ရွှမ်ယွမ် အမတ ဧကရာဇ်မင်း က ခေါင်းခါလိုက်သည် ။
“ကွေးယွမ်အမတဂိုဏ်းရဲ့ အင်အားကလည်း အားမနည်းဘူး....ပြီးတော့ သူတို့မှာလည်း ကြိုတင်ပြင်ဆင်မှုတွေ ရှိပြီးသားပဲ “
“အကယ်၍ အဲဒီလူတွေကသာ အမှောင်ထဲကနေ တိုက်ခိုက်လာမယ်ဆိုရင်တော့ အဲ့ကြမှ ငါတို့ ဝင်ကူညီပေးလည်း နောက်မကျဘူး”
“ဒါတွေထက်... အားလုံး ပြင်ဆင်ထားကြဦး ၊ ချန်ကဲ ဆီက သတင်းရောက်လာတယ် ...သူ ယောင်ကွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူ နတ်ဘုရားမကို ငါတို့ မိသားစုဆီ ခေါ်လာမယ်တဲ့ ”
“မျိုးနွယ်စုခေါင်းဆောင် ပြောတာက ယောင်ကွမ်အမတဂိုဏ်းရဲ့ ရန်ယွီနတ်ဘုရားမလား .... အရင်တုန်းက သခင်မလေး ပြောတာကို ကျွန်တော် ကြားဖူးတယ်!”
“အခု အမတနယ်မြေမှာ အမတစစ်ပွဲကြီး ဖြစ်တော့မှာဆိုတော့၊ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ငါတို့ဘက်က လူလွှတ်ပြီး သခင်လေးချန်ကဲကို သွားကြိုတာ ပိုကောင်းလိမ့်မယ်!”
တားမြစ်စူးမိသားစုအနေဖြင့် အမတစစ်ပွဲအပေါ် အလွန်အမင်း စိုးရိမ်ခြင်း မရှိပေ။
ကွေးယွမ်အမတဂိုဏ်း၏ အခြေခံအုတ်မြစ်မှာ အတိုင်းအဆမရှိ နက်ရှိုင်းလွန်းပေရာ ၊ သာမန်အင်အားစုကြီး နှစ်ခုကို နှိမ်နင်းရန်မှာ ခက်ခဲသော ကိစ္စမဟုတ်ချေ။
……….
တစ်ချိန်တည်းမှာပင်။
ထျန်းချန်လမ်းစဉ်ဂိုဏ်း။
ကွေးယွမ်အမတဂိုဏ်း၏ လှုပ်ရှားမှုများကို အမြဲ စောင့်ကြည့်နေသော ချန်ယွမ် အမတဧကရာဇ်မင်း သည် အဆိုပါ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါကို ခံစားလိုက်ရပြီးနောက် ၊ သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
“ကွေးယွမ်နတ်ဘုရားစည်းတံဆိပ်.....”
“ ထာဝရ အမတစစ်ပွဲ!”
“တောက်! ကွေးယွမ်အမတဂိုဏ်း... မင်းတို့ အတော်လေး ရဲတင်းနေတယ်ပေါ့”
“သူတို့တွေ အမတနယ်မြေတစ်ခုလုံးရဲ့ ဒေါသကို မကြောက်ကြဘူးလား”
ဤအခိုက်အတန့်တွင်၊ ချန်ယွမ် အမတဧကရာဇ်မင်းမှာ အလွန်အမင်း ဒေါသထွက်နေလေ၏။
မူလက သူသည် ဤကိစ္စကို အမတနယ်မြေ ကောင်းကင်လမ်းစဉ်သို့ အစီရင်ခံရန် ကြံစည်ခဲ့သော်လည်း၊ သို့သော် တစ်ဖက်လူသည် ရောက်လာလာချင်း ထူးဆန်းစွာဖြင့် ပြန်လည် ထွက်ခွာသွားခဲ့သည်။
ယခုအချိန်အထိ သူသည် နည်းလမ်းအမျိုးမျိုးဖြင့် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ယခုမူ အခြေအနေမှာ အတော်လေး စိုးရိမ်စရာကောင်းနေပြီ ဖြစ်သည်။ ကွေးယွမ်အမတဂိုဏ်းသည် အမတစစ်ပွဲကို တိုက်ရိုက် ဆင်နွှဲလိုက်ပြီ ဖြစ်ရာ၊ ဆက်ပြီး အချိန်ဆွဲနေပါက ၊ နေရာမှာတင် သေရုံသာ ရှိတော့မည်။
“ ငါ အမတသခင် တရားစီရင်ရေးရုံးတော် နဲ့ အန္တိမတာအို တရားစီရင်ရေးအဖွဲ့ က လူတွေနဲ့ အရင်ကတည်း စကားပြောပြီးသားပဲ ၊ သူတို့တွေလည်း ငြိမ်ကြည့်နေမှာ မဟုတ်လောက်ပါဘူး......”
