၎င်းတို့သည် မျက်မှောင်ကြုတ်လျက် ၊ ရောင်ဝါများကို တိတ်တဆိတ် ရုပ်သိမ်းကာ လူအုပ်ကြီး၏ နောက်ကွယ်မှ ဆုတ်ခွာရန်ရွေးချယ်လိုက်ကြသည်။
“ဟားးဟား… ငါတို့အရင်က ပြောခဲ့သလိုပဲ၊ မင်းတို့ကို အေးအေးလူလူ သေခွင့်ပေးမယ်”
မျဲ့ရှန်း ရှေးဘိုးဘေး၏ စကားသံအဆုံးတွင် ၊
ကောင်းကင်ယံ၌ သက်တံ့ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
၎င်းတို့သည် နိယာမတရားများစွာဖြင့် ဖွဲ့စည်းထားသော ပုံရိပ်ယောင်မှန်ချပ်တစ်ခုနှင့် တူပြီး ၊ ထိုမှန်ချပ်အတွင်း၌ ထွက်ပေါ်လာသော ပုံရိပ်မှာ ချန်ယွမ် အမတဧကရာဇ်မင်း သည် ကောင်းကင်လမ်းစဉ်မှ ချန်းဟွမ်ထျန်းကို ဆက်သွယ်နေသည့် မြင်ကွင်းပင် ဖြစ်သည်။
ထို့အပြင် တစ်စုံတစ်ယောက်၏ စောဒကတက်ခြင်းမှ ကာကွယ်ရန်အတွက် ၊
ထျန်းချန်လမ်းစဉ်ဂိုဏ်း နှင့် ဖုန်းယွင်လှံခန်းမဆောင်တို့သည် ကောင်းကင်လမ်းစဉ်၏ အမိန့်အရ ၊ အားရှင်း ကို ဖမ်းဆီးရန် ကြံစည်ခဲ့သည့် အချက်အလက်များကိုပါ ထုတ်ဖော်ချပြခဲ့သည်။
ယခုအချိန်တွင် ဤမြင်ကွင်းကို ကြည့်ရှုနေကြသော မည်သူမဆို စိတ်နှလုံးသားထဲတွင် အတော်လေး ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။
ဤအရာသည် အတုအယောင်မဟုတ်ကြောင်း သူတို့ သေချာပေါက် အာမခံနိုင်သည်။
“ဒါ… ဒါက…”
ဤမြင်ကွင်းကို မြင်လိုက်ရသော ချန်ယွမ် အမတဧကရာဇ်မင်းမှာ လုံးဝ ဆွံ့အသွားသည်။ ပြင်းထန်သော ထိတ်လန့်တုန်လှုပ်မှုကြောင့် ၊ သူ၏နှလုံးခုန်သံပင် ရပ်တန့်လုမတတ် ဖြစ်ခဲ့ရသည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
သူသည် ကောင်းကင်လမ်းစဉ်နှင့် ဆက်သွယ်နေစဉ်အတွင်း ၊ အကာအကွယ်များကို မရေမတွက်နိုင်အောင် တည်ဆောက်ထားခဲ့သည် မဟုတ်လော။
မည်သူကများ အသံတိတ် ဝင်ရောက်လာပြီး သူနှင့် ချန်းဟွမ်ထျန်းတို့၏ ဆက်သွယ်မှုကို မှတ်တမ်းတင်နိုင်ခဲ့သနည်း။
တစ်စုံတစ်ယောက်က ထိုသို့ လုပ်ဆောင်နိုင်ရင်တောင်မှ ၊ ကောင်းကင်လမ်းစဉ်သည် အားရှင်းကို ဝိုင်းရံနှိပ်ကွပ်ရန် အမိန့်ပေးထားသည်ကို မည်သို့သိရှိခဲ့သနည်း။
ခေါင်းထဲ၌ အတွေးများစွာဖြင့် ရှုပ်ထွေးနေစဉ်မှာပင် ၊ ချန်ယွမ် အမတဧကရာဇ်မင်းသည် တစ်စုံတစ်ခုကို တွေးမိကာ ရုတ်တရက် ထိတ်လန့်သွားသည်။
သူသည် တစ်စုံတစ်ခုကို သတိရသွားဟန်ရသည်။
မှန်၏။ သူ၏ ထျန်းချန်လမ်းစဉ်ဂိုဏ်းနှင့် ဖုန်းယွင်လှံခန်းမတို့မှ အမတဘုရင်နှစ်ပါး ပျောက်ဆုံးနေခဲ့သည်။
၎င်းတို့နှစ်ဦးသည် သူတို့ဂိုဏ်း၏ ပါရမီရှင်များကို နောက်ကွယ်မှ လိုက်လံ စောင့်ရှောက်ပေးခဲ့ကြသူများ ဖြစ်သည်။
သူတို့၏ အငွေ့အသက်များသည် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပြီး ယခုအချိန်အထိ အဆက်အသွယ် မရခဲ့ပေ။
ယခုမှပင် သူသည် ထိုကိစ္စနှင့် ပတ်သတ်၍ နားလည်သွားခဲ့သည်။ ထိုအမတဘုရင် နှစ်ပါးသည် ကွေ့ယွမ်အမတဂိုဏ်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ၊ သူတို့၏ မှတ်ဉာဏ်များကို ထုတ်ယူခံလိုက်ရခြင်း ဖြစ်ပေမည်။
ဤကဲ့သို့ ခိုင်လုံသော သက်သေအထောက်အထားများရှေ့တွင် ဂိုဏ်းကြီးနှစ်ခုမှ လူများသည် ပြန်လည် ငြင်းဆိုလိုသော်လည်း ၊ သို့သော် ထိုသို့ပြုလုပ်ရန် သူတို့တွင် အင်အားမရှိတော့ချေ။
“အားလုံး သေချာနားထောင်ကြစမ်း!”
