စကားအနည်းငယ်နှင့် အပေးအယူမျှမျှ ပြောဆိုမှုဖြင့် ကွေးယွမ်အမတဂိုဏ်းသည် အမတနယ်မြေ၏ ဘေးကင်ရေးကို လျစ်လျူရှုပြီး ၊ လောကကြီး၏ တည်ငြိမ်မှုကို ဖျက်ဆီးကာ သက်ရှိအပေါင်းတို့ကို ဒုက္ခတွင်းထဲသို့ တွန်းပို့နေသည့် “လူဆိုး” အဖြစ် သရုပ်ဖော်ခဲ့သည်။
“ကွေးယွမ်အမတဂိုဏ်းရဲ့ လုပ်ရပ်က တကယ်ကို ဗိုလ်ကျလွန်းတာပဲ!”
“ဒီကိစ္စရဲ့ အစအဆုံးကို ငါတို့ဂိုဏ်းလည်း သိထားတယ်….ထျန်းချန် အမတ ဧကရာဇ်မင်း နဲ့ ချန်ယွမ် အမတဧကရာဇ်မင်း တို့က သူတို့ဂိုဏ်းက ထောင်ချီရှိတဲ့ ပါရမီရှင်တွေ အသတ်ခံလိုက်ရမှာကို မကြည့်ရက်လို့ နတ်ဘုရားလက်နက် အမတမျှော်စင်ကို ကိုယ်တိုင် သွားရောက်ပြီး စူးချန်ကဲနဲ့ ညှိနှိုင်းဖို့ လုပ်ခဲ့တာပဲ”
“ဒါပေမဲ့ စူးချန်ကဲနဲ့ အင်အားစုကြီး နှစ်ခုကြားက ရန်ငြိုးက နက်နဲလွန်းတော့ ညှိနှိုင်းမှု ပျက်ပြားသွားခဲ့တယ်… နောက်ဆုံး အမတဧကရာဇ်မင်း နှစ်ပါးက စူးချန်ကဲကို ဆုံးမဖို့ လုပ်တော့မှ စူးချန်ကဲရဲ့ နောက်ကွယ်က လျှို့ဝှက်စောင့်ရှောက်သူက သူတို့ရဲ့ ဓမ္မကိုယ်ပွားတွေကို ဖျက်ဆီးလိုက်တယ်၊ ဒါကြောင့်ပဲ ခုလို အမတစစ်ပွဲကြီး ဖြစ်လာရတာပဲ”
“မှန်တယ်၊ ဒါကို ငါလည်း ကြားမိတယ်…. ဒေဝလောက ပြန်လည်စတင်ရာခေတ်မှာ မျိုးဆက်ဟောင်းတွေ ဝင်မပါရဘူးလို့ စည်းမျဉ်းရှိပေမဲ့…ဒါပေမဲ့ ထောင်နဲ့ချီရှိတဲ့ ပါရမီရှင်တွေ အသတ်ခံရမှာကိုတော့ ဘယ်အင်အားစုမှ ငြိမ်ခံနေမှာ မဟုတ်ဘူး!”
“ကွေးယွမ်အမတဂိုဏ်းက ဒီကိစ္စလေးနဲ့ အမတစစ်ပွဲကို ဆင်နွှဲတာကတော့… ဒါ ဗိုလ်ကျလွန်းရာ ရောက်သလို၊ အမတနယ်မြေရဲ့ တည်ငြိမ်မှုကိုလည်း လုံးဝ ထည့်မတွက်တာပဲ!”
