တစ်ချိန်တည်းမှာပင်။
ကောင်းကင်လမ်းစဉ် တည်ရှိရာ နယ်မြေလောက၌ ချန်ဟွမ်ထျန်းခမျာ ကြောက်လန့်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး နဖူးပေါ်မှ ချွေးများ တဒီးဒီး စီးကျနေလေ၏။
“ဟွမ်ထျန်း... မင်း မျက်နှာက ဘာလို့ ဒီလောက်တောင် ကြည့်ရဆိုးနေတာလဲ”
သူ့အနားရှိ အခြားသော ကောင်းကင်လမ်းစဉ် သုံးဦးမှာ ချန်ဟွမ်ထျန်း ၏ ပုံစံကို မြင်ပြီး မျက်မှောင်ကြုတ်သွားကာ နားမလည်နိုင်စွာဖြင့် မေးလိုက်ကြသည်။
သူတို့သည် အမတနယ်မြေတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို အခြားသတင်းပေးများမှ တစ်ဆင့် သိရှိထားပြီး ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ၊ ကောင်းကင်လမ်းစဉ်များမှာ နားမလည်နိုင် ဖြစ်နေကြသည်။
သူတို့ အမိန့်ပေးခဲ့သည်မှာ ကျောက်ဟွ အမတဧကရာဇ်မင်းကိုယ်တိုင် ဖန်တီးခဲ့သော အားရှင်း ကို မည်သည့် တန်ဖိုးပေးဆပ်ရပါစေ၊ ဖျက်ဆီးပစ်ရန်နှင့် ၎င်း၏ ဦးခေါင်းကို ယူဆောင်လာရန်သာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အားရှင်းသည် ထိုနှစ်က နတ်ဘုရားလက်နက် အမတမျှော်စင် ပျက်စီးခဲ့ရသည့် လျှို့ဝှက်ချက်နှင့် ပတ်သတ်၍ သိရှိထားမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။
သို့သော် ဤဖုန်းယွင်လှံခန်းမ နှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်းတို့သည် မည်သို့ ရူးသွပ်သွားလေသလဲ မသိ။ သူတို့သည် ကွေးယွမ်အမတဂိုဏ်းနှင့် ထိပ်တိုက် ရင်ဆိုင်နေသည်။
“ဒီငတုံး နှစ်ကောင် ဘာတွေ လုပ်လိုက်လဲ မသိဘူး... ကွေးယွမ်အမတဂိုဏ်းက အဲဒီ အဘိုးကြီးကို နှိုးဆွမိသွားပြီ!”
ထိုအချိန်မှသာ ချန်ဟွမ်ထျန်း တစ်ယောက် သတိပြန်ဝင်လာပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည် ။
“အစောပိုင်းက ငါ နိယာမပုံရိပ်နဲ့ အောက်ကို ဆင်းသွားဖို့ လုပ်နေတုန်း ... အဲဒီအဘိုးကြီးရဲ့ အရှိန်အဝါကို ခံစားလိုက်ရတယ်....ငါ ထင်တာ မမှားဘူးဆိုရင် အဲဒီအဘိုးကြီးက အထူးနည်းလမ်းတစ်ခုခုကို သုံးပြီး ငါပေါ်လာတဲ့ မြင်ကွင်းကို မှတ်တမ်းတင်ပြီးသွားလောက်ပြီ “
ဤစကားများ ထွက်လာသည်နှင့် ၊
ကျန်ရှိနေသော ကောင်းကင်လမ်းစဉ် သုံးဦးမှာ အမူအရာများ ချက်ချင်း ပြောင်းလဲသွားပြီး စိတ်ဝိညာဉ်များပင် တုန်လှုပ်သွားခဲ့သည်။
သူတို့၏ ခြေရာလက်ရာများ ပေါက်ကြားသွားသည်နှင့် ၊ ၎င်းမှာ သူတို့အတွက် သေစေနိုင်သော အန္တရာယ်ကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။
ချန်ဟွမ်ထျန်း သည် ရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ဘဲ အလျင်အမြန် အမိန့်ပေးလိုက်သည် ။
“အခုကစပြီး အောက်က လက်အောက်ခံတွေနဲ့ အဆက်အသွယ် ခဏ ဖြတ်ထားလိုက်ကြ၊ အမတနယ်မြေမှာ မုန်တိုင်း ထန်တော့မယ်!”