စိတ်ထဲတွင် ထိုသို့တွေးပြီးနောက် ၊ ချန်ယွမ် အမတဧကရာဇ်မင်း၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဝင်းလက် တောက်ပသွားသည်။ ထို့နောက် မှော်စွမ်းအားကို အသုံးပြု၍ ကြယ်စုနယ်မြေတစ်ခုလုံးတွင် သူ၏ အသံကို ချဲ့ထွင်ကာ ကြေညာလိုက်သည်။
“ဟွန့်! ကွေးယွမ်အမတဂိုဏ်း! မင်းတို့ ဗိုလ်ကျလွန်းတယ် ....မင်းတို့က ငါတို့ကို အမြစ်ပြတ် သုတ်သင်ချင်နေမှတော့!”
“ဒီအမတစစ်ပွဲကို ငါ လက်ခံတယ်!”
အခြားတစ်ဖက်ရှိ ဖုန်းယွင်လှံခန်းမ မှာလည်း ဤအခိုက်အတန့်တွင် ဗြောင်းဆန်နေလေ၏။
အိပ်ပျော်နေသော အမတဧကရာဇ် ဘိုးဘေးများမှာ တစ်ယောက်ပြီး တစ်ယောက် နိုးထလာကြသည်။ ကုဋေပေါင်းများစွာသော ရွှေသံချပ်ကာဝတ် အမတစစ်သည်တော်များကလည်း မဟာလမ်းစဉ် အာကာသအတွင်းမှ ဆင်းသက်လာကာ စစ်တိုက်ထွက်ရန် အသင့်ဖြစ်နေပုံရသည်။
ဝုန်းးး!
တစ်ချိန်တည်းမှာပင် ဖုန်းယွင်လှံခန်းမ၏ အနက်ရှိုင်းဆုံးနေရာမှ မရေမတွက်နိုင်သော နတ်အလင်းတန်းများစွာသည် မိုးကောင်းကင်သို့ ဆန်တတ်သွားကြပြီး ၊ ထို့နောက် ကြီးကျယ်ခမ်းနားသော မှုန်ဝါးဝါးအသွင် ပုံရိပ်တစ်ခုအဖြစ် စုစည်းသွားသည်။
“ကွေးယွမ်အမတဂိုဏ်း! မင်းတို့က တားမြစ်အင်အားစု ကိုးခုထဲက တစ်ခုဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် စံနမူနာမပြဘဲ အမတနယ်မြေရဲ့ ငြိမ်းချမ်းရေးကို ဖောက်ဖျက်ခဲ့တယ်”
ယှဉ်နိုင်စရာမရှိအောင် ခမ်းနားထည်ဝါသော အသံတစ်ခုသည် အကန့်အသတ်မရှိသော ကြယ်တာရာ နယ်မြေကို ဖြတ်ကျော်ကာ ကောင်းကင်ယံထက်၌ အဆက်မပြတ် ပဲ့တင်ထပ်သွားလေ၏။
“ငါတို့ကို အမတစစ်ပွဲ ဆင်နွှဲပြီး အမတနယ်မြေရဲ့ တည်ငြိမ်မှုကို ဂရုမစိုက်ဘူးဆိုမှတော့... ဒါဆို ငါတို့ ဖုန်းယွင်လှံခန်းမ ကလည်း မင်းတို့နဲ့ အဆုံးအထိ အဖော်ပြုပေးဖို့ အသင့်ပဲ!”