“………”
အမတသခင် တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအို တရားစီရင်ရေးအဖွဲ့ တို့၏ သဘောထား ထုတ်ဖော်မှုနှင့် ရည်ရွယ်ချက်ရှိရှိ စကားနာထိုးမှုများကြောင့် အင်အားစု အသီးသီးမှ ကျင့်ကြံသူများသည် ကွေးယွမ်အမတဂိုဏ်းအပေါ်တွင် မကျေနပ်မှုများ စတင် ဖြစ်ပေါ်လာခဲ့သည်။
အမှောင်ထု မူလရင်းမြစ်ကမ္ဘာသည် အချိန်မရွေး လှုပ်ရှားလာနိုင်သည့် အခြေအနေတွင် ရှိနေသည်။အမတစစ်ပွဲ ဖြစ်ပွားခြင်းသည် အမတနယ်မြေ၏ အခြေခံအုတ်မြစ်ကို ပြုန်းတီးစေမည် ဖြစ်သည်။
စစ်ပွဲအကြီးအကျယ် ဖြစ်ပွားခြင်းသည် မကောင်းသော စွမ်းအင်များစွာကို ဖြစ်ပေါ်စေသောကြောင့် ၊ ယင်းက အမှောင်ထုကို အခွင့်ကောင်း ပေးလိုက်သလို ဖြစ်သွားနိုင်သည်။
သို့သော်လည်း ကွေးယွမ်အမတဂိုဏ်းသည် ရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ဘဲ ပေါက်ကွဲအား ပြင်းထန်သော ဗုံးတစ်လုံးကို တိုက်ရိုက် ပစ်ချလိုက်သည်။
နောက်အခိုက်အတန့်တွင် ၊ နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါလှသော အသံတစ်သံသည် ကွေးယွမ်အမတဂိုဏ်းကို ဗဟိုပြု၍ အမတနယ်မြေတစ်ခုလုံးသို့ ပဲ့တင်ရိုက်ခတ်သွားသည်။
“ဒီနေ့ ငါတို့ ကွေးယွမ်အမတဂိုဏ်းက အမတနယ်မြေတစ်ခုလုံးကို ကြေညာလိုက်မယ်၊ ဖုန်းယွင်လှံခန်းမ နဲ့ ထျန်းချန်လမ်းစဉ်ဂိုဏ်း တို့ဟာ ကောင်းကင်လမ်းစဉ် နဲ့ ပူးပေါင်းပြီး ဆန္ဒအလျောက် လက်ပါးစေအဖြစ် ခံယူကာ ငါတို့ အမတနယ်မြေကို သစ္စာဖောက်ခဲ့ကြတယ်!”
“ဂိုဏ်းနှစ်ခုရဲ့ အရှင်သခင်တွေဟာ အမတနယ်မြေ ကောင်းကင်လမ်းစဉ်ရဲ့ အမိန့်ကို နာခံပြီး၊ သူတို့ရဲ့ ဂိုဏ်းဝင်တပည့်တွေကို ငါတို့ဂိုဏ်းရဲ့ ချန်ကဲ ဆက်ခံသူ အပေါ် ရက်စက်စွာ လုပ်ကြံခိုင်းခဲ့တယ်!”
“ ငါ မေးပါဦးမယ်… ဒီလိုဆိုးရွားတဲ့ အနာတွေကို ငါတို့ ကွေးယွမ်အမတဂိုဏ်းက အမတစစ်ပွဲ ဆင်နွှဲပြီး ဘာလို့ မသုတ်သင်သင့်တာလဲ”
တစ်ချိန်တည်းမှာပင် ၊ မျဲ့ရှန်း ရှေးဘိုးဘေး သည် အမတသခင် တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအို တရားစီရင်ရေးအဖွဲ့ ဆီသို့ ဦးတည်၍ ထပ်မံ ပြောကြားလိုက်သည်။
“မင်းတို့က ငါတို့ အမတနယ်မြေရဲ့ တားမြစ်အင်အားစု ကိုးခုထဲက တစ်ခု ဖြစ်ပါလျက်နဲ့… ကောင်းကင်လမ်းစဉ်ရဲ့ လက်ပါးစေတွေကို ကာကွယ်ပေးပြီး အမတနယ်မြေသာမက ဒေဝလောကတစ်ခွင်လုံးကို ရန်သူအဖြစ် သတ်မှတ်ချင်နေတာလား”
ဝုန်းးးးးးး!
ဤစကားလုံးများသည် ကမ္ဘာဦး မိုးခြိမ်းသံကဲ့သို့ လူတိုင်း၏ ဦးနှောက်ထဲတွင် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ဗလာကျင်းသွားသော သူတို့၏ စိတ်ထဲတွင် ဤစကားတစ်ခွန်းတည်းသာ ထပ်ခါတလဲလဲ ဟိန်းထွက်နေလေ၏။
ထျန်းချန်လမ်းစဉ်ဂိုဏ်း နဲ့ ဖုန်းယွင်လှံခန်းမ က အမတနယ်မြေ ကောင်းကင်လမ်းစဉ်ရဲ့ လက်ပါးစေတွေ၊ အမတနယ်မြေရဲ့ သစ္စာဖောက်တွေတဲ့လား? !
