ထျန်းဝိန့်ဘိုးဘေး က ဆိုလေသည်။
“ အခုက ဒေဝလောက ပြန်လည်စတင်ရာခေတ် အစပဲ ရှိသေးတယ်၊ စစ်ပွဲ အကြီးအကျယ် ဖြစ်ပွားလာရင် လက်ရှိ အခြေအနေကို ပိုပြီး ရှုပ်ထွေးသွားစေလိမ့်မယ် “
“အဲဒီလူတွေ ဝင်ရောက်စွက်ဖက်မှာကို ထည့်မပြောခင်၊ အမှောင်ထု မူလရင်းမြစ်ကမ္ဘာ ကလည်း စစ်ပွဲကြောင့် အားနည်းသွားတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ဝင်လာနိုင်တယ်”
“ဒါကြောင့် ကြက်ကိုသတ်ပြီး မျောက်ကို ခြောက်လှန့်ခြင်း က အကောင်းဆုံး ဖြစ်လိမ့်မယ်”
ထို့အပြင် သူတို့ ကွေးယွမ်အမတဂိုဏ်းနှင့် အင်အားစုကြီး နှစ်ခုကြားက ပဋိပက္ခကို ချန်ယွမ် အမတဧကရာဇ်မင်း နှင့် ထျန်းချန် အမတ ဧကရာဇ်မင်း တို့သည် နည်းလမ်းအမျိုးမျိုး သုံးကာ အမတနယ်မြေတစ်ခုလုံးကို သိအောင် ဖြန့်ဝေထားပြီး ဖြစ်သည်။
စူးချန်ကဲသည် ရက်စက်ကြမ်းကြုတ်ပြီး သူတို့ဂိုဏ်းမှ ထောင်ပေါင်းများစွာသော ပါရမီရှင်များကို သတ်ဖြတ်ခဲ့သည်ဟု ဆိုကြသည်။
ဒါတင်မက ၊ ကွေးယွမ်အမတဂိုဏ်းသည် အာဏာကို အလွဲသုံးစားလုပ်ကာ သူတို့၏ ဓမ္မကိုယ်ပွားများကို ဖျက်ဆီးပစ်ခဲ့သည်ဟု ဝါဒဖြန့်ထားကြသည်။
သူတို့ကိုယ်သူတို့ သနားစရာကောင်းသော ဒုက္ခသည်များအဖြစ် ဟန်ဆောင်ကာ ၊ ကွေးယွမ်အမတဂိုဏ်းမှာမူ အမတနယ်မြေ၏ စည်းလုံးမှုကို ဖျက်ဆီးကာ အနာဂတ် ဘေးအန္တရာယ်များကို ဂရုမစိုက်သော “လူဆိုး” အဖြစ် ပုံဖော်ထားကြသည်။
ဤကိစ္စနှင့်ပတ်သတ်၍ ၊ ကွေးယွမ်အမတဂိုဏ်းသည် ဂရုမစိုက်သော်လည်း၊
သို့သော် ကွေးယွမ်ဂိုဏ်းအနေဖြင့် ၊ မိမိတို့ ကြံစည်ထားသော အစီအစဉ်များကို အောင်မြင်နိုင်ရန်အတွက် အမတစစ်ပွဲ မစတင်မီ အခွင့်အရေးတစ်ခု လိုအပ်နေခဲ့သည်။
ဤသည်မှာ ထိုအင်အားစုကြီး နှစ်ခုသည် အမတနယ်မြေ ကောင်းကင်လမ်းစဉ်၏ လက်ပါးစေများ ဖြစ်ကြောင်းကို ခိုင်မာသော အထောက်အထားဖြင့် သက်သေပြနိုင်မည့် အခွင့်အရေးပင် ဖြစ်သည်။
ဤအရာအားလုံးအတွက် သူတို့၏ တုံထျန်း အဝေးဘိုးဘေး က စီစဉ်ထားပြီး ဖြစ်ကာ၊ ငါးစာဟပ်ရန်သာ ကျန်တော့၏။
.......
