၎င်းတို့နှစ်ဦး၏ စူးချန်ကဲအပေါ် သတ်ဖြတ်လိုစိတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့အပြင် ကွေးယွမ်အမတဂိုဏ်း ၏ အခြေအနေကို ကြည့်ရသည်မှာ သူတို့ထံသို့ လာရောက် စာရင်းရှင်းရန် ပြင်ဆင်နေပုံရသည်။
အစောပိုင်းက ပီယွီ့ကောင်းကင်အရှင်၏ စကားထဲတွင် ကွေးယွမ်အမတဂိုဏ်းသည် သူတို့ကို အေးအေးဆေးဆေး သေခွင့်ပေးလိမ့်မည်ဟု ဆိုသည်။
ဤစကားက သူတို့ကို ဒေါသထွက်စေသလို၊ တစ်ချိန်တည်းမှာပင် ကြောက်ရွံ့သွားမိသည်။
တစ်ဖက်လူရဲ့ စကားက ဒါ ဘာအဓိပ္ပာယ်လဲ?
မဟုတ်မှလွဲရော ဒါ သူတို့ရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားပြီလို့ ဆိုလိုတာလား ?
ဒီအချက်ကို အသုံးချပြီး သူတို့ကို အမြစ်ပြတ် ချေမှုန်းတော့မလို့လား?
သို့သော် သူတို့၏ စိတ်ထဲတွင် မည်မျှပင် ဒေါသထွက်ပြီး ကြောက်ရွံ့နေပါစေ၊ မည်သို့မျှ အရာမထင်တော့ချေ။
သူတို့သည် သာလွန်အင်အားစုကြီး (၁၈) ခုထဲတွင် ပါဝင်သော်လည်း၊ ကွေးယွမ်အမတဂိုဏ်း၏ ပြိုင်ဘက်မဟုတ်ချေ။
“ဒါပေမဲ့... ဒီအတိုင်း ငြိမ်နေတာကလည်း သေတွင်းထဲကို ဆင်းနေတာနဲ့ အတူတူပဲ......!”
ချန်ယွမ် အမတဧကရာဇ်မင်း၏ မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်ခနဲ့ လှစ်ဟသွားသည်။
“ကွေးယွမ်အမတဂိုဏ်း... မင်းတို့က ဒီအမတနယ်မြေမှာ မင်းတို့တစ်ယောက်တည်း အင်အားကြီးတယ်လို့ ထင်နေတာလား”
“အမတနယ်မြေရဲ့ ကောင်းကင်ကို ပြောင်းလဲချင်တယ်ဆိုရင်လည်း... ငါ မင်းတို့ကို အဆုံးအထိ အဖော်ပြုပေးမယ်!”
ထို့နောက် ချန်ယွမ် အမတဧကရာဇ်မင်းသည် သူ၏ နတ်အသိစိတ်ကို ထုတ်လွှတ်လိုက်ပြီး၊ မိုင်ပေါင်း ကုဋေချီ ဝေးကွာသော ကြယ်စုနယ်မြေရှိ ထျန်းချန် အမတ ဧကရာဇ်မင်းနှင့် ဆက်သွယ်ကာ နောက်ဆက်တွဲ အစီအစဉ်များကို စတင် စီစဉ်လေတော့သည်။
…………
နတ်ဘုရားလက်နက် အမတမျှော်စင် တွင် ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များနှင့် ပတ်သတ်၍ ၊ ဖုန်းယွင်လှံခန်းမ နှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်း တို့သည် ရည်ရွယ်ချက်ရှိရှိ လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။
မကြာမီမှာပင် ထိုသတင်းမှာ ပြင်းထန်သော မုန်တိုင်းတစ်ခုသဖွယ် အမတနယ်မြေ အသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။
အင်အားစုတိုင်း နတ်ဘုရားလက်နက် အမတမျှော်စင်တွင် ဖြစ်ပျက်ခဲ့သမျှသော စူးချန်ကဲ၏ လုပ်ရပ်များကို သိရှိသွားကြပြီး ၊ လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
နတ်အသိစိတ်ပေါင်းများစွာသည် အမတနယ်မြေ၏ ကြယ်တာရာ ကောင်းကင်ယံထက်တွင် အပြန်အလှန် ကူးလူးဆက်သွယ်နေကြသည်။
“အမ် ... ဒီတားမြစ်အင်အားစု သုံးခုရဲ့ တစ်ဦးတည်းသော ဆက်ခံသူက ဒီလောက်တောင် အစွမ်းထက်တာလား.... ပါရမီရှင် အများကြီးကို သူ တစ်ယောက်တည်းနဲ့ အပြတ်အသတ် အနိုင်ယူလိုက်တာလား”
“ ကျွတ် ကျွတ်... ထျန်းယွမ် နတ်ဘုရားမင်းဆက်က ယွမ်ချန်းဟုန်လည်း အသတ်ခံလိုက်ရတယ်၊ ထျန်းချန်လမ်းစဉ်ဂိုဏ်း ရဲ့ နံပါတ်တစ် ပါရမီရှင် ထျန်းယွီလော့ရုံ လည်း ပျောက်ဆုံးသွားတယ်၊ နောက်ဆုံး ထျန်းဟိုင် ဓားဂိုဏ်း ရဲ့ ဓားဆက်ခံသူတောင် သူ ဂုဏ်အယူရဆုံး ဖြစ်တဲ့ ဓားလမ်းစဉ်မှာ စူးချန်ကဲကို ရှုံးသွားခဲ့တယ်တဲ့...”