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? !
သူတို့က သာလွန်အင်အားစုကြီး (၁၈) ခုထဲက တစ်ခုလေ ….တားမြစ်အင်အားစု ကိုးခုရဲ့ လက်အောက်မှာ ရှိပေမဲ့ …ဒါပေမဲ့ လောကတစ်ခုလုံးကို ငုံ့ကြည့်ပြီး ကုဋေပေါင်းများစွာသော ကြယ်စုနယ်မြေတွေကို အုပ်ချုပ်နေကြတဲ့သူတွေ မဟုတ်လား?
ဒီလောက်အထိ အားကောင်းတဲ့ အင်အားစုကြီး နှစ်ခုက ကောင်းကင်လမ်းစဉ်ရဲ့ လက်ပါးစေတွေ ဖြစ်နေသတဲ့လား! ?
အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ် ဆိုသည်မှာ အဘယ်နည်း။
အမတနယ်မြေမှ ကျင့်ကြံသူတိုင်း အမတနယ်မြေ၏ ရှေးဟောင်းသမိုင်းကို အနည်းငယ် သိရုံဖြင့် ၊ ကောင်းကင်လမ်းစဉ်သည် အမတနယ်မြေအပေါ် မည်သည့်လုပ်ရပ်များ ပြုလုပ်ခဲ့သည်ကို သိရှိနိုင်သည်။
ထိုသကောင့်များမှ အမတနယ်မြေအပေါ် ပေးခဲ့သော ဘေးဒုက္ခများမှာ အမှောင်ထု မူလရင်းမြစ်ကမ္ဘာထက် မလျော့ပေ။ ၎င်းတို့သည် အမှောင်ထဲကနေ ပုန်းကွယ်ကာ အမတနယ်မြေကို အကြိမ်ကြိမ် ရှုပ်ထွေးအောင် လုပ်ဆောင်ခဲ့ပြီး၊ သက်ရှိအပေါင်းတို့ကို ဒုက္ခတွင်းထဲသို့ ကျရောက်အောင် လုပ်ဆောင်ခဲ့ကြသူများ ဖြစ်သည်။
“ဘာ…..?”
ထိုအသံကို ကြားလိုက်ရသော ထျန်းယွီ့ အမတဧကရာဇ်မင်း နှင့် တောက်ခွင်း အမတဧကရာဇ်မင်း တို့မှာ လွန်စွာ ထိတ်လန့်တုန်လှုပ်သွားသည်။
ပြီးခဲ့သည့် ကာလများက ဖုန်းယွင်လှံခန်းမ နှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်း တို့၏ လှုပ်ရှားမှုများမှာ အမှန်တကယ်ပင် ထူးဆန်းနေသဖြင့် ၊ သူတို့သည် ၎င်းတို့၏ အသွားအလာများကို ရည်ရွယ်ချက်ရှိရှိ စုံစမ်းစစ်ဆေးခဲ့သော်လည်း မည်သည့် ထူးခြားချက်မျှ ရှာမတွေ့ခဲ့ပေ။
ယခုတွင် ကွေးယွမ်အမတဂိုဏ်းသည် ဤမျှ ပေါက်ကွဲအား ပြင်းထန်သော သတင်းကို တိုက်ရိုက် ထုတ်ပြန်လိုက်ခြင်းသည် သူတို့အနေဖြင့် လုံးဝ မျှော်လင့်မထားသော ကိစ္စတစ်ရပ်ပင် ဖြစ်သည်။
“ ဒါ စွပ်စွဲတာ!”
“ဒါ သက်သက်မဲ့ စွပ်စွဲတာ!”