တစ်ချိန်တည်းမှာပင်။
ထျန်းချန်လမ်းစဉ်ဂိုဏ်း။
လျှို့ဝှက်လှသော နန်းဆောင်တစ်ခုအတွင်း၌။
အမတရောင်စဉ်အလင်းများသည် နေရာအနှံ့ ပျံ့လွင့်နေကာ နိယာမတရားများစွာ စုဆုံနေသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါရှိပြီး သိပ်သည်းလှသော အမတစွမ်းအင်များဖြင့် ပြည့်နှက်နေသော ပုံရိပ်သုံးခုသည် ဤနေရာတွင် စုဝေးနေကြသည်။
တစ်ဦးမှာ ချန်ယွမ် အမတဧကရာဇ်မင်း ဖြစ်သည်။ ကျန်နှစ်ဦးမှာမူ မှုန်ရီရီ အမတမြူမှုန်များကြားတွင် ပုန်းကွယ်နေသဖြင့် သူတို့၏ ပုံပန်းသဏ္ဌာန်ကို မြင်ရန် ခဲယဉ်းပေသည်။
“ချန်ယွမ်... မင်း စိတ်ချလိုက်စမ်းပါ... တကယ်လို့ ဒီကိစ္စက မင်းပြောသလိုသာ မှန်ခဲ့မယ်ဆိုရင်...”
ထျန်းယွီ့အမတဧကရာဇ်မင်း၏ လေသံ ထွက်ပေါ်လာခဲ့သည် ။
“ငါတို့ရဲ့ အမတသခင် တရားစီရင်ရေးရုံးတော်က မင်းအတွက် တရားမျှတမှုကို သေချာပေါက် ပြန်ယူပေးမယ်”
“ကွေးယွမ်အမတဂိုဏ်းက တကယ်ကို ဗိုလ်ကျလွန်းတယ်...အခုလို ဒေဝလောက ပြန်လည်စတင်ရာခေတ်မှာ ဒီလိုကိစ္စမျိုး လုပ်တာက ဒါ လောကကြီးရဲ့ ဘေးကင်းလုံခြုံမှုကို လုံးဝ ထည့်မတွက်တာပဲ!”
တောက်ခွင်းအမတဧကရာဇ်မင်းကလည်း သူ၏ သဘောထားကို ထုတ်ဖော်လိုက်သည် ။
“သူတို့ ကွေးယွမ်အမတဂိုဏ်းက လောကကြီးတစ်ခုလုံးကို သူတို့ပိုင်တယ်လို့ ထင်နေကြတာလား၊ တကယ်ကို အဓိပ္ပာယ်မရှိတာပဲ!”
“အကယ်၍ ဒါတွေက အမှန်တကယ်ဆိုရင်၊ ငါတို့ အန္တိမတာအို တရားစီရင်ရေးအဖွဲ့ကလည်း မင်းအတွက် တရားမျှတမှု ရဖို့ အစွမ်းကုန် ကူညီပေးမယ်!”
“လူကြီးမင်း နှစ်ဦးကို ကျေးဇူးအများကြီး တင်ပါတယ်!”
ထိုစကားများကို ကြားလိုက်ရသော ချန်ယွမ် အမတဧကရာဇ်မင်းမှာ ဝမ်းသာအားရ ဖြစ်သွားပြီး အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်သည်။
အမတဧကရာဇ်မင်း နှစ်ပါး၏ ပုံရိပ်ယောင်များ ပျောက်ကွယ်သွားပြီးနောက်တွင် ၊ သူ၏မျက်နှာပေါ်က ပျော်ရွှင်မှုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ထို့နောက် သူ၏ ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်သည်။
ဝုန်း !