မျဲ့ရှန်း ရှေးဘိုးဘေး၏ အသံသည် မိုးနှင့်မြေကြား နောက်တစ်ဖန် ပဲ့တင်ထပ်သွားပြန်သည်။
“နောင်တစ်ချိန် အမှောင်ထု နိုးထလာခဲ့ရင်တောင်၊ ဖုန်းယွင်လှံခန်းမ နဲ့ ထျန်းချန်လမ်းစဉ်ဂိုဏ်းက လမ်းဘေးခွေးတွေ မရှိလည်း ရတယ်”
“ငါတို့ ကွေးယွမ်အမတဂိုဏ်းက ဒီကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ပြီး အမှောင်ထုကို နှိမ်နင်းပြီး သက်ရှိအပေါင်းတို့ကို ကာကွယ်ပေးမယ်!”
ဝုန်း——
ထိုစကားသံအဆုံးတွင် အင်အားစုကြီးနှစ်ခု တည်ရှိရာ နယ်မြေထက်၌ မိုးသက်လေပြင်းများ ကျရောက်လာပြီး၊ အမတအလင်းများက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
အာကာသတံခါးများ တစ်ခုပြီးတစ်ခု ပွင့်လာပြီး၊ ကုဋေပေါင်းများစွာသော အာကာသ စစ်သင်္ဘောများနှင့် ရွှေသံချပ်ကာဝတ် အမတစစ်သည်တော်များသည် အစုလိုက်အပြုံလိုက် ဆင်းသက်လာကြသည်။
စစ်တပ်ကြီး၏ အလယ်တွင် ၊ တစ်ကိုယ်လုံး တဖိတ်ဖိတ် တောက်ပနေပြီး လောကတစ်ခုလုံးကို ရောင်ပြန်ဟပ်နေသည့် အမတ ဧကရာဇ်မင်းများစွာ ပါဝင်လာကြသည်။
သူတို့သည် အထက်တွင် ရပ်နေကာ အောက်ဘက်ရှိ နန်းဆောင်များနှင့် အဆောက်အဦးများကို အေးစက်စွာဖြင့် ငုံ့ကြည့်နေကြသည်။
“ဖုန်းယွင်လှံခန်းမ “
“ဟားးး…… ဒီလို ခွေးသူတောင်းစား အင်အားစုကများ ငါ့ရဲ့ လှံအတတ် မဟာလမ်းစဉ်ကို လေ့ကျင့်ဖို့ ထိုက်တန်လို့လား “
စိမ်းပြာရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားသော အမတဧကရာဇ်တစ်ပါးက မထီမဲ့မြင်လေသံဖြင့် ဆိုလိုက်သည်။
သူ၏မျက်လုံးများသည် ယှဉ်နိုင်စရာမရှိအောင် ဝင်းလက် တောက်ပနေပြီး၊ စကြဝဠာတစ်ခုလုံးကို ထိုးဖောက်နိုင်စွမ်းရှိသော နတ်ဘုရားလှံတစ်စင်းသည် သူ၏လက်ထဲသို့ ရောက်ရှိလာသည်။
“မူလလမ်းစဉ် ချုပ်ငြိမ်းခြင်း!”
ထို့နောက် ၊ ထိုအမတဧကရာဇ်၏ ခန္ဓာကိုယ်မှ အမတအလင်းများ ပြင်းထန်စွာ ပေါက်ကွဲထွက်လာခဲ့ပြီး ၊ အချိန် နှင့်အာကာသ အပိုင်းအစများကိုပင် ဖရိုဖရဲဖြစ်သွားစေသည်။
သူသည် ထိုနတ်ဘုရားလှံကို ကိုင်ဆောင်ကာ ဖုန်းယွင်လှံခန်းမ၏ ဗဟိုချက်ဆီသို့ အားကုန်လွှဲ၍ ပစ်လွှတ်လိုက်သည်။
“မင်းကများ လုပ်ရဲလား”
ထျန်းချန်အမတဧကရာဇ်မင်း သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူ၏ မှော်စွမ်းအားများဖြင့် လှံတစ်စင်းကို ဖန်တီးကာ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားလိုက်သည်။
ဝုန်း!