“ဒီကိစ္စ သုံးခုကို ဖယ်ထားရင်တောင်... စူးချန်ကဲက နတ်ဘုရားလက်နက် အမတမျှော်စင်မှာ တခြား ပါရမီရှင် အများကြီးကိုလည်း သူတစ်ယောက်တည်းနဲ့ ရင်ဆိုင်ခဲ့သေးတယ်ဆိုပဲ...”
“ အင်အားစုကြီး နှစ်ခုက ပါရမီရှင် ထောင်ပေါင်းများစွာကို သတ်ပစ်လိုက်တဲ့ တရားခံပေါ့... ဒါက သာမန် ရက်စက်တဲ့လူ မဟုတ်တော့ဘူး၊ ဒါက တကယ့်ကို ကြောက်စရာကောင်းတဲ့ လူသတ်သမားပဲ!”
“ အရင်က အမတနယ်မြေမှာ ဘယ်ကောင်တွေကများ စူးချန်ကဲရဲ့ ခန္ဓာကိုယ်က ထူးခြားတဲ့အတွက် မဟာလမ်းစဉ် ရဲ့ တန်ပြန်သက်ရောက်မှုက ပြင်းထန်တယ်လို့ ပြောခဲ့တာလဲ …. ဒါက အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ!”
“ဒီလောက်အထိ အံ့မခန်း စွမ်းဆောင်နိုင်တဲ့သူကို လူ့ဘီလူးတွေထဲက လူ့ဘီလူးလို့ ခေါ်ရင်တောင် မမှားဘူး! ဒါတောင် မဟာလမ်းစဉ်ရဲ့ တန်ပြန်သက်ရောက်မှုကို ခံနေရတာဆိုရင်၊ ဒါဆို သူ အထွတ်အထိပ် ရောက်တဲ့အခါ ဘယ်လောက်တောင် အားကောင်းလိုက်မလဲ”
“ငါ့ဂိုဏ်းက တပည့်တွေ ပြောတာတော့ စူးချန်ကဲက သူ့ရဲ့ အစွမ်းအစတွေကို ဖုံးကွယ်ထားတာ ဖြစ်နိုင်တယ်တဲ့... နတ်ဘုရားလက်နက် အမတမျှော်စင်မှာ သူ့ရဲ့ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်ကို ပြသခဲ့တာတောင် ဒါက သူ့ရဲ့ အစစ်အမှန် မဟုတ်သေးဘူးဆိုပဲ!”
“ဒါပေမဲ့... အင်အားစုကြီး နှစ်ခုက ပါရမီရှင်တွေ အရင်သွားစမ်းကြည့်လို့ တော်သေးတာပေါ့…. ဒီလို လူ့ဘီလူးမျိုးကို ငါတို့ဂိုဏ်းက တပည့်တွေ ရန်သွားမစရဲဘူး!”