ဤနန်းဆောင်အတွင်း ထွင်းထုထားသော နတ်ဘုရားမန္တန် စာလုံးများသည် တစ်ခုပြီးတစ်ခု ထိန်လင်းတောက်ပလာသည်။
လျို့ဝှက်ဆန်းကြယ်သော ရောင်ဝါတစ်ခု ပျံ့နှံ့ထွက်ပေါ်လာပြီး ၊ ဤနေရာတစ်ခုလုံးကို ပြင်ပနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားစေသည်။
ချန်ယွမ် အမတဧကရာဇ်မင်း၏ အစီအစဉ်မှာ အခြားသော အင်အားစုများကိုပါ ဤပွဲထဲသို့ ဆွဲထည့်ရန်ပင် ဖြစ်သည်။
အကယ်၍ ရှောင်လွှဲ၍ မရနိုင်တော့ပါက ၊ အမတနယ်မြေတစ်ခုလုံးကို ရေနောက်အောင် လုပ်ပြီး လူတိုင်း၏ အကျိုးစီးပွားနှင့် ပတ်သက်အောင် ပြုလုပ်လိုက်ခြင်းက ပို၍ ကောင်းပေမည်။
ကွေးယွမ်အမတဂိုဏ်း အနေဖြင့် မည်မျှပင် အရည်အချင်းရှိပါစေ ၊ တစ်ခုခု မလုပ်မီ သေချာ စဉ်းစားရပေလိမ့်မည်။
ယခုတွင်မူ ၊ သူသည် စကားလုံးအချို့နှင့် နည်းလမ်းအချို့ကို သုံးကာ ကွေးယွမ်အမတဂိုဏ်းနှင့် မတည့်သော အမတသခင် တရားစီရင်ရေးရုံးတော်နှင့် အန္တိမတာအို တရားစီရင်ရေးအဖွဲ့တို့ကို ဆွဲခေါ်နိုင်ခဲ့ပြီ ဖြစ်သည်။
တစ်ဖက်လူသည် သူတို့လို အင်အားစုကြီး နှစ်ခုကို အသုံးချကာ ကွေးယွမ်အမတဂိုဏ်းကို အခွင့်ကောင်းယူရန် ရည်ရွယ်ချက် ရှိနေသော်လည်း၊ သူသည် ထိုကိစ္စနှင့်ပတ်သတ်၍ စိတ်ထဲမထားချေ။
“ထျန်းချန် အမတ ဧကရာဇ်မင်းသာ ထျန်းယွမ်နတ်ဘုရားမင်းဆက်ကိုပါ ပါဝင်လာအောင် လုပ်နိုင်လိုက်ရင်တော့...”
“ဒီကိစ္စက လုံးဝ အဆင်ပြေသွားပြီ......”
မည်သို့ပင်ဆိုစေကာမူ ယွမ်ချန်းဟုန်သည် ထျန်းယွမ်အမတဧကရာဇ်မင်း၏ အငယ်ဆုံးသား ဖြစ်ပြီး ၊ စူးချန်ကဲ၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရသည် ဖြစ်ရာ မည်သူကများ ငြိမ်နေနိုင်မည်နည်း။
သို့သော် ဤအခိုက်အတန့်တွင်၊ သူ လုပ်ဆောင်ရမည့် အရေးကြီးကိစ္စတစ်ခု ရှိသေး၏။
၎င်းမှာ အမတနယ်မြေ ကောင်းကင်လမ်းစဉ်နှင့် ဆက်သွယ်ကာ ဤကိစ္စကို အစီရင်ခံရန်ပင် ဖြစ်သည်။
ချန်ယွမ် အမတဧကရာဇ်မင်းသည် ဤကိစ္စ၏ အမှန်တရားသည် ဤမျှ ရိုးရှင်းမည်မဟုတ်ကြောင်း ခံစားချက်တစ်ခု ရှိနေခဲ့သည်။
ပီယွီ့ကောင်းကင်အရှင်၏ ထူးဆန်းသော စကားများကြောင့် သူ့အနေဖြင့် စိတ်မလုံမလဲ ဖြစ်မိသလို၊ မိမိနှင့် ကောင်းကင်လမ်းစဉ်၏ ဆက်ဆံရေးမှာ ပေါက်ကြားသွားပြီလားဟုပင် သံသယဝင်မိသည်။
သို့သော် ချန်ယွမ် အမတဧကရာဇ်မင်းအနေဖြင့် မသိခဲ့သည်မှာ-
လျို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် မဟာလမ်းစဉ် အာကာသကို ထိုးဖောက်ကာ ၊ ဤလောကနယ်မြေ၏ အချိန်နှင့် အာကာသအတွင်း၌ တိတ်တဆိတ် ပုန်းအောင်းနေခြင်းပင်။