ဒေါသတကြီး ဟောက်သံတစ်ခုက အမတနယ်မြေ တစ်ခွင် ပဲ့တင်ထပ်သွားပြန်သည်။
ထျန်းချန်လမ်းစဉ်ဂိုဏ်း တည်ရှိရာ ကြယ်စုနယ်မြေမှ အလင်းတန်းများစွာ ထွက်ပေါ်လာပြီးနောက်၊ ချန်ယွမ် အမတဧကရာဇ်မင်း၏ ပုံရိပ်ယောင်သည် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
“ကွေးယွမ်အမတဂိုဏ်း! မင်းတို့က တားမြစ်အင်အားစု ကိုးခုထဲက တစ်ခုဖြစ်ပြီး ဒီလောက်တောင် ယုတ်မာရသလား!”
“သတ်ချင်ရင်လည်း သတ်လိုက် … မင်းတို့ က အမတစစ်ပွဲ ဆင်နွှဲပြီး ငါတို့ကို သတ်ဖို့ ကြံနေမှတော့ ငါတို့အတွက် ဘာပြောစရာစကားမှ မရှိဘူး …. ဒါပေမဲ့ ဘာလို့ ငါတို့အပေါ် ရေညစ်တွေ လောင်းချရတာလဲ … ငါတို့ကို ကောင်းကင်လမ်းစဉ်ရဲ့ လက်ပါးစေတွေအဖြစ် စွပ်စွဲနေတာပဲ “
“ဟွန့်! မင်းတို့က အမတစစ်ပွဲ ဆင်နွှဲချင်တယ်ဆိုရင်လည်း ငါတို့ ဘက်ကလည်း လက်ခံတယ်!”
ထျန်းချန် အမတ ဧကရာဇ်မင်း ကလည်း ထပ်မံ ပြောကြားလိုက်သည် ။
“အမှန်တရားကို လိမ်ညာပြီး အဖြူကို အမည်း လုပ်နေကြတာ၊ မင်းတို့ တကယ်ပဲ ဘာလုပ်ချင်နေတာလဲ”
“ငါတို့ကို ကောင်းကင်လမ်းစဉ်ရဲ့ လက်ပါးစေတွေလို့ ပြောရအောင် မင်းတို့မှာ သက်သေရှိလို့လား”
အမတဧကရာဇ်မင်း နှစ်ပါး၏ စကားများသည် တရားမျှတမှု ရှိနေပုံရသော်လည်း၊ အမှန်အားဖြင့် သူတို့၏ စိတ်ထဲ၌ လှိုင်းထန်လို့ နေလေ၏။
သူတို့၏ ကနဦး ခန့်မှန်းချက်သည် မှန်ကန်နေခဲ့သည်။
ကွေးယွမ်အမတဂိုဏ်းသည် သူတို့နှင့် ကောင်းကင်လမ်းစဉ်ကြားက ဆက်ဆံရေးကို အမှန်တကယ်ပင် သိရှိထားခဲ့သည်။
ဤအချက်က သူတို့ကို ပို၍ပင် နားမလည်နိုင်အောင် ဖြစ်စေသည်။ တစ်ဖက်လူသည် မည်သို့ သိရှိသွားခဲ့သနည်း။
ဤအခြေအနေသည် ထျန်းယွီ့ အမတဧကရာဇ်မင်း နှင့် တောက်ခွင်း အမတဧကရာဇ်မင်း တို့၏ မှန်းဆချက်များထက် များစွာ ကျော်လွန်နေခဲ့သည်။
မူလက သူတို့သည် ဖုန်းယွင်လှံခန်းမ နှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်းဘက်မှ ရပ်တည်ကာ ကွေးယွမ်အမတဂိုဏ်းကို ဖိအားပေးရန် ရည်ရွယ်ထားခဲ့သည်။
သို့သော် ဤမျှအထိ အလှည့်အပြောင်း ဖြစ်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
သူတို့သည် မရေမတွက်နိုင်သော ခေတ်ကာလများစွာကို ဖြတ်သန်း ရှင်သန်လာခဲ့သော မြေခွေးအိုကြီးများ ဖြစ်သည့်နှင့် အလျောက် ၊ ယခုအချိန်သည် စကားပြောရမည့် အချိန်မဟုတ်မှန်း ကောင်းကောင်း သိထားကြသည်။
အမှားအမှန် ပေါ်ပေါက်လာသည့်တိုင်အောင် စောင့်ကြည့်ပြီးမှ သူတို့၏ သဘောထားကို ထုတ်ဖော်ပြသခြင်းသည် ပို၍ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
***