အမတနယ်မြေမှာ အတိုင်းအဆမရှိ ကျယ်ပြန့်ပြီး ထိပ်တန်းပါရမီရှင်များမှာလည်း မရေမတွက်နိုင်အောင် ရှိကြသည်။ အချို့က စူးချန်ကဲ၏ သန်မာမှုကို အသိအမှတ်ပြုကြသလို၊ အချို့ကလည်း မကျေနပ်ကြပေ။
“ဟွန့်! စူးချန်ကဲက အစွမ်းထက်တယ် ဆိုပေမဲ့ ငါတို့ဂိုဏ်းက ထိပ်တန်းဆက်ခံသူကလည်း အားမနည်းပါဘူး!”
“ပြီးတော့ အမတနယ်မြေမှာ ပုန်းအောင်းနေတဲ့ အင်အားစုတွေ အများကြီး ရှိသေးတယ်၊ သူတို့တွေ မပေါ်လာသေးလို့ပါ... စူးချန်ကဲက ဘယ်လောက်ပဲ ထူးခြားနေပါစေ၊ လောကကြီးတစ်ခုလုံးကိုတော့ လက်ဝါးနဲ့ မအုပ်နိုင်ပါဘူး !”
“ဟုတ်တယ်၊ တားမြစ်အင်အားစု ကိုးခုရဲ့ ထိပ်တန်းဆက်ခံသူတွေကလည်း သာမန်မှ မဟုတ်တာ...ဒါတောင် မျိုးဆက်ဟောင်း ထိပ်တန်း ပါရမီရှင်တွေ မပေါ်လာသေးဘူး၊ စူးချန်ကဲ အတွက် ပြိုင်ဘက်တွေ အများကြီး ရှိပါသေးတယ်!”
စူးချန်ကဲ အကြောင်း ဆွေးနွေးနေကြသည်ထက် ကျင့်ကြံသူ အများစုမှာ ဖုန်းယွင်လှံခန်းမ နှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်း တို့သည် မည်သို့ ကလဲ့စားချေမည်ကို ပို၍ စိတ်ဝင်တစား ဆွေးနွေးနေကြသည်။
ထို့အပြင် ယခုအချိန်သည် ဒေဝလောက ပြန်လည်စတင်ရာခေတ်၏ အရေးကြီးသော အချိန်ကာလ ဖြစ်ပြီး၊ အင်အားစုများအတွက် မိမိတို့၏ အခြေခံအုတ်မြစ်ကို တိုးချဲ့နိုင်မည့် အခွင့်အရေးလည်း ဖြစ်သည်။
အနာဂတ်တွင် အမှောင်ထုကြီး နိုးထလာမည်ဖြစ်ပြီး အဆုံးမဲ့ကပ်ဘေးလည်း ကျရောက်လာပေလိမ့်မည်။
အကယ်၍ အင်အားစုကြီး သုံးခုသာ အမတစစ်ပွဲ ဆင်နွှဲကြမည်ဆိုပါက ၊ ယင်းက အမတနယ်မြေ၏ အင်အားကို ဆုတ်ယုတ်သွားစေနိုင်သည်။
သာလွန်အင်အားစုကြီး (၁၈) ခုမှာလည်း အမတနယ်မြေ၏ ထိပ်တန်း အင်အားစုများ ဖြစ်ကြရာ၊ အချင်းချင်း တိုက်ခိုက်နေမည့်အစား စည်းလုံးညီညွှတ်စွာဖြင့် အနာဂတ်တွင် ပြန်လည် ထွက်ပေါ်လာမည့် အမှောင်ထုကို ရင်ဆိုင်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
အင်အားစု အသီးသီးမှ စွမ်းအားရှင်များသည် ဤကဲ့သို့ အချင်းချင်း တိုက်ခိုက်နေသည့် ပြည်တွင်း စစ်ပွဲကြီး ဖြစ်လာမည်ကို မလိုလားကြပေ။
………
ဖုန်းယွင်လှံခန်းမ နှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်း တို့သည် အမတစစ်တပ်များကို စုစည်းကာ စစ်ချီရန် ပြင်နေချိန်မှာပင်၊ ကွေးယွမ်အမတဂိုဏ်း အတွင်း၌လည်း လှုပ်ရှားမှုများ ရှိနေခဲ့သည်။