………
အခြားတစ်ဖက်တွင်။
တုံထျန်း အဝေးဘိုးဘေး ၏ နတ်အသိစိတ်သည် ကွေးယွမ်အမတဂိုဏ်း၏ ဘိုးဘွားပိုင်မြေ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
မဟာလမ်းစဉ် ကြာပန်းများထက်တွင် ထိုင်နေကြသော ကွေးယွမ်အမတဂိုဏ်းမှ ဘိုးဘေးများသည် စုံမှိတ်ထားသော ၎င်းတို့၏ မျက်လုံးများကို တစ်ပြိုင်နက်တည်း ဖွင့်လိုက်ကြသည်။
အချိန်တန်ပြီ ဖြစ်ကြောင်း သူတို့ သိလိုက်သည်။ အမတနယ်မြေ၏ မုန်တိုင်းကြီးသည် သိပ်မကြာခင် စတင်ပေတော့မည်။
အဆုံးစွန်သော သတ်ဖြတ်စွမ်းအားများဖြင့် ပြည့်နှက်နေသော မျဲ့ရှန်း ရှေးဘိုးဘေး ၏ အသံသည် မိုးနှင့်မြေကြား ပဲ့တင်ထပ်သွားသည်။
“ကွေးယွမ်စည်းတံဆိပ်တော်ကို ချမှတ်မယ်! ထာဝရ အမတစစ်ပွဲကြီး စတင်မယ်!”
……..
ဝုန်းးး!
အမတနယ်မြေတစ်ခုလုံးကို လှုပ်ခတ်သွားစေသည့် နိယာမလှိုင်းတံပိုးများသည် ကွေးယွမ်အမတဂိုဏ်း ၏ အနက်ရှိုင်းဆုံးနေရာမှ မိုးကောင်းကင်သို့ ဆန်တတ်သွားပြီး ၊ အတိုင်းအဆမရှိသော ကြယ်တာရာကောင်းကင်ယံကို မျက်စိတမှိတ်အတွင်း ဖုံးလွှမ်းသွားခဲ့သည်။
“ဒါက...”
ဤအခိုက်အတန့်တွင် ၊ အမတစွမ်းအားများ တဟုန်းဟုန်း တောက်လောင်ကာ ကြယ်စုနယ်မြေ တစ်ခုလုံး တုန်လှုပ်မြည်ဟည်းလျက် ရှိသည်။ ပြင်းထန်သော ဖိအားများသည် မရေမတွက်နိုင်သော စွမ်းအားရှင်များ၏ စိတ်နှလုံးသားများကို ဖုံးလွှမ်းသွားလေရာ ၊ သူတို့အားလုံးသည် မိမိတို့၏ နတ်အသိစိတ်များကို ထုတ်လွှတ်ကာ ထိုစွမ်းအားများ၏ အရင်းအမြစ်ကို ထောက်လှမ်းကြည့်ရှုခဲ့ကြသည်။
ကွေးယွမ်အမတဂိုဏ်း တည်ရှိရာ ကြယ်စုနယ်မြေ တစ်ခုလုံးသည် ဖရိုဖရဲဖြစ်ကာ ၊ ကြမ်းတမ်းသော အမတစွမ်းအားများက အရပ်ရှစ်မျက်နှာရှိ အချိန်နှင့်အာကာသကို အဆက်မပြတ် မွှေနှောက်နေသည်ကို တွေ့လိုက်ရသည်။
အမတလမ်းစဉ် ဆန္ဒများသည် နတ်ဘုရားပုံကြမ်းတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။
လျိုဝှက်ဆန်းကြယ်သော မဟာလမ်းစဉ် မှော်သင်္ကေတများသည် ထိုပုံကားချပ်အတွင်း၌ နေ၊ လ၊ တောင်၊ မြစ်နှင့် လောကရှိ အရာအားလုံးကို ဖော်ပြနေသဟန် ရှိသည့် အရာများအဖြစ် သက်ဝင်နေသည်။
ပြင်းထန်သော သတ်ဖြတ်စွမ်းအားများ ပျံ့နှံ့လာသည်နှင့်အမျှ ၊ စွမ်းအားရှင် အများအပြား၏ စိတ်ဝိညာဉ်များမှာ တုန်လှုပ်သွားခဲ့ရသည်။
“အမ်... ဒါက... ကွေးယွမ်နတ်ဘုရားစည်းတံဆိပ်ပဲ!”