အမတဧကရာဇ်မင်းများ ဖြစ်ကြသော်လည်း ၊ သို့သော် ၎င်းတို့နှစ်ဦး၏ ခွန်အားကွာခြားချက်မှာ အလွန်ကြီးမားသည်။
ထျန်းချန်း အမတဧကရာဇ်မင်းသည် သူ၏ ခွန်အားများကို အလုံးစုံ အသုံးပြုခဲ့သည့်တိုင် ၊ ထိုတိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပေ။
အဆုံးစွန်ထိ တောက်ပသော အလင်းတန်းတစ်စင်းသည် ကောင်းကင်ယံသို့ ထိုးဖောက်သွားသည်။ ထိုတိုက်ခိုက်မှု တစ်ချက်တည်းဖြင့်ပင် ၊ ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ အချိန်အကြာကြီး အားစိုက်ထုတ်ကာ တည်ဆောက်ခဲ့ရသော ဂိုဏ်း၏ အကာအကွယ်ဖွဲ့စည်းပုံမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့သည်။
ထိုပစ်ခတ်မှုသည် အမတစစ်ပွဲကို အစပျိုးလိုက်ခြင်းပင် ဖြစ်သည်။
“သတ်ကြ! အမတနယ်မြေရဲ့ သစ္စာဖောက်တွေကို အကုန်သတ်ပစ်!”
နောက်အခိုက်အတန့်တွင် ၊ အာကာသတံခါးများထဲမှ ထွက်ပေါ်လာသော ရွှေသံချပ်ကာဝတ် စစ်သည်တော်များစွာသည် လက်နက်များကို ကိုင်ဆောင်ကာ တိုက်ခိုက်ကြလေတော့သည်။
အင်အားစုကြီးနှစ်ခုမှ လူများသည်လည်း သူတို့၏ လျှို့ဝှက်ချက်များ ပေါက်ကြားသွားပြီဖြစ်ကြောင်းနှင့် နောက်ဆုံးလမ်းသို့ ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်သည်။ မည်သို့ပင်ဖြစ်စေ ၊ သေရတော့မည် ဖြစ်ရာ ရူးသွပ်နေသူများကဲ့သို့ ပြန်လည် တိုက်ခိုက်ခဲ့ကြသည်။
ဝုန်း … ဝုန်း——
တခဏအတွင်းမှာပင် ၊ အင်အားစုကြီးနှစ်ခု တည်ရှိရာ နယ်မြေတွင် ပြင်းထန်သော ပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိသည်။
ထိုအချိန်မှသာလျှင် ၊ ဘေးမှ ကြည့်ရှုနေကြသော ကျင့်ကြံသူများမှာ သတိပြန်ဝင်လာကြသည်။
ပြင်းထန်သော အမျက်ဒေါသများက သူတို့၏ ရင်ထဲတွင် ပွက်ပွက်ဆူလို့ နေလေ၏။
အရင်က ထိုအင်အားစုကြီးနှစ်ခုသည် ကွေးယွမ်အမတဂိုဏ်း၏ ဖိနှိပ်ခြင်းကို ခံနေရသည်ဟု ထင်မှတ်ကာ သနားခဲ့မိကြသည်။
သို့သော် ယခု အမှန်တရား ပေါ်ပေါက်လာပြီ ဖြစ်ရာ ၊ သူတို့သည် ထိုအင်အားစုကြီး နှစ်ခု၏ လှည့်ဖြားအသုံးချခြင်းကို ခံခဲ့ရမှန်း သိလိုက်ရသည်။
“ သေသင့်တဲ့ကောင်တွေ ! ဒီအင်အားစုနှစ်ခုက လတ်စသတ်တော့ ကောင်းကင်လမ်းစဉ်ရဲ့ ခွေးသူတောင်းစားတွေ ဖြစ်နေတာကိုး!”
“ယုတ်မာလိုက်တာ! အမတနယ်မြေရဲ့ ထိပ်တန်း အင်အားစုတွေ ဖြစ်နေပြီးတော့ အပြင်လူနဲ့ ပေါင်းပြီး ငါတို့ကို သစ္စာဖောက်ရဲတယ်….လူတိုင်း ဝိုင်းပြီး ဒင်းတို့ကို သတ်ပစ်သင့်တယ် ၊ ဘယ်တော့မှ လူပြန်မဖြစ်နိုင်အောင် လုပ်ပစ်ကြ!”