ကွေးယွမ်အမတဂိုဏ်း၏ ဘိုးဘွားပိုင်နယ်မြေရှိ အနက်ရှိုင်းဆုံး အပိုင်း၌၊
အမတရောင်စဉ်တန်းများသည် နဂါးငွေ့တန်းသဖွယ် အောက်သို့ စီးကျနေသည်။
မှုန်ရီရီ အမတမြူများကြားတွင် တောက်ပသော မဟာလမ်းစဉ် ရွှေကြာပန်းများ ပျံဝဲနေပြီး၊ ဤလောကနယ်မြေတစ်ခုလုံးကို တောက်ပစွာဖြင့် ထွန်းလင်းပေးနေသည်။
ကြာပန်းပလ္လင်များထက်တွင် လွန်စွာ အားကောင်းသော ပုဂ္ဂိုလ်ကြီးများစွာ ထိုင်နေကြသည်။
သူတို့၏ အရှိန်အဝါမှာ ကမ္ဘာတည်သရွေ့ မပျက်စီးနိုင်သော အငွေ့အသက်မျိုး ရှိကာ ၊ လောကကြီးကို အုပ်စိုးနေသည့် နတ်ဘုရားများအလား ထင်မှတ်ရသည်။
“အဝေးဘိုးဘေးကနေ လာတဲ့ သတင်းကို အားလုံးလည်း သိကြပြီးသား ဖြစ်မှာပါ”
မျဲ့ရှန်း ရှေးဘိုးဘေး၏ အသံသည် မိုးနှင့်မြေကြား ဟိန်းထွက်လာသည် ။
“ငါတို့ရဲ့ အနာဂတ် အစီအစဉ်တွေအတွက် ဖုန်းယွင်လှံခန်းမ နဲ့ ထျန်းချန်လမ်းစဉ်ဂိုဏ်း ကို ဖျက်ဆီးပစ်ရမယ်”
“မှန်တယ်၊ ဒီအင်အားစုကြီး နှစ်ခုက အမတနယ်မြေ ကောင်းကင်လမ်းစဉ် ရဲ့ လက်ပါးစေတွေအဖြစ် ခံယူထားမှတော့ အဲဒီအတွက် တန်ဖိုးပေးဆပ်ရမှာပဲ “
“ အခု အမတနယ်မြေက ရှုပ်ထွေးနေတာ ... အကယ်၍ ကောင်းကင်လမ်းစဉ်က ကောင်တွေပါ ဝင်ပါလာမယ်ဆိုရင် ငါတို့ရဲ့ အစီအစဉ်တွေ ထိခိုက်နိုင်တယ်”
ကျန့်ရှင်း ဘိုးဘေး က ထောက်ခံလိုက်သည်။
“ဟွန့်! ငါ့အမြင်တော့ ဒါမျိုး လုပ်သင့်တာ ကြာလှပြီ...ဘယ်နှစ်ယောက်တောင် ကောင်းကင်လမ်းစဉ်ရဲ့ လက်ပါးစေတွေ ဖြစ်နေမှန်း မသိဘူး”
ဖော့ကျွင်းဘိုးဘေး က နှာခေါင်းရှုံ့လျက် ပြောလိုက်သည် ။
“သူတို့ကို သင်ခန်းစာ မပေးရင် ဒီကောင်တွေက ငါတို့ရဲ့ ကန့်သတ်ချက်ကို အမြဲ လာစမ်းနေကြမှာပဲ!”
“ငါ့အမြင်တော့ အခု သူတို့ရဲ့ အားနည်းချက်ကို ဖမ်းမိထားမှတော့၊ ကိစ္စကို ပိုကြီးအောင် လုပ်ပြီး သံသယရှိတဲ့ အင်အားစုတွေ အကုန်လုံးကို ဆွဲထည့်လိုက်သင့်တယ်”
“ တိုက်ပွဲ အကြီးအကျယ် ဆင်နွှဲပြီး သူတို့ကို အမြစ်ပြတ် သုတ်သင်ပစ်ရမယ်! ဒါမှသာ ငါတို့ အမတနယ်မြေက တကယ့် တည်ငြိမ်အေးချမ်းမှုကို ရနိုင်မှာ”
“ငါတို့လည်း အဲဒီလို လုပ်ချင်တာ မှန်ပေမဲ့၊ ဒါပေမဲ့ အခုက အချိန်မဟုတ်သေးသလို လိုလည်း မလိုသေးဘူး “
***