၏ စကားသံထွက်ပေါ်လာသည်နှင့် အမျှ ၊ အခြားသူများကလည်း မိမိတို့၏ သိက္ခာကို စွန့်လွှတ်ကာ စူးချန်ကဲ၏ ခွင့်လွှတ်မှုကို ရရှိရန် တောင်းပန်လာကြသည်။
သို့သော် အသည်းမာသော လူများလည်း ရှိနေသေး၏။ သူတို့သည် သေဘေးနှင့် ရင်ဆိုင်ရချိန်တွင် ၊ အသိစိတ်များ လွတ်ထွက်ကာ ရူးသွပ်စွာဖြင့် အော်ဟစ်ကြလေသည်။
"ငါတို့ ကျင့်ကြံသူတွေဟာ မဟာလမ်းစဉ်ထဲကို ဝင်လာကတည်းက သေခြင်းတရားကို ဂရုမစိုက်ခဲ့ကြဘူး၊ သေရမှာကို ဘာလို့ ကြောက်နေရမှာလဲ"
"အသက်ရှင်ဖို့အတွက် ကိုယ့်သိက္ခာကို စွန့်လွှတ်ရမှာလား…မင်းတို့လို လူမျိုးတွေနဲ့ ပေါင်းသင်းမိတဲ့ ငါ့ကိုယ်ငါ အရှက်ရမိတယ်!"
............
စိတ်ဓာတ်များ ပြိုလဲသွားပြီ ဖြစ်သော အင်အားစုကြီး နှစ်ခုမှ ပါရမီရှင်များကို ကြည့်နေသည့် စူးချန်ကဲ၏ မျက်လုံးများမှာ တည်ငြိမ်နေဆဲ ဖြစ်ကာ မည့်သည့် ခံစားချက်မျှ ရှိပုံမရပေ။
သူသည် ဤကဲ့သို့သော လမ်းဘေးခွေးများကို နောက်လိုက်အဖြစ် လက်ခံမည် မဟုတ်။
ထို့အပြင် ဤသကောင့်သားများသည် အစောပိုင်းက သူ့ကို သတ်ရန် ကြိုးစားခဲ့ကြသူများ ဖြစ်သည်။ သတ်ဖြတ်ခြင်း အစီအရင်ကြီးကိုပင် ခင်းကျင်းထားလိုက်သေးသည်။
သူတို့ကို လွှတ်ပေးလိုက်ခြင်းသည် မိမိကိုယ်ကိုယ် ရက်စက်ရာ ရောက်ပေလိမ့်မည်။
ထောင်ပေါင်းများစွာ ရှိတဲ့ ပါရမီရှင်တွေဆိုရင်ရော ဘာဖြစ်လဲ ?
သူ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ပါရမီရှင်တွေဆို ရေတွက်လို့ မရနိုင်အောင်ပဲ!
မဟာလမ်းစဉ်၏ ခရီးလမ်းမှာ မူလကတည်းက သွေးနှင့် အရိုးများ ခင်းကျင်းထားသော ခရီးလမ်းသာ ဖြစ်သည်။
"ဝမ်မင်”
စူးချန်ကဲသည် ဝမ်မင်တို့ လူအုပ်စုကို တစ်ချက် ကြည့်လိုက်ရုံဖြင့် ကြယ်စုသခင် ပါရမီရှင် သုံးဦးမှာ ချက်ချင်းပင် နားလည်သွားကြသည်။
ဝမ်မင်က ဦးစွာ အော်ဟစ် အမိန့်ပေးလိုက်သည် ။
"ကွေးယွမ်အမတဂိုဏ်းက လူတွေ နားထောင်ကြ! အင်အားစုကြီး နှစ်ခုက လူတွေကို တစ်ယောက်မကျန် သုတ်သင်ကြစမ်း!"
လော့ရန်ယွီ ကလည်း ထပ်မံ အမိန့်ပေးလိုက်သည် ။
"ယောင်ကွမ်အမတဂိုဏ်း က လူတွေ နားထောင်ကြ၊ အင်အားစုကြီး နှစ်ခုက လူတွေကို ရှင်းလင်းပစ်ကြ!"