“မှန်တယ်! ဒါက ကွေးယွမ်အမတဂိုဏ်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတင် မဟုတ်တော့ဘူး… ဒါက ငါတို့ အမတနယ်မြေတစ်ခုလုံးရဲ့ ကိစ္စပဲ! ဒီခွေးသူတောင်းစားနှစ်ကောင် မပျက်စီးရင် ငါတို့ အမတနယ်မြေကြီးတစ်ခုလုံး အန္တရာယ်ရှိလာလိမ့်မယ်!”
“ထျန်းဟယ်ဂိုဏ်းက လူတွေ နားထောင်ကြစမ်း! ချက်ချင်း စစ်ချီမယ်…ဒီခွေးနှစ်ကောင်ကို အမြစ်ပြတ်အောင် ချေမှုန်းကြမယ်!”
“ဟောက်ယွဲ့ နတ်ဘုရားဂိုဏ်းက လူတွေ နားထောင်ကြ! ငါကိုယ်တော် အမတဧကရာဇ်မင်းနဲ့အတူ သစ္စာဖောက်တွေကို သွားသတ်ကြမယ်!”
“………”
မည်သူမျှ မျှော်လင့်မထားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မူလက ကွေးယွမ်အမတဂိုဏ်း တစ်ခုတည်းကသာ ဖုန်းယွင်လှံခန်းမ နှင် ထျန်းချန်လမ်းစဉ်ဂိုဏ်းတို့ကို တိုက်ခိုက်နေခြင်း ဖြစ်သော်လည်း၊
အမှန်တရား ပေါ်ပေါက်လာပြီးနောက် ၊ အမတနယ်မြေတစ်ခုလုံးရှိ အင်အားစု အများအပြားသည် ထိုသစ္စာဖောက် အင်အားစုနှစ်ခုကို နှိမ်နင်းရာတွင် ပါဝင်လာကြသည်။
ကုဋေပေါင်းများစွာသော အမတစစ်တပ်ကြီးသည် အရပ်မျက်နှာအနှံ့မှ ဝိုင်းရံပိတ်ဆို့ကာ ချီတက်လာကြသည်။
ထို့အပြင် အင်အားကြီးမားသော အမတဧကရာဇ်မင်း အချို့သည် အချိန်မြစ်ထဲသို့ တိုက်ရိုက် ဆင်းသက်ကာ၊ အချိန်မြစ်ထဲတွင် ဝှက်ထားသော ထိုအင်အားစုနှစ်ခုမှ အမတဧကရာဇ်များ၏ ခန္ဓာကိုယ်အစစ်ကို သူတို့၏ မှော်အတတ် စွမ်းအားများဖြင့် ရှာဖွေကာ အပြီးတိုင် ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့ကြသည်။
လက်ရှိတွင် အမတနယ်မြေတစ်ခုလုံး ကြီးကြီးမားမား ဆူပူအုံကြွလျက် ရှိကာ ၊ မရေမတွက်နိုင်သော အင်အားစုများနှင့် ဂိုဏ်းများသည် မယုံနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်နေကြသည်။
ဤမြင်ကွင်းသည် အိပ်မက်တစ်ခုကဲ့သို့ပင် ။
အင်အားစုများစွာ လက်တွဲကာ ကွေးယွမ်အမတဂိုဏ်းကို ဖိအားပေးကြလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ အခြေအနေမှာ လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့သည်။
ဖုန်းယွင်လှံခန်းမ နှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်းတို့သည် ကောင်းကင်လမ်းစဉ်၏ လက်အောက်ခံ ခွေးများ ဖြစ်နေခဲ့သောကြောင့် လက်ရှိတွင် အမတနယ်မြေတစ်ခုလုံး၏ ဝိုင်းရံနှိမ်နင်းခြင်းကို ခံနေရသည်။
အမတဧကရာဇ်မင်း အများအပြား တစ်ပြိုင်နက်တည်း ဆင်းသက်လာကြပြီး၊ ၎င်းတို့၏ ကမ္ဘာလောကကို ဖျက်ဆီးပစ်နိုင်သော တန်ခိုးစွမ်းအားများကြောင့် အမတနယ်မြေတစ်ခုလုံး တုန်ခါလျက် ရှိသည်။
၎င်းတို့၏အရေအတွက်မှာ ယခင်က အင်အားစုကြီးလေးဖွဲ့ လက်တွဲ၍ တားမြစ်ကုန်းပြင်မြင့်ကို တိုက်ခိုက်စဉ်ကထက်ပင် ပို၍ များပြားနေသေးသည်။
ဤအခိုက်အတန့်တွင်၊ အမတနယ်မြေ၏ အခြေအနေမှာ လုံးဝ ပြောင်းလဲသွားရုံသာမက၊ အလွန်အမင်း ဖရိုဖရဲ ဖြစ်လို့နေလေ၏။
***