၎င်းသည် မူလကတည်းက ထိုနေရာတွင် တမင်သက်သက် ရှိနေပုံရကာ ချန်ယွမ် အမတဧကရာဇ်မင်းသည်ပင် သတိမပြုမိနိုင်ချေ။
ဤစွမ်းအား၏ ပိုင်ရှင်မှာ ကွေးယွမ်အမတဂိုဏ်း၏ တုံထျန်း အဝေးဘိုးဘေး ပင် ဖြစ်သည်။
ကမ္ဘာဦးအစကတည်းက ယနေ့ထိတိုင် အသက်ရှင်နေသော ခေတ်ဟောင်းပုဂ္ဂိုလ်ကြီး ဆိုသည့်အတိုင်း ၊ သူ၏ စေ့စပ်သေချာမှုမှာ သာမန်လူများထက် များစွာ သာလွန်သည်။
အစောပိုင်းက ပီယွီ့ အား ထိုကဲ့သို့သော မရေမရာစကားများကို ပြောဆိုခိုင်းခဲ့ခြင်းမှာ ချန်ယွမ် အမတဧကရာဇ်မင်း၏ စိတ်ထဲ၌ သံသယများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
မိမိတို့ ကွေးယွမ်အမတဂိုဏ်းသည် သူတို့၏ လျှို့ဝှက်ချက်များကို သိနေသလားဟု သံသယဝင်စေရန် ဖြစ်သည်။
နောက်ဆုံးတွင် အင်အားသုံး၍ ဖိအားပေး ခြိမ်းခြောက်လိုက်ပါက ၊ ချန်ယွမ် အမတဧကရာဇ်မင်းသည် ကြောက်ရွံ့ထိတ်လန့်မှုအောက်တွင် သူ၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ ကောင်းကင်လမ်းစဉ်ကို ဆက်သွယ်ပြီး မေးမြန်းစုံစမ်းမည်မှာ အသေအချာပင်။
သူသည် မိမိ၏ နတ်အသိစိတ် တစ်မျှင်ကို ခွဲထုတ်ကာ အချိန်နှင့် အာကာသထဲတွင် ပုန်းအောင်းစေခဲ့သည်။
ထို့နောက် အထူး လျှို့ဝှက်နည်းလမ်းများဖြင့် ၊ ဤဖြစ်စဉ်တစ်ခုလုံးကို မှတ်တမ်းတင်ကာ လူသိရှင်ကြား ထုတ်ပြန်လိုက်ရုံပင်။
ဤသို့ဖြင့် အမတစစ်ပွဲကြီး တစ်ခုကို ဆင်နွှဲရန် အခွင့်အရေး ရောက်ရှိလာမည် မဟုတ်လော။
……..
ခဏအကြာတွင်။
ပြင်ပမှ မည်သူမျှ သတိမပြုမိစေရန် အတားအဆီး အစီအရင်များစွာကို ခင်းကျင်းပြီးနောက်၊ ချန်ယွမ် အမတဧကရာဇ်မင်းသည် ဟင်းလင်းပြင်သိုလှောင်ခန်းထဲမှ ရှေးဟောင်း ကျောက်စိမ်းတစ်ခုကို ထုတ်ယူလိုက်သည်။
ဝီ!
ရွှေရောင် မှော်အက္ခရာစာလုံးများ ထွက်ပေါ်လာပြီးနောက် ၊ နောက်ဆုံးတွင် နိယာမဆိုင်ရာ မှန်ချပ်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ထိုမှန်ချပ်အတွင်းမှ ပုံရိပ်များ ဝေဝါးစွာ ပေါ်လာသည်နှင့်အမျှ ၊ လျို့ဝှက်ဆန်းကြယ်သော တာအိုစည်းချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုအရာကို မြင်သည်နှင့် ၊ ချန်ယွမ် အမတဧကရာဇ်မင်းသည် အရိုအသေတန်မဲ့ မပြုမှုဝံ့ဘဲ အလျင်အမြန် အရိုအသေပေးကာ တလေးတစား ပြောလိုက်သည် ။
“ချန်ဟွမ်ထျန်း လူကြီးမင်းကို နှုတ်ခွန်းဆက်သပါတယ်!”