အမှန်အတိုင်း ဆိုရလျှင်ဖြင့် ၊ သူတို့ အင်အားစုကြီး နှစ်ခုသည် အားကောင်းသော်လည်း သို့သော် တားမြစ်အင်အားစု ဖြစ်သည့် ကွေးယွမ်အမတဂိုဏ်းနှင့် နှိုင်းယှဉ်ပါက ၊ ကွာခြားချက်သည် ကြီးမားလွန်းသည်။
သို့သော်လည်း အစောပိုင်းက ပြောခဲ့သည့်အတိုင်း၊ သူတို့သည် ဤကိစ္စကို အသုံးချကာ အမတနယ်မြေ တစ်ခုလုံးကို ရေနောက်အောင် လုပ်လိုက်ရုံသာ ရှိပေတော့မည်။
သူတို့၏ အကျိုးစီးပွားကို အမတနယ်မြေ တစ်ခုလုံး၏ အကျိုးစီးပွားနှင့် ပတ်သက်အောင် လုပ်ဆောင်လိုက်မည် ဆိုပါက၊ အခြားသော အင်အားစုများမှာ ဤအတိုင်း ရပ်ကြည့်နေမည် မဟုတ်ပေ။
ခရာသံ !!
အင်အားစုကြီး နှစ်ခု မှ ခရာမှုတ်သံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။
မရေမတွက်နိုင်သော ဂိုဏ်းသားများ ၊ ကုဋေပေါင်းများစွာသော စစ်တပ်ကြီးသည် အာကာသ ဟင်းလင်းပြင်မှ ဆင်းသက်လာကြပြီး၊ သောင်းပေါင်းများစွာသော စစ်သင်္ဘောများသည်သည် ကောင်းကင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းလျက် ရှိနေကာ စစ်ထွက်ရန် အသင့်ဖြစ်နေကြသည်။
.........
အမတနယ်မြေတစ်ခုလုံး ဗြောင်းဆန်နေချိန် ၊
ပရမ်းပတာ ကြယ်တာရာပင်လယ်ရှိ အမတသခင်တရားစီရင်ရေးရုံးတော်။
ရောင်စုံအလင်းတန်းများစွာ သက်ဝင်လှုပ်ရှားနေပြီး ၊ ကြီးကျယ်ခမ်းနားသော အမတစွမ်းအားများသည် မှုန်ဝါးဝါး အသွင်ပုံရိပ်တစ်ခုအဖြစ် စုစည်းသွားသည်။
ကမ္ဘာတည်သရွေ့ မပျက်စီးနိုင်သော ထိုသူ၏ အကြည့်များသည် စကြဝဠာကို ထိုးဖောက်ကာ ကွေးယွမ်အမတဂိုဏ်း တည်ရှိရာ ကြယ်စုနယ်မြေဆီသို့ တိုက်ရိုက် ကျရောက်သွားသည်။
“ကွေးယွမ်အမတဂိုဏ်း! ဒေဝလောကတစ်ခုလုံး နဲ့ အမတနယ်မြေဟာ ခုမှ စတင်ရုံပဲ ရှိသေးတယ်... မင်းတို့က တားမြစ်အင်အားစု ဖြစ်ပြီးတော့ ဒီလောက်တောင် စိတ်လိုက်မာန်ပါ လုပ်ရဲတယ်ပေါ့!”
ကျယ်လောင်သော ဟိန်းဟောက်သံသည် အမတနယ်မြေအနှံ့ ပဲ့တင်ထပ်သွားသည်။
“မင်းတို့က တကယ်ပဲ အမတနယ်မြေရဲ့ တည်ငြိမ်မှုကို ဖျက်ဆီးပြီး၊ သက်ရှိအပေါင်းတို့ရဲ့ အကျိုးစီးပွားကို ဂရုမစိုက်ဘဲ ပစ်ထားတော့မှာလား”
“အမ်... ဒါက အမတသခင် တရားစီရင်ရေးရုံးတော်ရဲ့ ထျန်းယွီ့ အမတဧကရာဇ်မင်း ပဲ...!”