“ကွေးယွမ်အမတဂိုဏ်းက ထာဝရ အမတစစ်ပွဲကြီးကို ထပ်ပြီး ဆင်နွှဲတော့မှာလား”
လူတိုင်း၏ အသံများမှာ တုန်ယင်နေပြီး ၊ အလွန်အမင်း အံ့ဩတုန်လှုပ်မှုကြောင့် နှလုံးခုန်နှုန်းပင် ခဏတာ ရပ်တန့်လုမတတ် ဖြစ်ခဲ့ရသည်။
“ပြီးခဲ့တဲ့ တစ်ခေါက်တင် ကမ္ဘာပျက်မတတ် စစ်ပွဲကြီး ဖြစ်ပွားခဲ့တာ... အခု ဘယ်လောက်မှ မကြာသေးဘူး.. ထပ်ပြီး စတော့မှာလား”
“ဒါက ဒေဝလောက ပြန်လည်စတင်ရာခေတ်လေ! အမတနယ်မြေနဲ့ ထောင်ပေါင်းများစွာသော နယ်မြေတွေအားလုံး အသစ်တစ်ဖန် ပြန်လည်ရှင်သန်တော့မယ့် အချိန်မှာ ခုလို စစ်ပွဲကြီး စလိုက်တာဟာ အမတနယ်မြေရဲ့ ကံကြမ္မာ အပေါ် ဘယ်လောက်တောင် ထိခိုက်မှုတွေ ရှိလာမလဲ”
လူတိုင်း သူသူကိုယ်ကိုယ် ထိတ်လန့်နေကြစဉ်၊
ခရာသံ……
ရှေးဟောင်း ခရာမှုတ်သံသည် မိုးနှင့်မြေကြား ပဲ့တင်ထပ်သွားပြီး၊ သတ်ဖြတ်လိုသော စိတ်ဆန္ဒများသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။
အမတလမ်းစဉ် မှော်အစီအရင်များ နှင့် အလင်းတံခါးများစွာသည် တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
သာယာသော စည်းချက်သံများကြား ၊ ယင်းအတွင်းရှိ နိယာမတရားများသည် ယခုအချိန်၌ အခြားကမ္ဘာတစ်ခုနှင့် ဆက်သွယ်နေဟန် ရကာ တောက်ပသော နတ်ဘုရားရောင်ခြည်များကို ထုတ်လွှတ်လိုက်သည်။
ဒုန်း... ဒုန်း... ဒုန်း...
ညီညာလှသော ခြေသံကြီးများ ထွက်ပေါ်လာသည်နှင့်အမျှ ၊
ရှေးဟောင်း အမတသားရဲကြီးများကို စီးနင်းထားသည့် အမတစစ်သည်တော်များသည် အလင်းတံခါးများထဲမှ ညီညီညာညာ ထွက်ပေါ်လာကြသည်။
ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းထားသော စစ်သင်္ဘောကြီးများမှာလည်း အစီအရင်များထဲမှ ထွက်ပေါ်လာကြပြီး၊ ရှေးကျသော နိယာမတရားများသည် ၎င်းတို့ပေါ်တွင် တောက်ပစွာ ဝင်းလက်နေသည်မှာ ခန့်ညားထည်ဝါမှုကို ပို၍ ပေါ်လွင်စေသည်။
စစ်သင်္ဘောပေါ်တွင် “ကွေးယွမ်အမတဂိုဏ်း” ဟူသော ရွှေရောင်စာလုံးကြီး လေးလုံးကို ထွင်းထုထားသည့် သွေးစွန်းနေသော အလံများသည် လေထဲတွင် တဖျပ်ဖျပ် လွင့်ပျံနေပြီး၊ ဤအတုမရှိသော စစ်တပ်ကြီး၏ မြင့်မြတ်သော အရှိန်အဝါကို ဖော်ပြနေသည်။
သွေးစွမ်းအင်များသည် မြစ်တစ်စင်းသဖွယ် စုပုံလာပြီး ၊ ၎င်း၏ ရိုက်ခတ်မှုသည် ဟင်းလင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေသည်။
ကွေးယွမ်အမတဂိုဏ်းအတွက် စစ်တိုက်ပေးရသော အမတစစ်တပ်ကြီးမှာ ဆင်းသက်လို့လာခဲ့ချေပြီ။
သို့သော် ဤမျှနှင့်ပင် မပြီးသေးပေ။
ကွေးယွမ်အမတဂိုဏ်း အုပ်ချုပ်ရာ ကုဋေပေါင်းများစွာသော နယ်မြေအတွင်း၌လည်း သောင်းပေါင်းများစွာသော အလင်းတံခါးများ ပွင့်လာခဲ့သည်။
ဝုန်း!!