“ချန်ယွမ်... မင်းနဲ့ ထျန်းချန် ဆိုတဲ့ ကောင် ဘာတွေ လုပ်ထားကြတာလဲ”
ချန်ဟွမ်ထျန်း ၏ အသံမှာ နိယာမမှန်ချပ်အတွင်းမှ ထွက်ပေါ်လာသည် ။
“ဘာလို့ ကွေးယွမ်အမတဂိုဏ်းက လူတွေက......”
သို့သော် သူ့စကားမဆုံးသေးမီမှာပင် ချန်ဟွမ်ထျန်း ၏ လေသံသည် ရုတ်တရက် ထိတ်လန့်သွားပုံရကာ ၊ သူသည် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုကို ခံစားလိုက်ရပုံရသည်။
ချန်ဟွမ်ထျန်းသည် ချန်ယွမ်အား စကားပြောခွင့်ပင် မပေးတော့ဘဲ အလွန်လျင်မြန်သော အရှိန်ဖြင့် ပျောက်ကွယ်သွားခဲ့သည်။
ထို့အပြင် ပုံရိပ်ယောင် ဆက်သွယ်မှုကိုလည်း လုံးဝ ဖြတ်တောက်ပစ်လိုက်ပြီး ၊
ဤနေရာတွင် ကျန်ရှိနေသော ၎င်း၏ရောင်ဝါသည်ပင် မြူမှုန်များအဖြစ် ပျောက်ကွယ်သွားလေတော့သည်။
“ဒါ... ဒါက...”
ထိုမြင်ကွင်းကို မြင်လိုက်ရသော ချန်ယွမ် အမတဧကရာဇ်မင်းမှာ ကြောင်အမ်းနေလေ၏။
ဒါက ဘယ်လို အခြေအနေလဲ?
ကိုယ့်အိမ်က သခင်ကို အခုလေးတင်မှ ဆင့်ခေါ်ရုံပဲ ရှိသေးတယ်လေ ..ဘာစကားမှ မပြောဘဲ ဘယ်လိုလုပ်ပြီး ပျောက်သွားတာတုန်း?
“ဒီကောင်ရဲ့ ခွေး နှာခေါင်းက တကယ်ကို ထက်မြက်တာပဲ”
အချိန်နှင့် အာကာသထဲ၌ ပုန်းအောင်းနေသော တုံထျန်း အဝေးဘိုးဘေး မှာလည်း ထိုမြင်ကွင်းကို မြင်ပြီး ကြောင်အမ်းသွားသည်။
သူသည် မူလနတ်အသိစိတ် တစ်မျှင်ကို ခွဲထုတ်ကာ ၊ မဟာလမ်းစဉ်၏ တန်ပြန်ရိုက်ခတ်မှုကို အံတုရင်း အကြောင်းအကျိုးထဲတွင် ပုန်းကွယ်နေခဲ့သည်။
သို့သော်လည်း တစ်ဖက်လူသည် တစ်ခုခု မှားယွင်းနေသည်ကို ရိပ်မိသွားကာ ချက်ချင်းလက်ငင်း ထွက်ပြေးသွားလေ၏။
သို့သော်လည်း စောနက သူ မှတ်တမ်းတင်လိုက်သော မြင်ကွင်းနှင့် ယခင်က ရရှိထားသော သဲလွန်စများကိုပါ ပေါင်းစပ်လိုက်လျှင်ဖြင့် ၊
ထိုအင်အားစုကြီး နှစ်ခုသည် အမတနယ်မြေ ကောင်းကင်လမ်းစဉ်၏ လက်ပါးစေများ ဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။
……….
***