သူတို့ နှစ်ဦး၏ စကားသံအဆုံးတွင် ၊
ကွေးယွမ်အမတဂိုဏ်းနှင့် ယောင်ကွမ်အမတဂိုဏ်းမှ ကျင့်ကြံသူများသည် မိမိတို့၏ အမတစွမ်းအားများကို ချက်ချင်းလက်ငင်း အသက်သွင်းကာ အင်အားစုကြီး နှစ်ခုမှ ကျင့်ကြံသူများကို စတင် သုတ်သင်လေတော့သည်။
အင်အားစုကြီး နှစ်ခုမှ လူများသည် ၎င်းတို့၏ တာအိုစိတ်နှလုံးသားများကို ဆုံးရှုံးခဲ့ရပြီး ဖြစ်သော်လည်း ၊ သေခြင်းတရားကို ရင်ဆိုင်ရာတွင် ၎င်းတို့၏ မသိစိတ်က ခုခံတိုက်ခိုက်နေဆဲ ဖြစ်သည်။
သို့သော် သူတို့၏ ထိပ်တန်း ပါရမီရှင်များသည် တဖက်လူ၏ နှိပ်ကွပ်ခြင်းကို ခံထားရပြီး ဖြစ်ရာ၊ ကျန်ရှိနေသော သူများအဖို့ အသက်စွန့်၍ ခုခံလျှင်ပင် မည်သို့မျှ အရာထင်မည် မဟုတ်ပေ။
မကြာမီမှာပင် အော်ဟစ်သံများက နေရာအနှံ့ ပဲ့တင်ထပ်သွားလေသည်။
ဤလောကကြီးထဲတွင် ထူးချွန်သော ပါရမီရှင်များမှာ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားကြပြီး ၊ သူတို့၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်များပင် ပျောက်ကွယ်သွားသည်ကို မြင်တွေ့နေရသည်။
သိပ်သည်းသော သွေးစွမ်းအင်၏ လွှမ်းမိုးမှုအောက်တွင် ၊ ဤမြေတွင် သွေးမိုးများပင် သည်းထန်စွာ ရွာသွန်းလို့လာလေ၏။
နာကျင်သော အော်ဟစ်သံများ၊ ကျိန်ဆဲသံများ၊ အကူအညီတောင်းခံသံများကို တစ်စုတစ်စည်းတည်း ကြားနေရပြီး ၊ ငရဲပြည်၏ မြင်ကွင်းကို ပုံဖော်ထားသည့်အလား ထင်မှတ်ရပေသည်။
........
အချိန်မည်မျှ ကုန်ဆုံးသွားလေသလဲ မသိချေ။
အင်အားစုကြီး နှစ်ခုမှ ကျင့်ကြံသူများကို သုတ်သင်ရှင်းလင်းသည့် ပွဲကြီးမှာ ပြီးဆုံးသွားခဲ့ချေပြီ။
ဤအရာအားလုံး ပြီးဆုံးပြီးနောက် ၊ ကွေးယွမ်အမတဂိုဏ်းနှင့် ယောင်ကွမ်အမတဂိုဏ်းမှ ပါရမီရှင်များသည် တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။
သူတို့၏ ရောင်ဝါများ လုံးဝ ပျောက်ကွယ်သွားပြီးနောက်မှသာလျှင် ၊
ဤဖြစ်ရပ်တစ်ခုလုံးကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် ကျင့်ကြံသူများမှာ မိမိတို့၏ စူးစမ်းလိုစိတ်ကို မထိန်းနိုင်တော့ဘဲ စစ်မြေပြင်ထဲသို့ လာရောက် ကြည့်ရှုကြလေတော့သည်။
မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူတို့၏ တာအိုစိတ်နှလုံးသားသည်ပင် ပြင်းထန်စွာ တုန်ခါသွားရသည်။
ဤသည်မှာ လူ့ငရဲဘုံတစ်ခု ဖြစ်ပြီး ၊ သွေးနံ့များဖြင့် ဖုံးလွှမ်းနေသည်။
ပူနွေးသော သွေးများသည် မြစ်တစ်ခုသဖွယ် စီးဆင်းနေပြီး ၊ မြေကြီးပေါ်တွင် ထိတ်လန့်ဖွယ် ကောင်းအောင် နီရဲတွတ်နေသည်။
နာကျည်းမှု၊ မကျေနပ်မှု၊ နောင်တရမှု စသော အမျိုးမျိုးသော ခံစားချက်များသည် လေထုထဲတွင် ပြည့်နှက်နေပြီး ၊ ဤနေရာသို့ ခြေချမိသူတိုင်းကို အေးစိမ့်သွားစေသည်။
အားလုံး ပျောက်ကွယ်သွားခဲ့ချေပြီ။
နတ်ဘုရားလက်နက် အမတမျှော်စင်သို့ လာရောက်ခဲ့ကြသည့် ထျန်းချန်လမ်းစဉ်ဂိုဏ်းနှင့် ဖုန်းယွင်လှံခန်းမမှ ထောင်ပေါင်းများစွာသော ပါရမီရှင်များမှာ တစ်ယောက်မကျန် အသတ်ခံလိုက်ရပြီ ဖြစ်သည်။
အမတနယ်မြေ၏ ထောင်ပေါင်းများစွာသော ပါရမီရှင်များသည် တစ်နေရာတည်းတွင် တစ်ပြိုင်နက်တည်း ပျက်သုန်းခဲ့ရသည့် ဤထိတ်လန့်ဖွယ်ရာ မြင်ကွင်းသည် အမတနယ်မြေ သမိုင်းတစ်လျှောက်တွင်ပင် ရှားပါးသော ဖြစ်ရပ်တစ်ခုဟု ဆိုရပေလိမ့်မည်။
သို့သော် ဘေးမှ ရပ်ကြည့်နေခဲ့ကြသော ကျင့်ကြံသူများသည် အင်အားစုကြီး နှစ်ခုမှ လူများအပေါ် မည်သည့် ကိုယ်ချင်းစာနာမှုမျှ မရှိပေ။
အကယ်၍ သူတို့သာ တားမြစ်အင်အားစုကြီး နှစ်ဖွဲ့ကို အကြိမ်ကြိမ် သွားရောက်၍ မနှောင့်ယှက်ခဲ့ပါက ၊ ဤကဲ့သို့သော ဘေးဒုက္ခဆိုးဖြင့် ကြုံတွေ့ရမည် မဟုတ်။
ထို့အပြင် အခြေအနေမှာ လုံးဝ ထိန်းချုပ်၍ မရနိုင်တော့ချေ။
အင်အားစုကြီး နှစ်ခု၏ ဂိုဏ်းချုပ်များသည် အမတနယ်မြေ၏ စည်းမျဉ်းများကို လူသိရှင်ကြား ချိုးဖောက်ခဲ့ကြသည်။ အမတဧကရာဇ်မင်းများ ဖြစ်ပါလျက်နဲ့ ၊ မျိုးဆက်သစ် လူငယ်များ၏ ပြဿနာထဲတွင် ဝင်ရောက်စွက်ဖက်ခဲ့သည်။
တားမြစ်အင်အားစုကြီးများ၏ သဘောထားအရ ၊ ဤကိစ္စသည် ဤမျှနှင့် ပြီးဆုံးသွားမည် မဟုတ်။
"အမတနယ်မြေရဲ့ ကောင်းကင်ကြီးတော့... ပြောင်းလဲတော့မယ်!"
ထျန်းချန်လမ်းစဉ်ဂိုဏ်း တည်ရှိရာ နယ်မြေ၌ ခန့်ညားထည်ဝါသော အမတနန်းဆောင်တစ်ခုအတွင်း။
"စူးချန်ကဲ! မင်း... မင်း ရိုင်းလှချည်လား!!!!"