ကောင်းကင်ယံသည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ၊ ခန့်ညားထည်ဝါသော ရှေးဟောင်း စစ်သင်္ဘောများသည် အလင်းတံခါးထဲမှ ထွက်ပေါ်လာကြသည်။ စစ်သင်္ဘောတစ်စင်းချင်းစီ၌ လောကတစ်ခွင်ကို လွှမ်းမိုးနိုင်စွမ်းရှိသော အမတဘုရင်များ လိုက်ပါလာကြသည်။
သူတို့၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ကနဦးစွမ်းအားများ နှင့် အမတမြူဆိုင်းများက သိပ်သည်းစွာ ရစ်ဝဲနေသည်မှာ သူတို့၏ ပုံရိပ်များကို ပို၍ ခန့်ညားစေသည်။
ထိုသူများမှာ ကွေးယွမ်အမတဂိုဏ်း၏ လက်အောက်ခံ အင်အားစုများမှ ထိပ်တန်းစွမ်းအားရှင်များ ဖြစ်ကြပြီး၊ ယခုအခါ နတ်ဘုရားစည်းတံဆိပ်၏ ဆင့်ခေါ်မှုကြောင့် စစ်တပ်များကို အသီးသီး ဦးဆောင်ကာ ရောက်ရှိလာခြင်း ဖြစ်သည်။
သူတို့၏ မျက်လုံးထဲတွင် ကွေးယွမ်အမတဂိုဏ်းသည် အမြင့်မြတ်ဆုံးသော နတ်ဘုရားတစ်ပါးပင် ဖြစ်သည်။ ဂိုဏ်းအပေါ် ထားရှိသည့် သူတို့၏ ယုံကြည်မှုနှင့် သစ္စာရှိမှုသည် အကြွင်းမဲ့သာ ဖြစ်သည်။
အလွန် အစွမ်းထက်သော အမတဧကရာဇ်မင်းများပင် ပေါ်ထွက်လာကြပြီး၊ ၎င်းတို့မှ ထုတ်ဖော်လိုက်သော အရှိန်အဝါသည် စကြဝဠာ တစ်ခုလုံးကို ခြိမ့်ခြိမ့်ညံသွားစေသည်။
“အမတဂိုဏ်းအတွက်ဆိုရင် ဓားတောင်ကို ကျော်ရဲသလို ၊ မီးပင်လယ်ကိုလည်း ဖြတ်ရဲပါတယ် ....ရန်သူအားလုံးကို သုတ်သင်ရှင်းလင်းပစ်မယ်!”
..………
ဟွမ်ကျိ အမတနယ်မြေ။
တားမြစ်စူးမိသားစု။
နတ်ကျွန်းများမှာ ကြယ်အစုအဝေးများသဖွယ် တည်ရှိနေပြီး ၊ အစွမ်းထက်သော ပုံရိပ်ပေါင်းများစွာသည် တားမြစ်စူးမိသားစု၏ ပင်မခန်းမဆောင်ဆီသို့ စုဝေးလာကြသည်။
တားမြစ်စူးမိသားစု၏ လက်ရှိ မျိုးနွယ်စုခေါင်းဆောင် ဖြစ်သော ရွှမ်ယွမ် အမတဧကရာဇ်မင်း သည် အရှိန်အဝါ အပြည့်ဖြင့် ထိပ်ဆုံးနေရာတွင် ထိုင်နေသည်။
“မျိုးနွယ်စု ခေါင်းဆောင်... ကွေးယွမ်အမတဂိုဏ်းက ကွေးယွမ်နတ်ဘုရားစည်းတံဆိပ်ကို ထုတ်ပြန်လိုက်ပြီ.. ကြည့်ရတာ အင်အားစုကြီး နှစ်ခုနဲ့ အမတစစ်ပွဲ ဆင်နွှဲဖို့ ပြင်နေပုံရတယ်”
တားမြစ်စူးမိသားစု၏ အကြီးအကဲတစ်ဦးက ပြောလိုက်သည် ။
“ကျုပ်တို့ တားမြစ်စူးမိသားစုကရော ဝင်ပါရမလား... ကွေးယွမ်အမတဂိုဏ်းကို ကူညီပေးသင့်သလား”
“မလိုဘူး “
***