ထိုအသံကို ကြားလိုက်ရသော ခေတ်ဟောင်း စွမ်းအားရှင်များမှာ တုန်ယင်သွားကြပြီး ၊ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ကြသည် ။
“အမတသခင်တရားစီရင်ရေးရုံးတော်က နောက်ဆုံးတော့ ဝင်ပါတော့မှာလား.....”
ဝုန်း! !
ထိုအချိန်မှာပင် အခြားသော နယ်မြေတစ်ခု၌ မဟာလမ်းစဉ်သည် ဟောက်သံပြုလျက် တောက်ပစွာ ထွန်းလင်းလာပြီး ၊ အကန့်အသတ်မရှိ ကျယ်ပြောလှသော မဟာလမ်းစဉ် အရှိန်အဝါတစ်ခုသည် ဖြည်းဖြည်းချင်း နိုးထလာဟန်ရသည်။
ထိုနေရာသည် အမတနယ်မြေ၏ တားမြစ်အင်အားစု ကိုးခုထဲမှ တစ်ခုဖြစ်သော အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ တည်ရှိရာ ကြယ်စုနယ်မြေ ဖြစ်သည်။
ကြမ်းတမ်းစွာ ရိုက်ခတ်နေသော နိယာမပင်လယ်ပြင်အတွင်း၌ ၊ ကြီးကျယ်ခမ်းနားသော ပုံရိပ်တစ်ခု ထပ်မံ ပေါ်ထွက်လာသည်။
“ကွေးယွမ်အမတဂိုဏ်း! မင်းတို့ တကယ်ကို ဗိုလ်ကျလွန်းတယ်!”
“ဒီကိစ္စရဲ့ အစအဆုံးကို ငါတို့ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ နဲ့ အမတသခင် တရားစီရင်ရေးရုံးတော် တို့က ရှင်းရှင်းလင်းလင်း စုံစမ်းပြီးသွားပြီ...ချန်ယွမ် အမတဧကရာဇ်မင်း နဲ့ ထျန်းချန် အမတ ဧကရာဇ်မင်း တို့က အမတနယ်မြေရဲ့ စည်းမျဉ်းကို ချိုးဖောက်ပြီး မျိုးဆက်သစ် လူငယ်တွေရဲ့ ကိစ္စမှာ ဝင်ပါခဲ့တာ မှန်တယ်၊ ဒါက သူတို့ရဲ့ အမှားဆိုတာ လက်ခံတယ်!”
“ဒါပေမဲ့....”
တောက်ခွင်း အမတဧကရာဇ်မင်း က စကားလမ်းကြောင်း ပြောင်းလိုက်သည် ။
“သူတို့နှစ်ယောက်လုံးက စူးချန်ကဲအပေါ် လက်ဖျားနဲ့ တောင် မတို့ခဲ့ဘူး.... သူတို့ရဲ့ အဆင့်အတန်းကိုတောင် နှိမ့်ချပြီး စူးချန်ကဲကို တောင်းပန်ခဲ့ကြသေးတယ်!”
“မင်းတို့က ကိုယ့်ဂိုဏ်းက ဆက်ခံသူ နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်သွားရုံနဲ့ ငါတို့ အမတနယ်မြေရဲ့ အမတဧကရာဇ်မင်းတွေကို သတ်တော့မယ်ပေါ့ .... နောင်တစ်ချိန် အမှောင်ထု နိုးထလာရင် ပြန်လည် ခုခံပေးမယ့် ညီနောင်တွေကို အမြစ်ပြတ် သုတ်သင်ဖို့ ကြံရွယ်နေတာလား”
တားမြစ်အင်အားစုများ၏ အရှင်သခင်များအနေဖြင့် ၊ ထျန်းယွီ့ အမတ ဧကရာဇ်မင်း နှင့် တောက်ခွင်း အမတ ဧကရာဇ်မင်းတို့၏ အကြံအစည်သည် အလွန်ကို နက်ရှိုင်းပေသည်။
***