နာကျည်းမှုများဖြင့် ပြည့်နှက်နေသော ဟိန်းဟောက်သံသည် အရပ်ရှစ်မျက်နှာ တစ်ခွင်သို့ ဟိန်းထွက်သွားသည်။
ချန်ယွမ် အမတဧကရာဇ်မင်း၏ မျက်နှာမှာ အတော်လေး ကြည့်ရဆိုးနေပြီး ဒေါသကြောင့် မျက်လုံးများပင် နီမြန်းနေသည်။ သတ်ဖြတ်လိုသော ဆန္ဒများက သူ၏ ဘေးတဝိုက်တွင် ထကြွသောင်းကျန်းလျက် ရှိသည်။
အမတဧကရာဇ်၏ ဓမ္မကိုယ်ပွား ဆိုသည်မှာ သူ့ရုပ်ခန္ဓာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ရုံသာမက စိတ်ဝိညာဉ်နှင့်လည်း ဆက်နွှယ်နေသည်။ ယခုအခါ ကိုယ့်ကိုယ့်ကိုယ် ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းသည် သူ၏ မူလဝိညာဉ်အပေါ် ပြန်လည်ကုစား၍ မရနိုင်သော ထိခိုက်မှုကို ဖြစ်စေခဲ့သည်။
သူ၏ အပြစ်အနာအဆာကင်းသော မူလဝိညာဉ်သည်ပင် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့ရသည်။ ဤနာကျင်မှုသည် ထောင်ပေါင်းများစွာသော ပုရွက်ဆိတ်များက နှလုံးသားကို ကိုက်ခဲနေသကဲ့သို့ပင်။
ဒေါသတကြီး ဖြစ်နေစဉ်မှာပင် ၊ သူ၏ ထျန်းယွမ်ဂိုဏ်းမှ ပါရမီရှင် နှစ်ထောင်နီးပါးသည် နတ်ဘုရားလက်နက် အမတမျှော်စင်တွင် သေဆုံးသွားကြောင်းကို ခံစားလိုက်ရသည်။
သံသယဖြစ်စရာပင် မလိုပေ။ သူတို့အားလုံးသည် စူးချန်ကဲနှင့် ကွေးယွမ်အမတဂိုဏ်းမှ လူများ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်မှာ ဧကန်မလွဲပင်။
"ကွေးယွမ်အမတဂိုဏ်း... စူးချန်ကဲ...!!"
ချန်ယွမ် အမတဧကရာဇ်မင်းသည် သူ၏ နဖူးကို လက်ဖြင့် ဖိထားရင်း စိတ်ဝိညာဉ် ဆွဲဖြဲရခံသကဲ့သို့သော ဒေဝနာကို မနည်း ထိန်းချုပ်လိုက်ရသည်။
သို့သော် သူ၏ မျက်လုံးများသည် ပို၍ နီမြန်းလာပြီး ၊ သူ၏ ဘေးပတ်ပတ်လည်ရှိ သတ်ဖြတ်လိုသော ဆန္ဒများမှာလည်း ပိုပို၍ ကြောက်စရာကောင်းလာသည်။
သူ၏ ဓမ္မကိုယ်ပွားကို ဖျက်ဆီးခဲ့ရုံသာမက၊ ဂိုဏ်းမှ ပါရမီရှင်များကိုလည်း သတ်ဖြတ်ခဲ့သည်။ ဤသည်မှာ သူတို့၏ မျိုးဆက်ကို လုံးဝ ဖြတ်တောက်လိုက်ခြင်းပင်။
ဤရန်ကြွေးကို မဆပ်ပါက ၊ သူသည် အမတဧကရာဇ်မင်း တစ်ပါး ဖြစ်ရန် မထိုက်တန်ပေ။
ဝုန်း !
ထိုအချိန်တွင် အာကာသ ဟင်းလင်းပြင်၌ လှိုင်းတံပိုးများ ဖြစ်ပေါ်လာခဲ့သည်။ ထူးကဲသော နတ်အသိစိတ် တစ်မျှင်သည် အဆုံးမရှိသော ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ သူ့စိတ်ထဲသို့ ရောက်ရှိလာခဲ့သည်။
"ချန်ယွမ်... စူးချန်ကဲ ဆိုတဲ့ အဲဒီတိရစ္ဆာန်လေးက ငါတို့ ဖုန်းယွင်လှံခန်းမက ပါရမီရှင် နှစ်ထောင်ကို သတ်ပစ်လိုက်ပြီ......!"
ထျန်းချန် အမတ ဧကရာဇ်မင်း၏ လေသံထဲတွင် ဒေါသတရားနှင့် အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည် ။
"အဲဒီတိရစ္ဆာန်လေးက သူ့ရဲ့ နောက်ခံကို အားကိုးပြီး ငါတို့ကို ဒီလောက်အထိ နှိပ်စက်ရဲတယ်!"
"ချန်ယွမ်... ဒီရန်ကြွေးကို ငါတို့ ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး!"
***